ဆရာတော်များ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မာတိကာ

ဆရာတော်များ[ပြင်ဆင်ရန်]

သံဃဂိုဏ်းဝင် ဆရာတော်အရှင်သူမြတ်တို့သည် မြန်မာတို့ ၏ ကျေးဇူးရှင်ကြီးများ ဖြစ်ကြပေသည်။ ဆရာတော်တို့၏ ဂုဏ်ကျေးဇူးကြောင့်၊ မြန်မာတို့သည် ဗုဒ္ဓသာသနာ၏ အဆုံး အမ၌တည်၍၊ ဗုဒ္ဓသာသနာကို အခြေခံသော မြန်မာ့ယဉ်ကျေးမှု တို့ ထွန်းကားခဲ့ရပေသည်။ မြန်မာတို့သည် ငယ်စဉ်အခါကစ၍ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် စာပေသင်ကြားခဲ့ရသည်။ ရှေးခေတ်က ဘုန်းကြီးကျောင်းများဟူသည်မှာ လောကီ လောကုတ္တရာ နှစ်ဖြာသော ပညာဗဟုသုတတို့ကို သင်ကြားပေး ရာဌာနကြီးများ ဖြစ်သည့်အားလျော်စွာ အနောက်ဥရောပနိုင်ငံ တို့တွင် အလယ်ခေတ်ကအစပြု၍ ထွန်းကားခဲ့သော ခရစ်ယန် ဘုန်းတော်ကြီးကျောင်းများကဲ့သို့ပင် ပညာရေး၌ အချက်အခြာ မဏ္ဍိုင်ကြီးများ ဖြစ်သည်။ ခရစ်ယန်ဘုန်းတော် ကြီးကျောင်း များမှ တစ်စတစ်စ တက္ကသိုလ်ကျောင်းများ ပေါ်ထွန်းလာခဲ့ သည်။ မြန်မာဘုန်းတော်ကြီးကျောင်းများသည်လည်း မြန်မာ ဘုရင်တို့ လက်ထက်တွင် မြန်မာ့တက္ကသိုလ်ကျောင်းကြီးများ ဖြစ်ကြသည်။ ထိုသို့ တက္ကသိုလ်နှင့်တူသော မြန်မာဘုန်းတော် ကြီးကျောင်းများ၌ ငယ်စဉ်ကစ၍ ပညာသင်ကာ ကြီးပြင်းရ သော မြန်မာတို့သည် ဗုဒ္ဓအယူဝါဒ၌ ရိုသေကိုင်းညွတ်ရုံမျှမက သေး၊ ဗုဒ္ဓသာသနာကို အခြေခံသော ယဉ်ကျေးမှုဓလေ့ထုံးတမ်း တို့ကိုလည်း ခိုင်မာစွာ ထူထောင်နိုင်ခဲ့သည်။

ဘုန်းကြီးကျောင်း ပညာသင်ကြားရေးသည် လောကီလော ကုတ် နှစ်ဝယှဉ်၍ သင်ကြားပေးသောစနစ် ဖြစ်ခြင်းကြောင့်၊ မြန်မာတို့၌ စာပေအမွေအနှစ်နှင့် အခြားသော သုခုမနှင့် ဗိသုကာဆိုင်ရာ အနုပညာ အမွေအနှစ်တို့သည် သားစဉ်မြေး ဆက် အစဉ်မပျက် တည်ရှိခဲ့လေသည်။ အဆက်ဆက်သော ဆရာတော်များသည် ဗုဒ္ဓမြတ်စွာ၏ ပါဠိပိဋကတော်များကို နိဿယပြန်အားဖြင့်၎င်း၊ စကားပြေဖြင့်၎င်း၊ ပျို့ကဗျာလင်္ကာ စသည် တို့ဖြင့်၎င်း၊ အများအပြား ပြန်ဆိုရေးသားတော်မူခဲ့ကြ သည်။ နှောင်းလူဖြစ်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် အသီးသီး တို့သည်လည်း ယင်းတို့ကို ဖတ်ရှုလေ့လာ၍၊ စာပေအစဉ်ကို မပြတ်စေရဘဲ ထပ်မံဆက်လက် ရေးသားကြပြန်သည်။ ဤ နည်းဖြင့် မြန်မာစာပေ အစဉ်အလာသည် ဆက်ကာဆက်ကာ တိုးတက်ပြန့်ပွား လာလေရာ ယခုခေတ်အထိ မြန်မာကဝိစာဆို ပုဂ္ဂိုလ်များ၊ ကျမ်းပြုဆရာများ၊ စာရေးဆရာများသည် ဆက် လက်ထွန်းကား လျက်ရှိလေသည်။

ထို့ပြင် 'အလိမ္မာစာမှာရှိ'ဟူသောစကားပုံအရ၊ ဆရာတော် များကထားခဲ့သော စာအမွေအနှစ်တို့ကြောင့်၊ မြန်မာတို့သည် လူမှုရေးရာတို့၌ လိမ္မာကျွမ်းကျင်လာကြရသည်။ ထို လူမှုရေး အခြေခံတို့ဖြင့်လည်း မြန်မာ့ယဉ်ကျေးမှု အဆောက်အအုံကို ခိုင်မြဲအောင် ထူထောင်၍၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြလေ သည်။ ထိုမျှ မကသေး၊ ဆရာတော်များ၏ သမ္ပဒါတရား လေးပါး အဆုံးအမတို့ကြောင့် မြန်မာတို့၏ စီးပွားရေးသည် လည်း ညီညွတ်မျှတသော စီးပွားရေးဖြစ်ခဲ့သည်။

ထိုမျှလောက် ကျေးဇူးကြီးမားသော ဆရာတော်များ၏ အကြောင်းကို သိထားထိုက်သည် ဖြစ်သောကြောင့် ပုဂံခေတ် သက္ကရာဇ် ၄ဝဝ ခန့်မှအစပြု၍၊ ယခုခေတ်အထိ ယင်ရှားခဲ့ သော ဆရာတော်များကို ခေတ်အလိုက်သော်၎င်း၊ သက္ကရာဇ် အလိုက်သော်၎င်း ဖော်ပြအပ်ပါသည်။ ယင်းသို့ဖော်ပြရာ၌ ကျော်စောထင်ရှားသော ဆရာတော်များသည် ခေတ်တိုင်း၌ပင် အလွန်များပြားသောကြောင့် ဤ၌ အလုံးစုံမဖော်ပြလိုက်ပါ၊ ခေတ်စုံရုံမျှ ရွေးချယ်၍ ဖော်ပြပါသည်။

ဆရာတော်များ၏ အကြောင်းကို ရေးသားရာ၌၊

  1. ၁၁၉၃ ခုနှစ်၊ မင်းတိုင်ပင်အမတ် မဟာဓမ္မသင်္ကြံ ပြုသော သာသနာ လင်္ကာရစာတန်း၊
  2. ၁၂၁၃ ခုနှစ် မင်းလှသီရိသီဟ သူပြုသော ဆရာတော်များဦးရေ စာရင်း၊
  3. ၁၂၄၈ ခုနှစ်၊ မိုင်းခိုင်းမြို့စား အတွင်းဝန် ပိဋကတ်တော်အုပ်ဦးရန်ပြုသော ပိဋကတ်သမိုင်း စာတန်း၊
  4. ဟင်္သာတစ်မြို့ မြစ်ကွေ့ဆရာတော် ဦးပညာဝံသ၏ မှတ်စုများကို အရင်းခံမှီငြမ်းပြု၍၊ ဟင်္သာတစ်မြို့ သပြေပင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးသောဘဏ

ပြုစုသော သာသနဝံသဒီပနီ (၁၂၉၂)နှင့် အခြားထေရုပ္ပတ္တိများ၊ ကျမ်းနိဒါန်း၊ နိဂုံးများနှင့် ည|ိနှိုင်းတိုက်ဆိုင်ရေးသားပါသည်။ အချို့အထူးထင်ရှားသော ဆရာတော်များ၏ ထေရုပ္ပတ္တိအကျယ် ကို စွယ်စုံကျမ်းတွင် သီးခြားဖော်ပြထားပါသည်။

ရှင်အရဟံ[ပြင်ဆင်ရန်]

ရှင်အရဟံသည် ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာကို စတင်ပြုစုသော ဆရာတော်ဖြစ် သည်။ ဘွဲ့မှာ ရှင်ဓမ္မဒဿီဖြစ်၏။ ဇာတိကား သထုံမြို့ဟုဆို သည်။ ရှင်အရဟံက အနော်ရထာမင်းအား သထုံပြည်၌ ပိဋကတ်တော်ရှိကြောင်း ပြောဆိုသဖြင့်၊ အနော်ရထာမင်းသည် သက္ကရာဇ် ၄၁၉ ခုနှစ်၌ ပိဋကတ်အစုံ ၃ဝ နှင့် အရိယာ သံဃာတော် ၁ဝဝဝ တို့ကို ပုဂံပြည်သို့ ပင့်ဆောင်သည်။


သဒ္ဒနီတိ ဆရာတော်[ပြင်ဆင်ရန်]

သဒ္ဒနီတိ ဆရာတော် ရှင်အဂ္ဂဝံသသည် ၄၅၄ ခုနှစ်တွင် မင်းပြုသော အလောင်းစည်သူမင်း၊ ၅၂၉ ခုနှစ်တွင် မင်းပြု သော နရသူမင်း၊ ၅၃၃ ခုနှစ်တွင်မင်းပြုသော မင်းယဉ်နရသိင်္ခ မင်းနှင့် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူမင်းတို့၏ လက်ထက်တွင် ပိဋကတတ်ပုဂ္ဂိုလ်အဖြစ် ကျော်စောထင်ရှားခဲ့ သည့် ဆရာတော်တစ်ပါးဖြစ်သည်။ ထိုခေတ်က သာသနာတော် ကျမ်းနှင့် သင်္သကရိုက် သဒ္ဒါကျမ်းများကို တတ်သော ရှင်မဟာ အဂ္ဂပဏ္ဍိတဆရာတော်ဟု ရှိသည်။ ထိုဆရာတော်သည် ၅၃၅ ခုနှစ်ခန့်လောက်တွင် ပျံလွန်တော်မူသည်ဟု ဆိုကြ၏။ ယင်းဆရာတော်၏ တပည့်ဖြစ်သူ ဒုတိယ အဂ္ဂပဏ္ဍိတ ဆရာတော်တစ်ပါးလည်း ရှိသေးသည်။ ဒုတိယအဂ္ဂပဏ္ဍိတဆရာ တော်ကား လောကုပ္ပတ္တိ ပကာသနီကျမ်းကို ပြုတော်မူခဲ့သူ တည်း။

သဒ္ဒနီတိဆရာတော် ရှင်အဂ္ဂဝံသကား ဒုတိယ အဂ္ဂပဏ္ဍိတ ဆရာတော်၏ တူအရင်းဖြစ်၏။ ပထမ မဟာအဂ္ဂပဏ္ဍိတ ဆရာတော်၏ တပည့်ဖြစ်သည်။ တတိယအဂ္ဂပဏ္ဍတဖြစ်တော် မူသော ဆရာတော်ရှင်အဂ္ဂဝံသသည် ၅၁၆ ခုနှစ်တွင် သဒ္ဒနီတိ ကျမ်းကြီးသုံးစောင်ကို ပြုစုတော်မူခဲ့သည်။ သဒ္ဒနီတိကျမ်းကား ထိုခေတ်က စာတတ်အကျော် သီဟိုဠ်ဆရာတော်များကပင် ချီးမွမ်းအံ့ဩရသော ကျမ်းဖြစ်သည်။ ယခုတိုင်ပင် ပရိယတ္တိ သာသနာ၌ လွန်စွာထင်ရှား၍၊ အားကိုးအားထား ပြုရသော ကျမ်းကြီးဖြစ်သည်။

ပေါင်လောင်ရှင် ကဿပ[ပြင်ဆင်ရန်]

