လာအိုနိုင်ငံ
လာအိုပြည်သူ့ဒီမိုကရတစ်သမ္မတနိုင်ငံတော် ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ Sathalanalat Paxathipatai Paxaxon Lao | |||||
---|---|---|---|---|---|
| |||||
ဆောင်ပုဒ်: ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ ညီညွတ်ရေးနှင့် ကြီးပွားရေး | |||||
နိုင်ငံတော် သီချင်း: Pheng Xat Lao | |||||
![]() | |||||
မြို့တော် | ဗီယင်ကျန်းမြို့ | ||||
အကြီးဆုံးမြို့ | ဗီယင်ကျန်း | ||||
ရုံးသုံး ဘာသာစကားများ | လာအို | ||||
လူမျိုးစု | လော့လုမ်း (၆၇%)၊ လော့သွန်း(၁၄%)၊ လော့စောင်(၉%)၊ ဗီရက်နမ်(၂%) | ||||
ကိုးကွယ်မှု | ဗုဒ္ဓ (၉၈%)၊ ခရစ်ယာန်ဘာသာ (၁.၅%)၊ အခြား (၀.၅%) | ||||
အမျိုးအစား | တစ်ပါတီစနစ် | ||||
အစိုးရ | |||||
• သမ္မတ | Bounnhang Vorachith | ||||
• အထွေထွေ အတွင်းရေးမှူး | Bounnhang Vorachith | ||||
• ဝန်ကြီးချုပ် | Thongloun Sisoulith | ||||
တည်ထောင် | |||||
• လွတ်လပ်ရေး (ပြင်သစ်) | ၁၉ ဇူလိုင် ၁၉၄၉ | ||||
ဧရိယာ | |||||
• စုစုပေါင်း | ၂၃၆,၈၀၀ km² (၉၁,၄၂၉ sq mi) (အဆင့်: ၈၃) | ||||
• ရေထု (%) | ၂.၀ | ||||
လူဦးရေ | |||||
• ခန့်မှန်း | ၅,၆၂၁,၀၀၀[၁] (၂၀၁၄ ဇူလိုင်) (အဆင့် - ၂၀) | ||||
• သိပ်သည်းမှု | ၂၅/km² (၆၅/sq mi) (အဆင့် - ၁၇၇) | ||||
GDP (PPP) | ခန့်မှန်း | ||||
• စုစုပေါင်း | USD $၁၃.၇၅ သိန်းကုဋေ (အဆင့် - ၁၂၉) | ||||
• Per capita | USD $၂,၂၀၀ (အဆင့် - ၁၃၈) | ||||
HDI | ၀.၆၀၁ အလယ် · ၇၈ | ||||
ငွေကြေး | လော့ကစ် (LAK "₭") | ||||
တယ်လီဖုန်းကုဒ် | +၈၅၆ | ||||
Internet TLD | .la |
လာအိုနိုင်ငံ (သို့မဟုတ်) လောနိုင်ငံသည် အရှေ့တောင်အာရှ၏ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီးမြန်မာ ၊ တရုတ် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်လျက် ရှိသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း (၉၁၄၂၉) ၊ (၂၃၆၈၀ဝ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၁၄ ဇူလိုင် စာရင်းများအရ လူဦးရေ ၅,၆၂၁,၀၀၀ ခန့် ရှိသည်။ ပြင်သစ်နယ်ချဲ့တို့၏ အုပ်စိုးမှုမှ ၁၉၄၉ ဇူလိုင် (၁၉) တွင် လွတ်လပ်ရေး ရရှိခဲ့သည်။
လာအိုနိုင်ငံသည် ၁၄ရာစုမှ စ၍ ဘုရင်အုပ်ချုပ်သောတိုင်းပြည်တစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ၁၈ရာစုနှစ်တွင် နိုင်ငံမှာ သုံးခြမ်းကွဲခဲ့သည်။ ၁၈၉၃တွင်လွမ်ပရာဘွမ်ဘုရင့်နိုင်ငံ၊ ဗီယင်ကျန်းဘုရင့်နိုင်ငံနှင့် ချမ်ပါဆက်ဘုရင့်နိုင်ငံဟူသော တိုင်းပြည်၃ခုကို လာအိုနိုင်ငံအဖြစ် စုပေါင်း၍ ပြင်သစ်နယ်ချဲ့တို့၏ အစောင့်အရှောက်ခံနိုင်ငံ (French protectorate) တစ်ခုဖြစ်လာခဲ့သည်။ ဂျပန်တို့သိမ်းပိုက်ခြင်းခံရပြီးနောက် ၁၉၄၅ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ပြင်သစ်နယ်ချဲ့တို့က ပြန်လည်ဝင်ရောက် သိမ်းပိုက်ပြီး ၁၉၄၉တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့သည်။ ၁၉၅၄တွင် ဆီဆာဗန်ဗောင် (Sisavang Vong) ၏ အုပ်ချုပ်မှုအောက်တွင် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်တွင် နှစ်ပေါင်းများစွာပြည်တွင်းစစ်ဖြစ်ပွားခဲ့ရပြီး ၁၉၇၅တွင် ဘုရင်စနစ်ပြုတ်ကျကာ ကွန်မြူနစ်ပက်သက်လာအိုလှုပ်ရှားမှုအဖွဲ့ အာဏာရရှိလာခဲ့သည်။ လာအိုနိုင်ငံသည် တစ်ပါတီစနစ်ကိုကျင့်သုံးသော ဆိုရှယ်လစ်သမ္မတနိုင်ငံတစ်ခုဖြစ်ပြီး မြို့တော်မှာ ဗီယင်ကျန်းမြို့ ဖြစ်သည်။ အခြားထင်ရှားသောမြို့ကြီးများမှာ လွမ်ပရာဘွမ်၊ ဆဗ္ဗန္နခက်နှင့် ပက်ဆီ တို့ဖြစ်ကြသည်။ တရားဝင်ရုံးသုံးဘာသာစကားမှာ လာအိုဘာသာစကားဖြစ်သည်။ လာအိုလူမျိုးမှာ လူဦးရေအများဆုံးဖြစ်ပြီး အခြားတိုင်းရင်းသားများလည်း အတော်အသင့်ရှိသည်။ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့နှင့်အပြိုင် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်လာပြီး ဓာတ်သတ္တုကြွယ်ဝမှုကြောင့် စီးပွားရေး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေလျှက် ရှိသည်။[7]အာရှပစိဖိတ်ကုန်သွယ်ရေးသဘောတူစာချုပ်(APTA) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ခုနှစ်တွင် လျှောက်ထားခဲ့သည်။
မာတိကာ
အမည်ရင်းမြစ်[ပြင်ဆင်ရန်]
လာအိုနိုင်ငံကို လာအိုဘာသာစကားဖြင့် မွမ်လာအို "Muang Lao" (ເມືອງລາວ) သို့မဟုတ် ထိုင်းဘာသာစကား ဖြင့် ပရာထက် လာအို "Pathet Lao" ဟုခေါ်ဆိုပြီး လာအိုနိုင်ငံဟု အဓိပ္ပါယ်ရသည်။ ၁၈၉၃တွင် သုံးခြမ်းကွဲပြားနေသော လာအိုဘုရင့်နိုင်ငံများကို စုပေါင်း၍ လူများစုဖြစ်သော လာအိုလူမျိုးများ၏ အမည်ကိုယူကာ ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီနယ်အတွင်းတွင် လာအိုနိုင်ငံအဖြစ် သွတ်သွင်းအုပ်ချုပ်ခဲ့သည်။
သမိုင်း[ပြင်ဆင်ရန်]
လင်းဇင်းခေတ် (၁၃၅၃-၁၈၉၃)[ပြင်ဆင်ရန်]
(မြန်မာဘုရင်ခေတ်က လင်းဇင်းဟု ခေါ်ဝေါ်သည်။) လာအိုနိုင်ငံ၏သမိုင်းသည် လင်းဇင်း(ဆင်တစ်သန်း)ဘုရင့်နိုင်ငံမှ အစပြုသည်ဟု ဆိုနိုင်သည်။ ၁၄ရာစုနှစ်တွင် လာအိုစစ်ဘုရင်တစ်ဦးဖြစ်သော ဖငွန် (Fa Ngum) က ခမာစစ်သည် တစ်သောင်းဖြင့် ဗီယင်ကျန်းမြို့ကို သိမ်းပိုက်ပြီး လင်းဇင်းနိုင်ငံကို တည်ထောင်ခဲ့သည်။ ဖငွန်သည် ရှေးရှေးသော ခွန်ဘိုလွန် (Khoun Boulom) လာအိုမင်းမျိုးများမှ ဆင်းသက်လာသူတစ်ဦးတစ်ဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာကာ တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ နှစ်ပေါင်း ၂၀ အတွင်း လင်းဇင်းတိုင်းပြည်သည် အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံနှင့်နယ်စပ်ဖြစ်သော ချမ်ပါနှင့် အန်နာမိုက်တောင်တန်းအထိ ကျယ်ဝန်းလာခဲ့သည်။ ကြင်နာသနားမှုနည်းပါးသော ဖငွန်ကို သူ၏မှူးမတ်များက ပုန်ကန်သဖြင့် ထိုင်းနိုင်ငံ နန်ပြည်နယ်သို့ ၁၃၇၃တွင် ထွက်ပြေးခဲ့သည်။ ထိုဒေသတွင် ဖငွန်သေဆုံးပြီးနောက် ဖငွန်၏သားအကြီးဆုံးဖြစ်သူ အွန်ဟွမ် (Oun Heuan)က ဆမ်ဆင်ထိုင်း (Samsenthai) ဟုဘွဲ့အမည်ခံကာ တိုင်းပြည်ကို ၄၃နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းမင်းလက်ထက်တွင် လန်ဆန်းတိုင်းပြည်သည် ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့သည်။ ၁၄၂၁ခုနှစ် အွန်ဟွမ် သေဆုံးပြီးနောက်တွင် လင်းဇင်းပြည်ပြိုကွဲပျက်စီးကာ စစ်ဘုရင်နိုင်ငံများအဖြစ် နှစ်ပေါင်း(၁၀၀)ကျော်ကြာ တိုက်ခိုက်နေခဲ့ကြသည်။
မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ၁၅၂၀တွင် နန်းတက်လာသော ဖိုတီဆာရပ် (Photisarath) ဘုရင်သည် မြို့တော်ကို လွမ်ပရာဘွမ်မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဖိုတီဆာရပ်လုပ်ကြံခံရပြီးနောက် ၁၅၄၈တွင် သားဖြစ်သူ ဆက်သာသီရပ် နန်းတက်လာခဲ့သည်။ ဆက်သာသီရပ်သည် ကမ္ဘောဒီးယားပြည်သို့ စစ်ချီရာမှ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး လင်းဇင်းပြည် တစ်ဖြည်းဖြည်း ကျဆုံးဆုတ်ယုတ်လာခဲ့သည်။ ၁၆၃၇ခုနှစ်တွင် နန်းတက်လာသော ဆိုရီငါဗောင်ဆာ (Sourigna Vongsa) လက်ထက်တွင် လန်ဆန်းပြည်သည် နယ်စပ်ဒေသများ ချဲ့ထွင်နိုင်ခဲ့ပြီး ၎င်းအုပ်စိုးသောအချိန်ကာလကို လာအိုတို့၏ရွှေခေတ်ဟုဆိုနိုင်သည်။ ၎င်းသေဆုံးပြီးနောက် ဆက်ခံမည့်သူမရှိသည့်အတွက် လင်းဇင်းတိုင်းပြည်သည် သုံးခြမ်းကွဲခဲ့သည်။ ၁၇၆၃မှ ၁၇၆၉ခုနှစ်များတွင် လာအိုမြောက်ပိုင်းသည် မြန်မာတို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံရပြီး လွမ်ပရာဘွမ်သည် မြန်မာတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ချမ်ပါဆက်မှာလည်း ထိုင်းတို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။
ထိုင်းတို့က ချောင်အနုဗောင်ကို ဗီယင်ကျန်းဘုရင်ခံအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ၎င်းမင်းသည် လာအိုအနုပညာ၊ စာပေတို့ကို အားပေးခဲ့ပြီး လွမ်ပရာဘွမ်နှင့်လည်း ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ၎င်းကို ထိုင်းတို့ထံ သစ္စာခံရန်ဖိအားပေးခံရသော်လည်း လက်မခံပဲ ပုန်ကန်ခဲ့သဖြင့် ထိုင်းတို့က ဗီယင်ကျန်းကို သိမ်းပိုက်ပြီး အနုဗောင်ကို အကျဉ်းသားအဖြစ် ဘန်ကောက်သို့ ခေါ်ဆောင်ခဲ့သည်။
ပြင်သစ်အုပ်ချုပ်ခံလာအို (၁၈၉၃-၁၉၅၄)[ပြင်ဆင်ရန်]
၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက် (Black Flag) တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရပြီး ပြင်သစ်တို့က လာအိုဘုရင် အွန်ခမ် (Oun Kham) ကို ကယ်တင်ခဲ့သည်။ ယင်းနောက် ပြင်သစ်တို့က ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီနယ်အတွင်းသွတ်သွင်းပြီး ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ခဲ့သည်။ မကြာမီမှာပင် ချမ်ပါဆက်ဘုရင့်နိုင်ငံနှင့် ဗီယင်ကျန်းနယ်မြေတို့ကိုပါ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ်သတ်မှတ်ခဲ့သည်။ ပြင်သစ်တို့၏လက်အောက်တွင် လာအိုနိုင်ငံအဖြစ် တစ်ဖန်ပြန်လည်စုစည်းခဲ့ပြီး လွမ်ပရာဘွမ် ဘုရင် ဆီဆာဗန်ဗောင် (Sisavang Vong) က အုပ်ချုပ်သူဖြစ်လာခဲ့သည်။ ဗီယင်ကျန်းသည် မြို့တော်ဖြစ်လာခဲ့သည်။ လာအိုသည် အင်္ဂလိပ်လွှမ်းမိုးသော ထိုင်းနိုင်ငံနှင့် ပြင်သစ်တို့၏ စီးပွားရေးအချက်အချာကျရာ အန်နန်နှင့် တုံကင်းနယ်တို့ကို စည်းခြားရာ ကြားခံနယ်မြေ (Buffer State) သက်သက်သာ ဖြစ်ခဲ့ပြီး ပြင်သစ်တို့အတွက် အရေးမပါခဲ့ပေ။ ပြင်သစ်လက်အောက်တွင် ယောက်ျားတိုင်း တစ်နှစ်တွင် (၁၀)ရက် ကိုလိုနီအစိုးရအတွက် လုပ်အားလုပ်ပေးရသော ကော်ဗီးစနစ် (corvee) ကို ပြဋ္ဌာန်းခဲ့သည်။ သံဖြူ၊ ရာဘာနှင့် ကော်ဖီတို့ထွက်သော်လည်း ၎င်းထွက်ကုန်များသည် ပြင်သစ်အင်ဒိုချိုင်းနား၏ ပို့ကုန်အားလုံး၏ ၁%ထက်မပိုခဲ့ပေ။ ၁၉၄၀ စာရင်းအရ ပြင်သစ်လူမျိုး ၆၀၀ ခန့်သာ နေထိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ လက်အောက်သို့ကျရောက်ခဲ့ရပြီး ၁၉၄၅တွင် လွတ်လပ်ရေးကြေညာခဲ့သည်။ သို့ရာတွင် ပြင်သစ် ချားစ်ဒီဂေါလ် အစိုးရက လာအိုသည် ပြင်သစ်တို့ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း ကြေညာကာ ၁၉၅၀တွင်မှ ပြင်သစ်ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၅၄တွင် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် လုံးဝလွတ်လပ်ရေး မကြေညာမီအချိန်ထိ လာအိုနိုင်ငံကို ပြင်သစ်တို့က အုပ်ချုပ်ခဲ့သည်။
လာအိုဘုရင့်နိုင်ငံနှင့်ပြည်တွင်းစစ် (၁၉၅၄-၁၉၇၅)[ပြင်ဆင်ရန်]
အသေးစိတ်အကျယ်သိရှိလိုပါက လာအိုဘုရင့်နိုင်ငံ နှင့် လာအိုပြည်တွင်းစစ် ဆောင်းပါးများကို ဖတ်ရှုပါရန်။
ဂျီနီဗာသဘောတူညီချက်မှ အထူးခြွင်းချက်အရ ပြင်သစ်တို့က ကွန်မြူနစ်ပက်သက်လာအိုတို့အား တိုက်ခိုက်နေသော တော်ဝင်လာအိုဘုရင့်တပ်မတော်အား ဆက်လက် ထောက်ပံ့ကူညီခဲ့သည်။ ၁၉၅၅တွင် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနမှ ထိုပြင်သစ်တို့၏ကူညီမှုတို့ကို အစားထိုးရန် ပြင်ဆင်သည့်အနေဖြင့် Programs Evaluation Office ကို တည်ထောင်ခဲ့သည်။ လာအိုသည် ဗီယက်နမ်စစ်ပွဲအတွင်း ဆွဲသွင်းခြင်းခံရပြီး လာအိုအရှေ့ပိုင်းနယ်မြေများသည် မြောက်ဗီယက်နမ်တို့ကို ညီရင်းအစ်ကိုပမာ ကူညီပေးခဲ့ကြသည်။ တောင်ဗီယက်နမ်အားတိုက်ခိုက်ရန်အတွက် မြောက်ဗီယက်နမ်တို့အား လာအိုတို့က မိမိနယ်မြေကို အသုံးပြုခွင့်ပေးခဲ့သည်။ အကျိုးဆက်အားဖြင့် အမေရိကန်တို့က မြောက်ဗီယက်နမ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကွန်မြူနစ်လာအိုများကို ဆန့်ကျင်သည့် အဖွဲ့များအား စဉ်ဆက်မပြတ်ထောက်ပံ့ကူညီကာ တောင်ဗီယက်နမ်ကိုလည်း လာအိုနိုင်ငံအတွင်းသို့ ကျူးကျော်တိုက်ခိုက်စေခဲ့သည်။ ယင်းအကြောင်းတရားများက လာအိုပြည်တွင်း မငြိမ်မသက်မှုများ ပိုမိုတိုးပွားလာခဲ့ပြီး အာဏာသိမ်းခြင်းများ ဆက်တိုက်ဖြစ်ပွားကာ နောက်ဆုံးတွင် တော်ဝင်လာအိုဘုရင့်တပ်မတော်နှင့် ကွန်မြူနစ်ပက်သက်လာအိုတပ်များအကြား တိုက်ခိုက်ကြသော လာအိုပြည်တွင်းစစ်ကြီး ပေါ်ပေါက်လာခဲ့ရသည်။
လာအိုပြည်တွင်းစစ်တွင် ကွန်မြူနစ်ပက်သက်လာအိုတို့ကို မြောက်ဗီယက်နမ်တပ်များက နောက်ကွယ်မှ အကူအညီပေးခဲ့ကြသည်။ ၁၉၆၈တွင် မြောက်ဗီယက်နမ်တပ်များက ကွန်မြူနစ်လာအိုတပ်များဖက်မှကူညီတိုက်ခိုက်ပေးခဲ့ကြသည်။ တော်ဝင်လာအိုဘုရင့်တပ်များဖက်မှ အမေရိကန်နှင့်ထိုင်းတို့က ဝင်ရောက်ကူညီပေးခဲ့ကြပြီး လူ့အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့သည်။ အမေရိကန်မှအကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဂါးဒီးယန်းသတင်းဌာန၏အဆိုအရ ၁၉၆၄မှ ၁၉၇၃အတွင်း အမေရိကန်မှ (၈)မိနစ်တစ်ကြိမ်၊ တစ်ရက်တွင် ၂၄နာရီလုံးလုံး၊ ဘီ-၅၂ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းပမာဏသည် ဒုတိယကမ္ဘာစစ်အတွင်း လာအိုအပေါ်ကြဲချခဲ့ရသော ဗုံးပမာဏထက်ပင် ပိုမိုများပြားသည်ဟု သိရသည်။ အထူးသဖြင့် ဂျားစ်လွင်ပြင် ရှန်ခွန်ပြည်နယ်သို့ ဗုံးပေါင်း သန်းပေါင်း ၂၆၀ခန့်ကြဲချခဲ့ပြီး သန်းပေါင်း ၈၀ကျော်မှာ မပေါက်ကွဲပဲ ကျန်ရစ်နေခဲ့သည်။ ကမ္ဘာပေါ်တွင် လူတစ်ဦးချင်းအလိုက် ဗုံးအများဆုံး အကြဲခံရသော တိုင်းပြည်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ထိုစဉ်က အတွဲလိုက်ဗုံးများဒဏ်ကို ခါးစည်းခံခဲ့ရသော လာအိုတို့သည် ၂၀၁၀ နိုဝင်ဘာလတွင် အတွဲလိုက်ဗုံးများတားမြစ်ရေးညီလာခံကျင်းပရာတွင် ရှေ့တန်းမှ တွက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၇၅ ဒီဇင်ဘာ ၂ရက်နေ့တွင် ဆိုဗီယက်နောက်ခံဖြင့် ဗီယက်နမ်ပြည်သူ့တပ်မတော်၏ ကူညီမှုနှင့်အတူ ကွန်မြူနစ်ပက်သက်လာအိုတို့က တော်ဝင်လာအိုဘုရင့်တပ်မတော်ကို တိုက်ခိုက်ပြီး ဘုရင် ဆာဗန်ဗဿနာကို ဖမ်းဆီးခဲ့သည်။ ဆာဗန်ဗဿနာသည် အဖမ်းခံထားရစဉ်အတွင်း သေဆုံးခဲ့သည်။
ကွန်မြူနစ်လာအို (၁၉၇၅-ယနေ့)[ပြင်ဆင်ရန်]
၁၉၇၅ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့တွင် တိုင်းပြည်ကိုထိန်းချုပ်ပြီးသောအခါ ကေဆုန်ဖုန်ဗီဟိန်း (Kaysone Phomvihane) ဦးဆောင်သော ပက်သက်လာအိုအစိုးရသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအဖြစ် နာမည်ပြောင်းခဲ့ပြီး သဘောတူစာချုပ်များအရ ဗီယက်နမ်တပ်များနေထိုင်ခွင့်နှင့် ဗီယက်နမ်စစ်အကြံပေးများထားရှိခွင့်ကို သဘောတူညီခဲ့သည်။ ၁၉၇၉တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ တောင်းဆိုချက်အရ လာအိုနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့ရပြီး ယင်းအဖြစ်များကြောင့် လာအိုနိုင်ငံသည် တရုတ်၊ အမေရိကန်နှင့် အခြားတိုင်းပြည်အချို့နှင့် ကုန်သွယ်ရေး ပြတ်တောက်ကာ စီးပွားရေးပါ ထိခိုက်ခဲ့ရသည်။
ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]
အသေးစိတ်အကျယ်သိရှိလိုပါက လာအိုနိုင်ငံပထဝီဝင် ဆောင်းပါးတွင် ကြည့်ရှုပါရန်
လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ အရှေ့လောင်ဂျီကျု ၁၀၀° နှင့် ၁၀၈° အကြား၊ မြောက်လတ္တီကျု ၁၄° နှင့် ၂၃° အကြား တွင် တည်ရှိသည်။ တောတောင်ထူထပ်ပြီး အမြင့်ဆုံး နေရာမှာ ဖိုဘီယာ (Phou Bia) ဖြစ်၍ ၂,၈၁၇ မီတာ (၉,၂၄၂ ပေ) မြင့်သည်။ မဲခေါင်မြစ်သည် တိုင်းပြည်၏ အနောက်ဖက်တွင် ထိုင်းနိုင်ငံ နှင့် နယ်ခြားအဖြစ် တည်ရှိနေပြီး အရှေ့ဖက်တွင် အန်နာမိုက်တောင်တန်းသည် ဗီယက်နမ်နှင့် နယ်ခြားအဖြစ် တည်ရှိနေသည်။ ရာသီဥတုမှာ အပူပိုင်းမုတ်သုန်ရာသီဥတုမျိုးဖြစ်သည်။ [၂]
မေလမှ နိုဝင်ဘာလအထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီဇင်ဘာမှ ဧပြီလအထိ အလွန် ခြောက်သွေ့သည်။ ဒေသခံတို့အလိုအရ နွေ၊ မိုး၊ ဆောင်း ရာသီ၃မျိုးရှိသည်။ မြို့တော်မှာ အကြီးဆုံးမြို့ဖြစ်သော ဗီယင်ကျန်းဖြစ်ပြီး အခြားထင်ရှားသော မြို့ကြီးများမှာ လွမ်ပရာဘွမ် (Luang Prabang)၊ သုဝဏ္ဏခေတ် (Savannakhet) နှင့် ပက်ဆီ (Pakse) တို့ဖြစ်ကြသည်။
၁၉၉၃တွင် တိုင်းပြည်၏ ၂၁%သော မြေကို ထိန်းသိမ်းရန် ပြဋ္ဌာန်းခဲ့သည်။ [၃]
လာအိုနိုင်ငံကို ပထဝီဝင်အနေအထားအရ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဟူ၍ သုံးပိုင်းခွဲခြား နိုင်သည်။ [၄] လာအိုနိုင်ငံသည် အင်ဒိုချိုင်းနားကျား ၊ အာရှကျွဲကြီးမျိုးနှင့် အာရှဆင်တို့၏ အဓိက ကျက်စားရာ ဖြစ်သည်။ တိရစ္ဆာန် မျိုးစိတ်အသစ်ပေါင်းများစွာကိုလည်း ပြီးခဲ့သော နှစ်များအတွင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။
