မာတိကာသို့ ခုန်သွားရန်

မီးရထား

ဝီကီပီးဒီးယား မှ
မီးရထား

မီးရထားဆိုသည်မှာ ကုန်စည်များ သို့ ခရီးသည်များကို တစ်နေရာမှ အခြားတစ်နေရာသို့ သယ်ယူပို့ဆောင်ရန်အတွက် သွားလာမောင်းနှင်သော (အသေတပ်ဆင်ထားသည့်)သံလမ်းပေါ်တွင် ပြေးဆွဲသည့် ယာဉ်တွဲများပင်ဖြစ်သည်။ ပုံမှန်အားဖြင့် သံလမ်းမှာ ၂ ခုအပြိုင်ရှိသော်လည်း မိုနိုရေး (monorail) ခေါ် ၁ လမ်းတည်းသာရှိသော သံလမ်း နှင့် သံလိုက်ဖြင့် ထိန်းချုပ်မောင်းနှင်သည့် သံလိုက်ပင့်(maglev) ထိန်းချုပ်လမ်းများလည်း ဖြစ်နိုင်သည်။ ရထားကိုမောင်းနှင်ရာတွင် စက်ခေါင်းဖြင့် သီးခြားမောင်းနှင်ခြင်း ရှိသလို တွဲဆိုင်းအသီးသီးကမိမိဘာသာမောင်းနှင်ခြင်းလည်းရှိသည်။ ၁၉ရာစု အစောပိုင်းမှ ၂၀ ရာစုအလယ်ပိုင်းအထိ ရေနွေးငွေ့နှင့် မောင်းနှင်သော စက်ခေါင်းများကို အသုံးများကြသော်လည်း ခေတ်သစ်ရထားများသည် ဒီဇယ်စက်ခေါင်း သို့မဟုတ် ခေါင်မိုးပေါ်မှသွယ်တန်းထားသော လျှပ်စစ်ဓာတ်အား သို့ သီးခြားလမ်းတစ်ခုဖြင့် ဆက်သွယ်ပေးထားသော လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ကြသည်။ ရထားကို မြင်းများ ၊ ကြိုးသို့မဟုတ် ဝိုင်ယာကြိုး၊ ကမ္ဘာ့ဆွဲအား နှင့် ဓာတ်ငွေ့တာဘိုင်တို့ကို သုံး၍လည်း မောင်းနှင်နိုင်သည်။

ရထားဆိုသော စကားမှာ ရှေးခေတ်ပြင်သစ်စကား trahiner မှ ဆင်းသက်လာပြီး ထိုစကား မှာ ဆွဲခြင်း ဟု အဓိပ္ပာယ်ရသော လက်တင်ဘာသာစကား trahere မှရယူထားခြင်းဖြစ်သည်။

ရထားအမျိုးအစားများ

[ပြင်ဆင်ရန်]
၁၉၉၂ ခုနှစ် ချီကာဂို အနောက်ပိုင်း ပစိဖိတ်တောင်ပိုင်း ရထားလမ်းပေါ်တွင် မြင်ရသော ကုန်ရထား
ဂျာမနီ မြို့ကြီးများကြားတွင် ဆက်သွယ်ပေးသော အမြန်ရထား
ဆွစ်ဇာလန် အယ်လ်ပ် တောင်တန်းအနီးတွင် တွေ့ရသော Wengernalpbahn စက်သွားတပ်ရထား

ရထားအမျိုးမျိုးတို့ကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးချရန်အတွက် ပုံစံ အမျိုးမျိုးထုတ်လေ့ရှိကြသည်။ ရထားတွင် စက်ခေါင်းတွဲ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိနိုင်ပြီး စက်ခေါင်းနှင့် ချိတ်ဆက်ထားသော ရထားတွဲ အမြောက်အမြား ပါဝင်နိုင်သည်။ ထို့အတူ တွဲအမြောက်အမြားကို ချိတ်ဆက်ထားပြီး ကိုယ်တိုင် မောင်းနှင်သော ရထားရှိနိုင်သကဲ့သို့ တွဲတစ်တွဲသာ ရှိပြီး ကိုယ်တိုင် မောင်းနှင်သော ကားရထား အမျိုးအစားလည်း ရှိသည်။ ရထားကို မြင်းများဖြင့် ဆွဲနိုင်သကဲ့သို့ ကြိုးများဖြင့်လည်းဆွဲနိုင်ပြီး တောင်ပေါ်မှနေ၍ ကမ္ဘာ့ဆွဲငင်အားကို သုံး၍ လှိမ့်ချသော ရထားမျိုး လည်းဖြစ်နိုင်သည်။

