ဗုဒ္ဓခေတ်ပညာရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စာသင်သားပေါင်း သောင်းချီ တပြိုင်နက် သင်ကြားနိုင်သော နာလန္ဒတက္ကသိုလ် တည်ရှိခဲ့ရာ နေရာ။ ရှေးက အိန္ဒိယတွင် ဗုဒ္ဓတက္ကသိုလ်ပေါင်း ရာနှင့်ချီ၍ ရှိခဲ့သည်။

ဗုဒ္ဓခေတ်ပညာရေး အဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့်၊ ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြ သည့်ပညာရေးဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပညာရေး စနစ်နှင့် ဗုဒ္ဓခေတ်မတိုင်မီ အိန္ဒိယ ပညာရေးစနစ်တို့သည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးတစ်မျိုး ဖြစ် ကြောင်း သမိုင်းအထောက်အထားများဖြင့် ပြဆိုနိုင်ခဲ့ကြောင်း လည်းတွေ့ရသည်။

ဗုဒ္ဓခေတ်ပညာရေးသည် အားလုံးအတွက် ပညာရေး သဘောအသွင်ဆောင်ပြီး အခမဲ့သင်ကြားခွင့်ရှိသည့် ပညာ ရေးမျိုးလည်းဖြစ်သည်။ ဘုန်းကြီးကျောင်းနှင့် သီလရှင် စာသင်တိုက်တိုင်းလိုလိုတွင် အခမဲ့စာသင်ကြားခွင့် ရကြပြီး ထိုကျောင်းများနှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသူတိုင်း ပညာသင်ကြားခွင့်ရကြသည်။

ဗုဒ္ဓ၏ ဟောကြားချက်အရ ဘာသာဝင်တိုင်း အခွင့် အလမ်းနှစ်သွယ် ပွင့်လျက်ရှိသည်။ တစ်လမ်းသည် စာပေသင်ကြားခြင်းဖြင့် ဘဝတွင် ဦးဆောင်ဦးရွက်ပြုနိုင်စေရေး၊ ဝိနည်းတော်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး ဖြစ်ပြီး၊ အခြား နည်းတစ်နည်းမှာ တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်ပြီး စိတ်အဆင့်ဆင့်မြင့်တက်စေရန် ကျင့်ကြံအားထုတ်သည့်လမ်းဖြစ်သည်။

အခမဲ့ကျောင်းများကို ရွာတိုင်းလိုလိုတွင် ဖွင့်လှစ်သင် ကြား ပေးနိုင်ခြင်းသည် ဗုဒ္ဓခေတ်၏ ထူးခြားချက်ဖြစ်သည်။ အကယ်၍ ဗုဒ္ဓစာပေနှင့် ယဉ်ကျေးမှုကို အဆင့်မြင့်မြင့်နှင့် အထူးလေ့လာ လိုက်စားလိုပါကလည်း တက္ကသိုလ်အဆင့် အထိ ဗုဒ္ဓစာပေကို တက်ရောက်လေ့လာ သင်ကြားနိုင်ရန် တက္ကသိုလ်ကျောင်းကို ဖွင့်လှစ်ထားနိုင်သည့် အဆင့်တွင် ရှိသည်။ နာလန္ဒတက္ကသိုလ်သည် ဗုဒ္ဓခေတ်တွင်ထင်ရှားသည့် ကျောင်းတော်ကြီး တစ်ခုဖြစ်သည်။

ဗေဒင်ကျမ်း သုံးကျမ်း[ပြင်ဆင်ရန်]

အိန္ဒိယပြည်တွင် ဗုဒ္ဓခေတ်မတိုင်မီက လူတစ်ယောက် ၏ အဆင့်အတန်းနှင့် ပညာအရည်အချင်းကို ဗေဒင်ကျမ်း သုံးကျမ်း (Vedas) ဖြင့် တိုင်းတာလေ့ရှိသည်။ ဆရာအများ စုသည် ဝေဒကျမ်းတတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဗြဟ္မဏ လူငယ်များထဲတွင် အောင်မြင်သည့် ဝေဒပညာရှင်များ၌ Pindola Bharadvaja သည် ထင်ရှားပြီး၊ Rajagaha တွင် Tissa သည် ထင်ရှားသည်။ ထိုဆရာနှစ်ဦးသည် ဝေဒပညာကို သီချင်းဖြင့် လူငယ်ပေါင်း ၅၀၀ အား သင်ကြားပေးခဲ့သည်ဟု ဆိုသည်။

