ပဲခူးရိုးမတောင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာနိုင်ငံအလယ်ပိုင်း မြောက်လတ္တီတွဒ် ၁၇ ဒီဂရီမှ ၂ဝ ဒီဂရီ အတွင်း မြောက်မှ တောင်သို့ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ် အကြား၌ တန်းဆင်းသွားသော တောင်တန်းကို ပဲခူးရိုးမတောင်ဟု ခေါ်သည်။


ယင်းတောင်တန်း သည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြား ရေဝေ ကုန်းတန်းကြီး ဖြစ်သည်။ မြင်းခြံခရိုင်ရှိ ပုပ္ပါးတောင်သည် ပဲခူးရိုးမတောင်၏ မြောက်ဘက်အစွန်ရှိ တောင်ထွတ်ဖြစ်သည်။


တောင်ဘက်စွန်းသည် ရန်ကုန်မြို့ မြောက်ဘက်နားတွင် ပြတ်သွားပြီးနောက် ရန်ကုန်မြို့တွင်း၌ တောင်ပူစာကလေးများအဖြစ် ဖြာဆင်းလာသည်။ ရွှေတိဂုံဘုရားတည်ရာ သိင်္ဂုတ္တရကုန်းတော်သည် ပဲခူးရိုးမတောင်၏အဆွယ် တောင်ပူစာဖြစ်သည်။ ပဲခူးရိုးမတောင်သည် မြောက်မှတောင်သို့ မိုင် ၂ဝဝ ကျော် ရှည်သည်။ အမြင့်မှာမူ ပေ ၂ဝဝဝ ထက် ပိုမမြင့်ချေ။ သို့ရာတွင် စောက်၍ ကျောက်ထူထပ် ပေါများသည်။ အရှေ့ဘက်နှင့် အနောက်ဘက်တို့သို့ တောင်စွယ်များဖြာ၍ ဆင်းသွားကြသည်။ ပဲခူးရိုးမတောင်၏ အရှေ့ဘက်တွင် ရမည်းသင်း၊ တောင်ငူနှင့် ပဲခူးခရိုင်များရှိ၍၊ အနောက်ဘက်တွင် မကွေး၊ သရက်၊ ပြည်နှင့် သာယာဝတီခရိုင်များ ရှိသည်။ အရှေ့ဘက် တောင်စောင်းမှ စစ်တောင်းမြစ်၏ မြစ်လက်တက်များနှင့် ပဲခူး မြစ်တို့ မြစ်ဖျားခံ၍ စီးဆင်းသည်။ အနောက်ဘက် တောင်စောင်းမှမူ၊ ပင်းချောင်းယင်းချောင်းနှင့် နဝင်းချောင်း တို့သည် ဧရာဝတီမြစ်တွင်းသို့ စီးဝင်ကြ၍၊ တောင်ဘက်၌ မူကား မြစ်မခမြစ်၊ သို့မဟုတ် လှိုင်မြစ်ထဲသို့ စီးဝင်သော ချောင်းပေါင်းများစွာသည် ယင်းတောင်၏တောင်ဘက်ဖျား တောင်တန်းများတွင် မြစ်ဖျားခံကြသည်။ ပဲခူးရိုးမတောင်၏ တောင်ဘက်ပိုင်းတွင် မြောက်ဘက် ပိုင်းထက် မိုးများသဖြင့်၊ တောင်ဖက်ပိုင်းတွင် အမြဲ စိမ်းလန်း သော သစ်တောများ ပေါက်ရောက်ပြီးလျှင်၊ မြောက်ဘက် ပိုင်းတွင် နွေအခါအရွက်ကြွေသော မုတ်သုန်သစ်တောများ ဖုံးလွှမ်းနေသည်။ ပဲခူးရိုးမတောင်သည် နေရာတိုင်း၌လိုပင် အဖိုးတန်သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ မြန်မာနိုင်ငံထွက် အဖိုးတန် ကျွန်းသစ်အများဆုံး ပေါက်ရောက်ရာ ဒေသဖြစ်သည်။ အရှေ့ဘက် တောင်စောင်းမှ သစ်များကို စစ်တောင်းမြစ်၏ လက်တက်များဖြင့် ထိုမြစ်ထဲသို့ မျှောချ၍ ပဲခူး-စစ်တောင်း တူးမြောင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ကြသည်။ အနောက်ဘက် တောင်စောင်းမှ သစ်များကို မြစ်မခမြစ်၊ လှိုင်မြစ်များထဲသို့ စီးဝင်သော ချောင်းများမှ တစ်ဆင့် လှိုင်မြစ်ကို မျှောချကာ၊ ရန်ကုန်မြို့သို့ တင်ပို့ကြသည်။ ပဲခူးရိုးမတောင်တန်းဒေသတွင် အများအားဖြင့် ကရင်များ ရွာတည်ထောင်၍ နေထိုင်ကြသည်။ သို့ရာတွင် အလွန်လူဦးရေ ပါးသည်။ ယင်းတို့သည် ရွာ၏ ပတ်ဝန်းကျင်၌ ရှင်းလင်း ခုတ်ထွင်၍ တောင်ယာများတွင် အိမ်သုံးအတွက် ကောက်ပဲသီးနှံ စိုက်ပျိုးနေထိုင်ကြသည်။ ပြည်၊ မကွေး၊ တောင်ငူနှင့်သရက်ခရိုင် အစပ်ဘက်ရှိ ပဲခူးရိုးမတောင်တန်းဒေသတွင်မူ ချင်းရွာငယ်များ ရှိသည်။ ယင်းတို့သည် ရခိုင်ရိုးမတောင်ကို ကျော်၍ ဧရာဝတီမြစ် အရှေ့ဘက်သို့ မည်သည့်အချိန်ကစ၍ ပြောင်းရွှေ့ နေထိုင်ကြသည်ကိုမူ အတိအကျ မသိရချေ။ ပဲခူးရိုးမတောင်တန်းကို ပျဉ်းမနားမှ တောင်တွင်းကြီးသို့ သွားသော မီးရထားလမ်းတစ်ခုသာ ဖြတ်သန်း၍ ဖောက်ထားလေသည်။ လမ်းအဖြစ်ကား တောင်ငူမြို့မှ၊ ပြည်မြို့သို့ ပဲခူးရိုးမကို ဖြတ်၍ ကားလမ်း ဖောက်လုပ်ရန် စီစဉ်ဆဲဖြစ်၍ ယခု စတင်ဖောက်လုပ်နေချေပြီ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)