အနိရုဒ္ဓ

ဝီကီပီးဒီးယား မှ
(အနော်ရထာမင်း မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
အနော်ရထာမင်း
မြန်မာဘုရင်
Anawrahta at National museum.JPG
နန်းသက်၁၀၄၄ - ၁၀၇၇
နန်းတက်ချိန်၁၆ ဒီဇင်ဘာ ၁၀၄၄
ရှေ့မင်းဆက်စုက္ကတေးမင်း
နောက်မင်းဆက်စောလူးမင်း
မွေးဖွား၁၁ -၃- ၁၀၁၄
ပုဂံ
ကွယ်လွန်၂၃ မတ် ၁၀၇၇ (၆၃ နှစ်)
ပုဂံ
သားသမီးများစောလူးမင်း
ကျန်စစ်သား
မင်းဆက်ပုဂံခေတ်
ခမည်းတော်ကွမ်းဆော်ကြောင်ဖြူမင်း
မယ်တော်မြောက်ပြင်သည်

အနော်ရထာမင်းစော သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်း ၏ သားတော်ဖြစ်သည်။

ထီးနန်းရရှိပုံ[ပြင်ဆင်ရန်]

အနော်ရထာမင်းသည် ပထမ မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထာကား ပုဂံပြည့်ရှင် ကွမ်းဆော်မင်းလည်းတွင်သော ကြောင်ဖြူမင်းနှင့် မိဖုရားမြောက်ပြင်သည်တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။

ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော် စုက္ကတေး နှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေက ခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်နန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် ဇာတာတော်ပုံ ရာဇဝင် အရလည်းကောင်း၊ ကျောက်စာ များနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။

ကွမ်းဆော်ကြောင်ဖြူမင်း ထီးနန်းကျပြီးနောက် သားတော် စုက္ကတေး ထီးနန်းပြုနေခဲ့သည်။ စုက္ကတေး သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် စုက္ကတေးအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေး နှင့် မြင်းကပါ အရပ်တွင် တစ်ဦးချင်း စီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။

တိုင်းပြည်အတွက် ကြိုးပမ်းပုံ[ပြင်ဆင်ရန်]

အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု မန္တလေးမိတ္ထီလာမြင်းခြံကျောက်ဆည်ရမည်းသင်းမကွေးစစ်ကိုင်းကသာပခုက္ကူမင်းဘူးတဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။

အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် မြစ်ငယ်မြစ်ပန်းလောင်မြစ်နှင့် စမုန်မြစ်တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။

စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် သားတော်ကျန်စစ်သားသည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသော မင်းသားဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ ငထွေရူးငလုံးလက်ဖယ်ညောင်ဦးဖီးဗျတ္တနှင့် ရွှေဖျဉ်းညီနောင် စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။

မင်းတရားကြီးသည် စစ်တပ်ကို ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာမြို့ခရိုင်တို့၏ အင်အားကိုလိုက်၍ အချိုးကျ ပါဝင်စေခဲ့သည်။ စစ်သည်များကို အချိုးကျ နည်းစနစ်နှင့် အရဖြည့်တင်းပြီး အနော်ရထာမင်းကြီးသည် တကွဲတပြားစီ ဖြစ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ အထက်တခို၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီးနိုင်၍ ဗန်းမော်မြစ်ကြီးနားဒေသတဝိုက်အထိ မိမိ၏ အာဏာကို သက်ရောက်ပြန့်နှံ့စေလေသည်။ နန်ချောင်မှ အပြန် မောမည်သော ရှမ်းပြည်ကို အုပ်စိုးသည့် မင်းက သမီးတော်စောမွန်လှအား ဆက်သလိုက်သည်ကို ထောက်၍လည်း မြန်မာတို့ မည်မျှ အင်အားကြီးမား၍ နေကြောင်း သိသာသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း(ခိုင်မာသော အထောက်အထားများ မတွေ့ရှိရ သေးပါ။)[ပြင်ဆင်ရန်]

အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူနှင့် ဟူးရာညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာမင်းသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။

ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။

နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသောအခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။

ထိုအခါ အနော်ရထာမင်းက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင်မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာမင်းသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကို အကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။ အနော်ရထာမင်းသည် ထိုသူအား နန်းတော်သို့ ခေါ်၍ သူကောင်းပြုထားပြီး ထိုသူမှာ ကျန်ရစ်သောသား (ခေတ်ကြာသော် ကျန်စစ်သား) ဖြစ်သည်။ (ခိုင်မာသော အထောက်အထားများ မတွေ့ရှိရ သေးပါ။)

သာသနာပြုခြင်း[ပြင်ဆင်ရန်]

အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါး နှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။

ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ မြန်မာနိုင်ငံ နိုင်ငံတော်ဘာသာ အစ- အနော်ရထာမင်း က ဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် အနော်ရထာမင်း က စတင် သတ်မှတ် ခဲ့သည်။ နိုင်ငံတော် ဗုဒ္ဓဘာသာ(နိုင်ငံတော်ဘာသာ ) သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ မြန်မာဘုရင် အနော်ရထာမင်း နန်းတက်ခဲ့သည့် ခရစ်နှစ် ၁၀၄၄ က စပြီး ရေတွက်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၉၆၉ ( ခရစ်နှစ်၂၀၁၃ - ၁၀၄၄= ၉၆၉) က ပထမ စတင် သတ်မှတ် ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။

ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ ပိဋကတ်တော်အစုံ ၃ဝ ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။

ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံ တို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမဆုံး အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။

ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။

မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။

အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီး တို့ကို နှိမ်နင်းခဲ့သည်။

ပုဂံ အနော်ရထာနှင့် သထုံ မနူဟာ စစ်မဖြစ်ခဲ့ပါ[ပြင်ဆင်ရန်]

အနော်ရထာမင်းမြတ်ဟာ သထုံ မနူဟာနဲ့ စစ်ပွဲကြီးဖြစ်တယ်ဆိုတာ ဦးကုလားရဲ့ လုပ်ဇာတ်သက်သက်ပါပဲ။ ဘာအထောက်အထားမှ မရှိဘူး။

မနူဟာကို ဖမ်းခေါ်လာပြီး၊ ပိဋကတ်အစုံသုံးဆယ် သိမ်းတယ်တို့ ဘာတို့ဆိုတာတွေဟာ မဟာရာဇဝင်ကြီးရေးတဲ့ ဦးကုလားရဲ့ ထိုးဇာတ်သက်သက်တွေ။

သာလွန်မင်းကြီး လက်ထက်က လှေသင်းစု စစ်တမ်း ရှိတယ်။ စစ်တမ်းဆိုတာ ဘုရင့်ရှေ့မှာ ကျမ်းကျိန်ပြီး အစစ်ခံရတာမို့ လိမ်လို့မရပါဘူး။

ဒါကြောင့် စစ်တမ်းတွေ၊ အမိန့်တော်ပြန်တမ်း တွေဟာ သမိုင်းတန်ဖိုးရှိတယ်၊ သမိုင်းရေးတဲ့နေရာမှာ အထောက်အထားအဖြစ် အသုံးပြုနိုင်တယ်လို့ သမိုင်းပညာစံက သတ်မှတ်ထားတာဖြစ်တယ်။ စစ်တမ်းဆိုတာ နန်းတော်မှတ်တမ်း Royal record တွေ ဖြစ်တယ်။

သမိုင်းရေးရာမှာ အထောက်အထားအဖြစ် အသုံးပြုလို့ရတယ်။ သာလွန်မင်းကြီးလက်ထက် လှေသင်းစု စစ်တမ်းမှာ သူမျိုးရိုးဟာ အစဉ်အဆက် အနော်ရထာမင်းကြီးလက်ထက်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လှေသင်းစု ဖြစ်ကြောင်း အစစ်ခံထားတယ်။ အဲဒီ စစ်တမ်းမှာ သထုံမင်း မနူဟာသည် လှေတော်ကြီး လေးစင်းနဲ့ သမီးတော် ဆက်သကာ အနော်ရထာထံ ခိုလှုံလာကြောင်း၊ အနော်ရထာမင်းကြီးက အဲဒီလှေတော်သားတွေကို လှေသင်းစု ဖွဲ့ပေးပြီး အစဉ်အဆက် အဲဒီလှေသင်းစု မျိုးရိုးက ဆင်းသက်လာကြောင်း ဖေါ်ပြထားတယ်။ ဒီစစ်တမ်းအရ မနူဟာသည် အနော်ရထာ စစ်ပြုပြီး ဖမ်းခေါ်လာတာမဟုတ်ကြောင်း ထင်ရှားတယ်။ ဒါဆို မနူဟာသည် သထုံက ဘာလို့ထွက်ပြေးလာပြီး ပုဂံအနော်ရထာထံ ခိုလှုံသလဲ။

