ဟန်လင်းမြို့ဟောင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဟန်လင်းမြို့ဟောင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အမှတ်အသားကျောက်တုံး

ဟန်လင်း (ဟလင်းကြီး)မြို့ဟောင်း သည် စစ်ကိုင်းတိုင်းဒေသကြီး (ယခင်ရွှေဘိုခရိုင်) ဝက်လက်မြို့နယ် အတွင်း၌ ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာတွင် တည်ရှိသည်။ မန္တလေးမှ မြစ်ကြီးနားသို့သွားသော မီးရထားလမ်းပေါ်ရှိ မုဆိုးချုံဘူတာရွာမှ အရှေ့ဘက် ငါးမိုင်ခွဲခန့် ကွာဝေး၍ ကျောက်လမ်းဖြင့် ဆက်သွယ်ထားသည်။ ဟန်လင်းမြို့ဟောင်းသည် ယခုခေတ် ဟန်လင်းကြီးရွာ၏ မြောက်ဘက် နှစ်ဖာလုံခန့် အကွာတွင် ရှိသည်။

ကျုံးနှင့် မြို့ရိုးပတ်ရံလျက်ရှိသော ဟန်လင်းမြို့ဟောင်းသည် တစ်ကြိမ်က ကြီးကျယ်ခမ်းနားစွာ ထွန်းကား ခဲ့သော မြို့ကြီးတစ်မြို့ဖြစ်ကြောင်း သိသာလေသည်။ မြို့ရိုး၏တောင်မြောက် အလျားမှာ နှစ်မိုင်နီးပါးမျှရှိ၍ အရှေ့အနောက် အနံမှာ တစ်မိုင်ကျော်မျှ ရှိလေသည်။ သို့သော် ကာလကြာမြင့်ပြီဖြစ်၍ အုတ်မြို့ရိုးမှာ မထင်မရှား ကုန်းတန်းမို့မို့သာ ကျန်ရှိတော့၍ ကျုံးမှာလည်း လုံးဝကောလျက် ရှိချေသည်။ ထိုမြို့ရိုး၏ အတွင်းပိုင်းအလယ်ဗဟိုမှ အရှေ့တောင်ယွန်းယွန်းနေရာတွင် နန်းတော်ကုန်းဟု ခေါ်စမှတ်ပြုသောနေရာ ရှိ၏။ ထိုနန်းတော်ရာသည်လည်း ရှေးက အုတ်မြို့ရိုး ကာရံလျက်ရှိရာ ယခုအခါ မြေမို့မို့ကိုသာ တွေ့ရတော့သည်။ စတုရန်းပုံရှိသော အတွင်းမြို့ရိုး၏ အနံမှာ ပေ ၁၄ဝဝ ခန့် ရှည်လေသည်။

ရှေးဟောင်းသမိုင်းများတွင် ဤမြို့ကို မဟာသမ္မတမင်း လက်ထက်တွင် သားတော်လတ် ကရပေါ် မင်းသားက စတင်တည်ထောင်ခဲ့၍ ဟံသာဝတီမည်တွင်ကြောင်း၊ မင်းဆက် ၇၉၉ ယောက်မြောက်အဖြစ် ပျူမင်း ဗန္ဓဝ စိုးစံကြောင်း စသည်ဖြင့် လာရှိ၏။ ကကုသန်ဘုရား လက်ထက်တွင် ပစ္ဆိမ နာဂရဟူ၍ လည်းကောင်း၊ ကဿပ ဘုရားလက်ထက်တွင် ကာမဝတီ ဟူ၍ လည်းကောင်း၊ ဂေါတမဘုရားလက်ထက်တွင် ဟလ္လမခေါက် ဟူ၍လည်းကောင်း ခေါ်တွင်ကြောင်းလည်း ဖော်ပြထားသည်။ သို့သော် ကြွင်းကျန်သမျှသော ယဉ်ကျေးမှု အင်္ဂါရှေးဟောင်း ဝတ္ထုပစ္စည်း များကို ထောက်ရှု၍ ပျူယဉ်ကျေးမှု ထွန်းကားခဲ့သော သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်းများနှင့် မရှေး မနှောင်း စတင် တည်ထောင်ခဲ့သည်ဟု ယူဆရသည်။