ပေါင်လောင်ရှင်ကဿပသည် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော ပုဂံပြည့်ရှင် နရပတိစည်သူမင်း လက်ထက်တွင် ကျော်စောထင်ရှားသော ဆရာတော်ဖြစ်၏။ ထီးလင်းမြို့စီရင်စု ပေါင်လောင်ရွာဇာတိဖြစ်၍၊ ပုဂံမြို့တောင်ဘက် ခရီးတတိုင် ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ပြုစုသောကျမ်းများ ကား၊ (၁) ခုဒ္ဒသိက္ခာ နိဿယဟောင်း၊ (၂) မဟာဗောဓိဝင်ဋီကာတို့ ဖြစ်သည်။ ပေါင်လောင်ရှင်ဟု တွင်သည်ကား၊ ပေါင်လောင်အရပ်သို့ ဒေသစာရီလှည့်သည့် ကာလ ပေါင်လောင်ကြီးတို့က ပေါင်လောင်ငယ် နှစ်ယောက်ကို အလုပ်အကျွေးအပ်လှူ၍၊ ပေါင်လောင်လူမျိုးတို့ ကိုင်းညွတ် သောကြောင့် ပေါင်လောင်ရှင်ဟု တွင်လေသည်။

ပံ့သုကူ ငစွယ်ရှင် ဆရာတော်[ပြင်ဆင်ရန်]

ငစွယ်ရှင်ဆရာတော်သည် အထက်ဖော်ပြရာပါ ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တွင် ကျော်စော ထင်ရှား၍၊ ရဟန္တာဟုပင် သမုတ်ခြင်းခံရသော ဆရာတော်ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်သီလဗုဒ္ဓိဖြစ်သည်။ ထိုဆရာတော်သည် လှူသော သင်္ကန်းကို မခံ၊ ပံ့သုကူသင်္ကန်းကိုသာ ကောက်၍ အမြဲသုံးဆောင်တော်မူသည်။ ထိုအကြောင်းကြောင့် ပံ့သကူ မဟာထေရ်ဟု အမည်တွင်ဟန်တူ၏။ အခါတစ်ပါး၌ ငစွယ် ငယ်ဆိုသူသည် နွားကျောင်းဖော် သူငယ်ချင်းကို 'ငါသေဟန် ဆောင်မည် ငါ့အပေါ်မှာ အဝတ်ပုဆိုးလွှမ်းပြီး မထေရ်မြတ်ကို ပံ့သုကူကောက်ပါဟု လျှောက်ကြ'ဟု ပြောဆိုသဖြင့် သူငယ် ဖော်များက ထိုအတိုင်ပြုလုပ်၍ မထေရ်မြတ်ကို လျှောက်ကြ လေသော်၊ မထေရ်မြတ် ကြွလာပြီးလျှင် ပံ့သုကူကောက်တော်မူ သည်။ ထိုအခါ ငစွယ်ငယ်မှာ အဟုတ်တကယ် သေနေသဖြင့် မိဘများကို ပြောကြား၍ မထေရ်မြတ်အား လျှောက်ထားရာ၊ မထေရ်မြတ် ပရိတ်မေတ္တာပြုမှ ငစွယ်ငယ်ထ၍ ရှိခိုးလေသည်။ ထိုအခါမှစ၍ ငစွယ်ရှင်ဟုထင်ရှား ကျော်စောတော်မူသည်။ မြန်မာရာဇဝင် အစောင်စောင်တို့တွင် ပံ့သုကူ ငစွယ်ရှင်မဟာ ထေရ်ဟု ဖော်ပြပါရှိသည်။

ထိုရာဇဝင်တို့တွင် စူဠာမဏိဘုရားကိုတည်သော အခြင်း အရာမှ အစပြု၍၊ နရပတိစည်သူမင်းကြီးသည် ပံ့သုကူမဟာ ထေရ်၏ အဆုံးအမ၌ တည်လာသည့် အကြောင်းကို ဖေါ်ပြ ထားသည်။ ( စူဠာမဏိစေတီ။) အဖြစ်အပျက်မှာဤသို့တည်း။ နရပတိစည်သူမင်းကြီးသည် တူရွင်းတောင်သို့တက်၍ ပြန်တော် မူသောအခါ၊ စူဠာမဏိတည်သော အရပ်ချောက်တွင် ပတ္တမြား အရောင်တောက်သည်ကို မြင်တော်မူ၍၊ ဤအရပ်၌ ငါ့ကို ကောင်းမှုပြုစေလိုသည်ဟု ထိုချောက်ကို ပြည်သူအပေါင်းတို့ဖို့ ရ၏။ ထိုအခါ ပံ့သုကူ ငစွယ်ရှင် မဟာထေရ်သည် 'မင်းကြီး ကောင်းမှုဖြစ်စိမ့်မည်ဟူ၍ ယခုပြုသော အမှုသည် ကောင်းမှု မဖြစ်၊ မကောင်းမှုသာ ဖြစ်သည်။ မင်းကြီးလှူသော ဆွမ်းကို ငါမခံ'ဟု ဆိုတော်မူ၏။ မင်းကြီးလည်း 'ငါ့ဆွမ်းကို ဘုန်းပေး တော်မမူသော်၊ ငါ့ပြည်တွင် နေတော်မမူသည်ဖြစ်မှ လွတ်တော် မူမည်။ ပြည်သူတို့လှူသော ဆွမ်းသည်လည်း ငါ့ဆွမ်းမဟုတ် တုံလော'ဟု မိန့်တော်မူ၏။ သခင်မြတ် ပံ့သုကူလည်း မင်းကြီး ဤသို့ဆိုခဲ့ပါလျှင်၊ သီဟိုဠ်ကျွန်းသို့ ကူးမည်ဟု အကြံတော်ရှိ၍၊ စွယ်ကြိုအရပ် တောကြီးဝယ် သီတင်းသုံးနေတော်မူ၏။ သခင် မြတ် ပံ့သုကူထေရ်သွားခဲ့လျှင်၊ သရပါတံခါးစောင့် ဘီလူးသည် မင်းကြီးထွက်တော်မူသောအခါ မလွှဲမဖယ် တံခါးထက်ဝယ် ကားရားရပ်၏။ ဟူးရားဖြူ ဟူးရားညိုတိုလည်း ပံသုကူထေရ်ကို မသင့်သောစကားဖြင့် မိန့်တော်မူ၍၊ ဘီလူး မလွှဲမဖယ်နေတော် မူသည်ဟု နားတော်လျှောက်၏။ ထို့ကြောင့်မင်းကြီးသည် အမတ်တို့ကိုခေါ်၍၊ ပံ့သုကူထေရ်ကို အကြိမ်ကြိမ်ပင့်စေ၏။ သို့သော် မထေရ်သည် သီဟိုဠ်သို့ကြွအံ့ဟု သင်္ဘောဆိပ်သို့ သွားသည်တွင်၊ အမတ် တုရင်္ကပစ္စည်းသည် အထူးထူးသော တောင်းပန်ခြင်းတို့ဖြင့် သာသနာကို ချီးမြေ|ာက်ပါဟု တောင်း ပန်၏။ သခင်မြတ်လည်း သာသနာတော်ကိစ္စဖြစ်၍ လိုက် တော်မူလေ၏။ မင်းကြီးလည်း အမတ်ပေါင်းခြံရံလျက် ခရီးဦး ကြိုဆိုတော်မူပြီးလျှင်၊ သခင်မြတ်လက်တော်ကို မ၍ နန်းတော် သို့ ပင့်ဆောင်လေသည်။ ထိုအခါမှ ဘီလူးသည် တံခါးမှ ဆင်း၍ သခင်မြတ်ကိုဦးချလင့်၏။ နန်းတော်သို့ ရောက်လျှင် မင်းကြီးလက်တော်နှင့် ဆွမ်းကိုပြင်၍ လုပ်ကျွေးတော်မူ၏။ ယနေ့မှစ၍ သခင်မြတ်အဆုံးအမကို ခံပါတော့မည်ဟု လျှောက် ပြီးလျှင်၊ သားတော်ငါးပါးတို့ကိုလည်း သခင်မြတ်ထံ အပ်လေ သည်။

ဆရာတော် ဦးကျည်ပွေ့[ပြင်ဆင်ရန်]

ဆရာတော် ဦးကျည်ပွေ့သည် ၆၁၇ ခုနှစ်တွင် ပုဂံပြည်၌ မင်းပြုသော နရသီဟပတေ့မင်းလက်ထက်၌ အသက် ၆ဝကျော် မှစာသင်၍၊ အံ့ဩ လောက်အောင် တတ်သည်ဟု ကျော်ကြား သော ဆရာတော်တစ်ပါး ဖြစ်သည်။ တစ်နေ့သော် ဦးကျည်ပွေ့ သည် တန်ပူပစ်ချရာတွင်း၌ တန်ပူများပြည့်နေသည်ကို မြင်လေ သော်၊ 'ဤတန်ပူတွင်း၌ တန်ပူတို့သည် တစ်နေ့တစ်ချောင်း ကျရောက်ရာမှ တွင်းပြည့်သည်။ ငါသည်လည်း တစ်နေ့လျှင် စာတစ်ကြောင်းမျှ သင်အံ့လေ့ကျက်သော် ကျမ်းတတ် ပုဂ္ဂိုလ် ဖြစ်ရာ၏' ဟု ဆင်ခြင်မိ၍၊ အသက် ၆ဝ ကျော်မှ စာသင် ရန်အတွက် ဘုရင့်ထံဝင်၍ ကန့်ကူဆံ အလှူခံရာ ဘုရင်က 'ကျည်ပွေ့အတက်ပေါက်မှ စာတတ်တော့မည်ပ'ဟု လျှောက် ထားလိုက်သည်။ နောက်စာသင်၍ တတ်သောအခါ ကျည်ပွေ့ကို သစ်ခက် ညွန့်စည်း၍ ဘုရင့်ထံဝင်လေရာ၊ ဘုရင်က ဆရာ တော်များအား မေးမြန်းစစ်ဆေးစေသည်တွင် အမှန်ပင်စာတတ် ကြောင်းသိရသဖြင့် လွန်စွာကြည်ညို၍ ဒိသာပါမောက္ခဟူသော ဘွဲ့တံဆိပ်နာမံ ဆက်ကပ်ပြီး ကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဆရာတော်ဦးကျည်ပွေ့ဟု ယနေ့တိုင် ကျော်ကြားလျက်ရှိသည်။ ပြုစုသောကျမ်းများမှာ (၁) သင်ပုန်း ကြီးဋီကာပါဌ်၊ (၂) သဒ္ဒါ ကျမ်းနက်ပါဌ်တို့ဖြစ်သည်။

ပထူးကြီး သင်္ဃရာဇာ[ပြင်ဆင်ရန်]

ပထူးကြီး သင်္ဃရာဇာ ဆရာတော်သည် ၇၂၆ ခုနှစ် အင်းဝခေတ် သတိုးမင်းဖျား လက်ထက်တွင် ထင်ရှားသော ဆရာတော်ဖြစ်သည်။ ပထူးကြီးကို ရာဇဝင်အစောင်စောင်တို့တွင် ပိထူး၊ ပန်းထူး၊ ပန်းတူးဟူ၍ အမျိုးမျိုးရေးသည်။ သင်္ဃရာဇာ ဆရာတော်သည် ပိဋကတ်ကျမ်းဂန်အရာ၌ တန်ရုံသာရှိသည်။ ဗေဒင်အရာ၌ကား လွန်စွာကျွမ်းကျင် တတ်မြောက်တော်မူသည်။ သတိုးမင်းဖျား အင်းဝမြို့ကို တည်မည်ကြံစဉ် အိပ်မက်မက် သည်ကို ပထူးကြီး သင်္ဃရာဇာဆရာတော်ပင် ဖတ်ရသည်။ ထိုဆရာတော်သီတင်းသုံးသည့် ကျောင်းကို သင်္ဃရာဇာကျောင်း ဟု ခေါ်တွင်၍၊ ကျောင်းအနီးရှိ ချောင်းကိုလည်း သင်္ဃရာဇာ ချောင်းဟုခေါ်တွင်ရာ ယခုတိုင်ဖြစ်သည်။ ပြုစုသည့်ကျမ်းများ မှာ။ (၁) လောကဒီပနီကျမ်း၊ (၂) ဩကာသဒီပနီကျမ်းတို့ ဖြစ် သည်။

ရှင်ခေမာစာရ ဆရာတော်[ပြင်ဆင်ရန်]

