ပရိက္ခရာ ၈-ပါး

ဝီကီပီးဒီးယား မှ
(ခါးပန်းကြိုး မှ ပြန်ညွှန်းထားသည်)

ပရိက္ခရာ ဆိုသည်မှာ ရဟန်းတို့၏ အသုံးအဆောင်ကို ခေါ်သည်။ ရဟန်းတော်များ၏ ပရိက္ခရာမှာ ၈-ပါးရှိ၏။[၁]

ပရိက္ခရာ ၈-ပါး[ပြင်ဆင်ရန်]

၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၄။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယဗန္ဓန= ခါးပန်းကြိုး
၆။ ဝါသိက= ပဲခွပ် ဓားငယ်
၇။ သူစိ= အပ် အပ်ချည်
၈။ ပရိသာဝန= ရေစစ်

လင်္ကာ[ပြင်ဆင်ရန်]

သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်
ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။

  • သင်္ကန်းသုံးရပ် ဆိုသည်မှာ ဧကသီ၊ သင်းပိုင်နှင့် ဒုကုဋ်လို့ခေါ်သော နှစ်ထပ်သင်္ကန်းကြီး။

[၂]

ခါးပန်းကြိုး[ပြင်ဆင်ရန်]

ကြိုးအများ ပေါင်း၍ ပြုအပ်သော ခါးပန်းကြိုး၊ ရေမြွေဦးခေါင်းသဏ္ဌာန် ပြုအပ်သော ခါးပန်းကြိုး၊ မုရိုးစည်သဏ္ဌာန်, ဆောက်လုံးသဏ္ဌာန် ခါးပန်းကြိုးတို့ကို ဆောင်လျှင် ဒုက္ကဋ်၊ အပြားရက်သော ခါးပန်းကြိုး၊ ဝက်အူသဏ္ဌာန် ပြုအပ်သော ခါးပန်းကြိုးတို့ကို ခွင့်ပြုတော်မူ၏၊ မုရိုးစည်သဏ္ဌာန် ပြုအပ်သော အမြိတ်အဆာ, ဆောက်လုံးသဏ္ဌာန် ပြုအပ်သော အမြိတ်အဆာတို့ကို ခွင့်ပြုတော်မူသည်။ ခါးပန်းသီးကိုလည်း ခွင့်ပြုတော်မူ၏၊[၃][၄]

ဝါသိ (= ပဲခွပ်^ဓားမတို)[ပြင်ဆင်ရန်]

ပဲခွပ်အရ သင်ဓုန်းဓားဟု ယူဆနေကြ၍ ပရိက္ခရာရှစ်ပါးတွင် သင်ဓုန်းဓားအစစ် မထည့်နိုင်သူတို့ သံဖြူဓား ပလတ်စတစ်ဓားကို ထည့်နေကြပါသည်။ သာမညဖလသုတ်အဋ္ဌကထာ၌ ဒန်ပူသတ်သောအခါ, ညောင်စောင်းအင်းပျဉ် အပေါင်(ဘောင်)ပြုလုပ်သောအခါ, သင်္ကန်းဖြင့် တဲထိုးရန် သစ်ရွေသောအခါ, ကြံခွံ ခွာသောအခါ, အုန်းသီးစသည် ခွဲသောအခါ ပဲခွပ်ကို ရဟန်းတို့ အသုံးပြုကြောင်း ဆိုသည်။ [၅]

ထို့ကြောင့် ဝါသိ-အရ ပဲခွပ်ဟူသည် သင်ဓုန်းဓား မဟုတ်ကြောင်း ဓားမတိုသာဖြစ်ကြောင်း [၆]၌ ဖော်ပြထားသည်။[၄]

ရေစစ်[ပြင်ဆင်ရန်]

“ရဟန်းတို့ ..ခရီးရှည်သွားသော ရဟန်းသည် ရေစစ်ကို တောင်းလျှင် ပေးရမည်၊ မပေးသော ရဟန်းအား ဒုက္ကဋ်၊ ရဟန်းတို့ ..ရေစစ်မပါသော ရဟန်းသည် ခရီးရှည် မသွားအပ်၊ သွားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”ဟု ပညတ်တော်မူ၏၊ ရေစစ်ပုဝါ, ဓမ္မကရိုဏ်, လေစုပ်, ရေစစ် စသည် မရှိမူ နှစ်ထပ်သင်္ကန်းစွန်းကိုလည်း “ဤနှစ်ထပ်သင်္ကန်းဖြင့် စစ်၍ ရေသောက်အံ့”ဟု ဆောက်တည်ရမည်။[၄]