ပိဋကတ်သုံးပုံ[ပြင်ဆင်ရန်]

ဝေဒအားသိခြင်းကို ဗုဒ္ဓခေတ်မတိုင်မီ အိန္ဒိယနိုင်ငံတွင် ပညာတတ်ခြင်းဟူ၍ သတ်မှတ်ကြသည်။ ဗုဒ္ဓဝါဒ ပျံ့နှံ့ပြီး နောက် စာပေတတ်မြောက်ခြင်းကို ဗုဒ္ဓ၏ ပိဋကတ်သုံးပုံ တတ်မြောက်ခြင်းနှင့် တိုင်းတာကြသည်။ ပိဋကတ်သုံးပုံ ရှိသည့်အနက် မည်မျှပြီးမြောက် အောင်မြင်ပြီးကြောင်းဖြင့် ပညာရှိကို တိုင်းတာလေ့ရှိကြသည်။

ပိဋကတ်သုံးပုံဆိုသည်မှာ-

၁။ သုတ္တန်ပိဋကတ်တော်

၂။ ဝိနည်းပိဋကတ်တော်

၃။ အဘိဓမ္မာပိဋကတ်တော် တို့ကိုခေါ်ဆိုခြင်းဖြစ်သည်။

၁။ သုတ္တန်ပိဋကတ်တော်တွင်

(၁) ဒီဃနိကာယ

(၂) မဇ္ဈိမနိကာယ

(၃) သံယုတ္တနိကာယ

(၄) အင်္ဂုတ္တရနိကာယ

(၅) ခုဒ္ဒကနိကာယ

(က) ခုဒ္ဒကပါဌ

(ခ) ဓမ္မပဒ

(ဂ) ဥဒါန

(ဃ) ဣတိဝုတ္တက

(၆) သုတ္တနိပါတ

(၇) ဝိမာနဝတ္ထု

(၈) ပေတဝတ္ထု

(၉) ထေရဂါထာ

(၁၀) ထေရီဂါထာ

(၁၁) ဇာတက

(၁၂) နိဒ္ဒေသ

(၁၃) ပဋိသမ္ဘိဒါမဂ္ဂ

(၁၄) အပဒါန

(၁၅) ဗုဒ္ဓဝံသ

(၁၆) စရိယာပိဋက

၂။ ဝိနယပိဋကတ်တွင်

(၁) ပါရာဇိကပါဠိ

(၂) ပါစိတ္တယပါဠိ

(၃) မဟာဝဂ္ဂပါဠိ

(၄) စူဠဝဂ္ဂပါဠိ

(၅) ပရိဝါရပါဠိ

၃။ အဘိဓမ္မာပိဋကတ်တွင်

(၁) ဓမ္မသင်္ဂဏီ

(၂) ဝိဘင်္ဂ

(၃) ဓာတုကထာ

(၅) ပုဂ္ဂလပညတ္တိ

(၆) ကထာဝတ္ထု

(၇) ယမက

(၈) ပဋ္ဌာနတို့ ဖြစ်သည်။

ဂရုတစိုက်လေ့ကျင့်သင်ကြား[ပြင်ဆင်ရန်]

ဗုဒ္ဓစာပေများကိုသင်ကြားရာတွင် တပည့်တစ်ဦးချင်းကို ဂရုတစိုက်လေ့ကျင့်သင်ကြားပေးသည့်စနစ် ကျင့်သုံးသည်။ နာမည်ကျော်ကြားသည့် စာတတ် ရဟန်းတစ်ပါးသည် ဝေးလံခေါင်သီသည့် ဒေသအထိ အမည်ပေါက်ပြီး ဆည်း ကပ်ကိုးကွယ်ခြင်းခံရတတ်သည်။ တက္ကသီလနှင့် ဗာရာဏသီ တို့သည် တတ်ကျွမ်းပေါက်မြောက်သည့် ဆရာအများ ထွန်း ကားရာ ဒေသဖြစ်ပြီး အောင်မြင်သည့်တပည့်များ မွေးထုတ် ပေးရာဒေသလည်း ဖြစ်သည်။

