သီတဂူဆရာတော်
သီတဂူဆရာတော် | |
---|---|
![]() | |
ဘာသာ | ဗုဒ္ဓဘာသာ |
ဂိုဏ်း | ထေရဝါဒ |
ပညာရေး |
ပါဠိတက္ကသိုလ်၊ မန္တလေး (M.A.) သံဃာ့တက္ကသိုလ် (ရန်ကုန်) |
အခြားအမည်များ |
ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ဦးဉာဏိဿရ သီတဂူဆရာတော် သပိတ်အိုင်ဆရာတော် |
ပုဂ္ဂိုလ်ရေးရာ | |
နိုင်ငံသား | မြန်မာ |
မွေးဖွား |
[၁] သဲကုန်းမြို့နယ်၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံ | ၂၃ ဖေဖော်ဝါရီ၊ ၁၉၃၇
Senior posting | |
ကျောင်းထိုင် | စစ်ကိုင်းတောင်၊ မြန်မာနိုင်ငံ |
ဘွဲ့နာမည် | Vice Sangha Rājā of Shwekyin Nikaya |
ဘာသာရေးဘဝ | |
ဆရာသခင် | အနီးစခန်းဆရာတော် အရှင် ပန္ဒိတ[၂] |
ဝက်ဘ်ဆိုဒ် | thesitagu.org |
သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ (၂၃ ဖေဖော်ဝါရီလ ၁၉၃၇ မွေးဖွား) သည် မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။
မာတိကာ
ငယ်ဘဝ[ပြင်ဆင်ရန်]
၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် အထက်တန်း ပိဋကတ်စာပေများကို လေ့လာသင်ယူဆည်းပူးခဲ့သည်။
၁၉၆၁ တွင် ဓမ္မာစရိယ စာချတန်းအောင်မြင်၍ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ တွင် သံဃာ့တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၅ တွင် ဗုဒ္ဓွသာသနာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှာပင် ဧရာဝတီတိုင်း လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. College) ကို တည်ထောင်ခဲ့သည်။ ၁၉၆၈ မှစ၍ စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ မှစ၍ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ၄ နှစ်ကြာ ပဋိပတ်အလုပ် အားထုတ်ခဲ့ပြီး ၁၉၇၅ မှစ၍ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ ဟောကြားခဲ့သည်။
သာသနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများ[ပြင်ဆင်ရန်]
၁၉၇၇ တွင် စစ်ကိုင်းတောင်၌ သီတဂူကျောင်းတိုက်၊ ၁၉၇၈ တွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်ပြီး ၁၉၇၉ ၌ ကမ္ဘာလှည့်သာသနာပြုလုပ်ငန်းကို စတင်ခဲ့သည်။ ယနေ့အထိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော် လှည့်လည်ခဲ့ပြီး အစည်းအဝေးပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ပြီးဖြစ်သည်။
၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် သီတဂူ ရေအလှူတော်စီမံကိန်းကို တည်ဆောက်ခဲ့သည်။ ရေအလှူတော်စီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရေစက်ရုံ ၃ ရုံ၊ ရေသန့်စက်ရုံ ၂၊ ရေကန် ၁၂ လုံးဖြင့် စစ်ကိုင်းတောင် ချောင်ပေါင်း ၉ဝဝ ကျော်ရှိ ရဟန်း သာမဏေ၊ သီလရှင် ၉ဝဝဝ ကျော်တို့အား ရေပိုက်လိုင်း ပေပေါင်း ၂ သိန်းခွဲကျော်ဖြင့် တစ်နေ့လျှင် ရေဂါလံ ၅ သိန်းခန့် ပေးဝေလျက်ရှိသည်။
၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုဆေးရုံက ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော်များသာမက ဆင်းရဲနွမ်းပါးသော ပြည်သူလူထုကို အခမဲ့ ဆေးကုသနိုင်ရန် လှူဒါန်းဒါနပြုလျက်ရှိသည်။ ပြည်ပမှ မျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍လည်း နှစ်စဉ် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ဆရာတော်သည် ရေအလှူတော်၊ အာယုဒါန အလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးများအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိသည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် နှင့် မြိုင်ကြီးငူ တို့၌လည်း ဆေးရုံများတည်ဆောက်လျက်ရှိသည်။
၁၉၉၄ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။
ဆရာတော်အား အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ (၁၉၉၃)၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ (၁၉၉၅)၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၇)၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ခဲ့ပြီး ၂ဝဝ၃ တွင် ရန်ကုန်တက္ကသိုလ်က ဒီလစ် (D. Litt.) ဘွဲ့၊ ၂ဝဝ၅ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်တက္ကသိုလ်က ပီအိပ်ချ်ဒီ (Ph.D) ဘွဲ့ အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။ မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ချ်ဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။
ဆရာတော်သည် ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ် နှင့် ၂ဝဝ၇ ခုနှစ်တွင် တင်နက်စီ ပြည်နယ်၌ သီတဂူဗုဒ္ဓဝိဟာရကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။ မြို့နယ်/ ကျေးလက်ဆေးရုံများသို့ လိုအပ်သည့် အဖိုးတန်စက်ကိရိယာများ ဆေးဝါးပစ္စည်းများ လှူဒါန်းလေ့ရှိပြီး စာသင်ကျောင်းများသို့လည်း ကွန်ပျူတာများ၊ သင်ထောက်ကူပြု လျှပ်စစ်ပစ္စည်းများ လှူဒါန်းလေ့ရှိသည်။
