မာတိကာသို့ ခုန်သွားရန်

ကမ္မဿကတဉာဏ်

ဝီကီပီးဒီးယား မှ

ကံသာလျှင် မိမိဥစ္စာရှိသော သူ၏အဖြစ်ကို သိသောဉာဏ်[]၊ ကံသာလျှင် မိမိဥစ္စာရှိ၏ဟု သိသောဉာဏ်။ (ကုသိုလ်ကံသည် မိမိကံ = သကကံဖြစ်သည်။ အကုသိုလ်ကံသည် မိမိ ကံမဟုတ် = နောသကကံဖြစ်သည်ဟု သိသော ဉာဏ်ကို ကမ္မဿကတာဉာဏ်ဟု ခေါ်သည်။

ခရီးစရိတ်နှင့် တူ

[ပြင်ဆင်ရန်]

စရိတ် အလုံအလောက်ပါသော ကမ္ဘာလှည့် ခရီးသည်သည် မိမိရောက်လေရာ မြို့ရွာ နိုင်ငံ များ၌ ပွဲလမ်းသဘင်များကို တွေ့သော် “ငါကား ဧည့်သည်မျှသာဖြစ်သည် “မည်သူကို မှီ၍ ပွဲလမ်းသဘင်ကို ဝင်ရောက် ပျော်ပါးရအံ့နည်း”ဟု ကြောက်လန့် စိုးရွံ့ စိတ်ထင့် နေရန်မလို၊ မိမိမှာ စရိတ် အလုံအလောက် ပါပြီး ဖြစ်၍ ကြိုက်ရာပွဲလမ်းဘဘင်ကို ကြိုက်သလို ဝင်ရောက် ပျော်ပါး နိုင်သည်၊ ချမ်းချမ်းသာသာဖြင့်ပင် ကမ္ဘာ့ခရီးခဲကို ကျော်လွှား လွန်မြောက်နိုင်သည်။

ထို့အတူ သတ္တဝါများသည် ဤကမ္မဿကတာဉာဏ်၌တည်၍ ထိုဘဝ ဤဘဝသို့ ရောက်စေတတ်သော ကံ(ဝဋ္ဋဂါမိကုသိုလ်ကံ)ကို အားထုတ် ပြုလုပ်ကြသည်၊ ထိုကံများကြောင့်ပင် လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာများကို ခံစားစံစားကြလျက် အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုကြရသည်။ ကမ္မဿကတာဉာဏ်နှင့် ခရီးစရိတ်တူသည်၊ ခရီးစရိတ် လုံလောက်သူသည် ခရီးသွားရာ၌ စရိတ် ပြတ်၍ ဒုက္ခတွေ့လေမည်လားဟု ကြောက်ရွံ့ နေရန်မလို၊ ထို့အတူ ကမ္မဿကတာဉာဏ်ရှိသူ အဖို့လည်း သံသရာ ခရီး သွားရာ၌ ဒုက္ခတွေ့ လေမည်လားဟု ကြောက်လန့် စိုးရွှံ့ စိတ်ထင့် နေရန်မလို။ [][]

ကမ္မဿကတဉာဏ်

[ပြင်ဆင်ရန်]

[]ထိုဉာဏ်တို့တွင် ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော 'ကမ္မဿကတဉာဏ်” ဟူသည် အဘယ်နည်း။

  • ပေးလှူရခြင်း၏ အကျိုးသည် ရှိ၏၊
  • ယဇ်ကြီး (အလှူကြီး) ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏၊
  • (ဟုံးခေါ်သော) ယဇ်ငယ် (အလှူငယ်) ပူဇော်ရခြင်း၏ အကျိုးသည် ရှိ၏၊
  • ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်ကုန်သော ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဖျား အကျိုးဆက် 'ဖလ' အကျိုးရင်း 'ဝိပါက' သည် ရှိ၏၊
  • (တစ်ပါးသော လောက၌ တည်သူ့အတွက်) ဤပစ္စုပ္ပန်လောကသည် ရှိ၏၊ (ဤ လောက၌ တည်သူ့အတွက်) တစ်ပါးသော (တမလွန်) လောကသည် ရှိ၏၊
  • အမိ၌ ကောင်းစွာ ပြုခြင်း၊ မကောင်းသဖြင့် ပြုခြင်း၏ အကျိုးအပြစ်သည် ရှိ၏၊
  • အဖ၏ ကောင်းစွာပြုခြင်း မကောင်းသဖြင့် ပြုခြင်း၏ အကျိုးအပြစ်သည် ရှိ၏၊
  • သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊
  • ဤပစ္စုပ္ပန်လောကကိုလည်းကောင်း၊ တစ်ပါးသော (တမလွန်) လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားသိစေနိုင်ကုန်သော ရဟန်းပုဏ္ဏားတို့သည် လောက၌ ရှိကုန်၏”

ဟု ဤသို့ သဘောရှိသော အကြင် အပြားအားဖြင့် သိမှု ပညာ။ပ။ မှန်ကန်စွာ သိမြင်မှု သမ္မာဒိဋ္ဌိ သည် ရှိ၏၊

