ရှင်တိုဘာသာ

ဝီကီပီးဒီးယား မှ
အီဇူကူရှီမာနတ်ကွန်းဗိမာန် မုခ်ဝ၊၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား စီရင်စုနယ်မြေ။ ဤနတ်ကွန်းမုခ်ဝသည် ရှင်တိုဘာသာ၏ အမှတ်လက္ခဏာလည်းဖြစ်၏။
ယောကျားရှင်တိုကျောင်း၌ ဘုရားရှိခိုးသည်။

ရှင်တိုဘာသာ (ဂျပန်ဘာသာ: 神道 Shintō) သို့မဟုတ် ကာမီ နို မီချီ (ဂျပန်ဘာသာ: 神の道 Kami-no-michi) သည် ဂျပန်နိုင်ငံ၌ ကိုးကွယ်ကြ​သော ဘာသာတစ်ခု ဖြစ်သည်။ ရှင်တို ဟူသည့် ​ဝေါဟာရမှာ ရှန်း​တောက် (Shéndào, 神道) ဟူသည့် တရုတ်​ဝေါဟာရမှ ဆင်းသက်လာပြီး နတ်ဘုရားတို့၏ လမ်းစဉ်ဟု အဓိပ္ပာယ်ရသည်။

ရှင်တိုဘာသာကို စတင်တည်​ထောင်ခဲ့သူ လူပုဂ္ဂိုလ် ဟူ၍ မရှိပါ။ ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို့၏ ​ရှေး​ဟောင်း ဒဏ္ဍာရီများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းအယူအဆများ၊ ရှေးအစဉ်အလာ ဓလေ့ထုံးတမ်းများမှ ဖြစ်တည်​ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သဘာဝတရားကို အခြေခံကာ ဖြစ်တည်​ပေါ်​ပေါက်လာ​သော ဘာသာတရားလည်း ဖြစ်​ပေသည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ကာမီ (kami, 神) ​ခေါ် နတ်ဘုရားတို့ကို ယုံကြည်ကိုးကွယ်ပသမှုများမှာ ယာယိုးအီ (Yayoi) ​ခေတ် (300 BCE – 300 CE) ကတည်းက ရှိနေခဲ့သည်။ ယာယိုးအီ​ခေတ်ကုန်၍ ကိုဖွန် (Kofun) ​ခေတ် (300 to 538 CE) ကို ​ရောက်သောအခါ ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာ ​ရောက်လာပြီး ရှိရင်းစွဲ ရှင်တိုဘာသာကို လွှမ်းမိုးခဲ့သည်။

ယင်း​ခေတ်မှစ၍ ​နောက်ပိုင်းကာလများတွင် ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာသည် ​ရော​ထွေးယှက်နွယ်လာခဲ့သည်။ ရှင်တိုဘာသာမှ ဂျပန်နတ်ဘုရားများကိုလည်း ဗုဒ္ဓဘာသာကျမ်းလာ ဘုရား​လောင်းများ၏ အသွင်​တော်များအဖြစ် ​ပြောင်းလဲကိုးကွယ်ခဲ့ကြသည်။ ဥပမာအားဖြင့် ​နေနတ်ဘုရားမ အမတဲရာဆု အိုမီကာမီ (Amaterasu-ōmikami, 天照大御神) ကို မဟာယာနကျမ်းလာ ​ဝေ​ရောစန ဘုရားရှင်၏ အသွင်​တော်အဖြစ် ယူဆခဲ့ကြသည်။

မဲဂျီ (Meiji) ​ခေတ် (1868 – 1912 CE) သို့ ​ရောက်​သောအခါတွင်ကား ဂျပန်အစိုးရသည် ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာ ​ရော​ထွေး​နေခြင်းကို ခွဲခြားဖယ်ထုတ်၍ ရှင်တိုဘာသာကို နိုင်ငံ​တော် ဘာသာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဂျပန် မျိုးချစ်စိတ်ဓာတ် တက်ကြွလာ​စေရန် နှင့် ဂျပန်ဧကရာဇ်အတွက် သက်စွန့်ကြိုးပမ်း အမှုထမ်းကြ​စေရန် ရှင်တိုဘာသာကို အသုံးချခဲ့ကြသည်။ ရှင်တိုဘာသာ၏ ကျမ်းစာများအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမ အမတဲရာဆု အိုမီကာမီ (Amaterasu-ōmikami, 天照大御神) မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထို့​ကြောင့် ဂျပန်ဧကရာဇ်သည်လည်း သက်ရှိထင်ရှား နတ်ဘုရားဖြစ်သည်ဟု ဆိုနိုင်သည်။

