မိလိန္ဒမင်း

ဝီကီပီးဒီးယား မှ
Menander I
မိလိန္ဒမင်း၏ ပုံတူပန်းချီကားချပ်
အင်ဒို-ဂရိ ဘုရင်
နန်းသက်၁၆၅/၁၅၅–၁၃၀ ဘီစီ
ရှေ့မင်းဆက်Antimachus II
နောက်မင်းဆက်Strato I
မွေးဖွားKalasi, Alexandria of the Caucasus (present day Bagram, Afghanistan)[၁][၂]
ကွယ်လွန်၁၃၀ ဘီစီ
ထာဝရ အိပ်စက်ရာ နေရာStupas across the Indo-Greek Kingdom
ကြင်ရာတော်Agathokleia
သားသမီးများStrato I
စံအိမ်House of Euthydemus
ကိုးကွယ်မှုဗုဒ္ဓဘာသာ

မိလိန္ဒမင်း သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် မင်းတစ်ပါး ဖြစ်၏။ အရှင်နာဂသေန အား မေးခွန်းပုစ္ဆာများမေးမြန်းခဲ့သည့် မင်းဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်းတင်ထားသည့် မိလိန္ဒပဉှာကျမ်းသည် အလွန်ထင်ရှားသည်။[၃]


အရှင်နာဂသေန နှင့် မိလိန္ဒမင်းတို့၏ အတိတ်သမိုင်း[ပြင်ဆင်ရန်]

ကဿပမြတ်စွာဘုရားလက်ထက်တွင် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင် ဖြစ်၏။ တစ်ခုသော နံနက်တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “ဤတံမြက်ချေးကို စွန့်ပစ်ချေလော့” ဟု ဆို၏။ ထိုသို့ ခေါ်ပါသော်လည်း သာမဏေသည် မကြားယောင် ပြုကာ သွားမြဲအတိုင်း သွား၏။ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပြောပါသော်လည်း မကြားယောင် ပြုနေသဖြင့် ရဟန်းသည် အမျက်ထွက်လာ၏။ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။[၃]

သာမဏေ၏ ဆုတောင်း[ပြင်ဆင်ရန်]

ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ “တံမြက်ချေးကို စွန့်ပစ်၏။ ထိုသို့စွန့်ပစ်သည့်အခါ “တံမြက်ချေးစွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာ ဘဝ၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏” ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကို စွန့်ပစ်ပြီး ဂင်္ဂါမြစ်သို့ ရေးချိုးရန်သွားသောအခါ တဝုန်းဝုန်းမြည်နေသည့် လှိုင်းတံပိုးတို့ကို မြင်ကာ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤဖြစ်လေရာဘဝ၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏” ဟု ဒုတိယအကြိမ် ဆုတောင်း၏။[၃]

ရဟန်း၏ ဆုတောင်း[ပြင်ဆင်ရန်]

စေခိုင်းသော ရဟန်းသည် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားသောအခါ သာမဏေ၏ ဆုတောင်းသံကို ကြားရ၏။ ထိုအခါ ရဟန်းသည် “ငါစေခိုင်းသော သာမဏေသည်ပင် ဤမျှ ဆုတောင်း၏။ ငါ့အား အဘယ်မှာ ဆုတောင်း မပြည့်စုံဘဲ ရှိလိမ့်မည်နည်း” ဟု ကြံကာ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာ ဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏၊ ဤသာမဏေ မေးတိုင်းမေးတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏” ဟု ဆုတောင်း၏။

ဤသို့ဖြင့် ထိုသူနှစ်ဦးတို့သည် နတ်ဘုံ၊ လူ့ဘုံတို့တွင် ကျင်လည်ကြကုန်လျက် ကဿပမြတ်စွာဘုရား နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလကို လွန်စေ၏။[၃]

ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူသကဲ့သို့ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ကိုလည်း အောက်ပါအတိုင်း ဗျာဒိတ်ညွှန်ကြားတော်မူခဲ့သည်။

“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်ငါးရာကျော်သောအခါ ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာလတ္တံ့။ ထိုသူနှစ်ဦးသည် နက်နဲစွာပြု၍ ငါဟောကြားအပ်သော ထိုသုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားတော်တို့ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သော နည်းတို့၏ အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင် ပြု၍ ဝေဖန်ကြကုန်လတ္တံ့” ဟု ဗျာဒိတ်မြွက်ကြားတော်မူ၏။[၃]

