မာတိကာသို့ ခုန်သွားရန်

မိစ္ဆာဒိဋ္ဌိ

ဝီကီပီးဒီးယား မှ

မိစ္ဆာဒိဋ္ဌိ-ဟူသည်—ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ်တရားတို့ကို “ဤတရားသည် ငါ၏ဥစ္စာတည်း, ဤတရားသည် ငါဖြစ်၏, ဤတရားသည် ငါ၏ အတ္တတည်း = ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ”ဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း သုံးသပ်ခြင်းပင် ဖြစ်၏ []

ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သောအယူ, အကျိုးမဲ့ကို ဆောင်တတ်သည်ဖြစ်၍ ပညာရှိတို့ စက်ဆုပ်အပ်သော အယူပင် ဖြစ်သည် []

လက္ခဏာ, ရသစသည်

[ပြင်ဆင်ရန်]

ယင်း-သည်— လမ်းရိုး လမ်းမှန် မကျသောအားဖြင့် မှားယွင်းစွာ နှလုံးသွင်းခြင်း ဟူသော မှတ်ကြောင်း “လက္ခဏာ”ရှိ၏။

မှန် သည်မှတစ်ပါး အမှားအားဖြင့် သုံးသပ်ခြင်း-ဟူသော ကိစ္စရသ”ရှိ၏။

မှားသောအားဖြင့် လွန်လွန်ကဲကဲ နှလုံးသွင်းတတ်သော တရားဟု ယောဂီသူမွန်တို့၏ ဉာဏ်အား ရှေးရှုထင်လာ ခြင်းအခြင်းအရာ “ပစ္စုပဋ္ဌာန်”ရှိ၏။

ဘုရား စသော အရိယာသူတော်ကောင်းတို့ကို မဖူး မြင်လိုခြင်း-စသည်လျှင် နီးစွာသောကြောင်း “ပဒဋ္ဌာန်”ရှိ၏ []

“ဣဒမေဝ သစ္စံ၊ မောဃမညံ”ဟု မှားယွင်းစွာ နှလုံးသွင်းခြင်း-ဟူသော မှတ်ကြောင်း“လက္ခဏာ” ရှိ၏။ ဉာဏ်သည် အာရုံကို ဟုတ်မှန်သော သဘောအားဖြင့်တတ်၏။ ဒိဋ္ဌိ-သည် ဟုတ်မှန်သော သဘောကို စွန့်ပယ်၍ မဟုတ်မမှန်သောအားဖြင့် ယူတတ်၏ []

ဥပမာများ

[ပြင်ဆင်ရန်]

ယင်းသည်—မခိုင်မမြဲ ပြောင်းလဲတတ်၏၊ ဖွဲ့ပုံအစု၌ စိုက်မြှုပ်ထားသော သစ်ငုတ် တုတ်ချောင်းအလား လှုပ်ရှားတတ်၏ []

အရူး၏တောင်းတွင်း၌ မုံ့ပိုင်း, မစင်, နွားချေး-စသော ဝတ္ထုမျိုးစုံပါရှိသကဲ့သို့ ယင်း-အယူ၌ ကောင်းမှုန်မှန်ကန်သော အယူ၌ မကောင်းဆိုးဝါး မှားယွင်းသောအယူ မျိုးစုံ ပါဝင်နေ၏ []

တမာ, သပွတ်ခါး, ဗူးခါး မျိုးစေ့သည် မိမိကိုယ်တိုင် (ဗီဇ)က မကောင်း ညံ့ဖျင်းသောကြောင့် မိမိအမှီပြုရာ မြေဆီ, မြေဩဇာ, ရေဆီ ရေဩဇာတို့ အရသာပျက် ခါးသက်ဖို့ရန် အကြောင်းဖြစ်သကဲ့သို့ ယင်း အယူသည် မိမိကိုယ်တိုင်(ဒိဋ္ဌိ)က ယုတ်မာ ညံ့ဖျင်းသောကြောင့် ယင်း-အယူ ရှိသူ၏ ကာယကံမှု, ဝစီကံမှု, မနောကံမှု စေ့ဆော်မှု, တောင့်တမှု, ဆောက်တည်မှု, ပြုပြင်မှု အားလုံးသည်လည်း မလိုလားမနှစ်သက် အစီးအပွါးပျက် အဆက်ဆက် ဆင်းရဲဖို့ရန် အကြောင်း ဖြစ်တော့သည် [][]