အုပ်ချုပ်ရေးနယ်မြေအပိုင်းအခြားများ[ပြင်ဆင်ရန်]
လာအိုနိုင်ငံကို ပြည်နယ် (province or qwang) ၁၆ခု၊ ဗီယင်ကျန်းမြို့တော်ပါဝင်သော ခရိုင်ကြီး (prefecture or Nakhonluang Viengchan) ၁ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်များကို ခရိုင်များ (District or muang) များ အဖြစ် ထပ်မံ ခွဲခြားထားသည်။ [၅]
ပြည်နယ်များ[ပြင်ဆင်ရန်]
စဉ် | ပြည်နယ် | မြို့တော် | ဧရိယာ (km²) | လူဦးရေ |
---|---|---|---|---|
1 | အတ္တပူး (Attapeu) | အတ္တပူး | 10,320 | 114,300 |
2 | ဗော်ကောက် (Bokeo) | Ban Houayxay | 6,196 | 149,700 |
3 | ဗော်လိခမ်စိုင် (Bolikhamsai) | Paksan | 14,863 | 214,900 |
4 | ကျမ်ပါစက် (Champasak) | Pakse | 15,415 | 575,600 |
5 | ဟွာဖန် (Hua Phan) | Xam Neua | 16,500 | 322,200 |
6 | ခမ်းမွောင်း (Khammouane) | Thakhek | 16,315 | 358,800 |
7 | လွမ်နမ်းထား (Luang Namtha) | Luang Namtha | 9,325 | 150,100 |
8 | လွမ်ပရာဘွမ် (Luang Phrabang) | လွမ်ပရာဘွမ် | 16,875 | 408,800 |
9 | ဥတ္တမဇယ (Oudomxay) | Muang Xay | 15,370 | 275,300 |
10 | ဖောင်းသာလိ (Phongsali) | ဖောင်းသာလိ | 16,270 | 199,900 |
11 | ဇယပုရီ (Sainyabuli) | ဇယပုရီ | 16,389 | 382,200 |
12 | သာလဝန (Salavan) | သာလဝန | 10,691 | 336,600 |
13 | သုဝဏ္ဏခေတ် (Savannakhet) | သုဝဏ္ဏခေတ် | 21,774 | 721,500 |
14 | စီကောင် (Sekong) | စီကောင် | 7,665 | 83,600 |
15 | ဗီယင်ကျန်းဒေသ (Vientiane Prefecture) | ဗီယင်ကျန်း | 3,920 | 726,000 |
16 | ဗီယင်ကျန်း (Vientiane Province) | Muang Phon-Hong | 15,927 | 373,700 |
17 | ချင်းခွမ်း (Xiangkhouang) | Phonsavan | 15,880 | 37,507 |
နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]
လာအိုနိုင်ငံသည် ကွန်မြူနစ် တစ်ပါတီစနစ် ကျင့်သုံးသော ဆိုရှယ်လစ်သမ္မတနိုင်ငံ ဖြစ်သည်။ တစ်ခုတည်းသော ပါတီမှာ လာအိုပြည်သူ့တော်လှန်ရေးပါတီ Lao People's Revolutionary Party (LPRP) ဖြစ်ပြီး နိုင်ငံ့အကြီးအကဲမှာ သမ္မတ ဖြစ်ပြီး LPRP ခေါင်းဆောင်ဖြစ်သူ ချွမ်မလီဆာယာဆုန် (Choummaly Sayasone) ဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲမှာ ဝန်ကြီးချုပ် သွန်ဆင်သမားဗောင် (Thongsing Thammavong) ဖြစ်သည်။ အစိုးရမူဝါဒများကို ပါတီမှချမှတ်ပေးပြီး ဗဟိုဦးစီးကော်မတီအဖွဲ့တွင် အဖွဲ့ဝင် (၄၉)ဦး ရှိသည်။ အရေးပါသော အစိုးရအဖွဲ့ ဆုံးဖြတ်ချက်များကို ဝန်ကြီးများကောင်စီ (Council of Ministers) ကဆုံးဖြတ်သည်။
လာအိုနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သစ်ဘာသာဖြင့် ရေးထားပြီး ၁၉၄၇ခုနှစ် မေလ ၁၁ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ပြင်သစ်ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းပြည်တစ်ခုဖြစ်သည်။ ထို့နောက် ၁၉၅၇ မေလ ၁၁ရက်နေ့တွင် ပြင်သစ်ပြည်ထောင်စုဆိုသည်ကို ဖြုတ်ပစ်ပြီး အခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။ ၁၉၅၇ အခြေခံဥပဒေသည် ၁၉၇၅ ကွန်မြူနစ်တို့အာဏာရလာသောအခါတွင် အဆုံးသတ်သွားသည်။ ကွန်မြူနစ် LPRP ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို အလေးပေးထားသော ၁၉၉၁ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၉၀တွင် သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီးဖြစ်သူ သွန်ဆွက်ဆေဆန်ခီ (Thongsouk Saysangkhi) က နိုင်ငံရေးပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် ဆော်ဩကာ ပါတီနှင့် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ သူသည် အဖမ်းခံရပြီး ၁၉၉၈တွင် သေဆုံးခဲ့သည်။ [၆] ၁၉၉၂တွင် ၈၅နေရာရှိသော ၅နှစ်သက်တမ်းရှိ အမျိုးသားညီလာခံ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ အမတ်နေရာကို ၁၉၉၇တွင် ၉၉နေရာနှင့် ၂၀၀၆ခုနှစ်တွင် ၁၁၅နေရာအထိ တိုးချဲ့ခဲ့သည်။
မုံလူမျိုးပြဿနာ[ပြင်ဆင်ရန်]
လာအိုအစိုးရသည် မုံလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်နေကြောင်း အစွပ်စွဲခံရသည်။ [၇] လာအိုပြည်တွင်းစစ်ဖြစ်ပွားခဲ့စဉ်က မုံလူမျိုးအချို့သည် စီအိုင်အေ၏ ကျောထောက်နောက်ခံဖြင့် လာအိုဘုရင့်တပ်မတော်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကွန်မြူနစ် ပက်သက်လာအိုများ အောင်ပွဲရပြီးနောက်တွင် မုံလူမျိုးပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁၉၇၇တွင် ကွန်မြူနစ်သတင်းစာမှတဆင့် အမေရိကန်အားကိုးများအား အမြစ်ပါမကျန် တိုက်ထုတ်ပစ်မည်ဟု ကြွေးကြော်ခဲ့သည်။ မုံလူမျိုး ၂သိန်းခန့်သည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတမ်းရှောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ အခြေချနေထိုင်ကြသည်။ မုံလူမျိုးစုသူပုန်များသည် နှစ်ပေါင်းများစွာကြာသည်အထိ တော်တောင်များထဲတွင် ပုန်းအောင်းတိုက်ခိုက်နေဆဲ ဖြစ်သည်။ [၈]
နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်ဆင်ရန်]
စီးပွားရေး[ပြင်ဆင်ရန်]
စိုက်ပျိုးရေး[ပြင်ဆင်ရန်]
ပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး အများစုမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွင် ပါဝင်နေကြသည်။ ပုံမှန်နှစ်များ တွင် လာအိုနိုင်ငံ သည် ဆန်ဖူလုံသည်။ ပုဂ္ဂလိက လယ်ယာပိုင်ဆိုင်မှုနှင့် ဈေးကွက်ဆွဲဆောင်မှုများ အောင်မြင် နေကြောင်း ထင်ဟပ်နေပေသည်။ အမျိုးမျိုးသော ရိက္ခာသီးနှံများအပြင် ကြံ၊ ဆေးရွက်ကြီး၊ ကော်ဖီကဲ့သို့သော ရောင်းချရန် စိုက်ပျိုးသည့် သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ မည်သို့ ဆိုစေ လယ်ယာကုန်ထုတ်လုပ်မှုမှာ သဘာဝဖောက်ပြန်မှုများပေါ်တွင်လည်း မှီတည်နေပေသည်။ လာအိုတွင် မိုးခေါင်ခြင်းနှင့် ရေလွှမ်းခြင်းများ ကြုံတွေ့ရတတ်သည်။ တခါတရံ တစ်နှစ်တည်းတွင် ၂ မျိုးလုံးနှင့် ကြုံရသည်လည်းရှိသည်။ ဆန်စပါးထွက်ရှိမှု၏ အများစုကို တောင်ပေါ်ဒေသ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း (သစ်တောများကို ခုတ်ထွင် ရှင်းလင်း နှစ်အနည်းငယ်ကြာ သီးနှံစိုက်ပြီး စွန့်ပစ်ကာ သစ်တောပြန်ဖြစ်စေခြင်း) မှ ရရှိသည်။ အစိုးရက