ရထားအမျိုးအစား အလိုက် အထူးပြုလုပ်ထားသော ရထားလမ်းများပေါ်တွင် မောင်နှင်သော ရထားအမျိုးမျိုး ရှိပြီး ထိုရထားလမ်း အမျိုးအစားများတွင် လေဖိအားသုံး သံလမ်း၊ မိုနိုရေး ခေါ် တစ်လမ်းတည်းသာ ရှိသောသံလမ်း၊ ကျည်ဆန်ရထားလမ်း၊ မက်ဂ်လက်ဗ် (maglev) ခေါ် သံလိုက်အားသုံး ရထားလမ်း၊ မြေအောက် ရာဘာဘီးလမ်း၊ တောင်ဆင်းရထားစုံတွဲလမ်း နှင့် ကော့ဂ်ရထားလမ်းတို့ ပါဝင်ကြသည်။

လူစီးရထားများတွင် စက်ခေါင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နိုင်ပြီး ခရီးသည်တင်တွဲများ မှာလည်း တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နိုင်သည်။ အခြားတစ်နည်း ဆိုရလျှင် ရထားတစ်ခုလုံးတွင် တွဲများသာ ပါဝင်ြပီး ရထားတွဲအချို့အဝက် သို့ အားလုံးမှာ ရထားကို မောင်းနှင်ခြင်းဖြစ်နိုင်သည်။ ကမ္ဘာအနှံ့အပြား အထူးသဖြင့် ဂျပန်နှင့် ဥရောပတို့တွင် ကျည်ဆန်ရထားများကို လူစီးရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံတွင်လည်းကျည်ဆန်ရထားကိုတွင်ကျယ်စွာအသုံးပြုနိုင်လာပြီဖြစ်ပြီး တရုတ်ကျည်ဆန်ရထားများသည် ကမ္ဘာပေါ်တွင် လက်ရှိအမြန်ဆုံးဖြစ်သည်။

ကုန်ရထားများတွင် လူစီးတွဲများအစား အလုံပိတ်ကုန်တွဲနှင့် အမိုးပွင့်ကုန်တွဲများပါဝင်ကြသည်။ ပြင်ပမှကြည့်လျှင် ပါဆယ်ပို့သော ရထား သို့မဟုတ် စာပို့ရထားသည်သာလျှင် တွဲကို အလုံပိတ်ထားပြီး ခရီးသည်တင်တွဲ နှင့် ဆင်တူသည်။

ခရီးသည်တင်တွဲများ နှင့် ကုန်တွဲများကို ပေါင်းစပ်ထားသော ရထားများလည်းရှိသည်။ ရထားအကြိမ် အရေအတွက် နည်းသော နေရာများတွင် ထိုသို့သော ရထားများကို အသုံးပြုလေ့ရှိကြပြီး ခရီးသည်တင်ရထားနှင့် ကုန်ရထားကို သပ်သပ်စီ ဆွဲပါက ကုန်ကျစရိတ် အရ တွက်ခြေမကိုက်သောကြောင့်ဖြစ်သည်။ သို့သော် ရထားစီးခရီးသည် များကို ပို့ဆောင်ရန် လိုအပ်ချက် နှင့် ကုန်စည်တို့ ကို ပို့ဆောင်ရန် လိုအပ်ချက်မှာ မတူညီသောကြောင့် ဖြစ်နိုင်ပါက ထိုရထားမျိုးကို ပြေးဆွဲလေ့မရှိကြပေ။

သံလမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အထူးပြုလုပ်ထားသော ရထားများကိုလည်း သုံးလေ့ရှိကြပြီး ထိုရထားမျိုးကို အချို့နေရာများတွင် သံလမ်းပြင်ရထားဟု ခေါ်ကြသည်။