ရှင်ခေမာစာရ ဆရာတော်သည် အင်းဝခေတ် မင်းကြီး စွာစော်ကဲလက်ထက် (၇၃ဝ)တွင် ထင်ရှားသော ဆရာတော် ဖြစ်သည်။ ဘုရင်က သီလဝန် ဂုဏဝန်မဟုတ်သော ပုဂ္ဂိုလ်များ ကိုသာ ချီးမြောက်သဖြင့် ရှင်ခေမာစာရ ဆရာတော်သည် ညဉ့် ၂ ချက်တီးအချိန်တွင် ဘုရားရှေ့၌ ဆွဲထားသော စည်ကြီးကို အချက်များစွာ တီးခတ်လေသည်။ ဘုရင်က စုံစမ်းမေးမြန်း သောအခါ “သိကြားမင်းသေ၍ စည်တီးသည်။ သိကြားမင်းသည် မြတ်စွာဘုရားထံ၌ သာသနာကို စောင့်ရှောက်ပါမည်ဟု ဝန်ခံ ထားလျက် ယခုမစောင့်ရှောက်သောကြောင့် သိကြားမင်းသေ ကြောင်းသိရသည်"ဟု အမိန့်ရှိသဖြင့် ဘုရင်မင်းမြတ် သတိရ ကာ ဝမ်းဘဲအင်းမြောက်ဘက် ဒန့်တောအရပ်၌ ကျောင်း ဆောက်ကိုးကွယ်လေသည်။

စကြိုသူမြတ်[ပြင်ဆင်ရန်]

စကြိုသူမြတ် ဆရာတော်သည် ၇၆၃ ခုနှစ် ဘုရင်မင်း ခေါင်လက်ထက်တွင် ထင်ရှားသော ဆရာတော်ဖြစ်သည်။ ပုဂံ မြို့အောက် စကြိုအရပ်တွင် ၇၃၅ ခုနှစ်ခန့်၌ ဖွားမြင်သည်။ ပင်းယမြို့ ရွှေစည်းခုံ ဘုရားအနီး အထက်ကျောင်း၌ သီတင်း သုံး၍၊ ပင်းယ စကြိုသူမြတ်ဟု ထင်ရှားသည်။ ( စကြိုသူမြတ်)

ရေငုံ ဆရာတော်[ပြင်ဆင်ရန်]

ရေငုံ ဆရာတော်သည် အင်းဝခေတ် ထူပါရုံဒါယကာ နရ ပတိမင်းလက်ထက် (၈ဝ၄)တွင် ကျော်စောသော ဆရာတော်ဖြစ် သည်။ စစ်ကိုင်းမြို့ ပုညရင်စေတီ မြောက်ဘက်တွင် သီတင်း သုံးတော်မူသည်။ ပိဋကတ်ကျမ်းဂန် အလွန်တတ်လှပေ သည်။ စာချသောအချိန်မှတစ်ပါး အခြားအချိန်များ၌ ရေငုံ၍နေ လေ့ ရှိသောကြောင့် ရေငုံဆရာတော်ဟု ကျော်ကြားတော်မူ သည်။ ရေငုံဆရာတော်သည် စာပေအရအမိများပါလျက် ဆရာ နည်းမရသေးသော ရှင်အရိယဝံသအား နှစ်ရက်သုံးရက်နှင့် ဆရာနည်းပေးတော်မူသည်။

ရှင်အရိယဝံသ ဆရာတော်[ပြင်ဆင်ရန်]

ရှင်အရိယဝံသ ဆရာတော်သည် အင်းဝခေတ် ၈ဝ၄နှစ် နန်းတက်သော ထူပါရုံဒါယကာ နရပတိမင်း လက်ထက်တွင် ကျော်စောထင်ရှားသော ဆရာတော်ဖြစ်သည်။ ပင်းယမြို့တောင်၊ စကားအင်းရွာ ဇာတိဖြစ်၍၊ စကားအင်း ရှင်အရိယဝံသဟု လည်းခေါ်တွင်သည် ပင်းယ စကားကျောင်းတွင် စာပေသင် ကြား၍ ကိုယ်ဝန်ဆောင်မိန်းမ တစ်ရွက်စာခန့် နှုတ်လွတ်အာဂုံ ရသည်။ နောက် စစ်ကိုင်းဖက်ကူး၍ ရေငုံဆရာတော်ထံ နည်းခံ သင်ကြားရာ ၂ ရက် ၃ ရက်မျှဖြင့် စာပေတတ်မြောက်၍၊ မဏိသာရမဉ္ဇူသာဋီကာကို ပြုစုတော်မူသည်။ ဆရာတော်သည် ယင်းကျမ်းကိုပြုစု၍ သံဃာအများရှေ့၌ဖတ်ပြရာ ရဟန်တစ်ပါး က မှားယွင်းသော အချက်နှစ်ခုကို သတိပေးသဖြင့် ထိုရဟန်း ကို နှစ်ထပ်သင်္ကန်းဖြင့် ကျေးဇူးဆပ် ပူဇော်လေသည်။ ပြုစု သော ကျမ်းများမှာ (၁) ဂန္ထာဘရပ္ပပါဌ်၊ (၂) ဇာတကဝိသော ဓန၊ (၃) မဏိဒီပဋီကာ၊ (၄) မဏိသာရ မဉ္ဇူသာ ဋီကာ၊ (၅) အနုဋီကာနိဿယတို့ဖြစ်သည်။

ဆူးတွင်းပစ် ဆရာတော်[ပြင်ဆင်ရန်]

ဆူးတွင်းပစ် ဆရာတော်သည် ၈၁၃ ခုနှစ်တွင် နန်းတက် သော ပင်းယဘုရင် ဆင်ဖြူလေးစီးရှင်ကျော်စွာမင်းလက်ထက်၌ ထင်ရှားသော ဆရာတော်ဖြစ်သည်။ ( ဆူးတွင်ပစ်ဆရာတော်။)

ရှင်ဥတ္တမကျော်[ပြင်ဆင်ရန်]

ရှင်ဥတ္တမကျော်သည် တောင်တွင်းကြီးမြို့မြောက်ဘက် မြို့လုလင်ရွာ၌ ၈၁၅ ခုနှစ်တွင် ဖွားမြင်သည်။ ဆရာတော်သည် ကျမ်းဂန်အများကို ပြုစုတော်မူ၏။ သို့သော် မြန်မာစာပေသမိုင်း တွင် စက်ဆယ့်နှစ်လီချီ တောလားကိုစီကုံးရေးသားခြင်းကြောင့် ပိုမိုထင်ရှား၏။ ( ဥတ္တမကျော်၊ ရှင်။)

ရှင်မဟာသီလဝံသ[ပြင်ဆင်ရန်]

ရှင်မဟာသီလဝံသသည် ရှင်ဥတ္တမကျော်ကဲ့သို့ပင် တောင် တွင်းကြီးမြို့မြောက်ဘက် မြို့လုလင်ရွာ၌ ၈၁၅ ခုနှစ်တွင် ဖွား မြင်၍၊ မြန်မာစာပေသမိုင်းတွင် ထင်ရှားကျော်စောသော ပုဂ္ဂိုလ် ဖြစ်သည်။ ( မဟာသီလဝံသ၊ ရှင်။)

ရှင်မဟာရဋ္ဌသာရ[ပြင်ဆင်ရန်]

ရှင်မဟာရဋ္ဌသာရသည် အင်းဝခေတ် မဟာသီရသူရ (ပြည်စုန်မင်း) လက်ထက် ၈၃ဝ ပြည့်နှစ်တွင် အင်းဝမြို့၌ ဖွားမြင်သောပုဂ္ဂိုလ်ဖြစ်သည်။ မြန်မာစာပေသမိုင်းတွင် ရှင်မဟာ သီလဝံသနှင့် အပြိုင်အဆိုင် ကျော်စောထင်ရှားခဲ့သော ဆရာ တော်ဖြစ်သည်။ ( မဟာရဋ္ဌသာရ၊ ရှင်။)

ရှင်အဂ္ဂသမာဓိ[ပြင်ဆင်ရန်]

ရှင်အဂ္ဂသမာဓိသည် ၈၄၁ ခုနှစ်တွင် ဒီပဲရင်းမြို့အရှေ့ တောင် လက်ကန်ဖျားရွာတွင် မွေးဖွား၍၊ ငယ်မည် မောင်နိုးဟု တွင်သည်။ မြန်မာစာပေသမိုင်း၌ နေမိငရဲခန်းပျို့နှင့် နေမိဘုံ ခန်းပျို့တို့ကို ရေးသားစီကုံးခဲ့သဖြင့် ကျော်စောသည်။ ( အဂ္ဂသမာဓိ၊ ရှင်။)

ရွှေဥမင် ဆရာတော်[ပြင်ဆင်ရန်]

ရွှေဥမင် ဆရာတော်သည် ၉၉၁ ခုနှစ် အဝမြို့တွင် နန်း တက်သော သာလွန်မင်းတရားလက်ထက်တွင် ထင်ရှားသော ဆရာတော်ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်ဇမ္ဗူဓဇဖြစ်သည်။ ပုဂံ ငစွယ်ရှင်ဆရာတော် ရှင်သီလဗုဒ္ဓိ၏ အနွယ်ဖြစ်သော ရှင်ဓမ္မ နန္ဒ၏တပည့်ဖြစ်သည်။ ပခန်းကြီးမြို့ ရွှေဥမင်ကျောင်း၌ သီတင်းသုံးတော်မူ သောကြောင့် ရွှေဥမင်ဆရာတော်ဟု တွင် သည်။ ရွှေဥမင်ဆရာတော်သည် ပါဠိအဋ္ဌကထာဋီကာကျမ်းဂန် ကျနသည်။ အနက်မြန်မာ နိုင်နင်းလှသည်။ ဆရာတော်ရေးသား တော်မူခဲ့သည့် ဝိနည်းငါးကျမ်းနှင့် ယင်းအဋ္ဌကထာနိဿယတို့ သည်၊ ယခုတိုင်ပင် ကျော်ကြားလျက်ရှိလေသည်။ ဆရာတာ် သည် အလုပ်အကျွေးသူတော် တစ်ယောက်နှင့်သာလျှင် ခေါင်း ခေါင်းပါးပါး နေတော်မူသည်။ မင်းဆရာတော်ဖြစ်သော တောင် ဖီလာ ဆရာတော်က 'ပရိသတ်ခြွေရံ နည်းလှသည်။ ကြောက် တော်မမူလော'ဟု မေးသဖြင့်၊ ရွှေဥမင်ဆရာတော်က 'ကြောက် ၍ပင် ပရိသတ်နည်းနှင့်နေပါသည်'ဟု မိန့်တော်မူသည်။ ( တောင်ဖီလာဆရာတော်။)

သာလွန် မင်းတရားကြီးလက်ထက် 'ဇမ္ဗုဒီပဓဇ'ဟူသော ဘွဲ့တံဆိပ်ကိုအလှူခံရသည်။ ပြုစုသောကျမ်းများမှာ ပါရာဇိကဏ်ပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယ၊ ပါစိတ်ပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယ၊ ဝိနည်းမဟာဝါ ပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယ၊ စူဠဝါပါဠိတော်နှင့် ယင်းအဋ္ဌကထာနိဿယနှင့် ဓာတုဝိဇ္ဇာမယကျမ်းတို့ဖြစ်ကြသည်။

မဏိကုဏ္ဍလ ဆရာတော်[ပြင်ဆင်ရန်]

မဏိကုဏ္ဍလ ဆရာတော်သည် အင်းဝခေတ် အနောက် ဘက်လွန်နှင့် သာလွန်မင်းတရားတို့လက်ထက်၌ ထင်ရှားသော ဆရာတော် ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်ဝရာဘိသံဃနာထ ဖြစ်သည်။ ရတနာပုရ အင်းဝမြို့ လေးထပ်ကျောင်းဆရာတော် မဟာရာမ၊ မဟာသံဃနာထ နှစ်ဘွဲ့ရဆရာတော်ကြီး၏ တပည့် ဖြစ်သည်။ ဝရာဘိသံဃနာထ ဆရာတော်သည် ၉၉၁ ခုနှစ်တွင် မဏိကုဏ္ဍလဝတ္ထုကြီးကို ပြီးပြည့်စုံစွာ ရေးသားပြုစုတော်မူခဲ့ လေသည်။

တောင်ဖီလာ ဆရာတော်[ပြင်ဆင်ရန်]

တောင်ဖီလာဆရာတော်သည် သာလွန်မင်းတရားကြီး ကိုး ကွယ်သော ဆရာတော်ဖြစ်သည်။ ၉၄ဝ ပြည့်နှစ်တွင် မွေးဖွား ၍၊ ၁ဝ၁၂ ခုနှစ်တွင် ပျံလွန်တော်မူသည်။ ( တောင်ဖီလာဆရာတော်။)