ဆရာ၏ထံပါးတွင် ဝပ်တွားဆည်းကပ်သင်ယူပြီးချိန်၌ ဆရာ၏သတ်မှတ်ချက်ဖြင့်သာ ပညာပြည့်စုံပြီဟုသတ်မှတ်ပြီး ထွက်ခွာခွင့်ရှိသည်။ စာတွေ့သင်ကြားတတ်မြောက်ပြီးသည့် တပည့်များအနေဖြင့် လက်တွေ့ဘဝတွင် ဆက်လက်လေ့လာ သင်ယူပါမည်ဟု အဓိဋ္ဌာန်ပြုပြီးမှ ဆရာ့ထံပါးက ထွက်ခွာခွင့် ရကြသည်။

စာပေအရာတွင် ထက်မြက်ထူးချွန်သည့် အချို့သော တပည့် များသည် ဆရာတစ်ဦးတည်းထံတွင် ပညာရည်နို့ သောက်စို့ရသည်ကို မတင်းတိမ်နိုင်သဖြင့် အခြားသောဆရာ သမားများထံ ရှာဖွေဆည်းကပ် သင်ကြားလေ့ရှိကြသေးသည်။ သို့ဖြစ်ရာ Bhaddha Kundalakesa ဆိုသူ အမျိုးသမီးသည် ပညာလိုက်စားလိုသဖြင့် ပညာရှင်မှန်သမျှ ထံပါး ဆည်းကပ်ခစားကာ လိုက်လံလေ့လာသင်ယူခဲ့ကြောင်း တွေ့ရသည်။

ကလေးများသည် မိမိတို့အိမ်တွင်ဖြစ်စေ၊ သူတို့အိမ်များ နှင့် အနီးအနားရှိကျောင်းများ၌ဖြစ်စေ ပညာသင်ကြားကြ ရသည်။ ချမ်းသာသည့်သူများသည် မိမိတို့သားသမီးများ အတွက် အိမ်တွင် ဆရာများငှားကာ သင်ကြားလေ့ရှိကြသည်။ ချမ်းသာသည့်အိမ်များတွင် ဆရာငှားသင်ခြင်းဖြင့် ထိုသူဌေး သား၏ အစေအပါးပါ ပညာတတ်စေနိုင်သည့် အခွင့်အလမ်း များရရှိကြသည်။ သူဌေးသား၏ ကျောက်သင်ပုန်းကို ဖျက်ပေး ဆေးကြောပေးရာမှ အစေခံများသည်လည်း စာရေးခွင့် ဖတ်ခွင့်ရပြီး တတ်မြောက်သွားကြသည်ဟု ဆိုသည်။

မြို့ကြီးများတွင် ဆရာများသည် မိမိတို့ကျောင်းကို မြို့အဝင် အထွက် တံခါးအနီးတွင် တည်ထောင်ထားလေ့ ရှိသည်။ မြို့တံခါးအနီးတွင် ကျောင်းရှိခြင်းကြောင့် မြို့ဝင် မြို့ထွက် သူဌေး၊ သူကြွယ်၊ ဂုဏ်သရေရှိ မင်းအပေါင်းကို ညွှန်ကြားပြသ သင်ကြားနိုင်၍ဖြစ်သည်။

ဆင်းရဲသောကလေးများသည် အလှူရှင်များ၏ သီးခြား ဒါနပြုထားသည့်ကျောင်းများတွင် သင်ကြားခွင့်ရကြသည်။ ထိုအချိန်ကာလတွင် ဗာရာဏသီပြည်၌ ဆင်းရဲသည့်သူများ ကို အစားအစာနှင့် အဝတ်အထည်များ နေ့စဉ်ပေးလှူသည့် သူဌေးများရှိသကဲ့သို့ အခမဲ့ပညာသင်ကြားခွင့်ရရေးအတွက် ပညာဒါနပြုသူများလည်း ရှိကြသည်။