အင်္ဂလန်နိုင်ငံတွင် စက်ခေါင်း ၂ ခုဖြင့် ဆွဲသောရထားကို "double-headed" ဟု ခေါ်ဆိုလေ့ရှိကြသော်လည်း ကနေဒါနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတွင်မူ ရှည်လျားသော ကုန်ရထားများကို စက်ခေါင်းသုံးခု သို့မဟုတ် သုံးခုထက်ပို၍ တပ်ဆင်ပြေးဆွဲခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ စက်ခေါင်းကို ခေါင်းပိုင်း နှင့် အမြီးပိုင်းတွင် တပ်ဆင်သော ရထားကို 'top and tailed' ဟုခေါ်လေ့ရှိသည်။ ပုံမှန်အားဖြင့် ရထားကို နောက်ပြန်ကွေ့၍ မရနိုင်သောနေရာများတွင် ဤပုံစံမျိုးကို အသုံးပြုကြသည်။ ဒုတိယမြောက်တပ်ဆင်ထားသော စက်ခေါင်းသည် ခဏတာအားဖြင့် ရထားကို မတ်စောက်သောတောင်စောင်းများသို့ တက်ရောက်ရန် သို့မဟုတ် တောင်ဆင်းတွင် ကူညီ၍ ဘရိတ်အုပ်ပေးနိုင်ရန် အကူအညီပေးခြင်းကို အမေရိကန်နိုင်ငံတွင် 'helper service' ဟုခေါ်လေ့ရှိပြီး အင်္ဂလန်တွင် 'banking' ဟုခေါ်ကြသည်။ ယခုလတ်တလောတွင် အမေရိကန်ပြည်ထောင်စု၌ ရထားစက်ခေါင်း အပို တစ်ခု သို့မဟုတ် တစ်ခုမကသော စက်ခေါင်းများကို ရထား၏ အလယ် သို့မဟုတ် အဆုံးပိုင်းတွင် တပ်ဆင်ပြီး ရှေ့ဆုံးတွဲမှ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းကို "DP" သို့ "Distributed Power" ဟုခေါ်ဆိုသည်။

မောင်းနှင်သောအားများ

[ပြင်ဆင်ရန်]
V43 အသုံးများသော ဟန်ဂေရီ လျှပ်စစ်ရထားစက်ခေါင်း ကို ခရီးသည်တင်လုပ်ငန်းတွင် တွေ့ရပုံ

အစကနဦး ရထားများမှာ ကြိုးဖြင့်ဆွဲခြင်း၊ ကမ္ဘာမြေ၏ ဆွဲငင်အားကို အသုံးပြု၍ မောင်းနှင်ခြင်း နှင့် မြင်းဖြင့်ဆွဲခြင်း စသည့် နည်းစနစ် တို့ဖြင့် မောင်းနှင်ကြသော်လည်း ၁၉ ရာစု အစပိုင်းမှ စ၍ ရေနွေးငွေ့သုံးစက်ခေါင်းများကို သုံးစွဲလာကြသည်။ ၁၉၂၀ ပြည့်နှစ်များမှ စ၍ လုပ်အားသုံးရန် နည်းပါးပြီး သန့်ရှင်းသော်လည်း ပိုမိုရှုပ်ထွေးကာ ဈေးကြီးသော ဒီဇယ်စက်ခေါင်းများနှင့် လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများဖြင့် ပြောင်းလဲ၍ သုံးစွဲလာကြသည်။ တပြိုင်နက်တည်းမှာပင် ဒီဇယ်သို့မဟုတ် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ကိုယ်တိုင် မောင်းနှင်သော တွဲများ သည် ခရီးသည်တင်လုပ်ငန်းတွင် ပိုမို၍ အသုံးများလာကြသည်။ နိုင်ငံအများစုတွင် စက်ခေါင်းများကို ဒီဇယ်စက်ခေါင်းအဖြစ်ပြောင်းလဲခြင်းကို ၁၉၇၀ ပြည့်နှစ်များတွင် ပြီးစီးခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံအနည်းငယ်၌ ကျောက်မီးသွေး နှင့် အလုပ်သမားမှာ ဈေးပေါ၍ ရေနွေးငွေ့ စက်ခေါင်းကို သုံးစွဲနေဆဲဖြစ်သော်လည်း အသုံးပြုမှု ကို တဖြည်းဖြည်းချင်း ရပ်စဲလာကြပြီ ဖြစ်သည်။ သမိုင်းဝင်ရေနွေးငွေ့စက်ခေါင်းများကို နိုင်ငံအများစုတွင် အပန်းဖြေရန်အတွက် နှင့် စိတ်ဝင်စားသူများအတွက် ပြေးဆွဲနေဆဲဖြစ်သည်။

