နန္ဒာသိန်းဇံ

ဝီကီပီးဒီးယား မှ
နန္ဒာသိန်းဇံ
နန္ဒာသိန်းဇံ
မွေးသက္ကရာဇ် ၂၅၊ဖေဖော်ဝါရီ၊၁၉၄၈ခုနှစ်
အမည်ရင်း သိန်းဇံ
နိုင်ငံ မြန်မာ
မိဘအမည် ဦးညီထွန်း၊ဒေါ်ဟန်တင်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ စိတ်ခိုင်၊လွမ်းဝေ
အလုပ်အကိုင် စာရေးဆရာ၊ ပါမောက္ခ(ဒဿနိကဗေဒ)
မွေးဖွားရာဒေသ ပေါင်းတည်မြို့ပဲခူးတိုင်းဒေသကြီး
ထင်ရှားကျော်ကြားမှု

နန္ဒာသိန်းဇံ (၁၉၄၈ - ၂၀၁၁) သည် ဒဿနိကဗေဒ ပါမောက္ခ တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထင်ရှားသော စာရေးဆရာလည်း ဖြစ်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ပဲခူးတိုင်းဒေသကြီးပေါင်းတည်မြို့နယ်ဇာတိဖြစ်သည်။ မိဘနှစ်ပါးမှာ အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင် ဖြစ်သည်။ ၁၉၄၈ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ သောကြာနေ့၌ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။

၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ မြို့မ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် အခြေခံပညာကို သင်ယူခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။

ကလောင်အမည်[ပြင်ဆင်ရန်]

၁၉၆၃ - သိန်းဇံ ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် မှတ်ဉာဏ်နှင့် အတွေးအခေါ် (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘဝ)ကို စတင်ရေးခဲ့သည်။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် နန္ဒသိန်းဇံအမည်သို့ ပြောင်းလဲရေးသားခဲ့သည်။ ကလောင်ခွဲများမှာ "စိတ်ခိုင်" နှင့် "လွမ်းဝေ" တို့ဖြစ်သည်။

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။

၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့် ရတနာမွန်အပါအဝင် အခြားစာနယ်ဇင်းအမျိုးပေါင်း(၄)ခုတွင် ဗုဒ္ဓဘာသာ၊ ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့သည်။

၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။

၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ဘဝအဓိပ္ပာယ်နှင့်ဘဝသစ္စာ ဖြစ်သည်။

၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၀ - ၇၂ - (၂၄ရက် ဩဂုတ် ၁၉ရဝမှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။

၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထားဝယ်ကောလိပ်၊ ဒဿနိကဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၉ - (၁၉ရက် ဩဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ဘဝခရီးအတွက် အတွေးအမြင်များ ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်သည် ထင်ရှား လူကြိုက်များခဲ့သည်။

၁၉၈၀ - ၈၆ - (၈ရက် ဖေဖော်ဝါရီလ ၁၉၈ဝမှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိကအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိက/ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်နဝါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် ပြန်လည်အမှုထမ်းဆောင်ခဲ့သည်။

၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖော်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉ရထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်သည်။

၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉ရမှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်းခဲ့သည်။

၁၉၉၈ - ဒီဇင်ဘာလတွင် ပရိယတ္တိ သာသနတက္ကသိုလ်(ရန်ကုန်)၊သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရင်း ထေရဝါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရဝါဒဗုဒ္ဓဘာသာမှ ပြန်လည်ချေပချက်များနှင့် စိန်ခေါ်မှုကိုတုံ့ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ကွယ်လွန်သည့်အချိန်ထိ အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ် ထမ်းဆောင်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အငြိမ်းစားယူခဲ့သည်။