တပည့်များသည် လူတန်းစားအလွှာအသီးသီးမှလာကြ သူများဖြစ်သော်လည်း ဆရာ့ထံပါးတွင် အားလုံးတစ်ပြေးညီ ဖြစ်ကြသည်။ ဆရာနှင့် ရဲဘော်ရဲဘက်ပမာ ဆက်ဆံကြရုံ မျှမက ဆရာ့ထံပါးတွင် ပညာသင်ကြားနေကြသည့် တပည့် များသည် ဆရာ့သမီးကို ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းခွင့်များပါ ရရှိကြသည်။ ထိုခေတ်က ပညာစုံ၍ ကြင်ရာစုံရန်အတွက် ဆရာ့သမီးရရှိရေးနှင့် ပညာသင်ဆု ကိုပါရရှိရေးသည် တပည့်အားလုံး၏မျှော်လင့်ချက်ဖြစ်သည်။

ဗာရာဏသီ[ပြင်ဆင်ရန်]

ဆရာသည် နာမည်ဂုဏ်သတင်း ထင်ရှားကျော်ကြား သူဖြစ်ပါက အခကြေးငွေမြင့်မားစွာပေးပြီးမှ သင်ကြားခွင့် ရသည်။ ချမ်းသာသည့်သူများသာ ထိုဆရာ့ထံအပ်နှံပြီး သင်ကြားခွင့်ရှိသည်။ ဗြဟ္မဏလည်းဖြစ်ပြီး တက္ကသီလာတွင် ပညာတတ်မြောက်လာသည့်သူဖြစ်လျှင် ဗာရာဏသီတွင် ထင်ရှားသည့်ဆရာတစ်ဆူ ဖြစ်လာရသည်။ သူသာလျှင် တပည့်များစုဆောင်းပြီး စာသင်ကြားခွင့်ရှိသည်။ ဗာရာဏသီ တွင် ထိုဆရာအနေဖြင့် မင်းမျိုးမင်းနွယ်များ၊ သူဌေးများကို သင်ကြားခွင့်ရှိသည်။

ဗာရာဏသီတွင် မည်သည့်ကျောင်းထွက် ဆိုသည်က အရေးမကြီး၊ မည်သည့်ဆရာထံတွင် ပညာသင်ကြားခဲ့သူ ဆိုသည်နှင့်သာ တိုင်းတာလေ့ရှိသည်။

အတတ်ပညာနှင့် အနုပညာရပ်များတွင် သူ့ကဏ္ဍနှင့်သူ ကျွမ်းကျင်လိမ္မာသူများရှိကြသည်။ မည်မျှ ပညာတတ်ကျွမ်း ခဲ့သည်ဆိုစေ ကျွမ်းကျင်သည့်ပညာရှင်များထံတွင် ဦးစွာ တပည့်ခံပြီးမှ ပညာရှင်ဟု သတ်မှတ်လေ့ရှိသည်။ ပညာ ဆိုသည်မှာ တစ်ခါတစ်ရံတွင် ဆရာ့ထံမှ မမျှော်လင့်ဘဲရရှိ နိုင်သည့်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ လက်တွေ့နယ်ပယ်မှ ရရှိသည့်ပညာနှင့် ဆရာ့အပေါ်တွင်တပည့်၏ ကြည်ညို လေးစားစိတ်မှ တုံ့ပြန်ရရှိလာမည့်ပညာကို ထိုခေတ်က အလေးထားကြသည်။ ထိုခေတ်ကတည်းက ဆရာဆိုသည်မှာ မိဘများကပင် ရိုသေလေးစား တန်ဖိုးထားခဲ့ကြသည်။

တပည့်ဝတ်[ပြင်ဆင်ရန်]

တပည့်ဝတ်များတွင် ဆရာလာပါက ထိုင်ရာမှထပေးပြီး ဦးညွှတ်ဂါရဝပြုခြင်း၊ သင်ယူရန် အသင့်အနေအထားဖြင့် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခြင်း၊ သင်ကြားနေချိန် တွင် ဂရုစိုက်နားထောင်ကာ သင်အံရွတ်ဖတ်ရခြင်းတို့ပါဝင် သည်။