လျှပ်စစ်ဓာတ်အားဖြင့် ဆွဲငင်ခြင်းမှာ ရထားပြေးဆွဲသော မိုင်အလိုက်တွက်ချက်ကြည့်ပါက ဈေးနှုန်းသက်သာသော်လည်း အစပိုင်းရင်းနှီးမြှုပ်နှံမှုတွင် ပို၍ များသဖြင့် လူစီးများသော လိုင်းများအတွက်သာ တွက်ခြေကိုက်သည်။ မိုင်အလိုက် ရထားလမ်းဆောက်လုပ်ခြင်းမှာ ကုန်ကျစရိတ်အားြဖင့် နှိုင်းယှဉ်ကြည့်ပါက ပိုမိုများပြားသဖြင့် ခရီးဝေး လမ်းများတွင် လျှပ်စစ်သုံးရထားကို အကြိုက်နည်းကြသော်လည်း ခရီးဝေးသွား အမြန်လိုင်းများကို မူ လျှပ်စစ်ဓာတ်အားသုံး၍ ဆောက်လုပ်ကြသည်။ လျှပ်စစ်ရထားများသည် ဓာတ်အားကို အမိုးပေါ်ရှိ လျှပ်စစ်လိုင်းသို့မဟုတ် လျှပ်စစ်လွှတ်ထားသော တတိယလမ်းမှ ရရှိသည်။

ခရီးသည်တင်ရထားများ

[ပြင်ဆင်ရန်]

ခရီးသည်တင်ရထားဆိုသည်မှာ ခရီးသည်တင်တွဲများပါရှိသောရထားကို ဆိုလိုသည်။ ခရီးသည်တင်ရထားမှာ မိမိဘာသာမောင်းနှင်သော တွဲများဖြစ်နိုင်သကဲ့သို့ သံလမ်းပြေးကားလည်း ဖြစ်နိုင်သည်။ ထို့ပြင် ရထားစက်ခေါင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောစက်ခေါင်းနှင့် မောင်းနှင်ရန် စက်မပါရှိသော နောက်တွဲများ ပေါင်းစပ်ထားခြင်းလည်းဖြစ်နိုင်သည်။ ခရီးသည်တင်ရထားများသည် လူအတင်အချ ပြုလုပ်နိုင်သော ဘူတာရုံများ အကြားတွင် ပြေးဆွဲကြသည်။ ထင်ရှားကျော်ကြားသော ရထားခရီးစဉ်များကို နာမည်သီးသန့်ပေးလေ့ရှိကြပြီး အချို့မှာ စာပေ နှင့် ဝတ္ထုတို့တွင် ထင်ရှားသည်။ အိန္ဒိယနိုင်ငံမှာ ခရီးသည်ဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေအလွန်များသောကြောင့်ဖြစ်သည်။ လူဦးရေစာရင်းဇယားကို ကြည့်ပါက အိန္ဒိယမှာ လူဦးရေအများဆုံးနိုင်ငံများတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံမျှသာဖြစ်သော်လည်း အခြားနိုင်ငံများနှင့် မတူပဲ ခရီးသည်ဦးရေအသိပ်သည်းဆုံးဖြစ်နေသည်။ အချို့သော ခရီးတို သို့မဟုတ် ခရီးဝေး ခရီးသည်တင်ရထားများမှာ နှစ်ထပ်တွဲများပါရှိပြီး ခရီးသည်အမြောက်အမြားကို တင်ဆောင်နိုင်ရန် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ ခရီးသည်တင်ရထားများ၏ ပုံသဏ္ဌန်နှင့် လုံခြုံမှုစနစ်တို့မှာ အချိန်နှင့်အမျှ ပြောင်းလဲလာခဲ့သည်။

ခရီးဝေးသွားရထားများ

[ပြင်ဆင်ရန်]