ဉာဏ်ကို ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော “ကမ္မဿကတဉာဏ်” ဟူ၍ ဆိုအပ်၏၊ သစ္စာနုလောမိက ဝိပဿနာဉာဏ်ကို ချန်ထား၍ အလုံးစုံသော အာသဝအာရုံဖြစ်သော ကုသိုလ်ပညာသည် ကမ္မဿကတဉာဏ် မည်၏၊

ဤ ဒေသနာတော်ဖြင့် အလှူ၏ အကျိုးရှိသည် စသည်ဖြင့် သိတတ်သော လောကီကုသိုလ်ဉာဏ်သည် ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိတတ်သော ကမ္မဿကတဉာဏ် မည်၏ဟု ဘုရားရှင် သိစေတော်မူသည်။

ကောင်းမှုကြောင့် နတ်ပြည်၌ ဖြစ်ရ

[ပြင်ဆင်ရန်]

[]အလှူကို ပေးလှူခြင်းကြောင့် သီလကို ဆောက်တည်ခြင်းကြောင့် ဥပုသ် စောင့်သုံးမှုကို ပြုခြင်းကြောင့် အချို့သူတို့သည် များသော ဥစ္စာနှစ်ရှိသော မင်းမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် များသော ဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် များသော ဥစ္စာနှစ်ရှိသော သူကြွယ်မျိုးတို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊ အချို့ သူတို့သည် စာတုမဟာရာဇ်နတ်။ ပ။ တာဝတိံသာနတ်။ ပ။ ယာမာနတ်။ ပ။ တုသိတာနတ်။ ပ။ နိမ္မာနရတိနတ်။ ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်ကုန်၏၊

ဤဒေသနာတော်ဖြင့် အလှူပေးလှူခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်သုံးခြင်းတို့ကြောင့် မင်းသူဋ္ဌေးမျိုး ပုဏ္ဏားသူဋ္ဌေးမျိုး၊ သူကြွယ် သူဋ္ဌေးမျိုးနှင့် နတ်ပြည် နတ်ဘဝတို့၌ ဖြစ်ကြရသည်ကို ဘုရားရှင် သိစေတော်မူသည်၊ ထိုမှတစ်ပါး ဒါန စသော ကုသိုလ်တို့၏ အကျိုးများကို ဘုရားရှင် ဟောတော်မူအပ်သော သုတ်ပေါင်းများစွာ ရှိပေသည်။

သို့ဖြစ်၍ 'အဘယ်ကုသိုလ်ဒါနသည် အဘယ်ဘဝ၌ အကျိုးပေး၍ မွန်မြတ်သော ဘဝသို့ ရောက်နိုင်သည်ဟူသော အယူသည် ပြဆိုအပ်ခဲ့ပြီးသော ဘုရားဟော ပါဠိတော်များနှင့်အညီ ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ်ကို သိသော ကမ္မဿကတဉာဏ်, အယူဖြောင့်မှန်သော ဒိဋ္ဌိဇုကမ္မကုသိုလ်သာ ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ကမ္မဿကတဉာဏ (န)[ကမ္မဿကတာ+ဉာဏ]
  2. (အဘိ၊ဋ္ဌ၊၁၊၄၃၃-၄။) ကမ္မဿကတဉာဏ(အဘိ၊ဓ၊၂၆၄) န္တိ “ဣဒံ ကမ္မံ သကံ၊ ဣဒံ နော သက” န္တိ ဇာနနပညာ။ အဘိ၊ဋ္ဌ၊၁၊၄၃၃။ ကမ္မဿကတာဉာဏ (မ၊ဋ္ဌ၊၁၊၂၀၀) န္တိ ကမ္မံ သကော ဧတဿာတိ ကမ္မဿကော၊ တဿ ဘာဝေါ ကမ္မဿကတာ၊ တတ္ထ ဉာဏံ “ဣဒံ ကမ္မံ သတ္တာနံ သကံ၊ ဣဒံ နော သကန္တိ ဧဝံ ဇာနနဉာဏံ။ မ၊ဋီ၊၁၊၂၉၇။
  3. တိပိဋကအဘိဓာန် အတွဲ-၅
  4. တတ္ထ ကတမံ ကမ္မဿကတဉာဏံ၊ အတ္ထိ ဒိန္နံ။ပ။ သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ ကမ္မဿကတဉာဏံ။ ဌပေတွာ သစ္စာနုလောမိကံ ဉာဏံ သဗ္ဗညပိသာသဝါ ကုသလာ ပညာ ကမ္မဿကတဉာဏံ (အဘိ၊၂၊၃၄၁)။
  5. ဒါနံ ဒတွာ သီလံ သမာဓိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ပ။ အပ္ပေကစ္စေ ပရနိမ္မိတဝသဝတ္တီနံ သဟဗျတံ ဥပပဇ္ဇန္တိ (အဘိ၊၂၊၄၃၇)။
  6. လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယကျမ်း