သစ္စာလေးပါး

ဝီကီပီးဒီးယား မှ
(သစ္စာ လေးပါး မှ ပြန်ညွှန်းထားသည်)

သစ္စာလေးပါး သည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် -

ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။

သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကို ဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။

နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။

မဂ္ဂသစ္စာ - နိဗ္ဗာန်ကို ရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။

စသည့် လောကမှလွတ်မြောက်ရာ မှန်ကန်သော သစ္စာတရား ၄ ပါးတို့ကို စု‌ပေါင်း၍ ခေါ်ဆိုခြင်း ဖြစ်သည်။

ဓမ္မစကြာ နိဒါန်း[ပြင်ဆင်ရန်][ပြင်ဆင်ရန်]

ဧဝံမေသုတံ - ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -

အခါတပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံး စံနေတော်မူဆဲဖြစ်၏။ မြတ်စွာဘုရားသည် သဟမ္ပတိအမည်ရှိ မဟာဗြဟ္မာ၏ လျောက်ထားတောင်းပန်ချက်အရ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဓမ္မစကြာ ဟောမိန့်တော်မူ၏။

ဒုက္ခသစ္စာ[ပြင်ဆင်ရန်]

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ - ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများ နေ့စဉ်သုံးစွဲနေသည့် အဓိပ္ပာယ်နှင့် မတူပါ)

ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည် ဒုက္ခဖြစ်သည်' ဟု မကြာခဏ ဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလဘဝတွင် ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။

ဒုက္ခကို သုံးမျိုး ခွဲခြားထားသည်။ ထိုသုံးမျိုးမှာ

၁။ ဒုက္ခ ဒုက္ခ

၂။ ဝိပရိဏာမ ဒုက္ခ

၃။ သင်္ခါရ ဒုက္ခ

တို့ ဖြစ်ကြသည်။

.

၁။ ဒုက္ခ ဒုက္ခ

=======

ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ မချစ်မနှစ်သက်သောသူတို့နှင့် ပေါင်းသင်းနေထိုင်ရခြင်း၊ ချစ်သူ ခင်သူတို့နှင့် ကွေကွင်းရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပူပန်ခြင်းတို့သည် တစ်ကမ္ဘာလုံးက သိရှိနားလည်ထားကြသည့် ဆင်းရဲပင်ပန်း ခံစားရခြင်းမျိုးဖြစ်၍ သာမန် ဆင်းရဲခြင်းသဘော အနက်ရှိသော ဒုက္ခ ဒုက္ခတွင် အကျုံးဝင်လေသည်။

.

၂။ ဝိပရိဏာမ ဒုက္ခ

==========

ပျော်ရွှင်သော စိတ်နှလုံးချမ်းသာသော ဘဝအခြေအနေတို့သည် အစဉ်ထာဝရ တည်မြဲခိုင်ခံ့ကြသည် မဟုတ်ပေ။ အနှေးနှင့် အမြန် တစ်မျိုးတစ်ဖုံ ပြောင်းလဲသည်သာဖြစ်၏။ ဤကဲ့သို့ ပြောင်းလဲသောအခါ၌ နာကျင်ခြင်း၊ ဆင်းရဲခြင်း၊ စိတ်မချမ်းမြေ့ခြင်းတို့ ဖြစ်ပေါ်ရ၏။ ဤသို့ ဖေါက်ပြန်ပြောင်းလဲခြင်းမှ ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခကို ဝိပရိဏာမ ဒုက္ခတွင် ထည့်သွင်းရ၏။

.