ဟန်းလင်းမြို့ဟောင်းတွင် တံခါး ၂၄ ပေါက်ရှိသည်ဟု အဆိုရှိသော်လည်း ယခုအခါ အရှေ့ဘက်တွင် ငါးပိအိုးတံခါး၊ အနောက်ဘက်တွင် ပျားကြီးတောင့်တံခါး၊ တောင်ဘက်တွင် တံခါးတော်၊ မြောက်ဘက်တွင် တကန်သာ စသော တံခါး များသာ ကျန်ရစ်တော့သည်။ မြို့ဟောင်းအတွင်းတွင် ရှေးဟောင်း အဆောက်အဦနှင့် အုတ်ကုန်းမို့မို့မောက်မောက်များကို လုံးဝ မတွေ့ရချေ။ အနောက်ဘက်မြို့ရိုး၌ကပ်၍ တည်ထားသော တောရဂူကြီးမှာ လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်ခန့်ကမှပင် မြို့ရိုးအုတ်မျာကို အသုံးပြု၍ တည်ဆောက်ထားဟန်တူသည်။ ဟန်လင်းမြို့ဟောင်း၏ တောင်ဘက်၌ရှိသော ဟန်လင်းရွာကြီးနှင့် ပတ်ဝန်းကျင်တွင်မူ ရှေးဟောင်းဘုရားများကို ဖူးတွေ့နိုင်သည်။ ယင်းတို့အနက် သီရိဓမ္မာသောကမင်း၏ ကောင်းမှုဟု အဆိုရှိသော ရွှေကူကြီးစေတီ၊ ကျန်စစ်သားမင်း၏ ကောင်းမှုဖြစ်သော ရွှေအင်ပင်စေတီ၊ အလောင်းစည်သူမင်း၏ ကောင်းမှု ဖြစ်သော ရွှေယပ်တော်စေတီ၊ ဒါတဂ‡ရာဇ်အမတ်ကြီး ၏ ကောင်းမှုဖြစ်သော ရွှေဂူသာစေတီနှင့် သမန္ထဘဒ္ဒရာ အမတ်ကြီး၏ကောင်းမှုဖြစ်သော ရွှေပန်းနှော (ယခုအခါ ရွှေပန်းတော) စေတီများမှာ ထင်ရှားကျော်ကြားလျက် ရှိလေသည်။ သမန္တဘဒ္ဒရာ ရေးထိုးသော ကျောက်စာကို ထောက်ရှု၍ ပုဂံခေတ်တွင် ဟန်လင်းမြို့ကို မြို့စားကြီး အုပ်ချုပ်ရကြောင်း သိသာသည်။

ဟန်လင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်ရှိ ပျူကျောက်စာတစ်ချပ်

ပုဂံခေတ်ထက် စောသော ယဉ်ကျေးမှု အထောက်အထားများ အနေဖြင့် ပျူကျောက်စာများ၊ ပျူဒင်္ဂါးများနှင့် အရိုးအိုးများကို တွေ့ရသည်။ ၁၉ဝ၄ ခုနှစ်တွင် မြို့ရိုးအပြင်ဘက် အရှေ့တောင်ထောင့် အနီးတွင် ကျောက်စာတစ်ချပ် တွေ့ရှိခဲ့သည်။ စာကြောင်းနှစ်ကြောင်းသာပါရှိသော ယင်ကျောက်စာသည် သရေခေတ္တရာမှ ကျောက်အရိုးအိုးကြီးများတွင် ရေးထိုးထားသည့် ပျူစာများနှင့် အက္ခရာ ပုံပန်းသဏ္ဌာန် တူညီသည့်အပြင် စာကြောင်းတစ်ကြောင်းစီအောက်၌ ဗြိဟ္မီအက္ခရာဖြင့် စာလုံးအနည်းငယ် ရေးထိုးပါရှိလေသည်။ ထိုကျောက်စာသည် ကွယ်လွန်သူ ပုဂ္ဂိုလ်တစ်ဦး၏ အရိုးများမြှုပ်နှံရာ နေရာကို မှတ်သားထားသည့် ကျောက်စာတိုင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ထုတ် ယူဆရသည်။ ထိုကျောက်စာကို တွေ့ရှိသည့်နှစ်ကပင် ပုဂံပြတိုက်သို့ ရွှေ့ပြောင်း ထိန်းသိမ်းထားလေသည်။ ဒုတိယ ပျူကျောက်စာတစ်ချပ်ကို ၁၉၂၉ ခုနှစ်တွင် ပထမကျောက်စာ တွေ့ရှိသောနေရာ၏ တောင်ဘက်တွင် ဖော်ထုတ်ရရှိသည်။ ဤကျောက်ချပ်တွင် စာကြောင်းရှစ်ကြောင်း ပါရှိ၍ ထိပ်ပိုင်း၌ လခြမ်းသဏ္ဌာန် အမှတ် လက္ခဏာ ထွင်းထုထားသည်။ ကျောက်စာ၏ အဓိပ္ပါယ်ကို အတိအကျ မဖော်ထုတ်နိုင်သော်လည်း မဟာဒေဝီ တစ်ဦးအကြောင်း ရေးထိုးသည်ကို သိသာ၏။