ဤစံနစ်ကြောင့် သစ်တောများ ပြုန်းတီးရသဖြင့် တောင်ပေါ်နေသူ များအား မြေပြန့်တွင် အခြေတကျ စိုက်ပျိုးရေးလုပ်ရန် ပြန်လည်နေရာချထားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အစိုးရအတွက် အခြားပြဿနာတစ်ရပ်မှာ ဘိန်းစိုက်ပျိုးခြင်းဖြစ်သည်။ အထူးသဖြင့် မုန်း ဟုခေါ်သော တောင်ပေါ်သားတို့ စိုက်ပျိုးခြင်းဖြစ်သည်။ ဘိန်းစိုက်ပျိုးမှု၏ အကျိုးအမြတ် ရရှိနိုင်မှု၊ စိုက်ပျိုးဒေသများသို့ လက်လှန်းမမီမှုများကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ချရေးမှာ အကန့်အသတ်ဖြင့်သာ အောင်မြင်မှုရှိသေးသည်။ လာအို၏ ကျယ်ပြောလှသော သစ်တောများမှ ကျွန်းနှင့်အခြားသစ်များ၊ ဘင်ဇိုအင်သစ်စေး၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ချိတ်များ ထွက်ရှိသည်။ သစ်တောပြုန်းတီးမှုမှာ လောင်စာအတွက် ထင်းခုတ်ခြင်းကြောင့် ဖြစ်သည်။ သစ်တောပြုန်း၍ တောင်စောင်းများတွင် တိုက်စားမှုများဖြစ်ပေါ်ခြင်း၊ မြစ်ချောင်းများတွင် အနယ်ကျခြင်းများ ဖြစ်ပေါ်စေပြီး ရေကြီးမိုးခေါင်ခြင်းများကို ပိုမိုဆိုးရွားစေသည်။ သစ်ခုတ်လှဲမှုကို အစိုးရက ထိန်းချုပ်နိုင်ရန်မှာလည်း ဆက်သွယ်ရေးအခက်အခဲရှိခြင်း၊ တရားမဝင် ခုတ်လှဲမှုများ အလွန်အမင်း များပြားခြင်းကြောင့် အခက်အခဲများတွေ့လျှက်ရှိသည်။ ငါးဖမ်းခြင်းမှာအနိမ့်ပိုင်းနေသူများအတွက်အရေးပါလှသည်။ငါးမွေးမြူမှုများတိုးတက်လာသည်။တိရိစ္ဆာန်မွေးမြူရေးမှာလည်း၁၉၈၀ပြည့်နှစ်ကစ၍အရေးပါလာသည်။[၉]
လူဦးရေနှင့် ပျံ့နှံ့နေထိုင်မှု[ပြင်ဆင်ရန်]
အယူဘာသာများ[ပြင်ဆင်ရန်]
ယဉ်ကျေးမှု[ပြင်ဆင်ရန်]
လာအိုနိုင်ငံ၏ ယဉ်ကျေးမှုတွင် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုများ တွေ့ရသည်။ ဘာသာစကားမှအစ ဘုရား ၊ ကန် ၊ ကျောင်း ၊ စာပေ နှင့် အနုပညာများအထိ ဗုဒ္ဓဘာသာ၏ ရိုက်ခတ်မှုများစွာ ပါဝင်သည်။ လာအို တေးဂီတများကို ရိုးရာ တူရိယာများဖြင့် တီးခတ်ကြသည်။
ဆန်ကို အဓိက စားသုံးကြပြီး ရိုးရာ အစားအသောက်များလည်း ရှိသည်။
အားကစား[ပြင်ဆင်ရန်]
ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ http://www.nsc.gov.la/en/PDF/update%20Population%20%202005.pdf
- ↑ Laos – Climate။ Countrystudies.us။ 23 January 2011 တွင် ပြန်စစ်ပြီး။
- ↑ Laos travel guides။ Indochinatrek.com။ 23 January 2011 တွင် ပြန်စစ်ပြီး။
- ↑ national Statistics Centre။ Nsc.gov.la။ 23 January 2011 တွင် ပြန်စစ်ပြီး။
- ↑ National Statistics Centre။ Nsc.gov.la။ 23 January 2011 တွင် ပြန်စစ်ပြီး။
- ↑ Amnesty International (29 April 1998)။ Thongsouk Saysangkhi's death။
- ↑ Unrepresented Nations and Peoples Organization။ WGIP: Side event on the Hmong Lao, at the United Nations။ 20 April 2011 တွင် ပြန်စစ်ပြီး။
- ↑ The Times။ "No way out"၊ 30 July 2006။
- ↑ http://gms-ain.moai.gov.mm/subpage.asp?Line=2&ParentClassName=Lao%20PDR&MenuName=%E1%80%9C%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() | ||
![]() ![]() ![]() | ||||
![]() | ||||
![]() |
![]() |
![]() |
|