မာတိကာသို့ ခုန်သွားရန်

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့

ဝီကီပီးဒီးယား မှ

၁၉၉၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ထိုင်းနယ်စပ်ရှိ တစ်နေရာ၌ မြန်မာနိုင်ငံ၏ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၀) ကျော်တို့သည် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (မြန်မာပြည်) ကို အတိအလင်း စတင်ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်း ဦးဆောင်ခဲ့ကြသူများမှာ ဦးတယ်ဒီဘူးရီ၊ ဦးပီတာလင်းပင်၊ ဦးခွန်မတ်ရ်ကိုဘန်၊ ဦးမောင်မောင်အေး စသည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။

နဝတစစ်အစိုးရက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးကို ကမ္ဘာသိ တရားဝင် ကျင်းပပေးခဲ့သော်လည်း ပြုလုပ်ပေးပြီးနောက် ပေါ်ထွက်လာခဲ့သော ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာခြင်းမရှိသည့်အပြင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီ အဖွဲ့အစည်းအသီးသီးမှ အနိုင်ရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အသီးသီးအပေါ် မတော်မတရား ဖိနှိပ် ချုပ်ချယ် ဖမ်းဆီး အရေးယူ ညှဉ်းပန်းမှုများ ပြုလုပ်လာသည့်အတွက် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအပြီးတွင် နယ်စပ်ဒေသအသီးသီးသို့ ထွက်ပြေး တိမ်းရှောင် တောခိုရောက်ရှိလာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် MPU ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

MPU မဖွဲ့စည်းမီက တောခို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ‘စင်ပြိုင်အစိုးရ’ NCGUB ကို ဖွဲ့စည်းထားရှိပြီးဖြစ်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကို အခြေခံ ဒေါက်ကြီး (၄) ဒေါက်ဖြင့် ဖွဲ့စည်းရာတွင် နေရာချထားမှု ပိုမိုမှန်ကန် သဘာဝကျစေရေးအတွက် NCGUB ၏ နေရာတွင် MPU ဖြင့် အစားထိုး ပေးနိုင်ရေး လိုအပ်ချက်အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU ကို ရည်ရွယ်ချက်ရှိရှိဖြင့် ပေါ်ထွန်းစေရန် ဖွဲ့စည်းခဲ့သည်ဟုလည်း ဆိုနိုင်သည်။

MPU ၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ပြန်လည် ပေါ်ထွန်းလာရေးတို့ ဖြစ်သည်။ MPU သည် အမျိုးသား ညွန့်ပေါင်း အစိုးရ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကာ နိုင်ငံရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သကဲ့သို့ ပြည်ပနိုင်ငံများရှိ ပါလီမန်လွှတ်တော်ဆိုင်ရာ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ အသင်းအဖွဲ့များ၊ ပါလီမန်အမတ်များ၊ သံတမန်များနှင့်လည်း ဆက်သွယ်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားခဲ့သည်။

၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ်ဗလင်မြို့၌ MPU အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ပေါ်ပေါက်စေရေး၊ နိုင်ငံရေးအာဏာကို ပြည်သူထံ လွှဲပြောင်းပေးရန်အတွက် စစ်အစိုးရကို ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ နည်းလမ်းပေါင်းစုံဖြင့် ပိတ်ဆို့ အရေးယူ ဆောင်ရွက်ပေးစေရေး၊ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ကာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားသော မြန်မာနိုင်ငံ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီရေး ဖြိုဖျက်မှုများ အပါအဝင် တိုင်းပြည် ရင်ဆိုင်နေရသော နိုင်ငံရေးအကျပ်အတည်းများကို စဉ်ဆက်မပြတ် ဖော်ထုတ် ဖွင့်ချ သတင်းမှန်ပေးရေး စသည့် လုပ်ငန်းများကို MPU ၏ ရှေ့လုပ်ငန်းစဉ်များထဲတွင် ထည့်သွင်း ချမှတ်ခဲ့ကြသည်။

MPU သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား လူမျိုးစု ပါတီများက ရွေးချယ် တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ အနိုင်ရ ကိုယ်စားလှယ်များ အပါအဝင် ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှစ၍ နိုင်ငံတကာ ပါလီမန်များ သမဂ္ဂ (IPU) ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုအဖြစ်လည်း ဆက်သွယ် ရပ်တည် လှုပ်ရှားခဲ့သည်။ MPU သည် မဟာမိတ်အဖွဲ့အစည်းများဖြစ်သော Euro-Burma Office၊ Burma Fund တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများ ရှိခဲ့သကဲ့သို့ Inter-Parliamentary Union၊ Socialist International၊ Liberal International နှင့် Christian Democrat International တို့ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအချို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အတွင်း၌ အရေးပါသော နေရာမှ ပါဝင်ခဲ့သကဲ့သို့ NCGUB စင်ပြိုင် အစိုးရနှင့်လည်း အနီးကပ်ဆုံး ပူးပေါင်း ဆောင်ရွက်နေရသော အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သည်။ စင်ပြိုင် အစိုးရ ဖွဲ့စည်းရာတွင် MPU ကို အခြေခံ၍ ဖွဲ့စည်းရမည်ဖြစ်ပြီး အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ (စင်ပြိုင် အစိုးရ) ၏ ဝန်ကြီးချုပ်နေရာကို MPU မှ ရွေးချယ် တင်မြှောက်ပေးရန်ကိုလည်း တရားဝင် သတ်မှတ်ထားသည်။

၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သော MPU ညီလာခံ၌ စင်ပြိုင် အစိုးရ (NCGUB) ကို တိုင်းရင်းသားခေါင်းဆောင်များဖြင့်ပါ ထည့်သွင်း အားဖြည့် တိုးချဲ့ ဖွဲ့စည်းရေးကို ဆောင်ရွက်သွားရန် ချမှတ် ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော MPU ၏ ဒဗ်ဗလင် ညီလာခံ၌ စင်ပြိုင် အစိုးရအဖွဲ့ကို ဝန်ကြီး (၅) ဦးသာရှိရာမှ (ရ) ဦးအထိ (၂) ဦးတိုးကာ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သော်လည်း ကုလသမဂ္ဂတွင် နအဖ စစ်အစိုးရ၏ သံအမတ် ဖြုတ်ချရေး ဆောင်ရွက်ရန်ကိစ္စ၌ သဘောတူညီမှုမရဘဲ (၁၈) မဲ (၁၅) မဲဖြင့် ပယ်ချ အဆုံးသတ်ခဲ့ရသည့်အပြင် လွှတ်တော်ကိုယ်စားလှယ် အမတ်အချင်းချင်းကြား စကားများ ရန်ဖြစ်ခဲ့ကြသည်အထိ မကောင်းမှု ကြားမကောင်းမှုများ ဖြစ်ပွားခဲ့ရသည်။ MPU အဖွဲ့ကြီး၏ လက်ရှိဥက္ကဋ္ဌမှာ ဦးတယ်ဒီဘူးရီ ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒေါ်စန်းစန်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  • ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)