နိဂဏ္ဌနာဋပုတ္တ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
[ နိဂဏ္ဌ + နာဋပုတ္တ ] နာဋ၏သားဖြစ်သော နိဂဏ္ဌ၊ (ကချေသည်၏သား နိဂဏ္ဌဟုလည်း ပြန်ဆိုကြသည်။) မဟာဝီရသည်လည်း ယင်း နိဂဏ္ဌနာဋပုတ္တ၏ အမည်ဖြစ်သည်။ ဂျိန်းဘုရား ဟုလည်းခေါ်ကြ၏။
နိဂဏ္ဌဟူသောအမည် အနှောင်အဖွဲ့ မရှိသူ ဟူသော အနက်ကို ဖွင့်ဆိုကြ၏။ နိဂန္ထ ဟု နေလိုရင်းမှ နိဂဏ္ဌဖြစ်သည်၊ တချို့ကျမ်းများ၌ နိဂဏ္ဌနာဋပုတ္တကို နာဋိ က ရွာကိုစားရသော နာဋ၏သား အနှောင်အဖွဲ့မှလွတ်သူ ဟု ဆိုလို၏။ ယင်း နာဋပုတ္တနိဂဏ္ဌသည် ဗုဒ္ဓဘုရားရှင်ခေတ်က တိတ္ထိဆရာကြီး ၆-ယောက်တွင် တစ်ယောက်အပါ အဝင်ဖြစ်၏။ နိဂဏ္ဌနာဋပုတ္တသည် ဝိဒေဟတိုင်း ဝေသာလီမြို့ အနီး ကုဏ္ဍပုရ (ကွန်ဒါပုရ်) ရွာ ယခု ကုဏ္ဍဂါမ = ဗဟုကုဏ္ဍရွာတွင် ခရစ်တော်မမွေးဖွားမီ ၅၉၉-နှစ်တွင် ဖွားမြင်သည်ဟု ဂျိန်းသမိုင်းတို့၌ ခန့်မှန်းကြသည်။ ဗုဒ္ဓဘုရားရှင်ထက် အသက် ၃၆-နှစ် ကြီးသဖြင့် ခရစ်တော်မမွေးဖွားမီ ၆၅၉ ဖြစ်သင့်သည်။ နိဂဏ္ဌနာဋပုတ္တသည် အသက် ၃၀-တွင် တောထွက်၍ ၁၂-နှစ် တပအကျင့်ကို ကျင့်ပြီး ၄၂-တွင် "ဘုရားဖြစ်ပြီ" ဟု ကြေငြာသည်။
ယင်းသည် “စာတုယာမသံဝရ" အကျင့်ကို ဟောပြောသည်၊ စာတုယာမသံဝရအကျင့် (နိဂဏ္ဌနာဋပုတ္တ၏ စွဲမြဲစွာ ဆုပ်ကိုင်ဟောပြောသည့် ပဓာနဝါဒဖြစ်သည်။) ယင်း စာတုယာမသံဝရအကျင့်ကား-
(၁) ရေအေးအားလုံးကို သုံးဆောင်မှုမှ တားမြစ်ခြင်း၊
(၂) မကောင်းမှုအားလုံးကို တားမြစ်ခြင်း၊
(၃) မကောင်းမှုအားလုံးကို တားမြစ်ခြင်းဖြင့် မကောင်းမှုအားလုံးကို ပယ်သတ်ပြီးဖြစ်ခြင်း၊
(၄) မကောင်းမှုအားလုံးကို တားမြစ်ခြင်းဖြင့် လွတ်မြောက်ရာကို တွေ့မြင်ပြီးဖြစ်ခြင်း ဖြစ်၏။ [၁]
နိဂဏ္ဌနာဋပုတ္တ၏အယူ၌ ကာယဒဏ်, ဝစီဒဏ်, မနောဒဏ် ဟု ဒဏ် ၃-ပါး ပညတ်၏။ ကာယဒဏ်, ဝစီဒဏ် ၂-ခုကို အစိတ္တကဒဏ် ဟု ပညတ်၏။ မနောဒဏ်ကို သစိတ္တကဒဏ်ဟု ပညတ်၏။ [၂] နိဂဏ္ဌနာဋပုတ္တသည် မိမိ၏ ဒါယကာရင်းဖြစ်သူ ဥပါလိမှာ ဘုရားရှင်၏ ဥပါသကာအဖြစ်သို့ ဖြစ်သည်ကစ၍ စိတ်မသက်မသာဖြစ်ကာ အကြီးအကျယ် သောကမီး တောက်လောင်သဖြင့် သွေးအံပြီး ဥပါလိ၏ အိမ်တံခါးဝတွင်လဲနေရာ တပည့်များက အဝတ်ပုဆိုး (သံလျှင်း)ဖြင့် ထမ်းယူ၍ မြို့ပြင်ရောက်မှ ခုတင်ငယ်ဖြင့် ပါဝါမြို့သို့ ထမ်းဆောင်ကြကုန်၏။ ပါဝါမြို့ရောက်၍ မကြာခင် ကွယ်လွန်သည်။ [၃] အသက် ၇၂–တွင် ကွယ်လွန်သည်ဟုလည်း အဆိုရှိသည်။ D.P. လည်းကြည့်။
တဒါ ပဉ္စ ဒိဋ္ဌိဂတိကာ ပုရာဏကဿပ မက္ခလိ ဂေါသာလ ပကုဓကစ္စာယန အဇိတ ကေသကမ္ဗလ နိဂဏ္ဌနာဋပုတ္တာ အဟေသုံ။ [၄]
ယင်း တိတ္ထိဆရာကြီး ၆-ယောက်မှာ -
- ပုရာဏကဿပ
- မက္ခလိဂေါသာလ
- ပကုဓကစ္စာယန
- သဉ္ဇယဗေလဋ္ဌပုတ္တ
- အဇိတကေသကမ္ဗလ
- နိဂဏ္ဌနာဋပုတ္တ တို့ဖြစ်ကြသည်။
သာမညဖလသုတ်တွင်လည်း လေ့လာနိုင်သည်။