သုဒ္ဓေါဒနမင်းကြီး
| သုဒ္ဓေါဒနမင်းကြီး | |
|---|---|
သူဒ္ဓေါဒန | |
| ရှေ့မင်းဆက် | သီဟဟနု |
| မွေးဖွား | သက္ကတိုင်း၊ ကပိလဝတ်ပြည် (ယနေ့ခေတ် အိန္ဒိယ သို့မဟုတ် နီပေါနိုင်ငံ)[၁][၂]) |
| ကွယ်လွန် | သက္ကတိုင်း၊ ကပိလဝတ်ပြည် |
| ဇနီး | မာယာဒေဝီ ဂေါတမီထေရီ |
| သားသမီးများ |
|
| စံအိမ် | သက္ကတိုင်း |
| ခမည်းတော် | သီဟဟနု |
| မယ်တော် | ကစ္စနာ |
| ကိုးကွယ်မှု | နတ်ကိုးကွယ်မှု၊ ပရိနိဗ္ဗာန်မပြုခင်ရဟန္တာဖြစ်[၃] |
သုဒ္ဓေါဒနမင်းကြီး (Śuddhodana) သည် ဂေါတမမြတ်စွာဘုရား၏ ဖခမည်းတော်ဖြစ်၏။ အဝန်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင် သက္ကတိုင်း (Shakya) ကပိလဝတ်ပြည်ကြီး (Kapilvastu) ကို စိုးအုပ်ပိုင်သသောမင်းကြီး တစ်ပါးဖြစ်ပြီးလျှင် လူဝတ်ကြောင်ဘဝနှင့်ပင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဲ့သော ပုဂ္ဂိုလ်ထူးလည်း ဖြစ်ပေသည်။ သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည်ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွတကားဟူသော ဥဒါန်းကျူးရင့် မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီလက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။
ရှစ်သောင်းနှစ်ထောင်သော သာကီဝင်မင်းတို့၏ နောက်ဆုံးမင်းဖြစ်သော ဇယသေနမင်းမှ သားတော် သီဟဟနု၊ သမီးတော်ယသောဓရာ ဟူသော သားတော်သမီးတော် နှစ်ပါးကိုဖွားမြင်ခဲ့လေသည်။ ဇယသေနမင်း၏သားတော် သီဟဟနု(Sihahanu) နှင့်ဒေဝဒဟပြည် ဒေဝဒဟမင်း၏သမီးတော် ကစ္စာနာတို့စုံဖက်ကြရာတွင် သားတော်သုဒ္ဓေါဒန၊ ဓေါတောဒန၊ အမိတောဒန၊ သက္ကောဒန၊ သုက္ကောဒန၊ သမီးတော် အမိတာ၊ ပါလိတာဟူသော သားတော်သမီးတော်ခုနစ်ပါးကိုဖွားမြင်ခဲ့လေသည်။ သီဟဟနုမင်းကြီး၏သားတော်သုဒ္ဓေါဒနနှင့် ဒေဝဒဟပြည် အဉ္ဇနမင်းကြီး၏သမီးတော် သိရီမဟာမာယာတို့ စုံဖက်ကြရာတွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကိုဖွားမြင်ခဲ့လေသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးအား ဘခမည်းတော်ဟူသောဂုဏ်ထူးဖြင့် ချီးကျူးခေါ်ဆိုရခြင်းဖြစ်လေသည်။