ခရီးဝေးသွားရထားများသည် မြို့ကြီးများအကြား နှင့် နိုင်ငံတစ်ခု၏ ဒေသအနှံ့အပြားတွင်သွားလာကြပြီး တစ်ခါတစ်ရံတွင် နိုင်ငံများ အကြားဖြတ်ကျော်သွားလာကြသည်။ ထိုရထားများတွင် ခရီးသည်များ ခရီးစဉ်အတွင်းတွင် စားသောက်နိုင်ရန် စားသောက်ခန်းတွဲပါရှိတတ်သည်။ ညအိပ်သွားလာရသော ခရီးစဉ်များအတွက် အိပ်စင်တွဲများလည်း ပါရှိတတ်သည်။

မြန်နှုန်းမြင့်ရထားများ

[ပြင်ဆင်ရန်]
ဂျပန်မှ ရှင်းကန်ဆင်-၅၀၀ စီးရီး မြန်နှုန်းမြင့်ရထား
တရုတ်ကျည်ဆန်ရထား

ဂျပန်နိုင်ငံတွင် တိုကျိုမြို့၏ မြို့ပြဒေသများအတွင်းနှင့် အိုဆာကာမြို့၏ မြို့ပြဒေသများအတွင်း (၅၀၀ ကီလိုမီတာခန့်အကွာအဝေး) တွင် ရှင်းကန်ဆင်(Shinkansen) ခေါ်ကျည်ဆန်ရထားသည် ထင်ရှားသည်။ သို့သော်လည်း ပိုဝေးသောခရီးစဉ်များ (ဥပမာ တိုကျို-ဟီရိုရှီးမား ခရီးစဉ်) အတွက်မူ လူအများစု က လေကြောင်းဖြင့် သွားလာခြင်းကို ပို၍ နှစ်သက်ကြသည်။

အင်္ဂလန်မှ အေပီတီ၊ အီတလီမှ ပန်ဒိုလီနို နှင့် စပိန်မှ တယ်လ်ဂို အစရှိသော အလွန်လျင်မြန်သော ရထားများသည် စောင်းသောပုံသဏ္ဌန် ပုံစံထုတ်ထားတတ်သည်။ ထိုသို့ စောင်းသောပုံသဏ္ဌန် ရှိသောစနစ်ကြောင့် ခရီးသည်တင်တွဲများသည် လမ်းကွေ့များအတွင်းသို့ အလိုအလျောက် အလိုက်သင့်တိမ်းစောင်းသွားပြီး ခရီးသည်များပေါ်တွင် သက်ရောက်သော ဘေးတစ်ဘက်တစ်ချက်မှ g-forces များကို လျော့ကျစေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လမ်းကွေ့များတွင် ပို၍မြန်သောအရှိန်ဖြင့် မောင်းနှင်နိုင်ပြီး ခရီးသည်များကို ပို၍ သက်တောင့်သက်သာရှိစေသည်။

သံလမ်းပေါ်တွင် ပြေးသောရထားများတွင် အမြန်ဆုံးမှာ ပြင်သစ်မှ တီဂျီဗွီ (TGV) ဖြစ်သည်။ ပြင်သစ်ဘာသာ Train à Grande Vitesse မှာ မြန်နှုန်းမြင့်ရထားဟု အဓိပ္ပာယ်ရသည်။ ၂၀၀၇ ခုနှစ် စမ်းသပ်မောင်းနှင်မှုတွင် အမြန်ဆုံးအရှိန် တစ်နာရီလျှင် ၃၅၆ မိုင်နှုန်း (၅၇၄.၈ ကီလိုမီတာနှုန်း) မောင်းနှင်နိုင်သော်လည်း ယခုလက်ရှိ ပြေးဆွဲနေသော ရထားမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ မှ ၃၂၀ နှုန်းအထိသာမောင်းနှင်သည်။ ဂျာမနီမှ အိုင်စီအီး ရထားသည် လည်း ကီလိုမီတာ ၃၀၀ မှ ၃၂၀ အထိသာမောင်းနှင်သည်။

မြို့ကြီးများသွားရထားများ

[ပြင်ဆင်ရန်]