ဤဖေါ်ပြပြီး ဒုက္ခနှစ်မျိုးနှစ်စားမှာ နားလည်ရန် လွယ်ကူ၍ မည်သူမျှ အငြင်းပွားမည် မဟုတ်ပေ။ နားလည်ရန် လွယ်ကူသည့်အလျောက် ပထမအရိယသစ္စာတွင် ဤအချက်အပိုင်းကို လူသိများကြပေသည်။ သို့ရာတွင် တတိယမြောက် ဒုက္ခဖြစ်သော အကြောင်းတရားတို့၏ ပြုပြင်စီရင်ခြင်းခံရသည့် အဖြစ်ဆောင်သော သင်္ခါရဒုက္ခသည် ပထမအရိယသစ္စာတွင် အရေးအကြီးဆုံး အဘိဓမ္မာအချက်အပိုင်း ဖြစ်ပေသည်။ ၎င်းအချက်အပိုင်းကို နားလည်ရန် "သတ္တဝါ" "ငါ" ဟု ယူဆကြသော အရာများကို အရင်းအမြစ် သိသည့်တိုင်အောင် ရှင်းလင်းဖေါ်ပြရန် လိုပေသည်။

ဗုဒ္ဓအဘိဓမ္မာအရ "သတ္တဝါ" "ပုဂ္ဂိုလ်" "ငါ" ဟု ခေါ်ဆိုနေကြသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေကြသည့် ရုပ်နာမ်တို၏ အစုအဝေးသာလျှင်ဖြစ်၍ ၎င်းတို့ကို ခန္ဓာငါးပါး ( ပဥ္စက္ခန္ဓာ ) ဟု ငါးစု ခွဲထားနိုင်ပေသည်။ "အကျဉ်းချုပ်အားဖြင့် ဤငါးပါးသော စွဲလမ်းတပ်မက်မှု အစုအဝေး ( ဥပါဒါနက္ခန္ဓာ ) သည် ဒုက္ခ ဆင်းရဲပေတည်း" ဟု ဗုဒ္ဓက ဟောကြားထား၏။

အပြည့်အစုံကို အောက်ပါလင့်ရှိ pdf ဖိုင် စာမျက်နှာ ၃၂ တွင် ဖတ်ရှုနိုင်ပါသည်။

http://www.dhammaonline.org/wp-content/uploads/ebooks/Others/Walpola-Rahula(What-The-Budha-Taught-Translated-by-U-Ko-Lay).pdf?fbclid=IwAR1Zxhv4CoeYG9NU92vAhZqcLhNjjz21Fip1VoSRS-JTs4iGU6_giNW4dKU


ဇာတိ[ပြင်ဆင်ရန်]

သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။


ဇရာ[ပြင်ဆင်ရန်]

သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။


မရဏ[ပြင်ဆင်ရန်]

သတ္တဝါများ သေကျေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။


သောက[ပြင်ဆင်ရန်]

တစ်စုံတစ်ခုသောကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။


ပရိဒေဝ[ပြင်ဆင်ရန်]

တစ်စုံတစ်ခုသောကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။


ဒုက္ခ[ပြင်ဆင်ရန်]

သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။


ဒေါမနဿ[ပြင်ဆင်ရန်]

သတ္တဝါများသည် စိတ်အလို မကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။


ဥပါယာသ[ပြင်ဆင်ရန်]

သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာ ပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။

သမုဒယသစ္စာ[ပြင်ဆင်ရန်]

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ - ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။

                                                                                                                         ဘဝတွင် အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း(တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း)  

ကာမတဏှာ[ပြင်ဆင်ရန်]

ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်၏။

ဘဝတဏှာ[ပြင်ဆင်ရန်]

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တသောကြောင့် ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဘဝဆင်းရဲ ထပ်မံဖြစ်‌ပေါ်နေရခြင်း ဖြစ်သည်။

ဝိဘဝတဏှာ[ပြင်ဆင်ရန်]

သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။

နိရောဓသစ္စာ[ပြင်ဆင်ရန်]

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ - ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

                                                                                                                                                                              ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

မဂ္ဂသစ္စာ[ပြင်ဆင်ရန်]

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ - အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။

  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။


သမ္မာဒိဋ္ဌိ[ပြင်ဆင်ရန်]