နန်းကျောင်း ဆရာတော်[ပြင်ဆင်ရန်]

နန်းကျောင်း ဆရာတော်သည် အင်းဝခေတ် ၁ဝ၂၃ ခုနှစ် နန်းတက်သော ပြည်မင်းလက်ထက်တွင် ကျော်စောထင်ရှားသော ဆရာတော်ဖြစ်သည်။ ဖခင်မှာ အမတ်ဝန်ကြီး နေမျိုးနော်ရထာ ဖြစ်သည်။ ဘွဲ့တော် ရှင်အဂ္ဂဓမ္မာလင်္ကာရဖြစ်သည်။ ဘုရင်က မြောက်နန်းတော်ဆောင်ကို ဖျက်ပြီးကျောင်းဆောက်၍ တင်လှူ သောကြောင့် မြောက်နန်းကျောင်းဆရာတော်ဟု ခေါ်ကြသည်။ ကာလကြာသောအခါ၊ နန်းကျောင်းဆရာတော်ဟု ခေါ်တွင်လေ သည်။ ဆရာတော်သည် အမတ်ကြီး၏သား မှူးမျိုးမတ်နွယ် တစ်ပါးဖြစ်သော်လည်း မှူးမတ်ဂုဏ်သိရ်များကို အထင်ကြီး တော်မမူချေ။ တစ်ခါက ရဟန်းလူထွက်ဖြစ်သော သတိုးမင်း ကြီးသည် မှူးမတ်အဆောင်အယောင်ဖြင့် ကျောင်းသို့လာ၍ စကားစမြည်ပြောပြီးလျှင်၊ မိမိ၏ အဆောင်အယောင်ကိုပြလျက် 'အရှင်ဘုရား လူဖြစ်လျှင် ဤမျှလောက် စည်းစိမ်ကိုရလိမ့်မည်' ဟု လျှောက်လျှင်၊ 'ဤမျှလောက်စည်းစိမ်သည် ငါတို့ရေအိမ် တစ်ခါတက်ကိုမျှ မတန်လေ၊ ရေအိမ်တစ်ခါတက်လျှင်ပင် အသုဘ ကမ္မဋ္ဌာန်းကိုများစွာ ပွားရသည်မဟုတ်လော'ဟု မိန့် ကြားတော်မူလေသည်။ ပြုစုသောကျမ်းများမှာ။ (၁) ကလာပ်ကျမ်း သိန္ဓိမူလ နိဿယ။ (၂) ဓာတုကထာအကောက်။ (၃) ပဋ္ဌာန်း အကောက်။ (၄) မာတိကာအကောက်။ (၅) မူလဋီကာဒွါရကထာ အဖွင့် နိဿယ။ (၆) ယမိုက်အကောက်။ (၇) ရာဇဝင်ချုပ်။ (၈) သင်္ဂြီုဟ်ကျမ်းရိုးကြီး။ (၉) သဒ္ဒါကြီးနိဿယ။ (၁ဝ) အဘိ ဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာနိဿယတို့ ဖြစ်သည်။

တိလောကဂုရု ဆရာတော်[ပြင်ဆင်ရန်]

တိလောကဂုရုဆရာတော်သည် ၁ဝ၃၄ ခုနှစ်တွင် နန်းတက်သော နရဝရမင်းလက်ထက်တွင် ကျော်စောသော ဆရာ တော်ဖြစ်သည်။ ဇာတိမှာ ပခန်းကြီးမြို့ အနောက်ဘက် ခရီး ၆တိုင်ကွာ ဆိတ်ဆင်းရွာဖြစ်၏။ ပဉ္စင်းပျိုဘဝတွင် စာပေသင် ကြားတတ်မြောက်ပြီးမှ လူထွက်မည်ပြု၍၊ ရွှေစည်းခုံဘုရားသို့ ဘုရားဖူးကြွ လာစဉ် 'ဖြစ်လေတိုင်းသောဘဝ၌ လူထွက်မယား မဖြစ်ရပါလို'ဟု ဒါယိကာမတစ်ယောက် ရှိခိုးဆုတောင်းသံကို ကြား၍မေးမြန်းရာ 'သူတစ်ပါးလှူသော ပစ္စည်းဖြင့် ချမ်းသာစွာ နေရသည်ဖြစ်လျက် သူ့ကျွန်ခံဦးမည်၊ မယားကျွန်ပြုဦးမည်ဟု လူထွက်သောရဟန်းထက် မိုက်သောလူမရှိပြီ၊ လူမိုက်မယား မဖြစ်လို၍ ဆုတောင်းသည်'ဟု ပြောသဖြင့်၊ လူမထွက်ဘဲ စစ်ကိုင်းဖက်သို့ကူးပြီးလျှင် စာပေနည်းနာခံသည်။ နောက် ပုညစေတီ တောင်ကျောင်းငယ်တွင် စာပေပို့ချ၍ ဘုရင်က ဥမင်နှင့်တကွ ကျောင်းဆောက်လှူသည်။ 'တိလောကဂုရု' တံဆိပ်နာမံလည်း ဆက်ကပ်သည်။


ပြုစုသော ကျမ်းများမှာ-

  • (၁) ဓာတုကထာ ဋီကာဝဏ္ဏနာ၊
  • (၂) ဓာတု ကထာအနုဋီကာဝဏ္ဏနာ၊
  • (၃) ပဋ္ဌာနဝဏ္ဏာ ဋီကာ၊
  • (၄) ယမကဝဏ္ဏာနာ ဋီကာ တို့ဖြစ်သည်။

ကြက်သွန်ခင်း ဆရာတော်[ပြင်ဆင်ရန်]

ကြက်သွန်ခင်းဆရာတော်သည် အင်းဝခေတ်နှင့် ကုန်း ဘောင်ခေတ်များတွင် ထင်ရှားသော ဆရာတော် ဖြစ်သည်။ ကြက်သွန်ခင်းရွာ၌ သက္ကရာဇ် ၁ဝ၅၅ ခုနှစ်တွင် ဖွားတော် မူသည်။ ဘွဲ့တော် ရှင်ပါသံသ ဖြစ်သည်။ ဆင်ဖြူရှင်မင်းတရား ကိုးကွယ်သည်။ ရတနာပူရမြို့တော် အနောက်မျက်နှာ ကြက် သွန်ခင်းတိုက်၌ သီတင်းသုံးတော်မူသည်။ ကျမ်းဂန်သင့်မြတ် လှသည်။ မင်းဧကရာဇ်ဆရာတော်ဖြစ်သော်လည်း၊ ပစ္စည်းလာပ် လာဘအပိုအလွန်ကို အလိုမရှိ။ သက်ရွယ်ကြီးရင့်သည်တိုင် အောင် အမြဲဆွမ်းခံတော်မူသည်။ ကိုယ်တော်နှင့် အလုပ်အကျွေး သူတော်တစ်ယောက်ပါ နှစ်ယောက်စာမျှ လောက်အောင်ရလျှင် ပြန်ခဲ့သည်။ ပစ္စည်း၌မက်မောတော်မမူ၊ တစ်ခါကရဟန်းတစ်ပါး ဆွမ်းဟင်းလျာ စားဖွယ်စားရာအစုံ တပည့်ဝန်ထမ်း တစ်ထမ်း နှစ်ထမ်းနှင့် စစ်ကိုင်းမြို့မှ ဆွမ်းခံပြန်လာသည်ကို တွေ့သဖြင့် 'ငါ့ရှင်၊ သင့်မယားမာ၏လော'ဟု မေးတော်မူသည်။ တစ်ခါ ကလည်း စရစ်ဆရာတော်၏တူ ဦးသာပုံသည် သာသနာပိုင် ဖြစ်သောအခါ စိတ်ပျိုကိုယ်နုဖြစ်၍ ဝါသနာအလျှာက် သိုင်း ကိုင်နှင့် ဆွမ်းခံဝင်သည်ကို တွေ့သဖြင့် 'ဟဲ့သာပုံ၊ သည်နှင်တံ နှင့် နင့်ကို လူကြောက်လိမ့်မည်လော။ ကြောက်လောက် အောင် အမြောက်ဆောင်'ဟု မိန့်တော်မူလေသည်။ ကြက်သွန် ခင်းဆရာတော်သည် သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ ဝါ၊ သက္ကရာဇ် ၁၁၃၇ ခုနှစ်တွင် ပျံလွန်တော်မူသည်။ ပြုစုသော ကျမ်းမှာ၊ ဧကက္ခရကောသအဖွင့် ဋီကာနိဿယဖြစ်သည်။

နေရင်း ပုဗ္ဗာရုံ ဆရာတော်[ပြင်ဆင်ရန်]

ပုဗ္ဗာရုံ ဆရာတော်သည် ပခန်းကြီးမြို့ကျေး၊ နေရင်းရွာ၌ သက္ကရာဇ် ၁ဝ၆၅ ခုနှစ်တွင် ဖွားတော်မူသည်။ ဘွဲ့တော် ရှင်သာရဒဿီ ဖြစ်သည်။ အရုံဂိုဏ်း တစ်ကျိပ်နှစ်ပါးအဝင် ငမြာရွာဆရာတော် ရှင်ပညာသာရ၏ တပည့်ဖြစ်သည်။ နေရင်း ရွာ၊ ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးတော်မူသည်။ ဤဆရာတော် သည် ဉာာဏ်ပညာကြီးကျယ်နက်နဲလှသည်။ စာပေကျမ်းဂန်တတ် လှသည်။ သက္ကရာဇ် ၁၁၃၅ ခု(၁၁၂၉) နှစ်တွင် ပျံလွန်တော်မူ သည်။ ပြုစုသော ကျမ်းများမှာ၊ (၁) ဂုဠ|တ္ထဝဏ္ဏနာ ဋီကာပါဌ်၊ (၂) စရိယာ ပိဋကတ် အဋ္ဌကထာနိဿယ၊ (၃) ဋီကာဒွါရ နိဿယ၊ (၄) ဓာတုကထာမူလဋီကာနိဿယ၊ (၅) ဓာတုကထာ မူလဋီကာ ယောဇနာပါဌ်၊ (၆) နေတ္ထိပါဠိတော်နိဿယ၊ (၇) သုတ္တနိပါတ်ပါဠိတော်နိဿယ၊ (၈) သုတ်သီလက္ခန် ပါဠိတော် ဂဏ္ဌိ၊ (၉) ဝိသုဒ္ဓိမဂ်အဋ္ဌကထာဂဏ္ဌိတို့ဖြစ်သည်။

ပထမ ကျော်အောင်စံထား ဆရာတော်[ပြင်ဆင်ရန်]

ပထမ ကျော်အောင်စံထား ဆရာတော်သည် ဟံသာဝတီရောက် မင်းတရားကြီးက အင်းဝသို့ပင့်၍ ကျော်အောင်စံထားကျောင်း တိုက်ကို တင်လှူ၍ ကိုးကွယ်သော ဆရာတော်ဖြစ်သည်။ ၁ဝ၆၇ ခုနှစ်၌ ဖွားမြင်သည်။ ( ကျော်အောင်စံထား ဆရာတော်များ။)

နေရင်း မဏိရတနာ ဆရာတော်[ပြင်ဆင်ရန်]