အရှေ့တောင် အာရှသမိုင်းကို ပြန်ကြည့်ပါ။

အနော်ရထာနဲ့ ခေတ်ပြိုင် ယနေ့ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာတွေရဲ့ အန်ကောအင်ပါယာ ထွန်းကားခဲ့တယ်။ အေဒီ ဆယ်ရာစု တစ်ဝက်ကတည်းက အန်ကောအင်ပါယာဟာ ယနေ့ ယိုးဒယားထဲက ဒွါရာဝတီလို့ခေါ်တဲ့ မွန်မြို့တွေ လဝမြို့တွေကို တိုက်သိမ်းယူအပြီး အနော်ရထာခေတ်မှာ မြန်မာနိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ အဲဒီ ကမ္ဘောဒီးယားသာ ခမာတွေကို ကရွမ် လို့ခေါ်ပြီး အတိုကောက် ရေးနည်းနဲ့ ကြွမ် လို့ရေးတယ်။ အဲဒီ ကြွမ်ကိုပဲ ရာဇဝင်ကြီးရေးတဲ့ ဦးကုလားက ဂြွမ်း စစ်သည်၊ ဂျွမ်း စစ်သည်လို့ ရေးခဲ့တာ ဖြစ်တယ်။ ကောဇာ ၄၁၆ (AD 1054) မှာ ကရွမ်ခေါ် ဂြွမ်းတွေဟာ သထုံကိုတိုက်ခိုက်ဖျက်ဆီး စစ်ပြုတော့ သထုံမင်းမနူဟာသည် မတားဆီး မခုခံနိုင်တာကြောင့် ပဲခူးကို လာခုံလှုံပါတယ်။ သထုံကျပြီးနောက် ပဲခူးအထိ ခမာစစ်တပ်ကြီး ရောက်လာဖျက်ဆီးလို့ တစ်ရာ့ငါးပါးမြောက် တိမ်မယ်ပျူမင်း ဗောင်းတော်ရှည်ဟာ ဒဂုံအထိ ထွက်ပြေးရတယ်။ ရာဇဝင်မှာ နာမည်ကြီးတဲ့ ကျန်စစ်သား၊ ညောင်ဦးဖီး၊ ငထွေရူး၊ ငလုံးလဖယ် စတဲ့ သူရဲကောင်းလေးယောက် ဇာတ်လမ်းဟာ ဒီ သမိုင်းဖြစ်ရပ်ပေါ်မှာ အခြေခံထားတာ ဖြစ်တယ်။

မနူဟာသည်လည်း လှေတော်ကြီးလေးစင်းနဲ့ အလွတ်ရုန်း ထွက်ပြေးပြီး ပုဂံအနော်ရထာထံ ခိုလှုံတယ်။

ကောဇာ သက္ကရာဇ် ၄၁၉-၄၁၀ (AD 1059-1060)မှာ ပဲခူး၊ သထုံတို့ကို ပြည်ပကျူးကျော်သူ ခမာတွေလက်ထဲက အနော်ရထာဟာ ပြန်လည် တိုက်ယူခဲ့ရတယ်။

ဒါကြောင့် အနော်ရထာ သထုံကိုတိုက်တယ်ဆိုတာ ပြည်ပကျူးကျော်သူ ခမာတွေလက်ထဲက ပြန်တိုက်ယူရတာသာ ဖြစ်တယ်။ အသက်အရွယ်ကြီးရင့်ပြီး သာသနာကိုမစောင့်ရှောက် အပျော်အပါးလိုက်စားနေတဲ့ မနူဟာသည် ပြည်ပကျူးကျော်မှုကို မတွန်းလှန်နိုင်လို့ အနော်ရထာထံ ခိုလှုံ လာရတာသာဖြစ်ကြောင်း၊ အနော်ရထာ သထုံကိုတိုက်တယ်ဆိုတာ ပြည်ပကျူးကျော်သူ ကမ္ဘောဒီးယား ရှေးခမာ ကရွမ်ခေါ် ကြွမ် ခေါ် ဂြွမ်းတွေ သိမ်းယူထားတဲ့ မိမိမြေကို ပြန်လည်တိုက်ယူရတာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ[ပြင်ဆင်ရန်]

မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာ(မွန်)နိုင်ငံဖြစ်သော ကမ္ဗောဒီယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတစ်နိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။

ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “မဟာဇေယျဘယမင်း”ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနားပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယားရာဇဝင် တစ်ဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။

ယင်းသို့ နိုင်ငံတော်ကို ချဲ့ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန် ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။

ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တစ်ရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် မြန်မာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း (၄၃)မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။

အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသော ဆင်တော် သန်မြန်စွာကို ချွမ်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်ကလိမ့်ကျကာ ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။

(လုပ်ကြံခံရခြင်းဖြစ်နိုင်ပါသည်။ ခိုင်မာသောကျောက်စာအထောက်အထားများမတွေ့ရှိရသေးပါ။) သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို (၃၃)နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူးမင်း နန်းတက်သည်။

မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား……

  1. အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။
  2. အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။
  3. မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။
  4. အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။
  5. အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။
  6. အရှေ့ တောင်ထာင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။

ကိုးကား[ပြင်ဆင်ရန်]