သီလ၊သမာဓိ၊ပညာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သီလ၊သမာဓိ၊ပညာ[ပြင်ဆင်ရန်]

သံသရာဝဋ်ဆင်းရဲမှလွတ်ကွင်း၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုလိုသော ပုဂ္ဂိုလ် သည်သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ် အားထုတ်ရာသည်။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်သည်· သီလံသမာဓိပညာစ၊ ယဿဧတေသုဘာဝိတာ။ အတိက္ကမ္မမာရဓေယျံ၊ အာဓိစ္စောဝဝိရောစတိ။ ဟူ၍ ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

အဓိပ္ပါယ်ကားအကြင်သူသည် အဓိသီလသိက္ခာဟု ဆိုအပ်သောသီလကိုလည်းကောင်း ၊အဓိစိတ္တသိက္ခာ ဟု ဆိုအပ်သော သမာဓိကိုလည်ကောင်း၊ အဓိပညာသိက္ခာဟု ဆိုအပ်သောပညာကိုလည်းကောင်း၊ ဤသုံးပါးသောတရား တို့ကိုဆုံးခန်းတိုင်အောင်ကောင်းစွာပွားများအပ်ကုန်၏။ ယင်းသို့ပွားများသောသူသည် မာရ်မင်း၏ နိုင်ငံကိုလွန်မြောက် ၍ နေမင်းကြီးကဲ့သို့ ထွန်းလင်းတင့်တယ်၏။ ထိုသီလ ၊သမာဓိ ၊ပညာသိက္ခာသုံးပါးတို့တွင် သီလဆိုသည်ကားလူတို့၌ ငါးပါး သီလ၊ အာဇီဝဋ္ဌမကသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ပေတည်း။ ပကတိလူတို့အတွက် ငါးပါးသီလနှင့်အာဇီဝဋ္ဌမက သီလဟုဆိုအပ်သော နိစ္စ သီလသည် သီလမည်၏။ ရှစ်ပါးသီလနှင့် ဆယ်ပါးသီလသည် အမွှမ်းတင်သီလမျိုးဖြစ်သည်။ နိစ္စသီလမျိုးမဟုတ်၍ တတ်နိုင်လျှင် ဆောက်တည်အပ်၏။ ရဟန်းတို့၌ကား စတုပါရိသုဒ္ဓိသီလသည်သီလမည်၏။ ဤသီလသိက္ခာပုဒ်တို့ကို ဒွါရအားဖြင့်ခြုံလိုက်သည်ရှိသော် ကိုယ်ဖြင့်မလွန် ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည် ကာယ ဒုစရိုက်မည်၏။ နှုတ်ဖြင့်မလွန်ကျူးအပ်၊ မလွန် ကျူးကောင်းသော အပြစ်ဒေါသဟူသမျှသည်ဝစီဒုစရိုက်မည်၏။ စိတ်ဖြင့်မလွန်ကျူးအပ်၊ မလွန်ကျူးကောင်းသောအပြစ်ဒေါသ ဟူသမျှသည် မနောဒုစရိုက်မည်၏။ ထိုကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစ ရိုက်တို့ကို မလွန်ကျူး မပြုကျင့်ဘဲ ထိမ်းသိမ်းစောင့်ရှောက်သောအားဖြင့် ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက် ဟူသည့် သုစရိတသီလသုံးပါးနှင့် ပြည့်စုံသောသူသည် သီလနှင့်ပြည့်စုံသောသူမည်၏။ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါးတို့တွင် သမာဓိ ဟူသည် ပျံ့လွင့်နေသော စိတ်ကိုမပျံ့လွင့်စေဘဲ တစ်ခုတည်း သောအာရုံ၌ ကောင်းစွာတည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်သည်။

သမာဓိနှင့်ပြည့်စုံရန် ဘုရားရှင်ဟောကြားအပ်သော သမထ ကမ္မဋ္ဌာန်း ၄ဝ တို့တွင် မိမိနှင့်သင့်လျော်သော တစ်ပါးပါးသော ကမ္မဋ္ဌာန်း၌ ပရိကမ္မသမာဓိဖြစ်ပွားအောင် အားထုတ်မှု၊ ထိုထက်တတ်နို်င်ပါမူ ဥပစာရသမာဓိဖြစ်ပွားအောင်အားထုတ်မှု၊ ထိုထက်တတ်နိုင်ပါမူ အပ္ပနာ သမာဓိဖြစ်ပွားအောင်အားထုတ် အပ်၏။ သမထကမ္မဋ္ဌာန်းကိုပွားများအားထုတ်ခြင်းကြောင့် ပုဂ္ဂိုလ်အား ဤသုံးပါး သောသမာဓိတို့ဖြစ်ပေါ်လာသည်ရှိသော် ထိုပုဂ္ဂိုလ်ကို သမာဓိနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဟုမှတ်အပ်၏။ သမထကမ္မဋ္ဌာန်း ၄ဝ တို့ကား ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ ဗြဟ္မဝိဟာရလေးပါး၊ အာရုပ္ပလေးပါး၊ အာဟာရေမဓိကုလသညာတပါး၊ စတုဓာတုဝဝတ္ထာန်တစ်ပါးပေါင်းလေးဆယ်ဖြစ်သည်။