မဏိရတနာ ဆရာတော်သည် အင်းဝခေတ်၊ ၁ဝ၇၆ ခုနှစ် တွင် နန်းတက်သော မှန်နန်းဆင်ဖြူရှင် တနင်္ဂနွေမင်းလက် ထက်တွင် ကျော်စောထင်ရှားသော ဆရာတော်ဖြစ်သည်။ ပခန်း ကြီးမြို့စီရင်စု၊ နေရင်းရွာ ဇာတိဖြစ်သည်။ ဘွဲ့တော်ရှင်အရိယာ လင်္ကာရ ဖြစ်၏။ နေရင်းရွာ အနောက်မြောက်၊ မဏိရတနာ ကျောင်းတိုက်၌ သီတင်းသုံးတော်မူသဖြင့်နေရင်း မဏိရတနာ ဆရာတော်ဟု ခေါ်တွင်သည်။ ဆရာတော်သည် နိဿယအများ အပြား ရေးသားပြုစုတော်မူခဲ့သည်။ အနက်မြန်မာသန်လှသည်။ ကျမ်းဂန်ရေးသောအခါ ပုရပိုက်တွင် ဦးစွာတင်၍ အကြမ်းမရေး ဘဲ၊ ပေ၌သာ ကညစ်ဖြင့် တောက်လျှောက် အချောရေးတော်မူ သည်။ ပြုစုသော ကျမ်းများမှာ၊ (၁) ကစ္စာယန ဝဏ္ဏနာနိဿယ၊ (၂) ကစ္စာယန သုတ္တနိဒ္ဒေသနိဿယ၊ (၃) ခုဒ္ဒသိက္ခာ နိဿယ၊ (၄) ဇိနာလင်္ကာရအဋ္ဌကထာနိဿယ၊ (၆) ဋီကာကျော်နိဿယ၊ (၇) ဘိက္ခုကင်္ခါ ဝိတရဏီ အဋ္ဌကထာ နိဿယ၊ (၈) မူလ သိက္ခာနိဿယ၊ (၉) သင်္ခေပဝဏ္ဏနာဋီကာနိဿယ၊ (၁ဝ) သဒ္ဒ သာရတ္ထဇာလိနီ စာကိုယ်နိဿယ၊ (၁၁) သုတ်ပါထေယျ ပါဠိ တော်နိဿယ၊ (၁၂) သုတ်ပါထေယျ အဋ္ဌကထာနိဿယသစ်၊ (၁၃) သုတ်မဟာဝါ ပါဠိတော်နိဿယသစ်၊ (၁၄) သုတ်မဟာဝါ အဋ္ဌကထာနိဿယသစ်၊ (၁၅) သုတ်သီလက္ခန်ပါဠိတော် နိဿယသစ်၊ (၁၆) သုတ်သီလက္ခန ် အဋ္ဌကထာနိဿယသစ်၊ (၁၇) သမ္မောဟ ဝိနောဒနီအဋ္ဌကထာ နိဿယ၊ (၁၈) အဋ္ဌသာ လိနီအဋ္ဌကထာနိဿယ တို့ဖြစ်သည်။

ရွှေယင်မြော် ရှင်ဥက္ကံသမာလာ ဆရာတော်[ပြင်ဆင်ရန်]

ရှင်ဥက္ကံသမာလာ ဆရာတော်သည် အင်းဝခေတ်၊ ၁ဝ၇၆ ခုနှစ်တွင် နန်းတက်သော တနင်္ဂနွေမင်းလက်ထက်၌ ထင်ရှား သော ဆရာတော်ဖြစ်သည်။ ဇာတိ ရွှေယင်မြော်ရွာ ဖြစ်သည်။ အရုံဂိုဏ်းတစ်ကျိပ်နှစ်ပါးအဝင် ထန်းပေါက်ကုန်းဆရာတော် အရှင်ဝရဝံသ၏ တပည့်ဖြစ်သည်။ တွင်းသင်းမှူးကြီးကပင့်၍ ရွှေကြက်ယက်တွင် ကျောင်းဆောက်ကိုးကွယ်ခြင်းခံရသည်။ ပါဠိအဋ္ဌကထာ ဋီကာကျနစွာ တတ်သည်။ လောကရာဇ အရေး အကြောင်း၌ လိမ်မာလှသည်။ မင်းဧကရာဇ်က မကိုးကွယ်သည် မှာ ရွာကြီးသားဖြစ်၍ မကိုးကွယ် ခြင်းဖြစ်သည်ဟု ပထမ မောင်းထောင်းဆရာတော်ဖြစ်ခဲ့သူ မင်းတိုင်မင်အမတ် မဟာ ဓမ္မသင်္ကြံ ပြုခဲ့သော သာသနာလင်္ကာရစာတန်းတွင် ဆိုသည်။ ပြုစုသော ကျမ်းများမှာ၊ (၁) ကဝိကဏ္ဌပါသအလင်္ကာကျမ်း၊ (၂) တောင်ငူဆိုရတုအဖြေ၊ (၃) ဝဏ္ဏဗောဓန သတ်အင်းကျမ်း၊ (၄) ရှင်ဥက္ကံသမာလာသတ်ညွှန်းကျမ်းတို့ ဖြစ်သည်။

အတုလ သာသနာပိုင် ဆရာတော်[ပြင်ဆင်ရန်]

အတုလ သာသနာပိုင် ဆရာတော်သည် ၁ဝ၇၆ ခုနှစ်တွင် အုတ်ရှစ်ကျေးရွာ၌ ဖွားမြင်၍၊ ငယ်မည် ဦးပန်းထွေး၊ ရဟန်းဘွဲ့ ရှင်ယသဖြစ်သည်။ ( သာသနာပိုင်များ။)

သာသနာပိုင် ဆုံတား ဆရာတော်[ပြင်ဆင်ရန်]

သာသနာပိုင် ဆုံတား ဆရာတော်သည် ၁ဝ၈ဝ ပြည့်နှစ် တွင် ဖွားမြင်သည်။ အမရပူရမြို့တည် နန်းတည်Þမင်းတရားကြီး ကိုးကွယ်သော ဆရာတော်ဖြစ်သည်။ ( ဆုံတားဆရာတော်။)

ဒုတိယ ကျော်အောင်စံထား ဆရာတော်[ပြင်ဆင်ရန်]

ဒုတိယ ကျော်အောင်စံထား ဆရာတော်သည် ၁ဝ၈ဝ ပြည့်နှစ်တွင် ဖွားမြင်သည်။ ပထမ ကျော်အောင်စံထား ဆရာ တော် ပျံလွန်တော်မူသောအခါ၊ ကျော်အောင်စံထား ကျောင်း တိုက်ကို ဆက်ခံ သီတင်းသုံးတော်မူ ခြင်းကြောင့် ဒုတိယ ကျော်အောင်စံထား ဆရာတော်ဟု တွင်သည်။ ( ကျော်အောင်စံထား ဆရာတော်များ။)

တောင်တွင်းကြီး ဆရာတော်(ခင်ကြီးပျော်)[ပြင်ဆင်ရန်]

တောင်တွင်းကြီး ဆရာတော်သည် တောင်တွင်းကြီးနယ် တွင် ၁ဝ၈၆ ခုနှစ်တွင် ဖွားမြင်၍၊ ငယ်မည် မောင်ပျော်၊ ရဟန်းဘွဲ့ ရှင်ဉာာဏသဒ္ဓမ္မဟုတွင်သော ပုဂ္ဂိုလ်ဖြစ်လေသည်။ ( တောင်တွင်းကြီးဆရာတော်-ခင်ကြီး ပျော်)

ပထမ ဗားကရာ ဆရာတော်[ပြင်ဆင်ရန်]

ပထမဗားကရာ ဆရာတော်သည် ပခန်းကြီးမြို့ ကျေးမြိုင် ရွာ၌ ၁၁ဝဝ ပြည့်နှစ်တွင် ဖွားမြင်တော်မူသည်။ ရတနာပုရ အင်းဝမြို့ အနောက်မျက်နှာ ဗားကရာတိုက်၌ သီတင်းသုံးတော် မူ၍ ဗားကရာ ဆရာတော်ဟု တွင်သည်။ ( ဗားကရာ ဆရာတော်များ။)

ပထမ ဆင်တဲ ဆရာတော်[ပြင်ဆင်ရန်]

ပထမ ဆင်တဲဆရာတော်သည် ပခန်းကြီးမြို့အရှေ့တောင် ထောင့် ဆင်တဲရွာ၌ ၁၁ဝ၆ ခု၊ နယုန်လတွင်ဖွားတော်မူသည်။ ငယ်မည် ဦးရွဲဖြစ်သည်။ဘွဲ့ ရှင်ဉာာဏသဒ္ဓမ္မ (ဉာာဏလင်္ကာ)ဖြစ် သည်။ 'ဉာာဏလင်္ကာရာ ဘိသဒ္ဓမ္မဓဇမဟာဓမ္မရာဇဂုရု' တံဆိပ် တော်ရသည်။ အမရပူရမြို့တော်မြောက်၌ အတွင်းဝန် မင်းကြီး မဟာ သက်တော်ရှည် ဆောက်လုပ်သည့်ကျောင်း၌ သီတင်းသုံး တော်မူသည်။ နောက် ရွှေတောင်ကျောင်းတိုက်သို့ ပြောင်းရွေ့ သီတင်းသုံးသည်။ သက်တော် ၇၂ နှစ်၊ ဝါတော် ၅၂ ဝါ၊ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ရွှေတောင်ကျောင်းတိုက်၌ ပျံလွန် တော်မူသည်။ပြုစုသော ကျမ်းများမှာ။ (၁) စန္ဒသူရိယဂတိ ဒီပနီနိဿယ၊ (၂) ဓာတုကထာ မူလဋီကာ နိဿယနံကျယ်၊ (၃)ပရမတ္ထဝိနိစ္ဆယ အဋ္ဌကထာ နိဿယ၊ (၄) မုခမတ္တ ဒီပနီနိဿယသစ်၊ (၅) မူလဋီကာ ဒွါရကထာအဖွင့် အထိ နိဿယ၊ (၆) ဝဇီရဗုဒ္ဓိဋီကာ နိဿယ၊ (၇) ဝိနည်းငါးကျမ်း အဋ္ဌကထာဂဏ္ဌိ၊ (၈) သဒ္ဒါရှစ်စောင် နိဿယ၊ (၉) သစ္စသံခိပ် အဋ္ဌကထာ နိဿယ၊ (၁ဝ) သမ္ဗန္ဓစိန္တာ နိဿယချနက်၊ (၁၁) အသီတိနိပါတ် ဇာတ်အဋ္ဌကထာ နိဿယ တို့ဖြစ်သည်။

ပထမ မောင်းထောင် ဆရာတော်[ပြင်ဆင်ရန်]

ပထမ မောင်းထောင် ဆရာတော်သည် အလုံမြို့ကျေး၊ မောင်းထောင်ရွာ၌၊ ၁၁၁၅ ခုနှစ်တွင် ဖွားမြင်သည်။ ဘိုးတော် မင်းတရားကြီးက အင်းဝသို့ ပင့်ဆောင်ကိုးကွယ်၍၊ ၁၁၅ဝ ပြည့်နှစ်တွင် သာသနာပိုင်အပ်သည်။ ( မောင်းထောင်ဆရာတော်များ။) ( သာသနာပိုင်များ။)

ဒုတိယ ညောင်ကန် ဆရာတော်[ပြင်ဆင်ရန်]

ဒုတိယ ညောင်ကန်ဆရာတော်သည် အလုံမြို့ကျေး ညောင်ကန်ရွာ၌ ၁၁၁၅ ခုနှစ်တွင် ဖွားမြင်သည်။ ရဟန်းဘဝ၌ ဘိုးတော်မင်းတရားကြီး၏ မြောက်နန်းမတော် မိဘုရားကြီး ကောင်းမှု မင်္ဂလဘုံကျော်ကျောင်းတိုက်၌ သီတင်းသုံးတော်မူ သည်။ ( ညောင်ကန် ဆရာတော်များ။)

ဒန့်တိုင် ဆရာတော်[ပြင်ဆင်ရန်]