မြို့ကြီးများအကြားဆက်သွယ်သော ရထားများကို အုပ်စု ၂ခုခွဲနိုင်သည်။ မြို့ကြီးများသွားရထားများ (inter-city trains) သည် ဘူတာရုံအသေးလေးများတွင် မရပ်နားပေ။ အခြားအုပ်စုမှာ ဒေသတွင်းသွားရထား (local trains or "stoppers") သို့မဟုတ် ဘူတာရုံတိုင်းတွင် ရပ်နားသော ရထားများဖြစ်သည်။ အလယ်အလတ်အနေဖြင့် အကန့်အသတ်ဖြင့်သာရပ်နားသော ရထားများ (limited-stop) လည်း ရှိသည်။

လမ်းခွဲရထားများ

[ပြင်ဆင်ရန်]

လမ်းခွဲရထားများ (Branch lines trains) ဆိုသည်မှာ ပုံမှန်အားဖြင့် ဒေသအတွင်းရှိ ဘူတာရုံနှင့် ဒေသတွင်းရှိ ရထားလမ်းများကို ဆက်သွယ်ပေးထားသောရထား များကိုခေါ်ပြီး ပုံမှန်အားဖြင့် ဘူတာရုံတိုင်း သို့မဟုတ် ဘူတာရုံ အတော်များများတွင် ရပ်နားလေ့ရှိသော ရထားများဖြစ်သည်။

မြို့ပတ်ရထားများ

[ပြင်ဆင်ရန်]
အိန္ဒိယနိုင်ငံ ဘုံဘေမြို့ ဆင်ခြေဖုံးသွားမြို့ပတ်ရထားသည် ကမ္ဘာပေါ်တွင် ခရီးသည် အပြည့်ကျပ်ဆုံး ရထားဖြစ်သည်။
ဂျပန်မှ တံခါး ၆ ပေါက် ခရီးသည်တင်တွဲ၏ အတွင်းပိုင်း ခုံတန်းများကို ခေါက်ထားစဉ်

ခရီးတိုများအတွက် မြို့ကြီးအတော်များများတွင် မြို့ပတ်ရထားလမ်း ကွန်ယက်များရှိပြီး မြို့လယ်နှင့် ဆင်ခြေဖုံးဒေသများတွင် ပြေးဆွဲကြသည်။ အချို့သော တွဲများတွင် မတ်တပ်ရပ်ရန် နေရာက ထိုင်ရန် နေရာထက်ပိုများလေ့ရှိပြီး ကလေးတွန်းလှည်းများ၊ စက်ဘီးများ နှင့် ဘီးတပ်ကုလားထိုင်များကို တင်ဆောင်နိုင်ရန် ပြုလုပ်ထားခြင်းလည်း ဖြစ်သည်။ အချို့သောတိုင်းပြည်များတွင် နှစ်ထပ်ခရီးသည်တင်ရထားများရှိပြီး မြို့ပြနှင့်အနီးဝန်းကျင်ဒေသများကို ဆက်သွယ်ပေးထားသည်။ နှစ်ထပ် မြန်နှုန်းမြင့်ရထားနှင့် အိပ်စင်ရထားများသည် ဥရောပကုန်းမကြီးတွင် ပို၍ အသုံးများလာကြပြီဖြစ်သည်။

ခရီးသည်တင်ရထားများတွင် ပုံမှန်အားဖြင့် အများပြည်သူ အသုံးပြု နိုင်သော အရေးပေါ်ဘရိတ် သို့မဟုတ် ဆက်သွယ်ရေးကြိုးများပါရှိတတ်သည်။ မတော်တရော် အသုံးပြုသူများကို ကြီးမားသော ဒဏ်ကြေးများ ရိုက်လေ့ရှိသည်။

ကြီးမားသော မြို့ကြီးများတွင် မြေအောက် (underground)၊ ဆပ်ဘ်ဝေး (subway)၊ တျုဗ် (tube) စသည်ဖြင့် ခေါ်ဝေါ်ကြသော မက်ထရိုစနစ်များရှိသည်။ ရထားများကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်ပြီး ပုံမှန်အားဖြင့် တတိယ သံလမ်းမှ တဆင့်ဖြစ်သည်။ ရထားလမ်းမှာ အခြားပို့ဆောင်ရေးလမ်းများမှ သီးခြားတည်ဆောက်ထားပြီး အခြား ပို့ဆောင်ရေးလမ်းများနှင့် ဆုံတွေ့သော လမ်းဆုံများမရှိပေ။ ပုံမှန်အားဖြင့် ထိုရထားများသည် မြို့လယ်ခေါင်တွင် မြေအောက် လှိုဏ်ခေါင်းများမှ သွားလေ့ရှိပြီး မြို့လယ်ခေါင်၏အပြင်ဘက်တွင် တစ်ခါတစ်ရံ၌ မိုးပျံလမ်းများမှသွားလေ့ရှိသည်။ ထိုရထားများသည် ပိုမိုကြီးမားသော ခရီးဝေးသွားရထားများနှင့် ယှဉ်လျှင် အရှိန်နှုန်းမြင့်ခြင်း နှင့် လျော့ချခြင်းကို ပိုမိုလျင်မြန်စွာပြုလုပ်နိုင်သည်။