၂၀၀၄ - ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ နိုင်ငံတော်မှ ချီးမြှင်သည့် သာသနပြုဆိုင်ရာ ဘွဲ့တဆိပ်ဖြစ်ပြီး "ကြီးကျယ်မြင့်မြတ်၍ သာသနာကို ထွန်းလင်းတောက်ပစေသည့် အောင်လံတော်ကို လွှင်ထူနိုင်သူ" ဟုအဓိပ္ပာယ်ရသည်။ ဓမ္မဗိမ္မာန်မှ ချီးမြှင့်သော တစ်သက်တာဓမ္မစာပေဆု ရရှိခဲ့သည်။


၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်၊ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ၊ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ၊ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည်။ ဆရာသည် ၂၀၀၅ ခုနှစ်တွင် ဒဿနိကဗေဒဆိုင်ရာ ပါရဂူဘွဲ့ကျမ်းကို "The Nature of Pure Fact in Satpatthaha Vipassana" ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်သို့ တင်သွင်းပြီး ပါရဂူဘွဲ့ အပ်နှင်းခြင်းခံရသည်။

၂၀၀၉ - ဆရာဝန်တင်ရွှေ စာပေဆုကို "နောင်တကင်းရာသို့"အမည်ရှိ စာအုပ်ဖြင့် ရရှိခဲ့သည်။

ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ[ပြင်ဆင်ရန်]

  1. ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ(၁၉၇၃)
  2. စိတ်အဆင့်ဆင့်မြင့်တက်ခြင်း သဘာဝ(၁၉၇၅)
  3. ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်(၁၉၇၇)
  4. ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း(၁၉၇၉)
  5. မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း(၁၉၈၀)
  6. အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ(၁၉၈၃)
  7. Through Life's Perils (ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ကို မိုးဟိန်း - သားဂျာနယ်ကျော် ဘာသာပြန်ဆို) (၁၉၈၃)
  8. မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ(၁၉၈၈)
  9. ဖြေဆည်ရာ(၁၉၈၉)
  10. မြန်မာ့ယဉ်ကျေးမှု သင်္ကေတကြာ(၁၉၉၂)
  11. စီးပွားရေးနှင့် စစ်ရေးဗျူဟာ(၁၉၉၂)
  12. အသွင်သဏ္ဌာန်တို့ နောက်ကွယ်၌(၁၉၉၃)
  13. အရိမဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ(၁၉၉၅)
  14. တွေးချိန်ချင့်စရာ(၁၉၉၆)
  15. နက္ခတ်ဗေဒင်နှင့် မြန်မာ့အတွေးအမြင် အစဉ်အလာ(၁၉၉၉)
  16. ထေရဝါဒနှင့် ပတ်သက်သော မှတ်ချက်များ(၂၀၀၁)
  17. မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ(၂၀၀၃)
  18. ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ(၂၀၀၄)
  19. သမုဒ်ပင်လယ်ပြာနှိုင်းပမာ(၂၀၀၈)
  20. နောင်တကင်းရာသို့(၂၀၀၉)
  21. အနေခက်အောင် ကူညီကြသူများ(၂၀၁၁)

သုတေသနစာတမ်းများ[ပြင်ဆင်ရန်]

  • မြန်မာ့ကိုယ်ကျင့်တရားအမြင်နှင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းခြင်း။
  • ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံရှိ ပညာသင်္ကေတကို အနုပညာဆိုင်ရာ သင်္ကေတဝါဒမှ လေ့လာတင်ပြခြင်း။
  • The Response to Nihilism
  • A Study of Cakka Symbol
  • A Study of Lotus Symbol in Bagan Art and Architecture from the Perspective of Religious Symbolism


ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၁ ဩဂုတ်လ ၁၄ ရက် ည ဂ နာရီ ၃၀ မိနစ်ဝန်းကျင်(တနင်္ဂနွေနေ့၊ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့))တွင် ရန်ကုန်ဆေးရုံကြီး၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ (၆၄) နှစ် ရှိပြီ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မာမာ သာ ကျန်ရစ်ပြီး သားသမီး မရှိပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုယ်ရေးအကျဉ်း - အနေခက်အောင်ကူညီကြသူများ(၂၀၁၁)၊နန္ဒာသိန်းဇံ။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]