ရဟန်းတို့ လေးတိုင်စင် စိုက်၍ အဝတ်ကြက်သော ရေစစ်, နှစ်၍ စစ်သော ရေစစ်တို့ကို ခွင့်ပြုတော်မူ၏၊ [၇]

အခြားပရိက္ခရာများ[ပြင်ဆင်ရန်]

ထီး, ဖိနပ်, ယပ်, တောင်ဝှေး, ခြင်ထောင်, ခေါင်းအုံး, နိသီဒိုန်အခင်းတို့ကိုလည်း ခွင့်ပြုတော်မူ၏၊ [၄]

ထီး[ပြင်ဆင်ရန်]

အဝတ်ထီး, ဖျာထီး, သစ်ရွက်ထီးတို့ကို ခွင့်ပြုတော်မူသည်။ ပိုးချည်တို့ဖြင့် လှပအောင် ရွှေချည်, ငွေချည် အလှဆင်ထားသော ထီးများ မအပ်၊ မနာမဖျားသော ရဟန်းသည် အာရာမ်အတွင်း၌လည်းကောင်း, အာရာမ်ဥပစာ၌လည်းကောင်း ထီးကိုဆောင်းခြင်းငှာ ခွင့်ပြုတော်မူ၏၊ ကိုယ်ပူနာ, သည်းခြေပျက်နာ, မျက်စိအားနည်းခြင်း, ထီးနှင့်ကင်းလျှင် ဝေဒနာ တစ်ခုခုဖြစ်တတ်သော ရဟန်းလေးဦးတို့အား ရွာ၌လည်းကောင်း, တော၌လည်းကောင်း ထီးဆောင်းခြင်းငှာ အပ်၏၊ မိုးရွာလျှင်လည်း အပ်၏၊ သစ်ရွက်ထီး, ထန်းလက်စလူ နေရာအားလုံး အပ်၏၊[၄]

ဖိနပ်[ပြင်ဆင်ရန်]

ဤဖိနပ်အရာ၌ သားရေမှတစ်ပါး ရဟန်းတို့အား မအပ်၊ သားရေဖိနပ်သာ အပ်သည်ဟု သိ။ (ခြင်္သေ့သားရေ, ကျားသားရေ, ကျားသစ်ရေ, ကြောင်သားရေ စသ ည်တို့ကို ပယ်သည်။ မဟာဝါ စမ္မခဏ္ဍက စာမျက်နှာ (၂၇၄)တွင် ရှုပါ။ [၈]

(မှတ်ချက်) ရာဘာဖြင့် ပြုလုပ်ထားသော ဖနောင့်ဖုံး ဖမိုးဖုံး မပါသော ဖိနပ် များလည်း အပ်၏ဟု မဟာပဒေသလေးပါးနှင့် ညှိ၍ ရှေးဆရာတော်ကြီးများ ယူကြသည်။[၄]

ယပ်[ပြင်ဆင်ရန်]

(၁) လေးထောင့်ယပ်၊ (၂) ထန်းရွက်ယပ်၊ (၃) လျှော်ဖြင့် ပြီးသော ယပ်၊ (၄) ပန်းရင်းဖြင့်ပြီးသော ယပ်၊ (၅) ဥဒေါင်းမြီးဖြင့်ပြီးသော ယပ်တို့ကို ခွင့်ပြုတော်မူ၏၊ စာမရီသားမြီးယပ်ကို မဆောင်အပ်၊ ဆောင်သော ရဟန်း ဒုက္ကဋ်။ [၉][၄]

တောင်ဝှေး[ပြင်ဆင်ရန်]

ဂိလာန (= နာသောရဟန်း)က ဒဏ္ဍသမ္မုတိကို (၃)ကြိမ် တောင်းပန်ရ၏၊ သံဃာမှ ဉတ္တိဒုတိယကံဖြင့် ဒဏ္ဍသမ္မုတိ ပေးရ၏၊[၁၀]

(မှတ်ချက်) မဇ္ဈိမလေးတောင် ပကတိခြောက်တောင်ရှိသော တောင်ဝှေးကိုသာ သမုတ်၍ ပေးရသည်။ ထိုထက် ရှည်သော, တိုသော တောင်ဝှေးသည်ကား သမ္မုတိကင်းသော်လည်း ရဟန်းအားလုံး အပ်၏၊ [၁၁][၄]

ခြင်ထောင်[ပြင်ဆင်ရန်]

မကသကုဋိ, ကာတိစီဝရကုဋိ, ကာဝုစ္စတိဟု အဋ္ဌကထာဆိုသည် အဝတ်ကျောင်းငယ် ဖြစ်၏၊[၄]

ခေါင်းအုံး[ပြင်ဆင်ရန်]

ခေါင်းအုံးကား ဦးခေါင်းပမာဏရှိသော်သာ အပ်၏၊ ဦးခေါင်းပမာဏ ခေါင်းအုံးဟူသည် ထောင့်သုံးထောင့်တို့တွင် နှစ်ထောင့်တို့၏ အကြား အနံအားဖြင့် တစ်ထွာလေးသစ် အလယ်တောင်ဆုပ် အလျား တစ်တောင့်ထွာ နှစ်တောင်သာ အပ်သည်။ အနံ - တောင်ဆုပ်၊ အလျား - နှစ်တောင် ဟူ၏၊ ထိုထက်ကြီးမူ မအပ်၊ အငယ်ပမာဏ ကျမ်းဂန်၌ မပြ။

ကျမ်းဂန်၌ ဂိလာနမဟုတ်လျှင် ခေါင်းအုံးနှင့် ခြေအုံးနှစ်မျိုးသာ အပ်ကြောင်း လာ၏၊ ထိုကြောင့် ဝိနည်းဓိုရ်ပုဂ္ဂိုလ်များကား ခေါင်းအုံးကို တံတောင်ဖြင့် ထောက်ခြင်း၊ ရင်ဘတ်အောက် ထားခြင်းများကို မပြုဘဲ ရှောင်ကြဉ်ကြ၏၊ အချို့ကား တံတောင်ဖြင့် ထောက်ခြင်း, လက်ဖြင့်ထောက်ခြင်းများကို သံသယမရှိကြ။ [၁၂][၄]


အခြားပရိက္ခရာများ[ပြင်ဆင်ရန်]

၁။ ထီး
၂။ ဖိနပ်
၃။ ယပ်တောင်
၄။ နေကထိုင်
၅။ ခြုံထည်
၆။ ဆွမ်းဗူး
၇။ ကိုယ်ပတ်
ယပ်တောင်၊ ထီး၊ ဖိနပ်တို့မှာ
ပရိက္ခရာ (၈) ပါးတွင်မပါဝင်ပါ။ အပူဒဏ်၊ အအေးဒဏ် စသော ရာသီဥတုနှင့် ကျန်းမာရေးအတွက်သုံးရသော အသုံးအဆောင်ပစ္စည်းများဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ပတ္တော တိစီဝရံ ကာယ-ဗန္ဓနံ ဝါသိ သူစိ စ၊ ပရိဿဝနမိစ္စေတေ၊ ပရိက္ခာရဋ္ဌ ဘာသိတာ။
  2. (ဆရာတော် ဦးကောသလ္လ၏ တရားတစ်ပုဒ်ကနေ ထုတ်နုတ်ထားသည်။)
  3. (စူဠဝါပါဠိတော်မြန်မာပြန်၊၂၇၉။)
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း
  5. (ဝိ၊ဋ္ဌ၊၁၊၁၈၅။)
  6. တိပိဋကဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်စာအုပ် သတ္တမတွဲ နိဒါန်းစာမျက်နှာ (ဃ)
  7. (စူဠဝါပါဠိတော်မြန်မာပြန်၊၂၅၅။)
  8. (ပါတိမောက္ခမေဒိနီ၊၄၆၉။)
  9. (စူဠဝါပါဠိတော်မြန်မာပြန်၊၂၇၁။)
  10. (စူဠဝါအရသာ၊ ၁၉၅။)
  11. (စူဠဝါအရသာ၊၁၆၀။)
  12. (ပါတိမောက္ခမေဒိနီ၊၄၃၀။)