သီလ၊ သမာဓိ၊ ပညာ၊သိက္ခာသုံးပါးတို့တွင် ပညာဟူသည် ဒုက္ခသစ္စာ၌ကောင်းစွာ သိမြင်သော ဝိဇ္ဇာဉာဏ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ကောင်းစွာသိမြင်သော ဝိဇ္ဇာဉာဏ်၊ ဒုက္ခ၏ ချုပ်ရာနိရောဓသစ္စာ၌ ကောင်းစွာသိမြင် သောဝိဇ္ဇာဉာဏ်၊ ဒုက္ခကင်းချုုပ်ရာနိရောဓသစ္စာသို့ ရောက်ကြောင်း မဂ္ဂသစ္စာ၌ကောင်းစွာသိမြင်သော ဝိဇ္ဇာဉာဏ် တို့ဖြစ်သည်။ ထို့ပြင်ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်တို့၌ ဝေဖန်ခွှဲခြားတတ်စွမ်းလိမ်မာမှု၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်း ဟူသောလက္ခဏာရေးသုံးပါးတို့၌ ရှုမြင်မှုတို့သည်လည်းပညာမျိုးမည်၏။ ဤသို့သောပညာ နှင့်ပြည့်စုံသောသူသည် ကောင်းသောပညာနှင့်ပြည့်စုံသော သူမည်၏။

အဆိုပါ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးပါးတွင် ပညာအဆင့်သည် အရေးအကြီးဆုံးအဆင့် ဖြစ်သည်။ ပညာအဆင့်ကို မရောက်ဘဲသံသရာဝဋ်ဆင်းရဲမှ မလွတ်ကင်းနိုင်ချေ။ ပညာအဆင့်ကိုရောက်ရန်မှာ သမာဓိရှိမှ ရောက်နိုင်သည်။ သမာဓိအဆင့်ကိုရောက်ရန်မှာလည်း သီလရှိမှ ရောက်နိုင်သည်။ ထို့ကြောင့်သီလသည် သမာဓိဖြစ်ခြင်း၏ အကြောင်းအစပင်တည်း။ သီလရှိမှသမာဓိဖြစ်နိုင်သည်။ သမာဓိရှိမှ ပညာစခန်းသို့ရောက်နိုင်သည်။ ပညာဖြစ်ပေါ် လာမှ သံသရာဝဋ်ဆင်းရဲမှလွတ်၍ နိဗ္ဗာန်သို့ရောက်နိုင်သည်။

ကိလေသာတို့ကိုပယ်သတ်၍ နိဗ္ဗာန်ရောက်ရာ လမ်းကြောင်းဖြစ်သည့် သမ္မာဒိဋ္ဌိ ၊သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်ရှစ်ပါးတို့ကို သဘောတူကိစ္စတူ အနေအားဖြင့် သိက္ခာဖွဲ့လိုက်သည်ရှိသော် သမ္မာဝါစာ၊ သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝမဂ္ဂင်သုံးပါးသည် သီလသိက္ခာ၌ ဝင်သဖြင့်သီလက္ခန္ဓမဂ္ဂင်မည်၏။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မဂ္ဂင်သုံးပါးသည် သမာဓိသိက္ခာ၌ ဝင်သဖြင့် သမာဓိက္ခန္ဓမဂ္ဂင်မည်၏။ သမ္မာဓိဋ္ဌိ၊ သမ္မာသင်္ကပ္ပမဂ္ဂင် နှစ်ပါးကား ပညာသိက္ခာ၌ဝင်သဖြင့် ပညက္ခန္ဓမဂ္ဂင်မည်၏။ သို့ဖြင့်ကိလေသာတည်းဟူသော အကုသိုလ်တရားတို့ကို ထိုက်သည်အားလျော်စွာ ပယ်သတ်ရာ၌ သီလသည် ကြမ်း တမ်းသော ဝိတိက္ကမကိလေသာကို ပယ်ခွာ၏။ သမာဓိသည် အလတ်ဖြစ်သော ပရိယုဋ္ဌာနကိလေသာကိုပယ် ခွာ၏။ ပညာသည် သိမ်မွေ့သောအနုသယကိလေသာကို ပယ်ခွာ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)