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း ၁၀ ပါး

[ပြင်ဆင်ရန်]
  • ၁။ ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိဟု ယူခြင်း၊
  • ၂။ ကြီးစွာသော ယဇ်ပူဇော်ခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
  • ၃။ အာဟုန, ပါဟုန မင်္ဂလာကို ပြုခြင်းသည် အကျိုးမရှိဟု ယူခြင်း၊
  • ၄။ ကောင်းသောအမှု ကုသိုလ်ကံ, မကောင်းသောအမှု အကုသိုလ်ကံတို့၏ အကျိုးပေးမှုသည် မရှိဟု ယူခြင်း၊
  • ၅။ ဤလောကသည် မရှိဟု ယူခြင်း၊
  • ၆။ တမလွန်လောကသည် မရှိဟု ယူခြင်း၊
  • ၇။ အမိ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
  • ၈။ အဖ၌ ပြုအပ်သော ကောင်းကျိုး မကောင်းကျိုး မရှိဟု ယူခြင်း၊
  • ၉။ စုတေ လတ္တံ့သော သတ္တဝါ ပဋိသန္ဓေနေလတ္တံ့သော သတ္တဝါ မရှိဟု ယူခြင်း၊
  • ၁၀။ ဤလောကကို လည်းကောင်း, တမလွန်လောကကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိ၍ ကျင့်ကြံ ဟောကြား ကြကုန်သော သမဏဗြာဟ္မဏတို့ မရှိဟု ယူခြင်း။[]

မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ကြောင်း ၂ မျိုး

[ပြင်ဆင်ရန်]
  • ၁။ တစ်ပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်း၊
  • ၂။ မသင့် လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း။[၁၀]

မိစ္ဆာဒိဋ္ဌိ အထမြောက်ကြောင်း အင်္ဂါ ၂ ပါး

[ပြင်ဆင်ရန်]
  • ၁။ဝတ္ထု၏ ယူအပ်သော အခြင်းအရာ ဖောက်ပြန်သည် ဖြစ်ခြင်း၊
  • ၂။ မိမိယူထားသောဝတ္ထုသည် မိမိယူထားသော အခြင်းအရာအတိုင်း ထိုဝတ္ထု၏ ထင်ခြင်း။ [၁၁]

မိစ္ဆာဒိဋ္ဌိ၏ အင်္ဂါ ၂ ပါး

[ပြင်ဆင်ရန်]
  • ၁။ ယူအပ်သော အကြောင်းအရာဝတ္ထု၏ ယူအပ်သော အခြင်းအရာမှ ဖောက်ပြန်သည်၏ အဖြစ်, ဖြစ်ခြင်း၊
  • ၂။ အယူကို ယူအပ်သော အခြင်းအရာအတိုင်း ထိုသူအား ထင်ခြင်း။[၁၂]

မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ် လားရာ ဂတိ ၂ မျိုး

[ပြင်ဆင်ရန်]
  • ၁။ ငရဲဘုံ နိရယဂတိ၊
  • ၂။ တိရစ္ဆာန်မျိုး တိရစ္ဆာနဂတိ။ [၁၃]

ဆက်လက်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ဒိဋ္ဌိလည်း ကြည့်ပါ။

ဒိဋ္ဌိ ၆၂-ပါးလည်း ကြည့်။


ကိုးကား

[ပြင်ဆင်ရန်]
  1. (ပဋိသံ၊၁၂၉-၁၃၂)။
  2. (အဘိ၊ဋ္ဌ၊၁၊၂၉၀။ မဟာနိ၊ဋ္ဌ၊၁၃၉)။
  3. (အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာနိ၊ဋ္ဌ၊၁၃၉။ အဘိ၊ဝတာရ၊၈၂)။
  4. (ဝိဘာဝိနီ၊၁၀၈)။
  5. (ဒီ၊ဋ္ဌ၊၁၊၉၀)
  6. (ဒီ၊ဋ္ဌ၊၁၊၉၈။ သံ၊ဋီ၊၂၊၂၆၆)
  7. (အံ၊၁၊၃၃-၄။ အံ၊၃၊၄၂၈။ ပဋိသံ၊၁၃၄-၅)
  8. တိပိဋကအဘိဓာန် အတွဲ-၁၀
  9. (အဘိ၊ဝိ၊၄၀၅။) (ပဋိသံ၊ဋ္ဌ၊၂၊၃၃။)(အဘိ၊ဝိ၊မြန်၊၂။၅၁၃။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  10. (အံ၊၁၊၈၆။) (အံ၊မြန်၊၁။၁၀၂။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  11. (အဘိ၊ဋ္ဌ၊၁၊၁၄၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  12. (ဒီ၊ဋ္ဌ၊၃၊၂၃၂။) (မ၊ဋ္ဌ၊၁၊၂၀၅။) (သံ၊ဋ္ဌ၊၂၊၁၃၇။) (ပဋိသံ၊ဋ္ဌ၊၁၊၂၀၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  13. (အံ၊၁၊၆၂။) (အံ၊မြန်၊၁။၇၄။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်