လမ်းများပေါ်တွင်သွားလာလေ့ရှိသော တွဲတစ်တွဲ သို့မဟုတ် နှစ်တွဲပါရှိသည့် သံလမ်းသွားယာဉ်များကို ရထားဟု ယူဆလေ့မရှိပဲ ထရမ် (tram)၊ ထရော်လီ (trolley)၊ သံလမ်းပေါ့ယာဉ် (light-rail vehicle) သို့ streetcar ဟုသာ ခေါ်လေ့ရှိသည်။ သို့သော်ကွဲပြားခြားနားမှု မှာ အမြဲတမ်း တိတိကျကျမရှိနိုင်ပေ။ အင်္ဂလန် အပါအဝင် အချို့ နိုင်ငံများတွင် မူ ထရမ် နှင့် ရထား၏ ကွဲပြားခြားနားမှု ကို ဥပဒေတွင် အတိအကျဖွင့်ဆိုထားသည်။

သံလမ်းပေါ့ ဟူသောအသုံးအနှုန်းမှာ တစ်ခါတစ်ရံ ခေတ်သစ်ထရမ်များကို ခေါ်ဝေါ်သုံးနှုန်းလေ့ရှိသော်လည်း ထရမ်နှင့် ရထား ကြားရှိယာဉ် ကိုလည်း ညွှန်းဆိုနိုင်သည်။ မက်ထရိုနှင့် တူညီသော်လည်း ထိုယာဉ်များတွင် အခြား ပို့ဆောင်ရေးလမ်းများနှင့် ဆုံတွေ့သော လမ်းဆုံများရှိနိုင်သည်။ ထိုလမ်းဆုံများကို အများအားဖြင့် ဂိတ်တံခါးများဖြင့် ကာကွယ်ထားလေ့ရှိသည်။ ထိုယာဉ်များကို ထရော်လီဟုလည်း ခေါ်နိုင်သည်။

မက်လက်ဗ် ရထားများနှင့် မိုနိုရေး ရထားများမှာ ရထားပို့ဆောင်ရေးနယ်ပယ်တွင် နည်းပညာအားဖြင့် အနည်းငယ်မျှသာ ပါဝင်ပတ်သက်သည်။

အများပြည်သူသုံးသော မြို့ပတ်ရထားများ၊ မက်ထရိုများ နှင့် သံလမ်းပေါ့များအတွက် ရက်ပစ်ထရန်စစ် (rapid transit) ဟူသော အသုံးအနှုန်းကို သုံးနှုံးလေ့ရှိကြသည်။ သို့သော် နယူးယောက်မြို့တော်တွင်မူ နယူးယောက်ဆပ်ဘ်ဝေး အတွင်းပြေးဆွဲသော ရထားများကို ရထား ဟုသာ သုံးနှုန်းလေ့ရှိသည်။

တိုကျိုမြို့ရှိ အချို့သော မြို့ပတ်ရထားများတွင် မနက်ခင်း ရုံးတက်ချိန်များ(မနက် ၁၀ နာရီအထိ) တွင် မတ်တပ်ရပ်နိုင်သော နေရာပိုရနိုင်ရန်အတွက် ခေါက်သိမ်းနိုင်သော ခုံတန်းများပါဝင်သည့် အထူးတွဲများ ပါရှိသည်။ E231 စီးရီးရထားများတွင် စုစုပေါင်း ၁၀ တွဲ သို့မဟုတ် ၁၁တွဲ ပါဝင်သော ရထား၌ ထိုသို့သော တွဲမျိုး ၂ တွဲ ပါရှိပြီး ထိုတွဲများကို ရော့ကု တိုဘိရာ ရှ (၆ ပေါက်တွဲ ဟူသောအဓိပ္ပာယ်) ဟူသော အမည်ဖြင့် တရားဝင် အခေါ်အဝေါ်ရှိသည်။ အခြားတွဲများတွင် တစ်ဖက်လျှင် တံခါး ၄ ပေါက်စီ ပါရှိသည်။