ဒန့်တိုင် ဆရာတော်သည် သက္ကရာဇ် ၁၁၂၅ ခုနှစ် နန်းတက်သော ကုန်းဘောင်ဆင်ဖြူရှင်မင်း လက်ထက်တွင် ကျော် စောထင်ရှားသော ဆရာတော်ဖြစ်သည်။ ပင်တစ်လဲမြို့ စီရင်စု၊ လှည်းကူးမရွာ ဇာတိဖြစ်သည်။ ဘွဲ့တော်မှာ ဂုဏ လင်္ကာရ (ဂုဏရံသာလင်္ကာရ)ဖြစ်သည်။ မြင်းခြံခရိုင် သစိုး မလည်ရွာ ဂေါစရဂါမ်ရှိသော ဒန့်တိုင်၊ သစ်ညို ကျောင်းတို့၌ တစ်လှည့်စီ သီတင်းသုံးတော်မူသည်။ ပြုစုသောကျမ်းများမှာ၊ (၁) ခုဒ္ဒကပါဌ် ပါဠိတော် နိဿယ၊ (၂) ခုဒ္ဒကပါဌအဋ္ဌကထာနိဿယ၊ (၃) စတုဘာဏဝါရ ပါဠိတော် နိဿယ၊ (၄) စရိယာပိဋကတ် ပါဠိတော် နိဿယ၊ (၅) စရိယာပိဋကတ် အဋ္ဌကထာ နိဿယ၊ (၆) စန္ဓကုမာရဇာတ် အဋ္ဌကထာနိဿယ၊ (၇)တေမိယဇာတ် အဋ္ဌကထာ နိဿယ၊ (၈) နာရဒဇာတ် အဋ္ဌကထာနိဿယ၊ (၉) နေမိဘာတ် အဋ္ဌကထာ နိဿယ၊ (၁ဝ) ဘူရိဒတ်ဇာတ်အဋ္ဌကထာ နိဿယ၊ (၁၁) မဟာဇနက ဇာတ် အဋ္ဌကထာ နိဿယ၊ (၁၂) မဟောသဓဇာတ် အဋ္ဌကထာ နိဿယ၊ (၁၃) မိလိန္ဒပဥ|ာပါဠိတော် နိဿယ၊ (၁၄) မိလိန္ဒပဥ|ာ ဝတ္ထု၊ (၁၅) ဝိဓုရဇာတ် အဋ္ဌကထာ နိဿယ၊ (၁၆) ဝေဿန္တရာ ဇာတ် အဋ္ဌကထာ နိဿယ၊ (၁၇) သုဝဏ္ဏသာမဇာတ် အဋ္ဌ ကထာ နိဿယ၊ (၁၈) သုတ္တ နိပါတ်ပါဠိတော် နိဿယ၊ (၁၉) သုတ္တနိပါတ် အဋ္ဌကထာ နိဿယ တို့ဖြစ်လေသည်။

မင်းပူး ဆရာတော် ဦးဩဘာသ[ပြင်ဆင်ရန်]

မင်းပူး ဆရာတော် ဦးဩဘာသသည် ၁၁၄၃ ခုနှစ်တွင် မင်းဖြစ်သော ဘိုးတော်မင်းတရားကြီးလက်ထက်တွင်ပေါ်ပေါက် ၍၊ ဇာတ်ကြီးဆယ်ဘွဲ့အနက် စန္ဒကုမာရ ဇာတ်တော်ကြီး၊ တေမိဇာတ်တော်ကြီး၊ နာရဒ ဇာတ်တော်ကြီး၊ နေမိဇာတ်တော် ကြီး၊ မဟာဇနက ဇာတ်တော်ကြီး၊ မဟောသဓ ဇာတ်တော်ကြီး၊ ဝိဓုရဇာတ်တော်ကြီးနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးတို့ကို ပါဠိ မှ မြန်မာသို့ ပြန်ဆိုတော်မူ၍၊ မြန်မာစာပေတွင် ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်သည်။ ( ဩဘာသ၊ ဦး ၊ မင်းပူးဆရာတော်။)

ဂူကြီးဆရာတော်[ပြင်ဆင်ရန်]

ဂူကြီးဆရာတော်သည် ယိုးဒယားလူမျိုးဖြစ်သည်။ ဖခင်မှာ ယိုးဒယား အမတ်ကြီးဟောင်းဖြစ်သည်။ ၁၁၂၁ ခုနှစ်တွင် ဖွား မြင်၍၊ ၁၁၂၉ ခုနှစ်၊ အသက် ၈ နှစ်သားအရွယ်တွင် မြန်မာ ပြည် အင်းဝမြို့သို့ ပါလာသည်။ ငယ်မည် ဦးယာဖြစ်သည်။ ပထမဗားကရာ ဆရာတော်ကြီးက စာပေသင်ကြားပေး၍ ယင်း ဆရာတော်ထံ၌ပင် သာမဏေဖြစ်သည်။ သာမဏေဘွဲ့ ရှင်ပညာ ဖြစ်သည်။ အသက်စေ့တွင် ရဟန်းပြုသည်။ ရဟန်းဘွဲ့ရှင်ပညာ သီဟဖြစ်သည်။ ရဟန်း ၉ ဝါရတွင် ပထမကျော်အောင်သည်။ အမရပူရမြို့ အနောက်ဘက် ဂူကြီးတိုက်၌ သီတင်းသုံးတော်မူ သည်။ 'ပညာသီဟာဘိသိရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာ ဓိရာဇ ဂုရု'တံဆိပ်တော်ရသည်။ ၁၁၆၃ ခုနှစ်တွင် လူထွက်၍ သီရိနန္ဒ သင်္ကြံဘွဲ့ဖြင့် မဟာဒါန်ဝန် ဖြစ်သည်။ ၁၁၇၆ ခုနှစ်တွင် မုတ္တမ ရုံးပေါ်၌ မွန်ယိုးဒယားတို့သတ်၍ ဘဝပြောင်းသည်။ ပြုစုသောကျမ်းများမှာ (၁) ဆန္ဒောဂုဋ္ဌ|တ္ထ ဒီပနီ ပါဌ်၊ (၂) ဇိနာလင်္ကာ ဋီကာ နိဿယ၊ (၃) ဇင်းမယ် ပဏ္ဏာသနိဿယ၊ (၄) နာဋိက ဝိနိစ္ဆယ ကျမ်း၊ (၅) ပဏာမ ဒီပနီကျမ်း၊ (၆) ပဉ္စပကြိုဏ် အဋ္ဌကထာ နိဿယသစ်၊ (၇) မူလဋီကာ နိဿယ၊ (၈) သုတ်သီလက္ခန် ဋီကာဟောင်း နိဿယ၊ (၉) အနုဋီကာ နိဿယ၊ (၁ဝ) အဘိဓမ္မတ္ထ ဒီပကကျမ်းဟောင်း၊ (၁၁) ဥပါ သက ပဋိပဒါ ကျမ်းတို့ဖြစ်သည်။

သာသနာပိုင် စလင်း ဆရာတော်[ပြင်ဆင်ရန်]

ဤသာသနာပိုင် စလင်းဆရာတော်သည် ပထမ စလင်း ဆရာတော်ဖြစ်၏။ စကုမြို့အဝင် ကန့်ကလာရွာ၌ အဖ ဦးညို သီလ၊အမိ ဒေါ်မိတို့မှ ၁၁၂၅ ခု တော်သလင်းလဆန်း ၈ရက် ကြာသပတေးနေ့တွင် ဖွားမြင်၍၊ ငယ်မည် ဦးချစ်လောက် ရဟန်းမည် ရှင်ပညာသီဟ ဖြစ်သည်။ ( သာသနာပိုင်များ။)

သဲအင်း သာသနာုပိုင် ဆရာတော်[ပြင်ဆင်ရန်]

သဲအင်းသာသနာပိုင် ဆရာတော်သည် ပခန်းကြီးမြို့ကျေး သဲအင်းရွာ၌ အဖ ဦးအောင်စံ အမိ ရှင်ပုံတို့မှ ၁၁၂၅ ခု နတ်တော်လဆန်း ၇ ရက် သောကြာနေ့တွင် ဖွားမြင်၍၊ ငယ်မည် ဦးကြောင်၊ ရဟန်းဘွဲ့ ရှင်သူရိယ ဖြစ်သည်။ ( သာသနာပိုင်များ။)

မုံရွေး ဇေတဝန် ဆရာတော်[ပြင်ဆင်ရန်]

မုံရွေး မေတ္တာစာကို ရေးသားစီရင်၍ ကျော်စောထင်ရှား သော မုံရွေး ဇေတဝန်ဆရာတော်သည် မုံရွာခရိုင် ကြေးမုံမြို့ သူကြီး ဦးဇေယျ သူကြီးကတော် ဒေါ်မင်းလှတို့မှ ၁၁၂၈ ခု နယုန်လဆန်း ၄ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၍၊ ငယ်မည် မောင်နိုး၊ မိဘတို့ခေါ်ဝေါ်သောအမည် မောင်မြအောင်၊ ရဟန်း အမည် ရှင်အာဒိစ္စရံသီဖြစ်သည်။ ( မုံရွေးဇေတဝန်ဆရာတော်။)

ပထမ ငါးခုန် ဆရာတော်[ပြင်ဆင်ရန်]

ပထမ ငါးခုန် ဆရာတော်သည် ထီးလဲရွာ၌ သက္ကရာဇ် ၁၁၃၂ ခုနှစ်ခန့်တွင် ဖွားမြင်သည်။ နောက် ငါးခုန်ရွာသို့ ရောက်၍ အသက် ၂ဝ လွန်မှ ရဟန်းပြုသည်။ ဘွဲ့တော် ရှင်အာဒိစ္စဝံသဖြစ်၏။ ရတနာပုရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်မင်းလက်ထက်၌ ထင်ရှားသော ဆရာတော်ဖြစ် သည်။ 'အာဒိစ္စဝံသာ ဘိဓဇမဟာဓမ္မရာဇဂုရု' တံဆိပ်တော်ရ သည်။ အမရပုရမြို့တော်၊ တောင်သမန်တောရ၌ သီတင်းသုံး သည်။ တောင်လေးလုံးတိုက်၊ မက္ခရာကျောင်း၌လည်း သီတင်း သုံးသည်။ သက်တော် ၇ဝ၊ ဝါတော် ၄ဝ ကျော်၊ သက္ကရာဇ် ၁၂ဝ၂ ခုခန့်တွင် ပျံလွန်တော်မူသည်။ ပြုစုသော ကျမ်းများမှာ (၁) ကာရိကာ နိဿယသစ်၊ (၂) ခုဒ္ဒကပါဌဋီကာပါဌ်၊ (၃) စရိယာပိဋကတ် အဋ္ဌကထာနိဿယ၊ (၄) ဆက္ကနိပါတ်ဇာတ် အဋ္ဌကထာနိဿယ၊ (၅) ဋီကာကျော် ဂဏ္ဌိဟောင်း၊ (၆) ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ နိဿယဟောင်း၊ (၇) ဗုဒ္ဓဝံသ အဋ္ဌကထာ နိဿယ၊ (၈) မဏိသာရ မဉ္ဇူသာ ဋီကာ နိဿယ၊ (၉) မဟာ ဗုဒ္ဓဝင်ဝတ္ထုတော်ကြီး၊ (၁ဝ) မူလ ဋီကာ (ဒွါရကထာထိ) ဂဏ္ဌိကျမ်း၊ (၁၁) မူလ ပဏ္ဏာသ ပါဠိ တော် နိဿယသစ်၊ (၁၂) သတ္တကနိပါတ် ဇာတ်အဋ္ဌကထာ နိဿယ၊ (၁၃) သဒ္ဒနီတိ ပဒမာလာနိဿယ၊ (၁၄) သဒ္ဒနီတိ သုတ္တမာလာ နိဿယ၊ (၁၅) သမ္ဗန္ဓစိန္တာ ဋီကာသစ် ပါဌ်၊ (၁၆) ဝီသတိ ဂါထာဝဏ္ဏနာပါဌ်၊ (၁၇) အတ္ထုဒ္ဓါရ ဝိဘာဝနီ ကျမ်းတို့ဖြစ်သည်။

ဒုတိယ ဗားကရာ သာသနာပိုင် ဆရာတော်[ပြင်ဆင်ရန်]

ဒုတိယ ဗားကရာသာသနာပိုင်ဆရာတော်သည် ပခန်းကြီး မြို့ကျေး မြိုင်ရွာနေ မောင်ကြင်မယ်ကြင်ဟူသော မိဘနှစ်ပါးတို့ ချောင်းကောက်ရွာသို့ ခေတ္တစ်လာခိုက်၊ ထိုချောင်းကောက်ရွာ၌ ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၃ ရက် ကြသပတေးနေ့ တွင် ဖွားမြင်သည်။ ငယ်မည် ဦးအင်၊ သာမဏေဘွဲ့ ရှင်ပညာ ဖြစ်သည်။ ( ဗားကရာ ဆရာတော်များ။) ( သာသနာပိုင်များ။)

ဆရာတော် ဦးပုတ်[ပြင်ဆင်ရန်]

ဆရာတော် ဦးပုတ်သည် အလုံမြို့ကျေး ညောင်ကန်ရွာ၌ အဖမောင်အို အမိ ရှင်မွှေးတို့မှ ၁၁၄၉ ခု နယုန်လပြည့်ကျော် ၅ ရက် အင်္ဂါနေ့တွင် ဖွားမြင်၍၊ ငယ်မည် ဦးပုတ်ဟု တွင် သည်။ ( ပုတ်၊ ဦး၊ ဆရာတော်။) ( ညောင်ကန်ဆရာတော်များ။)

ပြည် ဆရာတော်[ပြင်ဆင်ရန်]