တတိယ ကျောက်ချပ်မှာ အမြင့်လေးပေ၊ အလျား လေးပေခွဲ ရှိ၍ အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ရုပ်ကြွများ ထုလုပ်ထားကာ အလယ်တွင် ပျူစာများ ရေးထိုးထားသည်။ ထိုရုပ်ကြွ ကျောက်ချပ်မှာ ပျက်စီး ပြုန်းတီးလျက်ရှိရာ အထက်မှ အကျိုးအပဲ့တစ်ပိုင်းမှာ ပျောက်ဆုံးနေ၍ စာကြောင်းများမှာ ဖတ်မရအောင် မှေးမှိန်လျက် ရှိချေပြီ။ အထက်ပိုင်းမှ ရုပ်ထုမှာ ဗောဓိသတ် ပုံဖြစ်ဟန်တူသည်။ ဒူးပေါ်တင်၍ ဆန့်တန်း ထားသော လက်ယာလက်နှင့် အနည်းငယ် ကွေးထားသော လက်ယာခြေထောက်သာ ကျန်ရှိတော့၏။ ကျောက်ချပ်၏ အောက်ပိုင်းတွင် လက်အုပ်ချီ၍ ထိုင်နေကြသော လူရုပ်များ စီတန်းနေသည်ကို တွေ့ရ၏။ ရှေ့ဆုံးတန်းမှ လူများမှာ တစ်ကိုယ်လုံးပေါ်၍ နောက်တန်းများတွင် အချို့မှာ ကိုယ်တစ်ပိုင်း ပေါ်၍ လည်းကောင်း၊ အချို့မျာ ခေါင်းပိုင်းသာ ပေါ်၍လည်းကောင်း တွေ့မြင်ရသည်။ ထိုလူရုပ်များတွင် ပုတီးလည်ဆွဲများနှင့် နားဋောင်းများ ဆင်ယင်ထားသည်။ ပျူကျောက်စာ ရေးထိုးထားသည်ကို ထောက်၍ ထိုလူရုပ်များသည် ပျူလူမျိုးများ၏ ပုံသဏ္ဌာန်ကို ထုလုပ်ထားသည်ဟု ယူဆရသည်။ ထိုကျောက်ချပ်နှင့် ဒုတိယ ကျောက်စာတိုင်တို့ကို ဟန်လင်း ကျောက်စာရုံတွင် ထိန်းသိမ်း ထားရှိ၏။

ဟန်လင်းမြို့တွင်းနှင့် ပတ်ဝန်းကျင် တစ်ဝိုက်တွင် လယ်ယာထွန်ယက်ရာမှ ပျူဒင်္ဂါးများ မကြာခဏ ပေါ်ပေါက်တွေ့ရှိရသည်။ ယင်းတို့မှာ မတ်စေ့အရွယ်မှ ကျပ်ပြားအရွယ်ထိ ပမာဏရှိ၍ သရေခေတ္တရာ ဒင်္ဂါးနှင့် ကွာခြားချက်မှာ ဒင်္ဂါးတစ်ဘက်တွင် ဘဒ္ဒပီဌပုံအစား တက်နေဝန်းသဏ္ဌာန် ပါရှိခြင်းပင် ဖြစ်သည်။ အခြား တစ်ဘက်၌ သီရိဝစ္ဆပုံ ခပ်နှိပ်ထားခြင်း မှာ သရေခေတ္တရာဒင်္ဂါးနှင့် တူယောင်ယောင်ရှိသော်လည်း အခြံအရံ အမှတ်လက္ခဏများမှာ ကွဲပြားလေသည်။ သို့သော် သရေခေတ္တရာတွင် ဟန်လင်း ဒင်္ဂါးပုံအတိုင်း ရံဖန်ရံခါ တွေ့သည့်နည်းတူ ဟန်လင်း၌လည်း သရေခေတ္တရာဒင်္ဂါးပုံ အတိုင်း တစ်ခါတစ်ရံ တွေ့ရတတ်သည်။

မြေပုတီးများနှင့် ရောင်စုံ ကျောက်ပုတီးများကိုလည်း သရေခေတ္တရာနှင့် ဗိဿနိုး မြို့ဟောင်းမှာကဲ့သို့ပင် မြေအောက်၌ နစ်မြှုပ်နေရာမှ ဖော်ထုတ်ရရှိပေသည်။ မြေအိုးမြေခွက် အပိုင်း အစများနှင့် အမှတ်တံဆိပ်များ ခပ်နှိပ်ထားသော အိုးခြမ်းကွဲများ၏ ပုံသဏ္ဌာန်တို့မှာ ဗိဿနိုးမှ ပုံစံများနှင့် တူညီသည်ကို လေ့လာ တွေ့ရှိရ၏။

အထက်ပါ အချက်အလက်များကို ထောက်ထား၍ ဟန်လင်း မြို့ဟောင်းသည် ပျူယဉ်ကျေးမှု ထွန်းကားရာ ဒေသတစ်ရပ်ဖြစ်ခဲသည့်အလျောက် သရေခေတ္တရာနှင့် ဗိဿနိုးမြို့များနှင့် ခေတ်ပြိုင်ဖြစ်သော်လည်းကောင်း၊ မရှေးမနှောင်းသော်လည်းကောင်း အဆက်အသွယ် ရှိခဲ့မည်ဟု ယူဆထားသည်။ တရုတ်ရာဇာဝင်မှတ်တမ်းများတွင် ညွှန်းသော ပျူမြို့တော်သည် ဟန်လင်းမြို့ ဟုတ်မဟုတ် ပြဿနာကို ဖြေရှင်းရန်နှင့် ဟန်လင်းမြို့၏ ရှေးဟောင်း ယဉ်ကျေးမှု အင်္ဂါရပ်များကို အသေးစိတ် ထုတ်ဖော်ရန် သုတေသနပြုဆဲပင် ရှိသေးသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)