ဒိဋ္ဌိ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ဒိဋ္ဌိ [မှတ်စု ၁] မှာ အယူ၊ အမြင်၊ ဉာဏ်အမြင် ဖြစ်သည်။ အသုံးများသော အဓိပ္ပာယ်မှာမူ ဒိဋ္ဌိသည် မှားသောအယူဝါဒ ဖြစ်သည်။ သမ္မာဒိဋ္ဌိ= မှန်သောအမြင်အယူ၊ မိစ္ဆာဒိဋ္ဌိ= မှားသောအမြင်အယူဟူ၍ သမ္မာနှင့် မိစ္ဆာ ပုဒ်ထူးများ ဆက်ထားသည့် စကားလုံးတို့ သီးခြားရှိစေကာမူ ဒိဋ္ဌိဟုဆိုလျှင် အယူမှန် ဝါဒမှန်ကို ဆိုလိုခြင်း မဟုတ်ပေ။ အယူမှား ဝါဒမှားကိုသာ ရည်ညွန်းသည်က များသည်။ တစ်ခါတစ်ရံ သာမန်အဓိပ္ပာယ်ဖြင့် အယူအမြင်ဝါဒဟု သုံးတတ်၏။ သို့သော် မှန်သောဝါဒကို ဆိုလိုလျှင်ကား သမ္မာ ပုဒ်ထူးဆက်၍သာ ပြတတ်ပေသည်။
မည်သို့ပင်ဖြစ်စေ ဒိဋ္ဌိမှာ အယူဝါဒ၊ အယူမှားဟူ၍ ဝါဒကိုသာ ပြဆိုသောစကားဖြစ်သည်။ တိတ္ထိမှာ သာသနာမှတစ်ပါးသော အယူရှိသူ လူနတ် စသူတို့အား ရည်ညွန်းသည်။ ဒိဋ္ဌိက သက်မဲ့ကို ပြသည်။ တိတ္ထိက သက်ရှိကို ဆိုလိုသည်။[၁]
ဒိဋ္ဌိကြီး လေးပါး[ပြင်ဆင်ရန်]
သမ္ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သောတရား ၄-ပါး။
- (၁) အကိရိယဒိဋ္ဌိ - ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ် ခေါ်သော အကြောင်းတရားစု ပြုမှုတို့ကို ပယ်သောအယူ၊
- (၂) နတ္ထိကဒိဋ္ဌိ- ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး မကောင်းကျိုးဟူသည်မရှိ၊ လူသေက လူ့ဘဝ နတ်ဘဝ အပါယ်ဘဝဟူ၍မရှိ၊ မရောက်၊အပြီးအပြတ်ဟူသော ဝါဒမျိုး၊
- (၃) အဟေတုကဒိဋ္ဌိ- ကောင်းမှု မကောင်းမှု ပြုချင်ရာပြု၊ ကုသိုလ် အကုသိုလ်အရာသို့မရောက်၊ သူ့အသတ်သတ်နိုင်သည်၊ သူ့ဥစ္စာခိုးနိုင်သည်၊ စသော အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သည့်ဝါဒ၊
- (၄) နိယတမိစ္ဆာဒိဋ္ဌိ- အကိရိယဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ ၃- ပါးတို့တွင် တစ်ပါးပါးကိုမြဲမြံစွာ စွဲလမ်းယူထားသော ဝါဒ။[၂]
ဒိဋ္ဌိဖြစ်ကြောင်းရှစ်ပါး[ပြင်ဆင်ရန်]
ခန္ဓ အဝိဇ္ဇာ ဖဿောစ၊ သညာ တက္ကော အယောနိသော၊ ဒုမ္ပိတ္တော ပရတော ဃောသော၊ ဒိဋ္ဌိဌာနာနိ အဌဓာ။
ဒိဋ္ဌိဖြစ်ပေါ်စေသည့်အကြောင်းရင်း ရှစ်ပါးရှိသည်။
- ခန္ဓာကိုယ်နှင့် ပတ်သက်၍လည်းကောင်း၊
- သစ္စာလေးပါးကို မသိ၍ လည်းကောင်း
- အတွေ့အထိနှင့် ပတ်သက်၍လည်းကောင်း
- မှတ်သားမှုနှင့် ပတ်သက်၍လည်းကောင်း
- အကြံအစည်နှင့် ပတ်သက်၍လည်းကောင်း
- နှလုံးသွင်းမှား၍ လည်းကောင်း
- မိုက်မဲသောပုဂ္ဂိုလ်နှင့်ပေါင်းသင်းမိ၍ လည်းကောင်း၊
- သူတစ်ပါး တရားသံနှင့် ပတ်သက်၍လည်းကောင်း ဒိဋ္ဌိ ဖြစ်ပေါ်လာတတ်သည်။[၃]
မှတ်စုများ[ပြင်ဆင်ရန်]
- ↑ တိတ္ထိကို ယေဘုယျအားဖြင့် ဒိတ်ထိဟု အသံထွက်၍ ဆိုကြသည်။ ပါဠိတတ်ကျွမ်းသူထဲ၌ကား တိတ်ထိဟုသာ အသံထွက်သူ များလေသည်။ ဒိတ်ထိဟု အသံထွက်၍ ဆိုခြင်းဖြင့် ဒိဋ္ဌိနှင့် ရောနှောသွား၏။
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဦးစံမြင့်အောင်(ဘီအေ)၏ ဗုဒ္ဓခေတ် တိတ္ထိကြီးများ
- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ။ သုတေသန သရုပ်ပြအဘိဓာန်ကျမ်း။
- ↑ သီဟသုဓမ္မမဏိဇောတဓရ ဦးမြင့်ဆွေ။ မိုးကုတ်ယောဂီလက်စွဲ အမှတ်(၁)ကျမ်း။
![]() | ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |