ဗကဗြဟ္မာ
ဗကမည်သော ဗြဟ္မာကြီးကို ဗကဗြဟ္မာဟု ခေါ်ကြသည်။ ဗကဗြဟ္မာသည် ပထမဈာန်ဘုံ၏ ဗြဟ္မာမင်း ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ အယူရှိသော ဗြဟ္မာကြီးတည်း။
ဗကဗြဟ္မာကြီးသည် ရှေးအခါ တစ်ခုသော ဘဝဝယ် လူတို့နေရာ ဗာရာဏသီပြည်၌ ကေသဝမည်သော ပုဏ္ဏားသူကြွယ်ဖြစ်၍ ဃရာဝါသ၌ အပြစ်ကိုမြင်သဖြင့် မရုကာရ၏အနီး တောအုပ်ကြီးတစ်ခုသို့ ဝင်၍ ရသေ့ပြုပြီးသော် စတုတ္ထ ကသိုဏ်းဝန်းကို မှီလျက် လောကီဖြစ်သော ဈာန်သမာပတ် တို့ကို မပြတ်လေ့လာသည်။ ထိုစဉ် လှည်းကုန်သည် ၅ဝဝ သည် သဲကန္တာရကို ဖြတ်ကူးရာ ခုနစ်ရက်ပတ်လုံး မျက်စိလည် လမ်းမှား၍ ရိက္ခာပြတ်လပ်ကာ ပင်ပန်းကြီးစွာ ရောက်နေသည်ကို မြင်သော ငါ၏အပါး၌ မပျက်ပြားစေသတည်းဟု ကြံ၍ အဘိညာဉ်တန်ခိုးဖြင့် သောက်ချိုးမကုန်နိုင်သော ဂင်္ဂါမြစ်ရေကို စီးစေ၍ အသီးအပွင့်နှင့် ပြည့်စုံသောတောအုပ်ကို ဖန်ဆင်းပေး၏။ ထိုအခါမှ ကုန်သည်တို့ အလိုဆန္ဒပြည့်ဝကာ အသီးအသီး လိုအပ်သောခရီးသို့ ချမ်းသာစွာ သွားနိုင်ကြသည်။ တစ်ခါလည်း ကေသဝရသေ့ဖြစ်စဉ် ဧဏီမည်သော မြစ်ဘေး ပရာဇ်ရွာကို မှီ၍နေစဉ် ရွာသူ ရွာသားတို့အား ခိုးသားတို့ လုယက်တိုက်ခိုက် ခေါ်ဆောင်သွားရာ ရွာသူရွာသားတို့ ငိုကြွေးသံကို ကြားသဖြင့် မိမိသန္တာန်ကိုဖျောက်၍ ဆင်မြင်းရဲမက် လက်နက်ကိုင်ကာ ဗိုလ်ပါအရံနှင့်တကွသော မင်း၏သန္တာန်ကို ဖန်ဆင်း၍ ခိုးသားတို့အား ထွက်ပြေးစေသဖြင့် ရွာသူရွာသားတို့ ချမ်းသာခဲ့ရဘူးသည်။ တစ်ရံခါလည်း မြစ်အတွင်းသို့ စားကြွင်းစားကျန် စွန့်ပစ်သည့် အမတ်မင်းချင်း ၅ဝဝ အား ဂင်္ဂေယျနဂါးမင်း အမျက်ကြီးစွာထွက်၍ ကြီးစွာသော ကိုယ်ကိုဖန်ဆင်းလျက် ပါးပျဉ်းဖြန့်ကာ ဖောင်ရှိရာသို့ ရှေးရှူလာလတ်သော် လူတို့ထိတ်လန့်ကြသဖြင့် ကေသဝရသေ့သည် ဂဠုန်ဟန်ဖန်ဆင်းပြီးလျှင် နဂါးကြီးအား ခြိမ်းခြောက်၍ ပြေးစေကာ လူတို့အား ဘေးကင်းအောင် ကယ်ခဲ့ဘူးသည်။ ထိုစဉ်က ဂေါတမ ဘုရားလောင်းသည် ကေသဝရသေ့၏ အန္တေဝါသိက တပည့် ဖြစ်သော ကပ္ပရရသေ့ ဖြစ်လေသည်။
ယင်းသို့လျှင် ကြီးလှစွာသော ဇီဝိတဒါနကို အခါခါ ပြုခဲ့ရုံမက၊ အနှစ်တစ်သိန်းမျှလောက် ရသေ့ရဟန်း ပြု၍၊ လောကီ ဈာန်သမာပတ်တို့ကို မပြတ်လေ့လာသဖြင့် ခန္ဓာကြွေလတ်သော် ဝေဟပ္ဖိုလ် ဘုံဟုခေါ်သော စတုတ္ထဈာန်ဘုံ၌ ဖြစ်၏။ ထိုဘုံ၌ မဟာကပ် ၅ဝဝ ပတ်လုံး ဗြဟ္မာတို့၏ ချမ်းသာကို ခံစားပြီးနောက် စုတေခဲ့သော် တတိယဈာန် သုံးဘုံတွင် ၆၄ ကမ္ဘာ အသက်ရှည်သော သုဘကိဏှာဘုံ၌ ဖြစ်၏။ ထိုမှ စုတေပြန် သော် ဒုတိယဈာန်သုံးဘုံတွင် ၈ ကမ္ဘာ အသက်ရှည်သော အာဘဿရာဘုံ၌ ဖြစ်၏။ ထိုဘုံမှ စုတေသော် ပထမဈာန် သုံးဘုံတွင် မဟာဗြဟ္မာဘုံ၌ဖြစ်၍ အသချေင်္ယျတစ်ကပ်ပတ်လုံး အသက်ရှည်၏။ ယင်းသို့ တစ်ဆင့်ထက် တစ်ဆင့် အသက်တိုသော ဘုံ၌ ဖြစ်လာရသော်လည်း အထက်အထက်ဘုံမှ စုတေရသော နာမ်ရုပ်အစဉ် ကိုလည်း မမှတ်မိ၊ ပဋိသန္ဓေကိုလည်း မထင်၊ လက်ရှိဘဝအတိုင်းပင် တည်သည်ဟု မှတ်ရကား ငါတို့၏ ဗြဟ္မာဇာတ်ကား မြတ်သော မြဲသော နိစ္စဓူဝချမ်းသာပင်တည်း၊ ဤအဖြစ်ထက် လွန်၍ ရှာရန် နိဗ္ဗာန်မည်သည် မရှိပြီ၊ ဤဗြဟ္မာ့ ကိုယ်လည်း အိုခြင်း နာခြင်း သေခြင်း စသောဆင်းရဲမရှိ၊ အတိသုခ ဖြစ်သော နိဗ္ဗာန်ပင်တည်း' ဟု အယူရှိ၏။ ဗကဗြဟ္မာ၏ အနီးအပါးဖြစ်သော ခုနစ်ကျိပ် နှစ်ယောက်သော ဗြဟ္မာတို့လည်း ယင်းသို့ပင် အယူရှိကြကုန်သည်။ ထိုအကြောင်းကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဂေါတမဘုရားသခင် သိမြင်တော်မူသဖြင့် ဗြဟ္မာပြည်သို့ ရုတ်ခြည်းကြွ၍ ထင်စွာ ရပ်တော်မူ၏။
မြတ်စွာဘုရားသခင်အား ဗကဗြဟ္မာကြီး မြင်လတ်သော်'အရှင်ဂေါတမ ဗြဟ္မာရွာသို့ လာခြင်းကားကောင်းသော လာခြင်းတည်း၊ လုံ့လပြု၍ ကျင့်တော်မူပါ၊ ကျွန်ုပ်တို့ ဗြဟ္မာ့ရွာ၌ဖြစ်လျှင် စင်စစ် ဆင်းရဲခြင်းကင်းပါတော့သည်'ဟု လျှောက်၏။ ဘုရားသခင်ကလည်း ထက်ဝန်းကျင်မှ လာကြကုန်သော ဗြဟ္မာတို့အား သက်သေထား၍ 'အိုများစွာကုန်သော ဗြဟ္မာအပေါင်းတို့ ဤဗကဗြဟ္မာသည် အဝိဇ္ဇာတည်း ဟူသော မှောင်တိုက်သို့ ဝင်ဘိ၏တကား၊ မြုံးတွင်း၌ ရှိသော ငှက်သည် လွတ်ထွက်ပြီးသော သတ္တဝါကို 'ချမ်းသာလိုကြလျှင် ငါ့ထံလာလှည့်' ဟု ခေါ်ဘိသကဲ့သို့ ချော်ခွၽတ်သော ချော်ချွတ်သော မိစ္ဆာဉာဏ်ဖြင့် ဗြဟ္မာ့သန္ဒာန်ကို နိဗ္ဗာန် ထင်မှတ်ဘိ၏တကား၊ မိမိအား ဖြစ်လတ္တံသော ဘေးကိုမမြင်၊ အနိစ္စကိုပင် နိစ္စ၊ အသုခကိုပင် သုခဟု ပြောရှာ၏တကား၊ ဝဋ်တရား၏ ကင်းရာဖြစ်သော နိဗ္ဗာန်သည် ဧကန်ရှိလျက် မသိရှာလေတကား'ဟု မိန့်တော် မူ၏။ ထိုအခါ ဗကဗြဟ္မာကြီးက ဤအယူဝါဒကို သူတစ်ယောက်သာ ယူသည်မဟုတ်၊ သူနှင့် ရှေးကောင်းမှု ပြုဖော်ဖြစ်သည့် ဗြဟ္မာ့ဇာတ် ခုနစ်ကျိပ် နှစ်ယောက်တို့ပင် ဗြဟ္မာ့ဘဝ သည် ဇာတိဇရာ ဗျာဓိမရဏ လွတ်ကြသောကြောင့် နိစ္စထာဝရ တည်သော နိဗ္ဗာန်ဟု ထင်ကြကြောင်း လျှောက်ထားရာ၊ ဘုရားသခင်က 'ချစ်သား ဗက