ပြည်ဆရာတော်သည် အလုံမြို့ကျေး ညောင်ကန်ရွာ၌ အဖ ဦးဖြူ အမိ ဒေါ်ညွန့်တို့မှ ၁၁၅ဝ ပြည့်နှစ် ဝါဆိုလဆန်း ၇ ရက် ကြသပတေးနေ့တွင် ဖွားမြင်၍၊ ငယ်မည် ဦးကျီးတွင် သည်။ အချို့ကလည်း ဦးကျီးညိုဟု တွင်သည်ဟူ၏။ ( ပြည်ဆရာတော်။)

ပင်း ဆရာတော်ကလေး[ပြင်ဆင်ရန်]

ပင်း ဆရာတော်ကလေးသည် မိတ္ထိလာမြို့နယ်၊ သပြေ ကုန်းရွာ၌ ဦးကြာထွား ဒေါ်ဖြူတို့မှာ သက္ကရာဇ် ၁၁၅၅ ခုနှစ် နတ်တော်လဆန်း ၁၄ ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။ ငယ်မည် ဦးလွမ်းပြေဖြစ်သည်။ သာမဏေဘွဲ့ ရှင်ကဝိန္ဒ၊ သက် တော်စေ့ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ကဝိန္ဒာဘိ ဖြစ်သည်။ ဘကြီးတော် ဘုရားလက်ထက်တွင် အင်းဝမြို့၊ မဲထီးကျောင်း တိုက်၌ သီတင်းသုံး၍၊ ရွှေဘိုမင်း လက်ထက်တွင် အမရပူရ မြို့တော် အရှေ့တောင်ယွန်း၊ မဲထီးကျောင်းတိုက်အတွင်း၌ ရေနံချောင်းမြို့စားဝန်ကြီး ဆောက်လုပ်သည့် သုံးထပ်ကျောင်း၌ သီတင်းသုံးတော်မူ၏။ ကဝိန္ဒာဘိသိရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာ ဓိရာဇဂုရု တံဆိပ်တော်နှင့်တကွ တံဆိပ်တော် ၂ ထပ်ရသည်။ သက်တော် ၅၈ နှစ်၊ ဝါတော် ၃၈ ဝါ၊ သက္ကရာဇ် ၁၂၁၂ ခုနှစ်တွင် မိတ္ထိလာမြို့စီရင်စု၊ မိုးကောင်းတောင် နှာမောင်း တောကျောင်းတွင် တောမီးသင့်၍ ပျံလွန်တော်မူသည်။ ပြုစု သော ကျမ်းများမှာ (၁) ခုဒ္ဒကပါဌ် ပါဠိတော် နိဿယသစ်၊ (၂) ထေရဂါထာ ပါဠိ တော် နိဿယသစ်၊ (၃) ထေရီ ဂါထာ ပါဠိတော် နိဿယသစ်၊ (၄) ပဋိသမ္ဘိဒါမဂ် ပါဠိတော် နိဿယ သစ်၊ (၅) ဗုဒ္ဓဝင် ပါဠိတော်နိဿယသစ်၊ (၆) မနောရထ ပကာသနီ ဆေးကျမ်းပါဌ်၊ (၇)မဟာနိဒ္ဒေသ ပါဠိတော် နိဿ ယသစ်၊ (၈) ရာဇာဘိဟိတ ဒီပနီကျမ်း၊ (၉) ဝိသုဒ္ဓိမဂ္ဂသင်္ဂဟ ပါဌ်၊ (၁ဝ) သံယုတ်ငါးကျမ်းပါဠိတော် နိဿယသစ်၊ (၁၁) အဘိဓမ္မတ္ထဒီပနီကျမ်း၊ (၁၂) ဣတိဝုတ် ပါဠိတော်နိဿယသစ်၊ (၁၃) ဥဒါန်း ပါဠိတော် နိဿယသစ်တို့ဖြစ်သည်။

ထွဋ်ခေါင် ဆရာတော်[ပြင်ဆင်ရန်]

ထွဋ်ခေါင် ဆရာတော်သည် ဟင်္သာတခရိုင် လေးမျက်နှာ မြို့အနီး အနောက်မြောက်ဘက် မြင်းကုန်းရွာ၌ ဦးလူကြီး ဒေါ်မေတို့မှ ၁၁၆ဝ ပြည့်နှစ် တစ်ပေါင်းလပြည့် အင်္ဂါနေ့တွင် ဖွားမြင်၍၊ ငယ်မည် မောင်စိုဟု တွင်သည်။ ( ထွဋ်ခေါင်ဆရာတော်။)

သာသနာပိုင် ဒုတိယ မောင်းထောင် ဆရာတော်[ပြင်ဆင်ရန်]

ဒုတိယ မောင်းထောင် ဆရာတော်သည် ကန္နီမြို့ကျေး နတ်ရဲတောင်ရွာ၌ ဦးထွန်းဝါ ဒေါ်ယာတို့မှ ၁၁၆၁ ခု ပထမ ဝါဆိုလဆန်း ၁ဝ ရက် အင်္ဂါနေ့တွင် ဖွားမြင်၍၊ ငယ်မည် မောင်မှိုဟုတွင်သည်။ ( မောင်းထောင်ဆရာတော်များ) ( သာသနာပိုင်များ။)

ဗန်းမော် ဆရာတော်[ပြင်ဆင်ရန်]

ဗန်းမော် ဆရာတော်သည် ရွှေတောင်မြို့ ကွပ်ည|ပ်စင်ရွာ၌ သက္ကရာဇ် ၁၁၆၈ ခုတွင် ဖွားမြင်၍၊ ငယ်မည် မောင်ဖြူဝင်း၊ ရဟန်းဘွဲ့ ဦးပဏ္ဍိတဖြစ်သည်။ ( ဗန်းမော်ဆရာတော်။)

ဘုရားကြီး ဆရာတော်[ပြင်ဆင်ရန်]

ဘုရားကြီး ဆရာတော်သည် မိတ္ထိလာမြို့နယ် ကဖြူရွာ၌ ၁၁၇၂ ခုနှစ်တွင်ဖွားမြင်၍၊ ငယ်မည် ဦးညို၊ ရဟန်းဘွဲ့ဦးဇာဂရ ဖြစ်သည်။ ( ဘုရားကြီးဆရာတော်။)

တတိယ မောင်းထောင် ဆရာတော်[ပြင်ဆင်ရန်]

တတိယ မောင်းထောင် ဆရာတော်သည် အလုံမြို့ မောင်း ထောင်ကြီးရွာ၌ ၁၁၇၇ ခုနှစ် ဝါဆိုလဆန်း ၈ ရက် ကြာသပ တေးနေ့တွင် ဖွားမြင်၍၊ ငယ်မည် မောင်သော်၊ ရဟန်းဘွဲ့ ဦးပညာသာမိ တံဆိပ် ပညာသာမိကဝိဓဇမဟာဓမ္မရာဇာဓိရာဇ ဂုရု ဖြစ်သည်။ ( မောင်းထောင်ဆရာတော်များ)

သင်္ဂဇာ ဆရာတော်[ပြင်ဆင်ရန်]

သင်္ဂဇာ ဆရာတော်သည် စကားအရာတွင် တင်္ခဏုပ္ပတ္တိ ဉာာဏ် ထက်မြက်သော ပုဂ္ဂိုလ်ဖြစ်၍၊ ဆရာတော် မိန့်ကြား သော ပုံတိုများသည် ဥပမာ သမူဟဂီရက္ကမကျမ်း အဖြစ်ဖြင့် မြန်မာဂန္ထဝင်တွင် ထင်ရှားသည်။ ဆရာတော်သည် မြင်းခြံခရိုင်၊ တစ်လုပ်မြို့ကျေး ပေါင်ချောင်းရွာ၌ ၁၁၇၇ ခုနှစ်တွင် ဖွားမြင် သည်။ ( သင်္ဂဇာဆရာတော်။)

ကျီးသဲလေးထပ် ဆရာတော်[ပြင်ဆင်ရန်]

ဇိနတ္ထ ပကာသနီကျမ်းနှင့် ကဗျာသာရတ္ထသင်္ဂဟကျမ်း စသည်တို့ကို ပြုစုရေးသားစီရင်၍ ထင်ရှားသော ကျီးသဲလေး ထပ်ဆရာတော်သည်။ ရွှေတောင်မြို့၊ ကျီးသဲရွာတွင် ၁၁၇၉ ခုနှစ်၌ ဖွားမြင်သည်။ ( ကျီးသဲ လေးထပ်ဆရာတော်။)

အုတ်ဖို ဆရာတော်[ပြင်ဆင်ရန်]

အုတ်ဖို ဆရာတော်သည် သာရဝေါတိုက်နယ် ရွာကလေး ရွာ၌ ၁၁၇၉ ခုနှစ်တွင် ဖွားမြင်၍၊ ဒွါရဂိုဏ်းကို စတင်တည် ထောင်သေသာ ပုဂ္ဂိုလ်ဖြစ်သည်။ ( အုတ်ဖိုဆရာတော်။)

ရွှေကျင် ဆရာတော်[ပြင်ဆင်ရန်]

ရွှေကျင်ဆရာတော်သည် ရွှေကျင်ဂိုဏ်းကို ဦးစီးတည် ထောင်ခဲ့သော ဆရာတာ်ကြီးဖြစ်ပေသည်။ ၁၁၈၄ ခုနှစ်တွင် ရွှေဘိုမြို့အပိုင် ရွှေကျင်ရွာ၌ ဖွားမြင်သည်။ ( ရွှေကျင်ဆရာတော်။ ရွှေကျင်ဂိုဏ်း-လည်းရှု။)

ဒုတိယမြို့ပြင်ကြီး ဆရာတော်[ပြင်ဆင်ရန်]

ဒုတိယ မြို့ပြင်ကြီး ဆရာတော်သည် သက္ကရာဇ် ၁၁၈၉ ခုနှစ်၊ တစ်ပေါင်းလဆန်း၌ ဖွားမြင်သည်။ ပထမ မြို့ပြင်ကြီး ဆရာတော် ဦးအရိန္ဒမ၏ တူတော်အရင်းဖြစ်သည်။ သက်တော် ၇၄ နှစ်၊ သက္ကရာဇ် ၁၂၆၃ ခု၊ နယုန်လတွင် ရန်ကုန်မြို့၊ ကျောင်းတော်ရာ ဗင်္ဂလားတိုက်၌ ပျံလွန်တော်မူသည်။ ပြုစုခဲ့သော ကျမ်းများမှာ (၁) ကုက္ကုစ္စ ဝိနိစ္ဆယကျမ်း၊ (၂) စက္ခာဒိဥပ္ပတ္တိ ဒီပကကျမ်း၊ (၃) ဒိဋ္ဌိဘေဒ ပကာသနီ ကျမ်း၊ (၄) နိဗ္ဗာန သရူပဒီပကကဏ္ဍကျမ်း၊ (၅) ပဋိစ္စသမုပ္ပါဒ နယ ဒီပနီကျမ်း၊ (၆) ပုစ္ဆာ ဗျာကရဏကျမ်း၊ (၇) ဖလဋ္ဌဘေဒ ပကာသနီကျမ်း၊ (၈) ရူပဝီထိ ပကာသနီကျမ်း၊ (၉) သရဏ ရူပါဒိ ဒဿနကျမ်း၊ (၁ဝ) သီလသမာဒါန ဝိနိစ္ဆယကျမ်း၊ (၁၁) သမ္မောဟ ဆေဒနီကျမ်း၊ (၁၂) အဘိဓမ္မတ္ထ သရူပဒီပက ကျမ်း၊ (၁၃) အဋ္ဌသာလိနီ အဋ္ဌကထာ ဂဏ္ဌိသစ်ကျမ်းတို့ ဖြစ် သည်။

ဆရာတော် ဦးသီလ[ပြင်ဆင်ရန်]

ဆရာတော် ဦးသီလသည် တောရဆောက်တည်၍၊ တရား ကျင့်ရာတွင် ထင်ရှားသည်။ ၁၁၉၄ ခုနှစ်တွင် ပဲခူးမြို့အပိုင် ဘုရားလေးရွာ၌ မွေးဖွား၍၊ ငယ်မည် မောင်ရွှေသာ၊ ရဟန်း အမည် ဦးသီလသာရဟု တွင်သည်။ ( သီလ၊ ဦး၊ ဆရာတော် ။)

ရေစကြို ဆရာတော်[ပြင်ဆင်ရန်]

