ဟယ်ရီတန်အရေးအခင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search


ဖြစ်ပွားပုံ[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်းမှ ခုနစ်တန်းကျောင်းသား ဟယ်ရီတန်သေဆုံးခဲ့မှုကြီး ဖြစ်ပွားလာသည်။ ထိုနှစ်က သတ္တမတန်းအစိုးရစစ် စာမေးပွဲ မေးခွန်းပေါက်ကြားသဖြင့် စာမေးပွဲများကို ပယ်ဖျက်လိုက်ရာမှစ၍ ကျောင်းသားများဆူပူကြတော့ သည်။ ဗမာ့ခေတ်သတင်းစာတိုက်နှင့် ပညာမင်းကြီး ရုံးရှေ့တွင် အဓိကရုဏ်းများဖြစ်ပွားသည်။ ဗမာ့ခေတ် သတင်းစာတိုက်တွင် ရဲများက သေနတ်ဖြင့်ပစ်ခတ်၍ လူစုခွဲခဲ့ကြရာ ကျောင်းသားသုံးယောက် ထိမှန်ဒဏ်ရာ ရခဲ့ကြသည်။ ဒဏ်ရာရသူများအနက်မှ အမှတ်(၅၁) ကိုယ့်မင်းကိုယ့်ချင်းလမ်းနေ မစ္စတာတန်သိန်ကြောင် ၏သား စိန်ပေါကျောင်းသား ဟယ်ရီတန် (၁၆-နှစ်) သည် ဒဏ်ရာပြင်းထန်ပြီးသေဆုံးသွားရသည်။

တောင်းဆိုချက်[ပြင်ဆင်ရန်]

တကသ နှင့်ဗကသအဖွဲ့ချုပ်တို့ကလည်း တောင်းဆိုချက်များကို တောင်းဆိုကြရာ ဝန်ကြီးချုပ်ဦးနုအိမ်တွင် ကျောင်းသားခေါင်းဆောင် ကိုခင်မောင်အုန်း၊ ကိုဇော်ဝင်း၊ ကိုခင်အောင်၊ ကိုမောင်မောင်ခင်တို့တက်ရောက်ပြီး ဆွေးနွေးကြသည်။

ကျောင်းသားများ၏ အရေးပေါ်တောင်းဆိုချက် များမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. သတ္တမတန်းစာမေးပွဲကို ဆက်လက်စစ်ဆေး ရန်၊
  2. သေနတ်ဖြင့် ပစ်ခတ်မှုကို ရှုတ်ချရန်၊
  3. မေးခွန်းပေါက်ကြားမှုကို စုံစမ်းအရေးယူရန်၊
  4. လက်ရှိဖြစ်ပေါ်နေသည့် သတ္တမတန်း ကျောင်းသားများ ဆူပူထိခိုက်မှုအရေးကို ဗကသ၊ တကသတို့ ပူးပေါင်း၍ ဆောင်ရွက်သွားရန်။

၁၉၅၆ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကျောင်းသား ခေါင်းဆောင်များက ဝန်ကြီးချုပ်ဦးနု၏နေအိမ်၌ ဝန်ကြီးချုပ်ဦးနုနှင့် ဆွေးနွေးကြပြီး အောက်ပါအတိုင်း တောင်းဆိုကြပြန်သည်-

  1. တာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး၊ ပစ်မိန့်ပေး သော တရားသူကြီးနှင့် ပစ်ခတ်သူရဲများ အား အရေးယူ အပြစ်ပေးရန်၊
  2. မေးခွန်းပေါက်ကြားမှုမှာ ပညာပိုင်းဆိုင်ရာ ဌာနအရာရှိများ၏ တာဝန်ချို့ယွင်းမှုသာ ဖြစ်၍ တာဝန်ရှိသူအရာရှိများအား ဖော်ထုတ်အပြစ်ပေးရန်၊
  3. စုံစမ်းရေးကော်မရှင်တွင် ကျောင်းသား ကိုယ်စားလှယ်များအား ပါဝင်ခွင့်ပြုရန်၊
  4. ကော်မရှင်၏အမည်ကို ကျောင်းသားများ အား သေနတ်နှင့်ပစ်ခတ်မှု စုံစမ်းရေး ကော်မရှင် ဟု ပြောင်းလဲရန်၊