မိလိန္ဒမင်း[ပြင်ဆင်ရန်]

နောင်အခါတွင် သာမဏေသည် ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တွင် မိလိန္ဒအမည်ဖြင့် မင်းဖြစ်၏။ မိလိန္ဒမင်းသည် လိမ္မာ၏၊ အသိဉာဏ်ရှိ၏၊ ကျမ်းဂန်တို့ကို သင်ယူ၏။ မိလိန္ဒမင်းသည် မြို့တွင်းရှိ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံသော သာမဏ၊ ဂိုဏ်းဆရာ၊ ဗြာဟ္မဏတို့ကို ခေါ်ယူကာ မေးခွန်းပုစ္ဆာတို့ကို မေးမြန်း၏။ ထိုသို့မေးမြန်းသည့် အမေးပုစ္ဆာများကို ဖြေကြားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သာမဏ၊ ဗြာဟ္မဏတို့သည် မင်းကြီးမေးသည်ကို မတတ်နိုင်သဖြင့် ဖဲသွားကြ၏။ အရပ်တပါးသို့ မသွားသောသူတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့သည် များသောအားဖြင့် ဟိမဝန္တာသို့ ကြွကုန်ကြ၏။[၃]

ရဟန်းတို့၏ တောင်းဆိုခြင်း[ပြင်ဆင်ရန်]

ထို့နောက် ရာပေါင်းများစွာသော ရဟန်းတို့သည် ရက္ခိတကုန်းပြင်တွင် စုဝေးနေ၏။ ထိုရဟန်းတို့သည် အရှင်နာဂသေနအား “မိလိန္ဒမင်းသည် အမေးပြဿနာတို့ဖြင့် ရဟန်းသံဃာအား ညှဉ်းဆဲနေပါသည်၊ သင်သွားချေလော့” ဟု တောင်းဆို၏။ ထိုအခါ အရှင်နာဂသေနလည်း ဝန်ခံကာ သာဂလမြို့သို့ ကြွတော်မူ၏။[၃]

မိလိန္ဒမင်းနှင့် တွေ့ဆုံခန်း[ပြင်ဆင်ရန်]

ဤသို့ဖြင့် မင်းကြီးသည် ဝါဒအမေးပုစ္ဆာတို့ဖြင့် ရဟန်းသံဃာတို့ကို မေးမြန်း၏။ ရဟန်းတို့လည်း မဖြေနိုင် ရှိနေကြ၏။ ထို့နောက် မင်းကြီးသည် အမတ်တို့အား “မိမိ၏ အမေးကို ဖြေနိုင်မည့်သူ ရှိပါသေးသလော” မေး၏။ အမတ်တို့လည်း အရှင်နာဂသေန ရှိပါ၏။ ထိုအခါ မင်းကြီးသည် ဒေဝမန္တိယအမတ်ကို ခေါ်ရန် စေခိုင်းလိုက်၏။

ဤသို့ဖြင့် အရှင်နာဂသေနနှင့် မိလိန္ဒမင်းကြီးတို့သည် တွေ့ဆုံကြလေ၏။ ထို့နောက် မင်းကြီးသည် မေးခွန်းတို့ကို မေးမြန်း၏။ မထေရ်လည်း ဖြေကြား၏။ နောက်ဆုံးတွင် မိလိန္ဒမင်းသည် စည်းစိမ်ကို စွန့်ကာ ရဟန်းပြု၍ တရားအားထုတ်လေရာ အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. MenanderEncyclopædia Britannica Online။ Encyclopædia Britannica, Inc.။ 8 September 2012 တွင် ပြန်စစ်ပြီး။
  2. Hazel၊ John (2013)။ Who's Who in the Greek World။ Routledge။ p. 155။ ISBN 9781134802241Menander king in India, known locally as Milinda, born at a village named Kalasi near Alasanda (Alexandria-in-the-Caucasus), and who was himself the son of a king. After conquering the Punjab, where he made Sagala his capital, he made an expedition across northern India and visited Patna, the capital of the Mauraya empire, though he did not succeed in conquering this land as he appears to have been overtaken by wars on the north-west frontier with Eucratides.
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ မိလိန္ဒပဉှာပါဠိတော်မြန်မာပြန်