သာဓု (ဒါရိုက်တာ)
သာဓု (၁၉၁၈ - ၁၉၉၁) သည် ထင်ရှားသည့် ရုပ်ရှင် ဒါရိုက်တာ နှင့် စာရေးဆရာ ဖြစ်သည်။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သခင်ဖေသန်း အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။သူ ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သော ကကြီးရေ က ဇာတ်ကား ဖြင့် ၁၉၅၉ ခုနှစ် တွင်လည်းကောင်း၊အငိုလွယ်သည် ဇာတ်ကားဖြင့် ၁၉၆၀ ခုနှစ် တွင်လည်းကောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(ဒါရိုက်တာဆု)များ ရရှိခဲ့သည်။
ကိုယ်ရေးဖြစ်စဉ်
[ပြင်ဆင်ရန်]ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာ သာဓု ခေါ် သခင်ဖေသန်းကို အဖ ဦးမြမောင်၊ အမိ ဒေါ်ဖွားမျှင် တို့က ၁၉၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ သာဓုသည် ရန်ကုန်ဟိုက်စကူးကျောင်းတွင် ကိုးတန်းအထိ ပညာသင်ကြား ခဲ့သည်။ တို့ဗမာအစည်းအရုံးသို့ ဝင်၍ ၁၃ဝဝ ပြည့် ရေနံမြေသပိတ်တွင် အသေခံဗိုလ်အဖြစ် ပါဝင်ချီတက်ခဲ့သည်။၁၉၄၇ - ၄၈ ခုနှစ်တွင် ပူတူတူးလေး ဆေးပေါင်ဒါလုပ်ငန်း လုပ်ကိုင်ရင်း သွေးသောက် ဦးပြည့်စုံနှင့် တွေ့ရာမှ ဝတ္ထု၊ ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဝန်ကြီးတမတ်ဝတ္ထုတိုကို စတင်ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဒါတွေပြင် ပြုပြင်ရေးစာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပဒေသာမဂ္ဂဇင်း ထုတ်ဝေရာ၌ ပါဝင်ခဲ့သည်။
သာဓုသည် ချစ်စံနမူနာ၊ တပ်ထဲက မြတ်ကိုကို၊ အသက်၊ အတာ၊ တဇောက်ကန်း အစရှိသော လုံးချင်း ဝတ္ထု ၂ဝ ကျော်နှင့် သာဓု လူပါးဝတယ် (ကိုယ်တိုင်ရေး ဝတ္ထုဟန် ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်) နှင့် ဝတ္ထုရှည်ပေါင်း ၅ဝဝ ခန့် ရေးသား ခဲ့သည်။
တပ်ထဲကမြတ်ကိုကို ဝတ္ထုဖြင့် ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန်ဆုကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ထိုဝတ္ထုကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပြဋ္ဌာန်း စာအုပ်အဖြစ် သတ်မှတ်ခဲ့သည်။
ရရှိခဲ့သောဆုများ
[ပြင်ဆင်ရန်]သာဓုသည် ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီ ဆုကို ရရှိခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် "အငိုလွယ်သည်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာအကယ်ဒမီဆုကို ဆက်လက် ဆွတ်ခူးခဲ့သည်။
ထို့ပြင် သာဓုသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သခင်ဖေသန်း အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်က နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) ချီးမြှင့် အပ်နှင်းခြင်း ခံရသည်။
ရိုက်ကူးခဲ့သောရုပ်ရှင်ဇာတ်ကားများ
[ပြင်ဆင်ရန်]ဧည့်သည်၊ အကယ်၍သာ၊ ဗိုလ်ကာတွန်း၊ အဖြေ၊ ဖက်ဆစ်ကလပ်၊ အကြင်တို့လင်မယား စသော ရုပ်ရှင်ကား ၁ဝ ကားခန့် ရိုက်ကူးခဲ့သည်။
မိသားစု ဘဝ
[ပြင်ဆင်ရန်]ဆရာမဖြစ်သူ (နောင်တွင် မူလတန်း ကျောင်းအုပ်) ဒေါ်ခင်ညို နှင့် လက်ထပ်သည်။ သားသမီးများမှာ အောက်ပါအတိုင်း ဖြစ်သည် −
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်မွန် နှင့် နောက်အိမ်ထောင်ပြုခဲ့သည်။ မောင်သီချင်း ကိုရေးသော အာယု မှာ ဦးသာဓု နှင့် ဒေါ်မြတ်မွန် တို့၏သားဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဒါရိုက်တာ၊ စာရေးဆရာ သာဓု အဖြစ် လူသိများခဲ့သော သခင်ဖေသန်းသည် `ကြိုး´ဇာတ်ကား ရိုက်ကူးဆဲ `ဒို့ကိုယ်ကျိုး လုံးလုံးမပါ´ လုံးချင်း စာအုပ် ရေးသားဆဲ စာပေ တာဝန်၊ အနုပညာ တာဝန် ထမ်းဆောင်ဆဲ ၁၉၉၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ [၁]
[ပြင်ဆင်ရန်]စဉ် | အမည် | ထုတ်ဝေနှစ် | မှတ်ချက် |
---|---|---|---|
၁ | ချစ်စံနမူ | ၁၉၄၉ | |
၂ | ချစ်ဇနီး ချစ်လင် | ၁၉၅၅ | |
၃ | ချစ်တက္ကသိုလ် | ၁၉၅၂ | |
၄ | ငိုမလို ရည်ယောင်ကာမဲ့မိ လှောင်ပါနဲ့ တိမ်မင်းဝဠာ | ၁၉၈၁ | |
၅ | စစ်ယားအိပ်ဆောင် | ၁၉၅၄ | |
၆ | ဇာတ်လမ်းပမာ | ၁၉၅၄ | |
၇ | တဇောက်ကန်း | ||
၈ | တပ်ထဲက မြတ်ကိုကို | ၁၉၅၁ | စာပေဗိမာန် ဆု |
၉ | ဒါတွေပြင် | ၁၉၄၆ | |
၁၀ | ဒီမျက်နှာလေးကို ချစ်တာ | ၁၉၈၅ | |
၁၁ | နောက်မယား | ၁၉၅၄ | |
၁၂ | နောက်လင် | ၁၉၅၃ | |
၁၃ | လင်မယားဘဝ | ၁၉၅၄ | |
၁၄ | လိင် | ၁၉ရဝ | |
၁၅ | လိင်နှင့် မေမေလတ် | ၁၉၅၆ | |
၁၆ | သာဓု ရေးနည်း ဝတ္ထုတိုများ | ၁၉၅၆ | |
၁၇ | သာဓု လူဝါးဝတယ် | ၁၉၇၆ | |
၁၈ | သာဓု အင်ဆန်းစ် | ၁၉၇၈ | |
၁၉ | အတာ | ၁၉၅၅ | |
၂၀ | အနှစ် | ၁၉၅၂ | |
၂၁ | အနှစ်၏ အနှစ် | ၁၉၅၂ | |
၂၂ | အရသာ | ၁၉၅ဝ | |
၂၃ | အသက် | ၁၉၅၁ | |
၂၄ | အာယုနှင့် မေမေလတ် | ၁၉၇၁ | |
၂၅ | အာယုနှင့် အမွေခံ | ၁၉၅၆ | |
၂၆ | ဩော်…. ချစ်တာ ချစ်တာ ဝတ္ထုတိုပေါင်းချုပ် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်၊ ပညာရွှေတောင် စာအုပ်တိုက် (၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်)