၂ဝဝ၈ ခု မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့်ဒေသများသို့ ဆရာတော်ကိုယ်တိုင် သွားရောက်ပြီး ဒေသခံများနဲ့အတူ အပင်ပန်းအဆင်းရဲခံကာ သောက်သုံးရေသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ ဘုရားကျောင်းကန် နေအိမ်များ ပြုပြင်ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့သည်။ မုန်တိုင်းသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ အန်ဂျီအိုများပြီးလျှင် တစ်ဦးချင်းအနေဖြင့် ငွေကြေးပမာဏအများဆုံးကို ပြည်သူလူထုထံမှ ထိထိရောက်ရောက်အလှူခံကာ ဒုက္ခသည်များအတွက်လိုအပ်သော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များ လှူဒါန်းခြင်းတို့ကို စနစ်တကျ ကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ပြည်ပသာသနာပြုခရီး[ပြင်ဆင်ရန်]
၁၉၈၁ နှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့သည်။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ဝါကပ်ဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ဝါဆိုစဉ် တက္ကသိုလ်ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့သည်။ ပြည်ပတွင်လည်း ဒါနပြုခဲ့သည်။ ပြည်ပမှမျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များအား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့သည်။
သက္ကရာဇ်-၁၃၅၄ - ဝါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရဝါဒဓမ္မအသင်းကို တည်ထောင်ခဲ့သည်။ ဓမ္မပြန့်ပွားရေး ဆောင်ရွက်ခဲ့သည်။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့သည်။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့သည်။
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်[ပြင်ဆင်ရန်]
ခရစ်နှစ်-၁၉၉၁ - ၎င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့သည်။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D ဘွဲ့များအပ်နှင်းနိုင်ခဲ့သည်။
ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့၌ သီတဂူ ဗုဒ္ဓဝိဟာရကျောင်းတိုက် တည်ထောင်ခဲ့သည်။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့ပြီး ဓမ္မသင်တန်း များလည်းပို့ချခဲ့သည်။
၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့သည်။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်ခံရသည်။ ဆရာတော်အရှင်သူမြတ်သည် ၂၀၁၅ ခုနှစ်တွင် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်အစည်းအဝေး၌ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဘက်ရွှေကျင်သာသနာပိုင် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပါသည်။
အစိုးရက ဆက်ကပ်သည့် ဘွဲ့များ[ပြင်ဆင်ရန်]
၁၉၉၃ ခုနှစ်တွင် "မဟာဓမ္မကထိက ဗဟုဇနဟိတဓရ" ဘွဲ့ကို လည်းကောင်း ၊ ၁၉၉၅ ခုနှစ်တွင် "အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ" ဘွဲ့ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့ကို လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ "ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့" (Doctor of Literature (Hononur-Causa)) ကို လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် "အဂ္ဂမဟာဂန္တဝါကပဏ္ဍိတ" ဘွဲ့ကို လည်းကောင်း ဆက်ကပ်ပူဇော်ခဲ့သည်။
၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သော သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သီတဂူဆရာတော်အား သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခဲ့သည်။[၃]
ရေးသားပြုစုခဲ့သည့် စာပေများ[ပြင်ဆင်ရန်]
- ပုဏ္ဏောဝါဒ သုတ္တန် (၁၉၉၇)
- ဒါရုက္ခန္ဓောပမာ သုတ္တန် (၂၀၀၁)
- ဝေဒနာနုပဿနာ သတိပဌာန်တရားတော် (၂၀၀၂)
- လမ်းရိုးဟောင်းတွင် ဆင့်ကာထွင် (ရွှေကျင်ဆရာတော်ကြီးဘဝဖြစ်စဉ်အကျဉ်း)(၂၀၀၂)
- စကားလေးခွန်းတရားတော် (ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃)
- လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော်
- တက္ကသိုလ်တရားတော် (၂၀၀၄)
- ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ (၂၀၀၄)
- မမေ့အပ်သောလေးနေရာ (သံဝေဇနိယသုတ္တန်တရားတော်)
- ဝေဒနာကိုသည်းခံခြင်း တရားတော် (မဟာပရိနိဗ္ဗာနတရားတော်)
- ကဿပဂုဏ်ရည် တရားတော်
- သံဃာ့ဂုဏ်ရည်တရားတော်
- ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော်
- သာသနာပြု သူရဲကောင်းတရားတော်
- သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော်
- ကုမုဒြာတွေပွင့်တဲ့ည တရားတော်
- ဘဝတန်ဖိုး တရားတော် (၂၀၀၄)
- သစ္စာနှင့်မေတ္တာတရားတော် (၂၀၀၄)
- ယုံအသင်း၏ယုံမင်းတရားတော် (သသပဏ္ဍိတဇာတ်)(၂၀၀၃)
- နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော်
- မေတ္တာသုတ်တရားတော်
- ညီတော်အာနန္ဒာ
ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း ၁ဝဝ ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း ၃ဝ ကျော်တို့ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ A Brief Biography of Dr. Ashin Nanissara။ Sitagu Buddhist Vihara။ Theravada Dhamma Society of America။ 10 March 2012 တွင် ပြန်စစ်ပြီး။
- ↑ Hiroko Kawanami (2009). "Charisma, Power(s), and the Arahant Ideal in Burmese-Myanmar Buddhism". Asian Ethnology 68 (2): 211–237. Nanzan University.
- ↑ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပြီး သီတဂူဆရာတော်အား သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း။ Eleven Media Group။ ၁၆ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။