ထိုသုဒ္ဓေါဒနမင်းကြီး၏အဋ္ဌုပ္ပတ္တိကိုဗုဒ္ဓဝင် မဟာဝင်စသောကျမ်းဂန်တို့မှထုတ်နုတ်၍ အကျဉ်း အားဖြင့် ပြဆိုပေအံ့။ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားအလောင်းငယ်စဉ်အခါ ကာဠဒေဝီလရသေ့၏ ဦးထက်၌တက်၍ ခြေတော်အစုံတင်သည်ကိုမြင်၍ ဘုရားအလောင်းအား ဦးစွာပထမရှိခိုး၏။ ဇမ္ဗူ့သပြေပင်ရိပ်၌သိပ်ထား လေသော် သပြေပင်ရိပ်သည်မပြောင်းမရွှေ့ ပြကတေ့အတိုင်းတည်သည်ကို မြင်၍ဒုတိယအကြိမ်ရှိခိုး၏။ ဘုရားဖြစ်ပြီးနောက် ဆွေတော်မျိုးတော်တို့အား ပြတော်မူသော ရေမီးအစုံတန်ခိုးပြာဋိဟာကိုမြင်၍ တတိယအကြိမ်ရှိခိုး၏။ သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားကပိလဝတ်ပြည် နီဂြောဓာရုံကျောင်းတော်၌သီတင်းသုံးနေတော်မူသောအခါ ရဟန္တာအပေါင်းနှစ်သောင်းနှင့်တကွ ကပိလဝတ်ပြည်တွင်းသို့ ဆွမ်းခံဝင်သည်ကိုမြင်၍ နန်းထက်က လျင်မြန်စွာဆင်းလာပြီးလျှင် ဗုဒ္ဓမြတ်စွာဘုရားကိုရှိခိုးလျက် "အရှင်ဘုရားအဘယ်ကြောင့် ကျွန်ုပ်တို့ကိုအရှက်ခွဲဘိသနည်း။ အကျွန်ုပ်တို့ အသမ္ဘိန္နခတ္တိယမင်းမျိုးသည်တောင်းစားရိုးမရှိ၊ ကြီးထ ဂုဏ်အင် ဆင်များ၊ မြင်းများ၊ ရွှေရထားဖြင့်သွားနေကျဖြစ်လျက် မရွံမရှက် အိုးခွက်လက်စွဲ မျက်နှာမွဲနှင့် အဘယ်ကြောင့် ဤကဲ့သို့ပြုပါသနည်း။ ဤမျှသောရဟန်းသံဃာတော်တို့အား ဆွမ်းကို အကျွန်ုပ်မတတ်နိုင်ဟု အမှတ်ထားတော်မူပါသလော" ဟုလျှောက်ထား၏။
မြတ်စွာဘုရားလည်း ခရီးလမ်းမ၏အလယ်၌ ရပ်တော်မူလျက်ပင် အိမ်စဉ်မပြတ်ဆွမ်းခံဝတ်ကားမချွတ်စေရ။ "သမ္ဗုဒ္ဓတို့ဝံသနွယ်စစ် ကျင့်ရိုးဖြစ်သည်" ဟုမိန့်တော်မူပြီးလျှင် "ဥတ္တိဋ္ဌေန နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။" ဟူသောဂါထာကိုဟောတော်မူ၏။
ထကြွလုံ့လရှိခြင်း၌ မမေ့မလျော့ရာ၊ ကောင်းသောအကျင့်တရားကို ကျင့်ရာ၏။ တရားကိုကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း၊ ချမ်းသာစွာနေရ၏။ (ဤကားဂါထာ၏ အဓိပ္ပာယ် တည်း။) ဤဂါထာ၏အဆုံး၌ မင်းကြီးသည် သောတာပန်အဖြစ်သို့ ရောက်လေ၏။ ထိုမှတဖန် နန်းတော်သို့ရောက်သောအခါ · "ဓမ္မံ့ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။ ဓမ္မစာရီ သုခံ သေတိ၊ အသသ္မိံလောကေ ပရမှိစ။" ဟူသောဂါထာကို ဟောတော်မူ၏။ ကောင်းသောအကျင့်တရားကိုကျင့်ရာ၏။ မကောင်းသောအကျင့်တရားကိုမကျင့်ရာ။ တရားကို ကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း၊ ချမ်းသာစွာနေရ၏။ (ဤကားဂါထာ၏ အဓိပ္ပာယ်တည်း)။ ဤဂါထာ၏အဆုံး၌ သကဒါဂါမ်အဖြစ်သို့ရောက်လေ၏။
သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားအား အရှင်ဘုရား၊ အရှင်ဘုရားတို့၏ ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ နတ်သားတစ်ဦးလာလတ်၍ "အရှင်မင်းကြီး၏သား သေလေပြီ" ဟုပြောသော်လည်း မယုံကြည်ကြောင်း လျှောက်ထားသည်ကိုအကြောင်းပြု၍ မဟာဓမ္မပါလဇာတ်ကိုဟော်တော်မူ၏။ ဒေသနာတော်အဆုံး၌ မင်းကြီးသည်အနာဂါမ်အဖြစ်သို့ရောက်လေ၏။ သုဒ္ဓေါဒနမင်းကြီးသည်မြေးတော်ရာဟုလာကိုအကြောင်းပြု၍ ရှင်သာမဏေပြုသောအကြောင်းနှင့်ဆက်စပ်၍ မြတ်စွာဘုရားကို "အရှင်ဘုရား၊ သားမြေးတို့၌ချစ်ခြင်းသည် အပေါ်ရေ၊ အတွင်းရေ၊ အသား၊ အကြော၊ အရိုးတို့ကို ဖြတ်၍ ရိုးတွင်းချဉ်ဆီသို့ ထိရောက်ကာတည်ရှိသည်။ အကျွန်ုပ်တောင်းပန်ပါသည်။ အမိအဘတို့ခွင့်မပြုသောသားကို ရှင်ရဟန်းမပြုပါလင့်" ဟု လျှောက်ထားသည်ကိုအကြောင်းပြု၍ မြတ်စွာဘုရားသည် "န ဘိက္ခဝေ အနနုညာတော မာတာပိတုယိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိဒုက္ကဋဿ (အမိအဖတို့ခွင့်မပြုသောသားကို ရှင်ရဟန်းမပြုရ၊
ပြုလျှင် ဒုက္ကဋ်အာပတ်သင့်စေ) ဟု ပညတ်တော်မူ၏။
မြတ်စွာဘုရား ဝေသာလီပြည်သို့ရောက်၍ တစ်လကျော်ရှိသောအခါ ဘခမည်းတော်သုဒ္ဓေါဒန မင်းကြီးသည် ကြီးမားသည်းထန်စွာသောရောဂါ ကပ်လာကြောင်းလျှောက်ထားရန် အမတ်တစ်ယောက်စေလွှတ်လိုက်သဖြင့် မြတ်စွာဘုရားသည်ကပိလဝတ်ပြည်နိဂြောဓာရုံကျောင်းသို့ရောက် ၍ သုံးရက်မြောက်သောအခါ မင်းကြီးသည်ထီးဖြူအောက်၌ အသရေရှိသောအိပ်ယာဝယ် လျောင်းလျှက် ဘုရားတရားတော်ကို နာယူစဉ်ပင် အရဟတ္တဖိုလ်သို့ရောက်၍ ပရိနိဗ္ဗာန်စံဝင်လေ၏။
မြတ်စွာဘုရားသည် ဘခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းတော်ကို ကောင်းမွန်တင့်တယ်စွာတန်ဆာစီရင်လျှက် နန်းဥကင်အချက်ဝယ်စကြဝတေးမင်း၏အလောင်းကို သင်္ဂြိုဟ်သောနည်းဖြင့် သင်္ဂြိုဟ်တော်မူပေသတည်း။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Tuladhar၊ Swoyambhu D. (November 2002)၊ "The Ancient City of Kapilvastu - Revisited" (PDF)၊ Ancient Nepal (151): 1–7၊ 9 January 2016 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ 21 October 2017 တွင် ပြန်စစ်ပြီး
- ↑ Chris Hellier (March 2001)။ Competing Claims on Buddha's Hometown။ Archaeology။ 21 March 2011 တွင် ပြန်စစ်ပြီး။
- ↑ Was Buddha a Hindu? - YouTube
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)