တိုကျိုမြို့၏ ယာမာနိုတဲလိုင်းရှိ ဘူတာရုံ ၂၉ခုတွင် တွင် ခန့်မှန်းခြေအားဖြင့် ခရီးသည် ၃.၅သန်းနေ့စဉ် စီးနင်းလေ့ရှိသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နယူးယောက်စီးတီး ဆပ်ဘ်ဝေးရှိ ရထားလိုင်း ၂၆ လိုင်းတွင် ဘူတာရုံ ၄၆၈ ခုရှိပြီး နေ့စဉ် ခရီးသည် ၄.၈ သန်း စီးနင်းလေ့ရှိသည်။

အမည်ပေးထားသော ရထားများ

[ပြင်ဆင်ရန်]

လေဆိပ်အတွင်းမှ ရထားများ

[ပြင်ဆင်ရန်]

လေဆိပ်အတွင်းမှ ရထားများမှာ လေဆိပ်အဆောက်အအုံများအကြား သွားလာသောရထားများဖြစ်ပြီး ခရီးသည်များကို တာမင်နယ်များအကြားပို့ဆောင်ပေးသည်။

ကုန်ရထားများ

[ပြင်ဆင်ရန်]

ကုန်စည်ရထားများမှာ ကုန်တွဲများကို အသုံးပြု၍ ကုန်စည်များ နှင့် ပစ္စည်းများ(cargo) ကို ပို့ဆောင်ဆက်သွယ်သောရထားများဖြစ်သည်။ ယေဘူယျအားဖြင့် ခရီးသည်တင်ဆောင်ခြင်းမရှိသော ရထားများကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ ကုန်စည်အများစုကို ရထားဖြင့် သယ်ယူပို့ဆောင်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ရထားလမ်းများကို ခရီးသည်ပို့ဆောင်ရန်ထက် ကုန်စည်တင်ပို့ရန်အတွက် ပိုမိုအသုံးပြုလေ့ရှိကြသည်။

အခြေအနေအားလုံးကောင်းမွန်ပါက ကုန်စည်များကို ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် လမ်းမမှသယ်ယူပိုဆောင်ခြင်းနှင့် ယှဉ်လျှင် အလွန်ပင်စီးပွားရေးတွက်ခြေကိုက်ရုံသာမက ထိရောက်သောစွမ်းအင်သုံးစွဲမှု ဖြစ်စေသည်။ ရထားဖြင့်တင်ပို့သောကုန်စည်သည် ကြီးမား၍ ခရီးဝေးသယ်ဆောင်ရသော ကုန်စည်များအတွက် တွက်ခြေအကိုက်ဆုံးဖြစ်ပြီး သေးငယ်၍ တိုတောင်းသော ခရီးအတွက် မသင့်တော်ပေ။ ကုန်ပစ္စည်းများကို မိုင် ၂၀ (၃၂ကီလိုမီတာ) မျှ စုပေါင်းသယ်ပို့ခြင်းသည် ကျသင့်ငွေအားဖြင့် တွက်ခြေကိုက်ပြီး အခြားတစ်နေရာသို့ တစ်ဆင့်ပို့ဆောင်ခြင်း အတွက်ကုန်ကျစရိတ်ကိုပင် ကာမိသည်။ ထိုသို့ အခြားတစ်နေရာသို့ တစ်ဆင့်ပို့ဆောင်ခြင်း အတွက်ကုန်ကျစရိတ်သည် ပို့ဆောင်မှု အတော်များများတွင် အရေးပါသော ကုန်ကျငွေဖြစ်ပြီး ခေတ်သစ်လုပ်ငန်းဆောင်တာများတွင် ထိုကုန်ကျငွေကို အနည်းဆုံးဖြစ်ရန် ရည်ရွယ်လုပ်ဆောင်ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]