လက်ဖက်ရည်တော်

ဝီကီပီးဒီးယား မှ

လက်ဖက်ရည်တော် ဆိုသည်မှာ ဘုရင်မင်းမြတ်က လက်ဖက်ရည် သုံးဆောင်တော်မူသည့်အခါ လက်ဖက်ရည်ကပ်ရသော အလုပ်ကို အမှုထမ်းရသောသူများ ဖြစ်သည်။ လက်ဖက်ရည်တော် ရာထူးသည် သာမညရာထူးမဟုတ်ပေ။ ဤရာထူးမျိုးကိုလည်း ဘုရင်မင်းမြတ်တို့က မည်သည့်တစ်စုံတစ်ယောက်အား လွယ်လွယ်နှင့် ပေးအပ်ခန့်ထားကြသည် မဟုတ်ပေ။ လွန်စွာ ကိုယ်သွေးကိုယ်သားကဲ့သို့ ယုံကြည်စိတ်ချရသော ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့ကိုသာ ပေးအပ်ခန့်ထားခြင်း ပြုတတ်ကြသည်။ လက်ဘက်ရည်တော် ရာထူးသည် အမရပူရမြို့တည် ဘိုးတော်မင်းတရား လက်ထက်တော်အခါကစ၍ ခန့်ထားခြင်း ဖြစ်သည်။ ရံဖန်ရံခါ မင်းတရားကြီးသည် လက်ဘက်ရည် သုံးဆောင်တော်မူတတ်သဖြင့် အလိုရှိတော်မူသည့်အခါ ဆက်သရသည်။ လက်ဖက်ရည်တော် ဟူရာ၌ လက်ဖက်ရည်အကြမ်း၊ လက်ဖက်ရည်အချို၊ ရေနွေးတော်၊ ရေပူတော် ဟူ၍ အလိုရှိတော်မူသည့် အခါတွင် အဆင်သင့်ရှိရအောင် စီမံရသော အရာရှိဖြစ်သည်။

လက်ဖက်ရည်တော်၊ ကွမ်းရည်တော် တို့ဟူသည် များစွာအရေးကြီးကြောင်းမှာ ဘုရင်၏ အသက်သည် ယင်းပုဂ္ဂိုလ်တို့၏ လက်တွင်း၌ ရှိသည်ဟုဆိုက မှားမည်မဟုတ်ပေ။ ဤပုဂ္ဂိုလ်တို့သည် ဘုရင့်အပေါ်လုပ်ကြံလိုလျှင် အလွန်လွယ်ကူသည်။ အချိန်မရွေးလည်း ကြံစည်နိုင်သည်။ သို့သော်ဤရာထူးကို ဘုရင်လွန်စွာယုံကြည်ခြင်း ခံရသူတို့သာ ရကြသဖြင့် သာမညစွမ်းရည်ဖြင့် ဤရာထူးအနားသို့ပင် မကပ်နိုင်ကြပေ။

ထို့ကြောင့် လက်ဖက်ရည်တော်၊ ကွမ်းရည်တော်၊ ရေကြည်တော် တို့သည် များစွာဂုဏ်ယူအပ်သော ရာထူးမျိုး ဖြစ်သည်။ မင်းတုန်းမင်းလက်ထက်၌ စလေဦးပုညသည် လက်ဖက်ရည်တော်ရာထူး ခန့်အပ်ခံရသည်။ ဦးပုညသည် ထိုရာထူးအတွက် လစာငွေဒေါင်းဒင်္ဂါး ၄၀-ရသည်။ ထိုလစာငွေမှာ နန်းတော်တွင်း များစွာအရေးပါ အရာရောက်သော လက်စွဲတော်ကြီးများ၏ လစာနှင့် ညီမျှလေသည်။

ဖန်ချက်ဝန် ဦးရွှေအိုးသည်လည်း နန်းတွင်း၌ လက်ဖက်ရည်တော် အမှုထမ်းခဲ့ဘူးသည်။

လက်ဖက်ရည်တော်ဆောင်[ပြင်ဆင်ရန်]

လက်ဖက်ရည်တော်ဆောင်ကို မှန်နန်းစနု၏ ဝဲဘက်(မြောက်ဘက်)တွင် ရှိသည်။ တနည်းအားဖြင့် မြောက်ထားဝယ်ဆောင်၏ အနောက်ဘက် ကပ်လျက်ရှိသည်။ မှန်နန်းတော်ကြီးမှ အတောင်၂၀-မျှသာ ကွာဝေးသည်။ လက်ဖက်ရည်တော်ဆောင်ကို ကွန်းလေးစင် နှစ်ဆင့်လည်ပေါ်နှင့် တောင်မြောက်အလျားထားပြီး ဆောက်လုပ်ထားသည်။ ဤလက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများ နေထိုင်ကြရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော်အခါက လက်ဖက်ရည်တော်တွင် သူကောင်းပြုထားသူပေါင်း ၄၄-ယောက်ရှိသည်။ အချို့အမှုထမ်းများမှာ အဝေးရောက်မင်း၏ သားများ၊ မြို့ဝန်များ၏ သားများ စသည်တို့ ဖြစ်ကြသည်။

လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့သည် ကပ်လျက် ရှိသည်။ တစ်ခါတစ်ရံ ထားဝယ်ဆောင် တစ်ခုလုံးကိုပင် လက်ဖက်ရည်တော်ဆောင်ဟူ၍လည်း သိမ်းကျုံး ခေါ်ဆိုတတ်ကြသည်။ ထားဝယ်ဆောင်ဟူသည်မှာ အမိုးနှစ်ထပ် လည်ပေါ်ဆောင်ဖြစ်သည်။ ဆင်ဖြူရှင်မင်းလက်ထက်၌ ထားဝယ်ကို ချီတက်တိုက်ခိုက် သိမ်းယူ၍ ထားဝယ်သားများကို နေရာချထားရာ အဆောင်ဖြစ်သည်။ နောင်တွင် ထားဝယ်သားများ မဟုတ်စေကာမူ ထိုအဆောင်တွင် မြန်မာအမှုထမ်းများကို ထားသည်။ ရွှေဘုံနိဒါန်းအဆိုအရ ထားဝယ်ဆောင်ဟူသည် နွေးသောအဆောင်ဟူ၍ အဓိပ္ပာယ်ရသည်။ မြန်မာ့နန်းတွင်း ယဉ်ကျေးမှု အသုံးအဆောင် အခေါ်အဝေါ်များသည် မွန်တို့ထံမှ ရသည်သာများသည်။ ထားဝယ် ဟူသောစကားမှာ မွန်ဘာသာအရ နွေးသည် ဟူ၍ အဓိပ္ပာယ်ရသည်။ နွေးသောအဆောင်ဖြစ်သည်ဟု ဆိုလိုသည်။ လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့မှာလည်း ကပ်လျက် ရှိသည်ကို သတိပြုရ၏။ လက်ဖက်ရည်တော်ဆောင်သည် အမြဲတစေ လက်ဖက်ရည်နွေးအိုးကို တည်ထားရသော အဆောင်ဖြစ်၍ အစဉ်အမြဲ နွေးနေရပေသည်။ ထို့ကြောင့် လက်ဖက်ရည်တော်ဆောင် သည်ပင်လျှင် ထားဝယ်ဆောင်ဟု ခေါ်မည်ဆိုပါက မှားမည်မဟုတ်ချေ။

တာဝန်[ပြင်ဆင်ရန်]

လက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများက နေ့ညမပြတ် ရေနွေးများကို တည်ထားရသည်။ ဘုရင်မင်းတရား အလိုတော်ရှိလျှင် ချက်ချင်းဆိုသလို ရေနွေးဆက်ကြရသည်။ ဘုရင်မင်းမြတ်သည် နေ့ညီလာခံ ပြီးသည့်အခါ မှန်နန်းဆောင်၏ တောင်ဘက်ရှိ ရွှေနန်းတော်ဆောင်သို့ ကူးပြောင်းစံနေတော်မူတတ်သည်။ ထိုအခါ လက်ဖက်ရည်တော်များ ဆက်သရသည်။ တခါတရံ အလယ်နန်းမတော် တည်ခင်းကျွေးမွေးသော လက်ဖက်ရည်တော်ကို သုံးဆောင်တော်မူသည်။ တခါတရံ ရေနွေး၊ ရေပူကို အလိုရှိသည့်အခါ လက်ဖက်ရည် တော်ဆောင်ကို မှာကြားရသည်။

ဘုရင်မင်းတရားကြီး နံနက်မျက်နှာသစ်တော်မူချိန် (နံနက်ခြောက်နာရီခွဲ[၁]) မှစ၍ လက်ဖက်ရည်တော်ဆောင်တွင် ရေနွေးကြိုထားရသည်။ မျက်နှာသစ်တော်မူချိန်တွင် ရေပူ ရေနွေးကို အလိုရှိတော်မူသည်။ သားတော်များသည် ခမည်းတော်မင်းတရားကြီး စက်တော်ရာမှ မနိုးမှီ ဗောင်းတော်ဆောင် တွင် လာရောက်စုရုံး စောင့်နေကြရသည်။ ဘုရင်မင်းတရားကြီး စက်တော်ရာမှ နိုးလျှင် ရေပူ ရေနွေးများကို ရွှေဖလားနှင့် ခပ်၍ မျက်နှာသစ်တော်ရေ ဆက်ရ၏။ ဤသို့အားဖြင့် ရေနွေးသည် အချိန်မရွေး လိုလျက်ရှိသည်။