မှန်ကန်သော အမြင်[ပြင်ဆင်ရန်]

ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့သည် မှန်ကန်စွာသိမြင်ခြင်း (သို့မဟုတ်) မှန်ကန်သော အမြင် (သမ္မာဒိဋ္ဌိ) မည်၏။


သမ္မာသင်္ကပ္ပ[ပြင်ဆင်ရန်]

မှန်ကန်သော ကြံစည်ခြင်း[ပြင်ဆင်ရန်]

ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့သည် မှန်ကန်‌သော ကြံစည်ခြင်း(သမ္မာသင်္ကပ္ပ) မည်၏။


သမ္မာဝါစာ[ပြင်ဆင်ရန်]

မှန်ကန်သော စကား[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမ္မာဝါစာ

မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှရှောင်ကြဉ်ခြင်း၊ သိမ်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် မှန်ကန်သော စကား (သမ္မာဝါစာ) မည်၏။


သမ္မာကမ္မန္တ[ပြင်ဆင်ရန်]

မှန်ကန်သော အလုပ်[ပြင်ဆင်ရန်]

သူတစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် မှန်ကန်စွာပြုလုပ်ခြင်း (သို့မဟုတ်) မှန်ကန်သော အလုပ် (သမ္မာကမ္မန္တ) မည်၏။


သမ္မာအာဇီဝ[ပြင်ဆင်ရန်]

မှန်ကန်‌သော အသက်မွေးမှု[ပြင်ဆင်ရန်]

ဒုစရိုက်အမျိုးမျိုးကိုရှောင်ကြဉ်ပြီး စစ်မှန်သန့်ရှင်းသောကိုယ်ကာယစွမ်းအား ညာဏစွမ်းအားဖြင့်အသက်မွေးဝမ်းကြောင်းပြုခြင်းသည် မှန်ကန်သော အသက်မွေးဝမ်းကြောင်းပြုခြင်း (သမ္မာအာဇီဝ) မည်၏။


သမ္မာဝါယာမ[ပြင်ဆင်ရန်]

မှန်ကန်‌သော အားထုတ်မှု[ပြင်ဆင်ရန်]

မိမိ၌မဖြစ်သေးသော မကောင်းမှုအကုသိုလ်တို့ကို မဖြစ်အောင် အားထုတ်ခြင်း၊ အကုသိုလ်တို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မိမိ၌မရရှိသေးသော ကောင်းမှုမည်သောကုသိုလ်တို့ကို ရရှိအောင် အားထုတ်ခြင်း၊ ရရှိပြီးသော ကုသိုလ်တို့ကို တည်မြဲကာ တိုးပွားအောင် အားထုတ်ခြင်း တို့သည် မှန်ကန်သော အားထုတ်မှု (သမ္မာဝါယာမ) မည်၏။


သမ္မာသတိ[ပြင်ဆင်ရန်]

မှန်ကန်‌သော အောက်မေ့မှု[ပြင်ဆင်ရန်]

ကိုယ်အတွင်း ဖြစ်ပေါ်နေသော ဖြစ်ပျက်နေမှုများ၊ ထိတွေ့ခံစားရမှုများ၊ စိတ်အတွင်း ဖြစ်ပေါ်နေသည်များကို တရားရှုမှတ်ကာ အဖြစ်အပျက်တို့အား သတိဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းသည် မှန်ကန်သော အောက်မေ့မှု (သမ္မာသတိ) မည်၏။


သမ္မာသမာဓိ[ပြင်ဆင်ရန်]

မှန်ကန်သော တည်ကြည်မှု[ပြင်ဆင်ရန်]

မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှတ်သားမှု၊ မှန်ကန်သော တည်ငြိမ်မှု စသည့် သုံးပါးသော စိတ်ကိုဆုံးမသည့် သိက္ခာရပ်များသည် မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) ဖြစ်သည်။

သမ္မာသမာဓိသုတ်