ရေစကြိုဆရာတော်သည် ပခန်းကြီးမြို့၊ မြိုင်နယ်၊ အလယ် ကန်တိုက်၊ ညောင်ပင်ရွာ၌ ယောမြို့ဝန်ကြီး ဦးနိုး၏သားဖြစ် သော ဦးလူပု၊ ဒေါ်မင်းခဲတို့မှ သက္ကရာဇ် ၁၁၉၄ ခု၊ တပေါင်း လပြည့်ကျော် ၁၃ ရက်၊ တနင်္လာနေ့တွင် ဖွားမြင်သည်။ ငယ် မည် ဦးထပ် ဖြစ်သည်။ ဘွဲ့ ဦးဂန္ထသာရ ဖြစ်သည်။ ရေစကြို မြို့ အောင်မြေသာယာ မင်္ဂလာမင်းကျောင်းတိုက်၌ ပထမ သီတင်းသုံး၍၊ ၁၂၅၈ ခုနှစ်တွင် ပခုက္ကူမြို့သို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ ပိဋကတ်စာပေချပို့ရာ၌ အဓိပ္ပါယ် မပြောဘဲ အနက်ချည်းသက်သက် ချပို့သောနည်းကို တွင်ကျယ် စွာ ဆောင်ရွက်ခဲ့သည်။ ယခုခေတ်တိုင်ပင် ပခုက္ကူစာချနည်း ဟူ၍ တပည့်အစဉ်အဆက် တိုက်ခွဲပေါင်းများစွာလိုက်နာ ချပို့ လျက်ရှိသည်။ သက်တော် ၈၂ နှစ်၊ သက္ကရာဇ် ၁၂၇၆ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့တွင် ပခုက္ကူ မြို့၊ မဟာဝိသုတာရာမတိုက်၌ ပျံလွန်တော်မူ၏။ ပြုစုသော ကျမ်းများမှာ (၁) ကင်္ခါဝိတရဏီ အဋ္ဌကထာ နိဿယသစ်၊ (၂) ငါးရာ့ငါးဆယ် ဇာတ်အဋ္ဌကထာနိဿယသစ် (၂၂ နိပါတ်)၊ (၃) ဒီဃနိကာယ် သုံးကျမ်း ပါဠိတော်နိဿယ သစ်၊ (၆) မဇ္ဈိမနိကာယ် သုံးကျမ်း ပါဠိတော် နိဿယသစ်၊ (၉) ဝိနည်းမဟာဝါ ပါဠိတော် နိဿယသစ်၊ (၁ဝ) ဝိနည်း မဟာဝါ အဋ္ဌကထာ နိဿယသစ်၊ (၁၁) သံယုတ္တနိကာယ် ငါးကျမ်း ပါဠိ တော် နိဿယသစ်၊ (၁၆) ဥဘတောဝိဘင်း ပါဠိတော် နိဿယသစ် ၂၊ (၁၈) ဥဘတောဝိဘင်း အဋ္ဌကထာ နိဿယသစ်၊ (၁၉) အင်္ဂုတ္တရနိကာယ် ၁၁ ကျမ်း ပါဠိတော် နိဿယသစ်တို့ဖြစ်သည်။

မဟာဝိသုဒ္ဓါရုံ ဆရာတော်[ပြင်ဆင်ရန်]

မဟာဝိသုဒ္ဓါရုံ ဆရာတော်သည် ရွှေကျင်ဆရာတော်ပျံလွန် တော်မူလေသည့်နောက် ရွှေကျင်ဂိုဏ်းကို အုပ်ချုပ်လျက်တိုး တက်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သော ဆရာတော်ဖြစ် သည်။ ၁၂ဝဝ ပြည့်နှစ်တွင် ရွှေဘိုမြို့ တောင်ဘက် စမွန်ရွာ၌ ဖွားမြင်တော်မူ၍ ငယ်မည် မောင်မောက်ဟု တွင်လေသည်။ ၁၂၇၈ ခုနှစ်တွင် ပျံလွန်တော်မူလေသည်။ ( မဟာဝိသုဒ္ဓါရုံဆရာတော်။)

မန်လည် ဆရာတော်[ပြင်ဆင်ရန်]

မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကို စီရင်ရေးသား သဖြင့် ထင်ရှားသော မန်လည်ဆရာတော်သည် ၁၂ဝ၃ ခုနှစ် တွင် ဖွားမြင်၍၊ ၁၂၈၁ ခုနှစ်တွင် မန်လည်ရွာ၌ ပျံလွန်တော်မူ သည်။ ( မန်လည်ဆရာတော် ။)

လယ်တီ ဆရာတော်[ပြင်ဆင်ရန်]

လယ်တီ ဆရာတော်သည် ဒီပဲရင်းမြို့ စိုင်ပြင်ကြီးရွာ၌ ဦးထွန်းသာ ဒေါ်ကျုံးတို့မှ ၁၂ဝ၈ ခုနှစ်တွင် ဖွားမြင်သည်။ ငယ်မည် မောင်တက်ခေါင်ဖြစ်သည်။ ၁၂၈၅ ခုနှစ်၌ ပျံလွန် တော်မူသည်။ မုံရွာမြို့ လယ်တီကျောင်းတိုက်ကို တည်ထောင် ၍၊ မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည်သာသနာပြုပြီးလျှင် မြတ်စွာဘုရား၏ တရားဓမ္မခန်တို့ကို သာမန်လူထုတို့ နားလည် လွယ်အောင် ဟောကြားပြသ၍ ကျမ်းဂန်စာအုပ်များ ရေးသား ပြုစုသောကြောင့် ကျော်စောသည်။ ( လယ်တီဆရာ တော်။)

ညောင်ရမ်း ဆရာတော်[ပြင်ဆင်ရန်]

၁၃၁၆ ခုနှစ် ကဆုန်လပြည့်နေ့တွင် စတင်ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီး၌ သံဃနာယကအဖြစ် ဖြင့် ဆောင်ရွက်ခဲ့သော ညောင်ရမ်းဆရာတော်သည် ၁၂၃၅ ခုနှစ်၌ မွေးဖွား၍၊ ဆဋ္ဌ သင်္ဂါယနာတင်ဆဲ ၁၃၁၆ ခုနှစ်တွင် ပျံလွန်တော်မူသည်။ ( ညောင်ရမ်းဆရာတော်။)

ပခုက္ကူ ဆရာတော်[ပြင်ဆင်ရန်]

ပခုက္ကူ ဆရာတော်သည် မြင်းခြံခရိုင် ပုပ္ပါးတောင်အနီး တောင်ဆင်းနယ်၊ ခွေးပြုတ်ရွာ၌ ဦးပြော့ ဒေါ်မင်းဂုဏ်တို့မှ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်၊ ကဆုန်လဆန်း ၂ ရက် ကြာ သပတေးနေ့တွင် ဖွားမြင်သည်။ ငယ်မည် ဦးပေါ်ဉာာဏ်ဖြစ် သည်။ ၁၄ နှစ်သားအရွယ်တွင် နဂါးရစ်ဆရာတော် ဦးဉာာဏ ထံ၌ ရှင်သာမဏေ ဖြစ်သည်။ သာမဏေဘွဲ့ ရှင်မေဓာဖြစ် သည်။ ထို့နောက် ငန်းမြာကြီးရွာ ဆရာတော်အရှင်မေဓာထံ စာပေ သင်ကြားရာ ဆရာတော်၏ဘွဲ့နှင့် တူနေသဖြင့် ရှင်ပညာဟု ဘွဲ့အမည်ပြောင်း၏။ ၁၆ နှစ်သားအရွယ်တွင် ပခုက္ကူမြို့ ရေစကြိုဆရာတော်ကြီးထံရောက်၍၊ အသက် ၂ဝ ပြည့်သောအခါ ၁၂၅၉ ခုနှစ်၊ တစ်ပေါင်း လပြည့်ကျော် ၅ ရက်နေ့၌ နဂါးရစ်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် ရောက်သည်။ ရဟန်းဘွဲ့ ဦးပညာဖြစ်သည်။ ပခုက္ကူမြို့၊ ရေစ ကြိုဆရာတော်ကြီးထံ၌ စာပေသင်ကြား၍ ရဟန်းဝါ ၄ ဝါရ သောအခါ စာချပုဂ္ဂိုလ် မြေ|ာက်ခြင်းကို ခံရသည်။ ၇ ဝါရသော အခါ မန္တလေးမြို့သို့ကြွရောက်၍ ခင်မကန်တိုက်၊ ရွှေရေးဆောင် တိုက်တို့၌ နည်းနာခံယူပြီး ၁၂၇၆ ခု၊ သိတင်းကျွတ်လပြည့် ကျော် ၂ ရက်နေ့တွင် ရေစကြို ဆရာတော်ကြီး ပျံလွန်တော်မူ သဖြင့် ပခုက္ကူသို့ပြန်ကြွ၍၊ မဟာဝိသုတာရာမ စာသင်တိုက် ကြီးကို ဦးစီးအုပ်ချုပ်လျက် စာပေပို့ချတော်မူသည်။ ထိုအခါမှ စ၍ ပခုက္ကူဆရာတော် ဦးပညာဟု ကျော်စောထင်ရှားလျက် မြန်မာနိုင်ငံတွင် ဆရာတော်ဦးပညာထံ နည်းမခံဘူးသော စာချပုဂ္ဂိုလ်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။ သက်တော် ၆၉ နှစ်၊ ဝါတော် ၅ဝ၊ သက္ကရာဇ် ၁၃ဝ၈ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် ပျံလွန်တော်မူသည်။ပြုစုသော ကျမ်းများမှာ၊ (၁) ဋီကာကျော် နိဿယ၊ (၂) မင်္ဂလတ္ထ ဒီပနီတို့ဖြစ်သည်။


အထက်ဖော်ပြပြီးသော ဆရာတော်တို့အပြင်၊ အင်းဝခေတ် ၌ ထင်ရှားသော ဆီးတော ဆရာတော်၊ ကုန်းဘောင်ခေတ်တွင် ထင်ရှားသော ချောင်းကောက် ဆရာတော်၊ မဲထီးဆရာတော်၊ သက်ငယ်ကျင်း ဆရာတော်၊ သာသနာပိုင် ထန်းတစ်ပင် ဆရာ တော်၊ ဒီပဲရင်း ဆရာတော်၊ သီးလုံး ဆရာတော်၊ ခင်မကန် ဆရာတော်၊ ဝက်ခုတ် ဆရာတော်၊ စရစ် ဆရာတော်၊ ဆီးပန်းနီ ဆရာတော်၊ ရေစကြိုမင်းအိုဆရာတော်၊ ကျပင်းဆရာတော်၊ မန္တလေးခေတ်တွင် ထင်ရှားကျော်စောသည့်မြတောင်ဆရာတော်၊ စံလင်းဆရာတော်၊ စံကျောင်းဆရာတော်၊ မိုးတားဆရာတော်၊ မိုးကောင်းဆရာတော်၊ ဗင်္ဂလားဆရာတော်၊ မိုင်းခိုင်းဆရာတော်၊ ကျောင်းတော်ရာ ဆရာတော်၊ ချမ်းသာကြီး ဆရာတော်၊ ဗြိတိသျှအစိုးရခေတ်တွင် ထင်ရှားသော အင်္ဂပူ ဆရာတော်၊ ဝတ်ချက် ဆရာတော်၊ ဖက်ပင်အိုင် ဆရာတော်၊ ဆရာတော် ဦးပခန်း(ပခုက္ကူ)၊ ပခုက္ကူအရှေ့တိုက် ဆရာတော်၊ ဝေဠုဝန် ဆရာတော်၊ သေက္ချတောင်ဆရာတော်၊ တောင်ပေါက်ဆရာ တော်၊ ဟင်္သာတဘုရားကြီးတိုက် ဆရာတော် စသည်တို့နှင့် ယခုခေတ် ပဋိယတ္တိသာသနာဖက်၌ ကျော်စောထင်ရှားသည့် မိုးည|င်း ဆရာတော်ကြီး၊ မင်းကွန်း ဇေတဝန် ဆရာတော်ကြီး၊ ဝေဘူဆရာတော်၊ ဟံသာဝတီဆရာတော် ဦးဂန္ဓမာ အစရှိသည့် ဆရာတော်များသည်လည်း မှတ်တမ်းတင်ထိုက်သော ဆရာတော် များ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)