နန်းတော်တွင် စားတော်ဟင်းများ၊ ထမင်းများချက်သည့် စားဖိုတော်ကားရှိသည်။ ယင်းစဖိုတွင် ဘုရင့်အတွက် ရေနွေးကို တည်ရသည်မဟုတ်ပေ။ ပွဲတော်အုပ်အတွက် ချက်ပြုတ်နေချိန်တွင် ဘုရင့်အတွက် သီးသန့်ရေနွေးများ တည်နိုင်မည်လည်း မဟုတ်ပေ။ ရေနွေးဟုပင် ဆိုသော်လည်း ဘုရင့်အတွက် ရေနွေးမှာ သာမည စားတော်ချက်များက ချက်ကြိုပေးရန် တာဝန်မယူနိုင်။ မယုံကြည်၊ စိတ်မချရသူများကိုလည်း မခိုင်းသင့် အဘယ်ကြောင့် ဆိုသော် ဘုရင့်အား အစားအသောက်ဖြင့် လုပ်ကြံနိုင်သည်။ ထိုကဲ့သို့ပင် ပုဂံခေတ်မင်းများ လက်ထက်အခါက လုပ်ကြံခံရသော ဘုရင်များရှိခဲ့သည်။ ထို့ကြောင့် ဘုရင်သည် မိမိအတွက် သောက်တော်ရေ၊ ကွမ်းတော်၊ လက်ဖက်ရည် စသည်တို့ကို များစွာသတိထားရသည်။ အလွန်စိတ်ချတော်မူမှသာ ထိုရာထူးမျိုးတွင် ထားသည်။

ဦးပုညနှင့် လက်ဖက်ရည်တော်ရာထူး[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၂၁-ခုနှစ်တွင် ရတနာပုံ ရွှေမြို့တော်ကို မင်းတုန်းမင်းတရားကြီး တည်ထောင်ဖန်ဆင်းပြီးနောက် ဦးပုညသည် `သုံးသိန်းသုံးသောင်း၊ လေးထောင်ထိပ်၊ နှစ်ကျိပ်ရှစ်ဆက် မဟာဝင်´ အစချီသော ဘုန်းတော်ဘွဲ့ ရှစ်ဆယ်ပေါ် တေးထပ်ကို ဆက်သွင်းသည်။ မင်းကြီးဦးပွားမှ တဆင့် ဆက်သွင်းရသည်ဟု ဆိုသည်။ ထိုအခါ မင်းတုန်းမင်းတရားကြီး အမေးရှိ၍ မင်းကြီးဦးပွားက လျှောက်ထားရသည်။ ဦးပွား လျှောက်ထား မစပေးချက်အရ ဦးပုညသည် ရွာစည်ရွာကို အသနားခံ၍ မင်းလှသင်္ခယာဘွဲ့နှင့် လက်ဖက်ရည်တော် ခန့်ထားခြင်း ခံရသည်။

ဦးပုညသည် စာဆိုတော်ကြီးလည်းဖြစ်၊ အခြားလက်ဘက်ရည်တော် အမှုထမ်းများထက် အသက်အရွယ်က ကြီးသည့်ပြင် မင်းတရားကြီး၏ ယုံကြည်လေးစားခြင်း ခံရ၍ ရွာစည်ရွာစား ဖြစ်သောကြောင့် အခြားအရည်တူ အမှုထမ်းများက လေးစားကြရသည်။ ဆရာကြီးဟုလည်း ခေါ်ဝေါ်ကြသည်။ အချို့လူပျိုလူရွယ်များကလည်း ဦးပုညအား ကပ်၍ အလိုရှိရာ စာများကို ရေးခိုင်းလေ့ရှိသည်။