ဆရာ့ဝတ်တွင် တပည့်များကို ချစ်မြတ်နိုးရခြင်း၊ မသိ သည်ကို သိအောင်၊ မတတ်သည်ကိုတတ်အောင် ကြံဆောင် ပေးရခြင်း၊ သိထားတတ်ထားသမျှ ဆရာစားမချန် သင်ကြား ပြသရခြင်း၊ ချီးကျူးထိုက်သူကို ချီးကျူးပြီး အားပေး အား မြှောက်ပြုရခြင်း၊ အန္တရာယ်ကင်းဘေးရှင်းရန် စောင့်ရှောက် ကာကွယ်မှုပေးရခြင်းတို့ ပါဝင်သည်။

ဆရာ၏ တင်းကျပ်သည့် စည်းကမ်းနှင့် တစ်ဦးချင်း အပေါ်ဂရု တစိုက်သင်ကြားပြသမှုများကြောင့် အချို့တပည့် များသည် အခြားသူတို့ထက် ပိုသိ ပိုတတ်ကာ ပညာရည် အမြန် ဆုံးခန်းတိုင်သွားတတ်သည်များလည်း ရှိတတ်သည်။ ထုံးစံအရ အခြေခံအဆင့်ပြီးမြောက်မှုအတွက် အသက် ၁၆ နှစ်မတိုင်မီအထိ သတ်မှတ်ထားသည်။

သိဒ္ဓတ္ထမင်းသားသည် အသက် ၁၆ နှစ်မပြည့်မီကပင် ပညာပြည့်ဝခဲ့သည်ဟုဆိုသည်။ ဗြဟ္မဏတို့သည် အသက် ၁၆ နှစ်တွင် ဝေဒကျမ်းတို့ကို စီကုံးဖွဲ့နွဲ့ကာ ကောင်းစွာ ရွတ်ဆိုတတ်နေပြီ ဖြစ်သည်။

အတတ်ပညာရှင်[ပြင်ဆင်ရန်]

အိန္ဒိယပြည်တွင် သင်္ချာပညာရှင်များဟူ၍ သီးခြား လူတန်းစားတစ်ရပ် ရှိခဲ့ဖူးသည်။ သူတို့သည် လက်နက် အသုံးပြုမှုကို ကျွမ်းကျင်သည့်ပညာရှင်များလည်း ဖြစ်ကြ သည်။ ပြည်သူများအကြားတွင် မည်သည့်အတတ်ပညာကို တတ်သူမှသာ အတတ်ပညာရှင်ဖြစ်သည်ဟူသည့် အငြင်း ပွားစရာများဖြစ်ပေါ်လာသည်။ အတတ်ပညာရှင်ဆိုသည်မှာ အချို့က ဆင်၊ မြင်း၊ ရထား ကျွမ်းကျင်သူများကိုသာ ခေါ်ဆိုခြင်းဖြစ်သည်။ အခြားထင်ရှားသည့် လက်မှုအတတ် များမှာ လေးနှင့် ဓားရိုးထုတ်လုပ်ခြင်း၊ ယာဉ်ရထား တည် ဆောက်ခြင်း၊ သင်္ချာကျွမ်းကျင်ခြင်း၊ ခန့်မှန်းအတွက်အချက် ကျွမ်းကျင်ခြင်း၊ မော်ကွန်းကမ္ပည်းထွင်းထုခြင်း၊ ကဗျာစပ်ခြင်း၊ အမှုအခင်းဖြေရှင်းခြင်း၊ လယ်ယာစိုက်ပျိုးရေးကျွမ်းကျင်ခြင်း စသည့်လုပ်ငန်းများဖြစ်သည်။

နှုတ်မှုရေးရာကျွမ်းကျင်ခြင်း၊ စကားစစ်ထိုးခြင်းတို့ကို အနုပညာတစ်ရပ်အနေဖြင့် သင်ကြားကြရသည်။ နှုတ်မှုရေးရာ ကျွမ်းကျင်သူဆိုသည်မှာ "အသံ၏ကောင်းခြင်း၊ စကားလုံး ပြောင်မြောက်ခြင်း၊ ထစ်အမှုမရှိခြင်း၊ ရှင်းလင်းပီသခြင်း၊ အဓိပ္ပာယ်ရှိခြင်း" စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံရသည်။ တရားဟောကောင်းသူ၊ စကားပြောကောင်းသူဆိုသည်မှာ လိုရင်း၊ တိုရှင်း ထိရောက်စွာ ဟောပြောတတ်သူဖြစ်သည်။ အပြောကောင်းသူကို " ကေသရာဇာ ခြင်္သေ့မင်းပမာ" ယှဉ် နှိုင်းလေ့ရှိကြသည်။ ဗုဒ္ဓ၏ တပည့်သာဝကများထဲတွင် ခြင်္သေ့ မင်းပမာ တင်စားခံရလောက်အောင် အဟောအပြောကောင်း သူများစွာရှိခဲ့သည်။