အစိုးရ၏ လုပ်ဆောင်ချက်[ပြင်ဆင်ရန်]

အစိုးရက တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ် အရေးယူမည်ဖြစ်သော်လည်း အခြားတောင်းဆိုချက် များကိုမူ မလိုက်လျောနိုင်ဟုဆိုသည်။ ဤသို့ဖြင့် ဟယ်ရီတန်အရေးအခင်းမှာ တစ်ပြည်လုံးသို့ ကျယ်ပြန့် ခဲ့ရသည်။ အစိုးရက ၁၉၅၆ ခုနှစ်အကုန်ပိုင်းတွင် အထက် တန်းကျောင်း အားလုံးရှိသမဂ္ဂများကို ဖျက်သိမ်း ပစ်လိုက်ပြီး ဖွဲ့စည်းခွင့်များကိုလည်း ပိတ်ပင်ခဲ့သည်။ ထိုအချိန်ကစပြီး ကျောင်းသားအဖွဲ့အစည်းဟူ၍ တက္ကသိုလ်ကောလိပ်အဆင့်များတွင်သာ ရှိတော့သည်။

ကျောင်းသားများသည် ဖဆပလအစိုးရအား ဦးတည်၍ တိုက်ပွဲဝင်လာကြရာ ဖဆပလကို နံပါတ်(၁) ရန်သူ အဖြစ် သတ်မှတ်ထားသော ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီပါတီရဲဘော်ဖြူ စသည်တို့နှင့် မဟာမိတ်သဖွယ် ဖြစ်လာသည်။ သောင်းကျန်းသူများအဖို့လည်း ကျောင်းသားလောကထဲသို့ ခြေချစည်းရုံးရန် ပိုမိုလွယ်ကူလာစေသည်။ ဖဆပလအစိုးရအဖွဲ့ထဲတွင် လည်း ကျောင်းသားများကို လိုက်လျောလိုသူများနှင့် ကျောင်းသားများအပေါ် သဘောထားတင်းမာသူများ ကွဲလာကြသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) သည် အထက်တန်းကျောင်းများတွင် သမဂ္ဂများဖွဲ့စည်းခွင့်ရရေးနှင့် အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပရေးတို့ကို တောင်းဆိုခဲ့ သည်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား ၅ဝ ပါဝင် သော တကသကျောင်းသားအင်အားစုများ၊ လူမျိုးစု ကျောင်းသားများ၊ ယဉ်ကျေးမှုကိုယ်စားလှယ်များပါဝင်သည်။ ကျောင်းသားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ပြီး တရုတ်-ဗမာကျောင်းသား လူငယ်များ ချစ်ကြည်ရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ အောက်တိုဘာအရေးတော်ပုံနှင့် ဟယ်ရီတန်အရေး အခင်းသည် ကျောင်းသားတို့၏ အရေး သက်သက်သာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျောင်းသားများသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားညီညွတ်ရေး စသော နိုင်ငံရေး ကြွေးကြော်သံများကို ကြွေးကြော်လာကြသည်။ ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းသားများနှင့် ပြဿနာကို ရှောင်ရှားသည့်အနေဖြင့် တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လေ့မရှိပေ။ ဗမာပြည် ကွန်မြူနစ်ပါတီမှ မြို့ပေါ်တက်၍ မြေအောက်လုပ်ငန်း (ယူဂျီလုပ်ငန်း)ဟုခေါ်သော သူလျှိုလုပ်ငန်းကို လုပ်နေသူများအတွက် အလုံခြုံဆုံးပုန်းအောင်းနိုင်သည့်နေရာမှာ တက္ကသိုလ်ကျောင်းဆောင်များပင်ဖြစ်သည်။ ဗကပယူဂျီတို့သည် ရဲကလိုက်လံဖမ်းဆီးသည့်အခါတိုင်း ကျောင်းဆောင်များတွင် ပုန်းအောင်းလေ့ရှိကြသည်။ ကျောင်းသားလောကထဲတွင်လည်း ကွန်မြူနစ်မြေပေါ် ကလာပ်စည်းဝင်ကျောင်းသားများကို စည်းရုံးလာနိုင်ခဲ့ ကြသည်။

ကိုးကား[ပြင်ဆင်ရန်]