ရှင်တိုအယူအဆများ[ပြင်ဆင်ရန်]

ရှင်တိုဘာသာ၏ အယူအဆအရ ​လောကတွင် ရှိသမျှ အရာတို့၌ ကာမီ (kami, 神) ဟု​ခေါ်​သော နတ်များ ရှိသည်။ ဥပမာအားဖြင့် ​တော၊​တောင်၊မြစ်၊​ချောင်း၊​ကျောက်တုံးကြီးများ၊​ကောက်ပဲသီးနှံတို့တွင် သူတို့နှင့် သက်ဆိုင်​သော နတ်ဘုရားများ ရှိ​နေကြသည်ဟု ယုံကြည်ကြသည်။ ယင်းနတ်ဘုရားများကို နတ်ကွန်း​ဆောက်၍ ပူ​ဇော်ကိုးကွယ်ကြသည်။

ထို့အပြင် တချို့သော လူပုဂ္ဂိုလ်များ ၊ စစ်သူကြီးများ၊သူရဲကောင်းများကိုလည်း နတ်ဘုရားအဖြစ် သတ်မှတ်၍ ကိုးကွယ်ကြပြန်သည်။ ဂျပန် ဒဏ္ဍာရီအရ ဂျပန်ဧကရာဇ်သည် ​နေနတ်ဘုရားမမှ ဆင်းသက်​ပေါက်ဖွား​လော​သောသူ ဖြစ်သဖြင့် ဂျပန်လူမျိုးများအတွက် သက်ရှိထင်ရှား နတ်ဘုရားပင် ဖြစ်​လေသည်။

အချုပ်အားဖြင့် ဆို​သော် ရှင်တိုဘာသာသည် နတ်ဘုရားများကို ကိုးကွယ်ပူ​ဇော်ပသခြင်းပင် ဖြစ်လေသည်။

ဘာသာ​ရေး ကျမ်းစာများ[ပြင်ဆင်ရန်]

ရှင်တိုဘာသာ၌ ဘာသာရေး ကျမ်းစာဟူ၍ သတ်သတ်မှတ်မှတ် မရှိသော်လည်း ကိုဂျီကီ (Kojiki) ​ခေါ် ရှေးဖြစ်မှတ်တမ်း နှင့် နီဟွန်းဂီ (Nihongi) (ဂျပန်ရာဇဝင်) ဟူ​သော ကျမ်းစာ နှစ်ခုမှာ ရှင်တိုဘာသာနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်​လေသည်။

ထိုကျမ်းစာနှစ်ခုမှာ ကမ္ဘာ​မြေနှင့် ​ကောင်းကင် ဖြစ်ပေါ်လာပုံ၊ နတ်ဘုရားများက ဂျပန်ကျွန်းများကို ဖန်ဆင်းပုံ၊ မရဏကမ္ဘာနှင့် သက်ရှိကမ္ဘာ ဖြစ်လာပုံ၊ ​နေ၊လနှင့်ပင်လယ် နတ်ဘုရားများ ​မွေးလာပုံ၊ ​နေနတ်ဘုရားမ အမတဲရာဆု (Amaterasu) ၏ မျိုးဆက်များက ဂျပန်ပြည်ကို ဧကရာဇ်အဖြစ် အုပ်ချုပ်ကြပုံ တို့ကို ​ရေးထားသည်။ ထိုကျမ်း နှစ်စောင်မှာ ​ရှေးကျပြီး ​အေဒီ ၈ရာစုက ​ရေးသားခဲ့ကြသည်။

နတ်ကွန်းများ[ပြင်ဆင်ရန်]

ရှင်တိုဘာသာ၏ အ​ရေးကြီး​သော အစိတ်အပိုင်း တစ်ခုမှာ နတ်ကွန်းများ (Jinja, 神社) ဖြစ်သည်။ ဂျပန်နိုင်ငံတွင် နတ်ကွန်းမရှိ​သော ​ဒေသမရှိ ဟု ဆိုနိုင်သည်အထိ နတ်ကွန်း​ပေါများလှသည်။ အဆိုပါ နတ်ကွန်းများမှာ နတ်များကို ပူ​ဇော်​သော ​နေရာများ ဖြစ်ကြပြီး ရှင်တိုဘုန်းကြီးများက နတ်ကွန်းကို ​စောင့်ရှောက်ကြသည်။ ရှင်တိုဘာသာဝင်များအဖို့ ထိုနတ်ကွန်းများသို့ သွား​ရောက်လည်ပတ်၍ ပူဇော်ခြင်းသည် ဓ​လေ့ထုံးစံတစ်ခု ဖြစ်သည်။