ဗုဒ္ဓခေတ်တွင် ဂရိဆိုးဖစ်များကဲ့သို့ တစ်နေရာမှ တစ် နေရာ လှည့်လည်သွားလာရင်း ဟောပြောပို့ချ သင်ကြား သူများရှိကြောင်း သိရသည်။

အသိပညာရှာဖွေစုဆောင်းခြင်းကို အားပေးမြှောက်စား သည့်ခေတ်ဖြစ်သဖြင့် ဆရာပေါင်းများစွာ ထွန်းကားခဲ့သော ခေတ်ဟူ၍လည်းဆိုနိုင်သည်။ ဗုဒ္ဓသည် စိတ်ကိုယဉ်ပါးစေရန် ထိန်းကျောင်းတတ်ရေး ဦးစားပေးကို သွန်သင်ဟောပြဆို ဆုံးမခဲ့သူဖြစ်သည်။ ဗုဒ္ဓနှင့် သူ၏တပည့်သာဝကအပေါင်း သည် တစ်နေရာမှတစ်နေရာ ဒေသစာရီကြွချီတော်မူပြီး တရားဒေသနာများ ဟောပြောလေ့ရှိသည်။ ဒေသအနှံ့လှည့် လည်ကြွချီတော်မူစဉ် ဒေသခံများသည် ကျောင်းဇရပ်များ ဆောက်လုပ်ကာ လှူဒါန်းဒါနပြုပြီး ခရီးဦးကြိုပြုကြသည်။ ထိုကျောင်းဇရပ်များသည် နောင်အခါ ပညာသင်ကြားလေ့ လာရာ နေရာများဖြစ်လာသည်။

အခမဲ့ပညာ[ပြင်ဆင်ရန်]

ဗုဒ္ဓခေတ်တွင် သင်ကြားခဲ့သည့်စနစ်သည် အခမဲ့ပညာ သင်ကြားရေးစနစ်ဖြစ်သည်။ ဗုဒ္ဓကျောင်းတော်များသည် နေရာအနှံ့ ဖွင့်လှစ်ထားပြီး အခမဲ့ပညာသင်ကြားခွင့်ကို လူတိုင်းရရှိနိုင်ကြသည်။ ပညာသင်ကြားလိုသူမှန်သမျှလည်း မည်သူမဆို ဆင်းရဲ ချမ်းသာ အဆင့်အတန်းမရွေး တက် ရောက်သင်ကြားခွင့်ရှိသည်။ ဗုဒ္ဓဘာသာပညာရေးသည် အခမဲ့ နည်းဖြင့် အိန္ဒိယနိုင်ငံတွင် စတင်ပြန့်ပွားခဲ့ရသည်။ ဗုဒ္ဓပညာ ရေးစနစ် အောင်မြင်ရခြင်းကို ပြန်လေ့လာကြည့်လျှင် မေတ္တာ ကို အခြေခံထား၍သင်ပြီး အကျိုးအမြတ်ပြန်၍ မျှော်ကိုးခြင်း မရှိသော အပေးသာရှိ၊ အယူမရှိသည့် ပညာရေးမျိုး ဖြစ် နေသောကြောင့် အောင်မြင်ရသည်ဟု ဆိုနိုင်သည်။

