ကခုန်ခြင်း

ဝီကီပီးဒီးယား မှ
(ကချေသည် မှ ပြန်ညွှန်းထားသည်)

ကခုန်ခြင်းဆိုသည်မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို အချက်ကျကျ လှုပ်ရှားခြင်းဖြစ်၍ ထိုသို့ လှုပ်ရှားမှုတွင် သဘော၊ သရုပ်၊ အဓိပ္ပာယ် အမျိုးမျိုးပါရှိလေသည်။ ကခုန်သည့်အခါ တေးသီချင်းများကို သီဆိုပြီးလျှင် လက်ခုပ်လက်ဝါးတီး၍ စည်းချက်လိုက်ပေးရသည်။ သို့မဟုတ် တူရိယာဂီတများ တီးမှုတ်ပေးရသည်။ အချို့သော ရှေးခေတ် အကအခုန်တို့တွင် ခေါင်း၊ ခြေထောက်၊ ကျော၊ ခါး၊ လက်မောင်း၊ လက်ချောင်း စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးကို လှုပ်ရှား၍ တပင်တပန်း လိမ်ကောက်ခုန်ပေါက်ကကြရ၏။ အချို့သော အကများတွင်ကား ခြေလက်များကို လှုပ်သည်ဆိုရုံမျှ လှုပ်ရလေသည်။ ရှေးခေတ် ကခုန်ခြင်းတို့တွင် ကြည့်သူနှစ်သက်မှုရရန်ထက် ကသူပျော်ရွှင်ကျေနပ်မှုရရန် ပို၍ အဓိကကျသည်။

သဘောတရား[ပြင်ဆင်ရန်]

တွဲဖက်၍ ကခြင်းအလေ့သည် အနောက်နိုင်ငံများတွင် ပို၍ခေတ်စားလာရကား ကခုန်ခြင်းသည် ဖိုမဆက်ဆံရေးနှင့် ဆက်သွယ်နေသည်ဟု အချို့က ထင်မြင်ကြသည်။ ထိုထင်မြင်ချက် မှားယွင်းကြောင်းကို ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့၏ ကခုန်မှုဓလေ့ထုံးစံများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ အကအခုန် ဟူသရွေ့တွင် ဖိုမဆက်ဆံရေး သဘောဖြစ်သော ကာမဂုဏ်အာရုံစိတ် လှုံ့ဆော်မှုများ မကင်းသော်လည်း ထိုလှုံ့ဆော်မှုမှာ အကြောင်းရင်းမဟုတ်၊ အဆွယ်အပွား အခြင်းအရာတစ်ရပ်သာလျှင် ဖြစ်ချေသည်။ သာဓကပြရသော် မင်းသားမင်းသမီးနှစ်ပါးသွားအကများတွင် ဖိုမဆက်ဆံရေးသဘောများ သက်ဝင်ပါရှိသော်လည်း အဓိကအားဖြင့် ကြည့်သူကသူ နှစ်ဖက်သောလူတို့ စိတ်ပေါ့ပါး ရွှင်မြူးခြင်း အတွင်းသဏ္ဌာန်ကို ပေါ်လွင် စေသော အမူအရာတစ်ရပ်ပင် ဖြစ်သည်။