ရှင်တိုနတ်ကွန်း အများစုတွင် တိုရီး (Torii) ​ခေါ် မုခ်ဝ၊ တဲမီဇူယ (Temizuya) ​ခေါ်  ကိုယ်လက် သန့်စင်ရန် ​ရေကန်ငယ်၊ ဟိုင်ဒဲန်း (Haiden) ​ခေါ် ပူဇော်​ဆောင်၊ ဟွန်ဒဲန်း (Honden) ​ခေါ်  ဌာပနာဆောင်တို့ အဓိကပါဝင်ကြသည်။ တိုရီး (Torii) မုခ်ဝမှာ ရှင်တိုနတ်ကွန်းတို့၏ မပါမဖြစ် အစိတ်အပိုင်း ဖြစ်ပြီး ရှင်တိုဘာသာ၏ သင်္ကေတ တစ်ခုလည်း ဖြစ်​ပေသည်။

ရှင်တိုနတ်ကွန်းတိုင်းတွင် တဲမီဇူယ (Temizuya) ​ရေကန်ငယ်လည်း ပါရသည်။ နတ်ကွန်းသို့ အလည်ပတ်လာသူတိုင်း နတ်ကွန်းထဲမဝင်ခင် ကန်မှ​ရေဖြင့် လက်များကို သန့်စင်​ဆေး​ကြောရသည်။ အ​ကြောင်းမှာ ရှင်တိုနတ်ကွန်းများသည် သန့်စင်​သော ​နေရာများ ဖြစ်၍ မ​ကောင်းမှုများ ကပ်ပါမလာ​စေရန် ​ရေနှင့်​ဆေးကြောပစ်ရခြင်း ဖြစ်သည်။

ရှင်တိုနတ်ကွန်းများမှာ အရွယ်အစား အကြီး၊အငယ်၊အလယ်အလတ် အမျိုးမျိုး ရှိကြသည်။ နာမည်ကြီး၍ ထင်ရှား​ကျော်ကြားသည့် နတ်ကွန်းများမှာ ​အောက်ပါအတိုင်း ဖြစ်သည်။

  • အီဆဲ နတ်ကွန်းကြီး (Ise Grand Shrine)
  • အီစုကုရှီးမား နတ်ကွန်း (Itsukushima Shrine)
  • အီဇူမို နတ်ကွန်း Izumo Taisha Shrine
  • ဖူရှိမိ အီနာရီနတ်ကွန်း (Fushimi Inari Shrine)
  • ဆဲန်ဂဲန် ဂျင်ဂျာနတ်ကွန်း (Sengen Jinja Shrine)
  • ဒါဇာအိဖု တန်းဂျင်း နတ်ကွန်း (Dazaifu Tenman-gū Shrine)
  • ကီတာနို တန်းဂျင်း နတ်ကွန်း (Kitano Tenman-gū Shrine)
  • အူဆာ ဂျင်းဂု နတ်ကွန်း (Usa Jingū Shrine)

ရှင်တိုဘာသာဝင် လူဦး​ရေ[ပြင်ဆင်ရန်]

ယ​နေ့​ခေတ်အချိန်တွင် ရှင်တိုဘာသာသည် ဂျပန်ပြည်တွင် အဓိက ထွန်းကားလျက် ရှိ​နေသည်။ ဂျပန်နိုင်ငံအတွင်း၌ ရှင်တိုနတ်ကွန်းပေါင်း ၈၁၀၀၀ ရှိ၍ ရှင်တိုဘုန်းကြီး ၈၅၀၀၀ ရှိသည်။ ရှင်တိုဘာသာ ကိုးကွယ်သူလူဦး​ရေ အတိအကျ မသိရ​သော်လည်း နိုင်ငံလူဦး​ရေ၏ ၈၀ရာခိုင်နှုန်းသည် ရှင်တိုဘာသာ ဓလေ့ထုံးစံကို လက်ခံယုံကြည်ကျင့်သုံးကြသည်။ သို့သော်လည်း ရှင်တိုဘာသာဝင်ဟု ခံယူသူမှာကား အလွန်နည်းပါး​လေသည်။

ဂျပန်နတ်ဘုရားများ[ပြင်ဆင်ရန်]

ရှင်တိုဘာသာ​တွင် ကိုးကွယ်​သော နတ်ဘုရားများ အနက်မှ ထင်ရှား​သော နတ်ဘုရားများမှာ-

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]