ဗုဒ္ဓခေတ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် အပြိုင် သီလရှင်ကျောင်းများ ပေါ်ထွန်းလာခြင်းကလည်း ယောက်ျား လေးများသမက မိန်းကလေးများပါ စာတတ်မြောက်စေရန်နှင့် ယဉ်ကျေးမှုထွန်းကားစေရန် လမ်းစဖွင့်ပေးသလိုဖြစ်ခဲ့သည်။ ယောက်ျား၊ မိန်းမ အဆင့်အတန်းမခွဲ တန်းတူညီမျှ သင်ကြား ခွင့်သည် အထူးရေပန်းစားလာသည်။ အိန္ဒိယနိုင်ငံတွင်သာ မက ဗုဒ္ဓစာပေသင်ကြားခွင့်ရရှိသည့် နိုင်ငံတိုင်းလိုလိုတွင် ကျားမ မခွဲခြားရေးသဘောတရားများ ထွန်းကားလာခဲ့သည်။

ဗုဒ္ဓဝါဒကို သင်ကြားသည့်ဆရာများသည် တပည့်များ ၏စိတ် ဖွံ့ဖြိုးစေရန်၊ အကျင့်စာရိတ္တကောင်းစေရန် အလေး ထားညွှန်ကြား သင်ကြားပြသကြသည်။ ကောင်းမွန်စွာ တွေး ခေါ်တတ်ရေး၊ နည်းမှန် လမ်းမှန် ကျင့်ကြံနိုင်ရေးသည် ဗုဒ္ဓ၏ပန်းတိုင်ဖြစ်သည်။ သို့ဖြစ်ရာ အကျင့်အကြံတို့ကောင်း မှန်မှသာ ဉာဏ်အလင်းရပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်သည်။

မဂ္ဂင်ရှစ်ပါး[ပြင်ဆင်ရန်]

ဗုဒ္ဓက ထိုပန်းတိုင်ကို "မဂ်" (နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်း) ပမာ သွန်သင်ပြသတော်မူခဲ့သည်။ မဂ္ဂင်ရှစ်ပါး (နိဗ္ဗာန်သို့ရောက်ကြောင်း တရားရှစ်ပါး) ရှိသည်။

သမ္မာဓိဋ္ဌိ - ကောင်းသောအယူ

သမ္မာသင်္ကပ္ပ - ကောင်းသောအကြံ

သမ္မာဝါစာ - ကောင်းသောစကား

သမ္မာကမ္မန္တ - ကောင်းသောအမှု

သမ္မာအာဇီဝ - ကောင်းသောအသက်မွေးမှု

သမ္မာဝါယမ - ကောင်းသော လုံ့လဝီရိယပြုမှု

သမ္မာသတိ - ကောင်းစွာအောက်မေ့ခြင်း

သမ္မာသမာဓိ - ကောင်းစွာတည်ကြည်ခြင်း တို့ဖြင့်သာ ဉာဏ်အလင်းရနိုင်သည်ဟု ဗုဒ္ဓစာပေများက ဟောပြော သွန်သင်ဆိုဆုံးမခဲ့သည်။

မှတ်သားကျင့်ကြံ ခြင်း[ပြင်ဆင်ရန်]

ယဉ်ကျေးလိမ္မာစိတ်သည် ပညာသင်ကြားရေးတွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး ဘဝအတွက်ပါ လုံခြုံစိတ်ချ ရသည့် လမ်းညွှန်ချက်ဖြစ်သည်။ ထို့ပြင် မှတ်သားကျင့်ကြံ ခြင်းကလည်း စာပေသင်ကြားရေးတွင် မရှိမဖြစ်အရေးကြီး သည်။ ဗုဒ္ဓခေတ်တွင် စာပေအက္ခရာတင်ထားမှုများ၊ ပေ ပုရပိုက်များရှိသော်လည်း စာသင်သား တပည့်များသည် အလွတ်ကျက်မှတ်ရွတ်ဆိုခြင်းကိုသာ အလေးထားကြသည်။ ဆရာက အရေးကြီးသည့် အခန်းအပိုဒ်များကို သင်ကြား လိုက်တိုင်း အလွတ်ပြန်လည် ရွတ်ဆိုပြနိုင်သည်အထိ လေ့ ကျက်မှတ်ကြသည်။ ဗုဒ္ဓခေတ်တွင် ဗုဒ္ဓသင်ကြားဟောကြားခဲ့ သမျှအားလုံးကို နှုတ်တိုက်ပြန်လည်ရွတ်ဆိုနိုင်သည့်သူများ မြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။