လူတိုင်းလူတိုင်းတွင် ကြီးမားသောဆန္ဒနှစ်ခုရှိရာ၊ တစ်ခုမှာ ထင်ပေါ်လိုသောဆန္ဒဖြစ်၍ အခြားတစ်ခုမှာ လူအများနှင့် ရောနှောဆက်ဆံလိုသော ဆန္ဒဖြစ်သည်။ ကခုန်ခြင်းသည် လူတစ်ဦးတစ်ယောက်အား ထိုဆန္ဒကြီးနှစ်ခုစလုံးကို တစ်ပြိုင်တည်း ပြည့်ဝစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကချေသည်တစ်ဦးသည် ပရိသတ်ရှေ့တွင် မိမိ၏အစွမ်းကိုပြသခြင်းဖြင့် မိမိကိုယ်ကို ထင်ပေါ်အောင် ပြုလုပ်နိုင်သည့်နည်းတူ၊ အများနှင့်ရောနှောခြင်းဖြင့်လည်း ထင်ပေါ်မှုကို ရရှိနိုင်ပေသည်။ တခါတရံ ကိုယ်ထီးအစွမ်းပြမှုသည် ပို၍ပေါ်လွှင်တတ်လျက်၊ တစ်ခါတစ်ရံတွင်မူ အများနှင့်ရောနှော ဆက်ဆံမှုသည် ပို၍ပေါ်လွင်တတ်လေသည်။ သို့ရာတွင် များသောအားဖြင့် ထိုအချက်နှစ်ရပ်စလုံးပင် ကမှုခုန်မှုတို့၌ အကျုံးဝင်လျက်ရှိသဖြင့် ဆန္ဒကြီး နှစ်ခုစလုံးကို တစ်ကြိမ်တည်းနှင့်ပင် ဖြည့်စွမ်းနိုင်သည်သာ ဖြစ်လေသည်။ သို့အားလျော်စွာ လူတို့၏ ဆန္ဒလိုဘပြည့်ဝမှုကို ပေးစွမ်းသော ကခုန်ခြင်းသည် လူ့လောကတွင် ရှေးပဝေဏီခေတ်မှစ၍ ယနေ့ တိုင်အောင် ခေတ်စားလျက် ရှိနေတော့သည်။

ကခုန်ခြင်းသည် မြူးတူးပျော်ရွှင်မှုကို အရင်းခံထားသည်ဟု ဆိုခဲ့သော်လည်း အချို့သောကခုန်ခြင်းတို့သည် ကာမဂုဏ်အာရုံစိတ်ကို သိသိသာသာ လှုံ့ဆော်ပေး၏။ ယင်းမှာ ငှက်များ၊ တိရစ္ဆာန်များတွင် တွေ့မြင်ကြရသည့် အကအခုန်များကို အတုယူထားဟန် တူလေသည်။ သာဓကပြရသော် ဩစတြေးလီးယားတိုက်နှင့် နယူးဂင်းနီကျွန်းစပ်ကြားရှိ တောရက်ရေလက်ကြားမှ ကျွန်းစုများတွင် ထူးဆန်းသော ရှေးရိုးထုံးစံတစ်ခုရှိ၏။ ထိုထုံးစံမှာ မိန်းမပျိုကလေးများသည် လူပျိုတစ်စု ကခုန်နေကြသည်ကို စောင့်ကြည့်ကြပြီးနောက်၊ မိမိတို့ သဘောကျသူကို ရွေးချယ်လျက် ပခုံးကို လက်နှင့်တို့၍ ခေါ်ယူသွားသော ထုံးစံပင်ဖြစ်သည်။

ထိုမျှမကသေး လူတို့သည် တိရစ္ဆာန်များကို အတုယူ၍ ကခုန်ခြင်း ပြုတတ်ကြ၏။ ထိုကဲ့သို့သော အကမျိုးကို မြန်မာဇာတ်ပွဲများတွင် တွေ့မြင်ကြရပေသည်။ တိရစ္ဆာန်ကဲ့သို့ ကရာတွင် မျက်နှာဖုံးများကို စွပ်၍ လည်းကောင်း၊ ဆိုင်ရာဆိုင်ရာ တိရစ္ဆာန်နှင့်တူအောင် ပြုလုပ်ထားသော ကိုယ်ခန္ဓာအတုထဲသို့ ဝင်၍ လည်းကောင်း ကပြကြ၏။ တစ်ခါတစ်ရံ တိရစ္ဆာန်နှင့်တူအောင် ပြုလုပ်ရန် ပစ္စည်းမရှိသည့်အခါ အမူအရာနှင့်ပင် တိရစ္ဆာန်နှင့် တူအောင်ပြုလုပ်၍ ကပြကြသေးသည်။ ဘီလူးက၊ မျောက်က၊ ဟင်္သာက၊ လိပ်ပြာက၊ ကိန္ဒရာက၊ တိုးနရားက စသော အကများမှာ မြန်မာတို့အတွက် တိရစ္ဆာန်များမှ အတုခိုးသည့် အကများ ဖြစ်ကြသည်။ ဂျားဗါးကျွန်းသူကျွန်းသားများလည်း တိရစ္ဆာန်အတုခိုးသည့်အကများကို ကခုန်လေ့ရှိကြ၏။ တိဗက်နိုင်ငံနှင့် တရုတ်နိုင်ငံများတွင်ကား မကောင်း ဆိုးရွားအကများကို ကခုန်တတ်ကြသည်။