ဦးပုညကို ဘုရင်သည် များစွာ စိတ်ချယုံကြည်တော်မူသည်။ ဦးပုည၏ ဖခင်ရှိစဉ် အခါကပင် ဝင်ထွက်ခစား နေသဖြင့် ပိုမိုယုံကြည်သည်။ ဦးပုညအား ထိုထက်ကြီးသော ရာထူးကို ပေးချင်သည်။ ပေးလည်းပေးမည်ဟု အမြဲစိတ်ကူး ထားသည်။ ဥပဓိရုပ်ချို့ငဲ့နေသည့် အတွက် ဘုရင်တွင် စဉ်းစားရခက်နေသည်။ ( ဥပဓိရုပ်ချို့ငဲ့ပုံမှာ - ဦးပုည၏ လင်္ကျာဘက်လက်သည် စုံလင်ပါသော်လည်း သိမ်၍ မသန်မစွမ်းရှိသည်။ ဘယ်လက်ဖြင့်စာရေးရသည်။ အလွန်လက်ရေးကောင်းသည်ဟု ဆိုသည်။ အပါးတော်တွင် ခစားသောအခါ လက်ဖျားကို အုပ်မိအောင် အင်္ကျီလက်ရှည် ဝတ်ရသည်။ [၂])။ ထို့ကြောင့် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ဘုရင်မင်းတရားက ဦးပုညအား `ငါလည်း သက်တော်ရှည်အရာကို ပေးနိုင်တယ်။ မင်းကံရှိလျှင် ရလိမ့်မပေါ့´မိန်တော်မူသည်။ ဦးပုညသည် စာအရေးအသား အဖွဲ့အနွဲ့ အလွန်ကောင်းသည်ကို မင်းတရားကြီးကိုတိုင် သိသည်။ ထို့ကြောင့်လည်း ဘုရင့်အပါးလည်းမကျ မနီးမဝေးက ခစားစေလိုသည်။ အနီးမှ ခစားရန်မှာလည်း ဥပဓိရုပ်က ချွတ်ယွင်းလျက် ရှိသောကြောင့် မသင့်တော်ကြောင်းကို မင်းကြီးဦးပွားက သိသည်။ ဘုရင်ဆိုသည်မှာ အမင်္ဂလာရုပ်ကို မြင်ရတွေ့ရသည် မဟုတ်ပေ။

ဦးပုညသည် သူ၏ရုပ်ချို့ငဲ့သော ဘဝကို များစွာစိတ်နာဟန်တူသည်။ ထို့ကြောင့်သူသည် နန်းဆန်တဲ့မြိုင် တောလားကို ရေးစဉ်အခါက မင်္ဂလာရှိသော တိရစ္ဆာန်များကို စိတ်ကူးယဉ်ယဉ်နှင့် ရေးသားဖွဲ့နွဲ့ ခဲ့လေသည်။ သူသည် မင်္ဂလာရှိသော ရုပ်ရူပကာရှိပါလျှင် မည်မျှကြီးပွားတိုးတက်၍ ဘုရင်မင်းတရားကြီး၏ မြှောက်စားခြင်း ခံရမည်ကို တွေးတောကာ ဝမ်းနည်းခဲ့ဟန်တူသည်။

လက်ဖက်ရည်တော် ရာထူးထားရန် မင်းကြီးဦးပွားက လျှောက်ထားတောင်းပန် ရသည်မှာလည်း ဦးပုည၏ မိခင်နှင့် ဆွေမျိုးများမှာ လက်ဘက်ပွဲစားများ ဖြစ်ကြသည်။ ရှမ်းပြည်သို့လည်း အခါခါရောက်ဘူးသည်။ ရှမ်းပြည်တွင် ဆွေမျိုးညာတိများလည်း ရှိသည်။ မည်သည့်လက်ဘက်ကောင်းသည်၊ ညံ့သည်ကို ဦးပုညသိသည်။ ဘုရင့်လက်ဘက်ရည်တော်အတွက် မည်သည့်တောင်ထွက် လက်ဘက်သည် အကောင်းဆုံးဖြစ်သည်ကို ကောင်းစွာသိသည်။ ဦးပုည၏ လက်ဘက်မေတ္တာ စာတွင် လက်ဘက်အကြောင်းကို ကောင်းစွာရေးထားသည်။ ထို့ကြောင့် ဦးပုညသည် လက်ဘက်ရည်တော် အရာနှင့် ပနံရလျက် ရှိသည်။ သူ၏ ရွှေညောင်ပေး မေတ္တာစာ ကိုကြည့်လျှင်သော်လည်းကောင်း၊ ရှမ်း သထုံပေးမေတ္တာစာ ကိုကြည့်လျှင်သော်လည်းကောင်း သူသည် ရှမ်းပြည်တစ်ခွင်ကို ကောင်းစွာနှံစပ်သူ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ [၃]

ရတနာပုံဖိုးမှတ်စု မှ[ပြင်ဆင်ရန်]

ရွှေကိုင်းသားရေးသော မန္တလေး ရတနာပုံဖိုးမှတ်စု စာအုပ်တွင် လက်ဖက်ရည်တော်ဆောင်သည် တည်နေရာများ၊ ပုံသဏ္ဌာန်များမှာ အတူတူပင်ဖြစ်သည်။ သို့သော် .....

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းတုန်းမင်း၏ တစ်နေ့တာ
  2. ဦးဘေမောင်တင်၏ မြန်မာစာပေသမိုင်း
  3. မြကေတု၏ နန်းဓလေ့ မှတ်တမ်း