ဇာတ်နိမ့် ဇာတ်မြင့် မခွဲခြား[ပြင်ဆင်ရန်]

ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားပျံ့နှံ့လာသည်နှင့်အမျှ လူမျိုး မရွေး၊ ဘာသာမရွေး၊ ဇာတ်နိမ့် ဇာတ်မြင့်မရွေး မခွဲခြား တတ်သည့် ဗုဒ္ဓဘာသာအတွင်းသို့ ဝင်ရောက်လာသူများ တိုးပွားလာသည်။ ဘုန်းတော်ကြီးကျောင်းတိုင်း သည် ဗုဒ္ဓ ယဉ်ကျေးမှု ထွန်းကားစေသည့် နေရာများဖြစ်ရုံမျှမက၊ စာပေသင်ကြားသည့် ကျောင်းများလည်း ဖြစ်လာသည်။ ဘုန်းကြီးကျောင်းတိုင်းတွင် တရားဟောဇရပ်၊ ပညာသင်ကြား ရာ ခန်းမတို့သည် မပါမဖြစ်နေရာများ ဖြစ်လာသည်။ ဗုဒ္ဓ၏ တပည့်သာ၀ကတိုင်းကလည်း ကျောင်းသို့ရောက်လာသည့် ဒကာ ဒကာမများ၏ သောက၊ ဒုက္ခတိုင်းကို မဖြေရှင်းပေး နိုင်သည့်သူမရှိ။ ကြောင်းကျိုးညီညွတ်စွာ ဟောပြောသွန်သင် ဆိုဆုံးမနိုင်သည်ချည်း ဖြစ်သည်။

နာလန္ဒ တက္ကသိုလ်[ပြင်ဆင်ရန်]

ဗုဒ္ဓစာပေတွင် ယောက်ျား၊ မိန်းမအဆင့်အတန်းခွဲခြားမှု မရှိ တစ်ခုတည်းသော သတ်မှတ်ပြဋ္ဌာန်းချက်များကိုသာ သင်ကြားခွင့်ရရှိသည်။ ဗုဒ္ဓစာပေကို တက္ကသိုလ်အထိ သင် ကြားလိုသူများအတွက်လည်း အောက်ခြေမှ သင်ကြားလိုက် သမျှကို အခြေခံအဖြစ် မှတ်ယူနိုင်သည်။ ရှေးဟောင်း နာလန္ဒတက္ကသိုလ်ကြီးတွင်ရှိသည့် စာသင်ခန်းမကြီးသည် တပည့်ပေါင်း သောင်းနှင့်ချီပြီး ဝင်ရောက် စာပေလေ့လာ ဆည်းပူးနိုင်သည်ဟုဆိုသည်။ တက္ကသိုလ်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် အနီးအနားရှိ ရာနှင့်ချီသည့်ရွာများမှ ထောက်ပံ့ကြရသည်။ နာလန္ဒသည် ကျောင်းသားများ၊ ယုတ္တိဗေဒ ပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များ၊ ကဗျာ ဆရာများနှင့် ပန်းချီပညာရှင်များ ခိုနားပညာရှာမှီးရာ နေရာကြီးဖြစ်လာသည်။

နာလန္ဒကဲ့သို့ပင် အိန္ဒိယပြည်အတွင်း နေရာအနှံ့ တက္ကသိုလ် များမြောက်မြားစွာတည်ရှိသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကမ္ဗောဒီးယား၊ ဂရိ၊ တိဘက်၊ သီဟိုဠ်၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများသည် အိန္ဒိယတက္ကသိုလ်ထွက်များကို ကောင်းမွန်လေးစားစွာဖြင့် ဖိတ်ခေါ်သင်ကြားသည့် အလေ့အထများ ထိုစဉ်ကတည်းက ရှိခဲ့သည်။

ထိုတက္ကသိုလ်များသည် နောင်အခါတွင် ဖျက်ဆီးခြင်း ခံလိုက်ရပြီး ဗုဒ္ဓသာသနာပါ ကွယ်ပျောက်သွားစေသည်အထိ ဖြစ်ခဲ့ရခြင်းသည် များစွာဝမ်းနည်းဖွယ်ရာဖြစ်တော့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Indian Culture in the Days of the Buddha, by A.P de Zoysa