သမိုင်း[ပြင်ဆင်ရန်]

အရှေ့တိုင်းအကများသည် အဓိပ္ပာယ်နက်နဲ၍ စိတ်ပါဝင်စားဖွယ်ရာ ကောင်းလေသည်။ ပျော်ရွှင်မှုအတွက်သာလျှင် မဟုတ်ဘဲ သာသနာရေးအကြောင်းများကို သရုပ်ဖော်ကာ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့၍ ခင်းကျင်း ပြသလေ့ရှိလေသည်။ သာသနာရေးအကများမှ အဆင့်ဆင့် ပြောင်းလဲပေါ်ထွန်းလာသော လူမျိုးဆိုင်ရာအကများသည် အရှေ့တိုင်း များတွင် သာမက အနောက်နိုင်ငံများ၌လည်း တွေ့ရှိနိုင်ပေသည်။ သို့အားဖြင့် ဗိုဟီးမီးယား၊ ဟန်ဂေရီ၊ အီတလီ၊ ပိုလန်၊ အင်္ဂလန်စသော အနောက်နိုင်ငံများတွင် ရှေးရိုးအကများသည် ကျေးလက်ဒေသများတွင် ယခုတိုင်အောင် ခေတ်စားလျက်ရှိကြ၏။ အနောက်နိုင်ငံများတွင် သရုပ်ဖော်အက ဘဲလေးအကမှာ ၁၅ ရာစုနှစ်တွင် ပေါ်ပေါက်ခေတ်စားခဲ့သည်။

ယခုခေတ်စားလျက်ရှိသော ဝေါ့ဇစုံတွဲကနည်းမှာ နပိုလီယန် လက်ထက်တွင်မှ ထင်ရှားလာ ခဲ့သည်။ ယခုခေတ်တွင် ကမ္ဘာအရပ်ရပ်၌ ခေတ်စားလျက်ရှိသော အနောက်နိုင်ငံစုံတွဲ ကနည်းများမှာ ဖေါ့စထရော့၊ တန်ဂို၊ ရွမ်းဗါး၊ ဂျစ်တာဗတ် စသော ကနည်းများ ဖြစ်ကြ၏။

နိုင်ငံခြားများမှာကဲ့သို့ပင် မြန်မာအကပညာသည်လည်း ရှေးခေတ်လူတို့၏ သာသနာရေးအကများမှ ပေါ်ပေါက်လာသော သဘင်မှုတစ်ရပ် ဖြစ်ပေသည်။ ယဉ်ကျေးမှုနယ်ပယ် ကျယ်ဝန်းလာခဲ့သည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှုသည် အနောက်ဘက်ရှိ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ပေါင်းစပ်မိလေသည်။ သို့ရာတွင် မြန်မာ့ယဉ်ကျေးမှု မူရင်းအသွင်အပြင်မှာကား ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။ မြန်မာအကပညာသည်လည်း မြန်မာပီပီပင် တည်ရှိခဲ့ပါသည်

အကပုံစံများ[ပြင်ဆင်ရန်]

အကပုံစံမှာ အများအပြားရှိသည်။ ၎င်းတို့မှာ-

Ballet (ဘဲလေးအက)

Ballroom dancing (အနောက်တိုင်း အစဉ်အလာ စုံတွဲအက)

Belly dancing (ဗိုက်သားလှုပ်အက)

Breakdancing (အမေရိကန်လူငယ်များအကြား မြူးကြွသည့် အပြိုင်ကသည့် အက)

Classical (ရှေးရိုးအက)

Contemporary (ခေတ်ပေါ်အက)

Funk (လူမည်း ခေတ်ပေါ် စည်းချက်အက)

Hip hop (အမေရိကန်လူမည်းများ စတင်ခဲ့သည့် အက)

Jazz (အမေရိကန်လူမျိုးများ စတင်တီထွင်ခဲ့သည့် အပြင်းစားအက)

Lyrical (ခံစားမှုပြ အက)

Modern (ခေတ်သစ် အက)

Salsa (တောင်အာဖရိက အက)

Song and dance

Swing (မြူးမြူးကြွကြွ အက)

Tango (တောင်အာဖရိက စည်းချက် အက)

Tap dance (စည်းချက်လိုက်အက)