ဤဗြဟ္မာ့ရွာ၌ သင်ကြားသော ကာလကား အန္တရကပ် အရေအတွက်အားဖြင့် ၁၃၆၄၃၂ ကပ်သာ ဖြစ်သည်။ နှစ်အရေအတွက်အားဖြင့် နိရဗ္ဗုဒ တစ်သိန်းမျှသာ ရှိသေးသည်။ ဇာတိဇရာ မရဏကိုလည်း မလွန်သေး၊ စုတေရမည် မချွတ်ဟု ငါမြင်တော်မူသည်၊ သင်ပညာ ကင်း သောကြောင့် အသက်အကြွင်းကိုမျှ မမြင်သတည်း'ဟု မိန့် တော်မူသော် ဗကဗြဟ္မာက 'ကျွန်ုပ်တို့ ရှေးကောင်းမှုနှင့် ကျွန်ုပ်တို့ အကြောင်းကို အမှန်ဟောဆိုနိုင်လျှင် ဘုရားဟု ယုံကြည် ပါမည်'ဟု လျှောက်ထား၏။ ထိုအခါ ဘုရားသခင်က ကေသဝ မည်သော ပုဏ္ဏားသူကြွယ်ဖြစ်စဉ် ဘဝမှစ၍ ဗကဗြဟ္မာကြီး၏ ရှေးဘဝဖြစ်စဉ်ကို အစဉ်အတိုင်း ဟောတော်မူ၏။ ထိုသို့ မြတ်စွာဘုရားက ဗကဗြဟ္မာမေးတိုင်း ဖြေဆိုတော်မူလေလျှင် ဗကဗြဟ္မာသည်တစုံတရာ မေးမြန်းဖွယ် မမြင်သောကြောင့် ကစားကျီစယ်ခြင်းကို ပြုလိုရကား 'အချင်းငါသည် ပုန်းအံ့၊ ရှာကြည့်လော့'ဟု မိန့်တော်မူ၏။ ဗကဗြဟ္မာသည် ဘုရားသခင် မျက်မှောက် တော်မှ ပျောက်ကွယ်ရန် အားထုတ်ကြိုးပမ်းသော်လည်း၊ မမြင်အောင်ပုန်းခြင်းငှာ မစွမ်းနိုင်ချေ။ တစ်ဖန် ဘုရား သခင်က 'ငါပုန်းအံ့၊ သင်ရှာကြည့်လော့'ဟု ဆိုလေလျှင် 'စွမ်းနိုင်က ပုန်းလော့'ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားသည် ဗကဗြဟ္မာနှင့်တကွ ဗြဟ္မာပရိသတ်၊ ဗြဟ္မာအခြံအရွေတို့ မျက်မှောက်မှ ပျောက်ကွယ်ရန် တန်ခိုးဖြင့် ဖန်ဆင်းပြီး ပုန်းလျက်၊ 'ဘဝေ ပါဟံ ဘယံဒိသွာ၊ ဘဝံစ ဝိဘဝေသိနံ။ ဘဝံ နာဘိ ဝဒိံ ကိ ဉ္စိ၊ နန္ဒိ ဉ္စ နဥပါဒိယိံ။' ဟူသော ဂါထာကို ဆို၏။ အဓိပ္ပာယ်ကား ဘဝ၌ ငါသည် ဘေးမြင်သည်။ ဘဝအတွက် ငါသည် မတပ်မက်၊ စွဲလမ်းချက်တစ်ကွက်မျှ မထားဟူ၍ ဖြစ်သည်။ ယင်းသို့ ဘုရားသခင်၏ ရွတ်ဆိုသောဂါထာသံသာ ကြား၍ မြတ်စွာဘုရား၏ ကိုယ်ကို မမြင်ရသော်၊ ဗကဗြဟ္မာနှင့်တကွ ပရိသတ်အခြံအရွေတို့သည် ကြီးစွာအံ့ဩ ချီးကျူးကြကာ ဘုရားသခင်အား လောကသုံးပါးတွင် အတုမရှိ အလုံးစုံသော ဘုန်းပညာနှင့် ပြည့်စုံပါပေ သည်ဟု ဆိုပြီးသော် မိစ္ဆာအယူကို ပယ်၍ သမာအယူသို့ ပြောင်းလဲလျက်၊ ဘုရားသခင်၏ တရား တော်လာတိုင်း၊ လိုက်နာကျင့်ကြံပါတော့မည်ဟု ဝန်ခံသောကြောင့်၊ ဘုရားသခင်လည်း သစ္စာလေးပါးကို ပြ၍ ပြန်လည် ကြွသွားတော်မူလေသည်။
ဗကဗြဟ္မာအား ချွတ်တော်မူခြင်းကား မြတ်စွာဘုရားသခင် ၏ အောင်ခြင်းရှစ်ပါးအနက် တစ်ပါး ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့ စွယ်စုံကျမ်း