ထိုင်မသိမ်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ထိုင်မသိမ်း ([ tʰàməθéɪɴ ]) သည် ပွဲတက်လမ်းဝင်ဝတ်စုံအဖြစ် မြန်မာအမျိုးသမီးများ အလေးတမြတ် ဝတ်ဆင်ကြသည့် ဝတ်စုံတစ်မျိုး ဖြစ်သည်။ ကုန်းဘောင်ခေတ်လယ်တွင် ထင်ရှားလာပြီး [၁] ယနေ့ခေတ်တွင် မင်္ဂလာပွဲများအတွက် စံပြုအမျိုးသမီးဝတ်စုံဖြစ်လာသည်။

အမရပူရခေတ်[ပြင်ဆင်ရန်]

ဘိုးတော်လက်ထက် (၁၇၈၁-၁၈၁၉) တွင် စာပေ၊ ပန်းချီများ ထွန်းကားရာ ဝတ်စားတန်ဆာလည်း တိုးတက်လာသည်။ ပုံ၌ နန်းတွင်းသူ၏ ဝတ်စားပုံကိုကြည့်လျှင် ကိုယ်ကျပ်၊ လက်ကျပ်၊ ရင်စည်းနှင့် ပုဝါတို့ကို ဆင်ယင်ထားကြောင်း တွေ့ရသည်။ ထဘီမှာ မြေတွင် ဒယဉ့်တိုက်နေသဖြင့် ရေသီနားပေါ်ပြီးဟု ခန့်မှန်းရသည်။ ထဘီကို ဘေးဖုံးဝတ်သကဲ့သို့ နဘေဖုံး (အလယ်တွင် အနားများ စုဖုံးခြင်း) လည်း ဝတ်တတ်ကြသည်။ ထူးခြားသည်မှာ ခြေနင်းစီးခြင်း ဖြစ်သည်။ ထိုခေတ်က အမျိုးသမီးတို့ ခြေနင်းစီးလေ့ရှိသည်ဟု ယူဆရသည်။


ဘကြီးတော်လက်ထက် (၁၈၁၉-၁၈၃၇) တွင်မူ ယနေ့ခေတ် ရင်ခွဲအင်္ကျီပုံစံ ဖြစ်လာသည်။ ရင်ဝိုက်များအရ လည်ထောင်ပါမည်ဟု ယူဆရသော်လည်း အပေါ်မှ တဘက်ဖုံးနေသည့်အတွက် ထင်သာမြင်သာမရှိပေ။ ရင်စည်း အပေါ်နား၊ အောက်နားတို့ကို ဇာ၊ ရွှေခြည်ထိုး၊ ငွေခြည်ထိုးများ တပ်ကာ ဝတ်ဆင်ပြီး ထဘီကို အထက်ဆင်တပ်ထားသည်ကို မြင်ရသည်။


ရတနာပုံခေတ်[ပြင်ဆင်ရန်]

၁၈၅၂ မှ ၁၈၈၅ နှစ်များတွင် ထိုင်မသိမ်းပုံစံ ပီပီပြင်ပြင် ဖြစ်လာသည်။ မန္တလေးမြို့၊ မဟာမုနိအုတ်တန်ဆောင်းများရှိ ပန်းချီများအရ အရပ်သားများလည်း ဝတ်စားကြကြောင်း သိရသည်။


ရတနာပုံသတင်းစာဆရာ ဘိုးဝဇီရက တော်ပုဘုရားပွဲသတင်း၌

နွဲ့နှောင်းညိုစင် အပျိုခင်တို့ ဟိုခွင်တိုင်းဖြစ် လှိုင်းရစ်ဆန်းပုံ ကွမ်းတုံစက်ချိတ် ကွက်မှိတ်ကွက်လွှဲ ဖက်ကဲရွှန်းလျှံ လွမ်းပျံကိုက်ဆင့် ပိုက်နှင့်ဗလာပြုချက်မှာ သူ့ထက်ငါညာမြေဘောင် ရှာဖွေဆောင် သာလေအောင်ဝတ်ထဘီ အင်္ကျီကငွေပွင့်ထိုး ရွှေဆင့်ကြိုးနှစ်ထပ်လိမ် နဂါးပတ်အိမ်သန္တာပေါက် ဇာပြောက်ကအဆန်းဆန်း အခန်းခန်းပျံ့ပြောကြွယ် အံ့ဩဖွယ်ပုဝါများမှာ အသားကောင်းအပါးကောင်း အများဒေါင်းအဖိုးတန် အမျိုးမှန်အဆင်ထပ် ကြင်ခပ်နှင့်ရောင်ရှိန်ဖဲ ပြောင်ထိန်ကဲကွမ်းတုံဆန်း ပန်းတဲ့ကာရန်းတဲ့ကာ သန်းလဲ့ပြာမှုန်ညက်တို့ စုံမက်ဖွယ်ဆင်ခြုံ နံ့သာငွေလွင်မှုံကို ယဉ်ရုံသာသူ"တို့"၍ မူနဂိုရ်မျက်နှာထားနှင့် တစ်ဖက်သားမြင်သူတို့ ဘွင်ဆူလောက်စရာ နော်ဇာနှင့်ရွှေလည်ကပ် ခွေရှည်တပ်ကျောက်ကြိုး နေခြည်ဟပ်ပြောက်ထိုးက တောက်နိုးလုရည်ပေါ်သစ် ပြည်တော်ဖြစ်မန်းနွယ် ဆန်းကြယ်သောစိန်မြခံ ထိန်ပလျှံဆွဲပုတီးကလည်း ဝှဲချီးလို့မပြောနိုင် အဆိုင်ဆိုင်ဝတ်စားလျက်

ဟူ၍ ပွဲသွားသည့် မန်းသူတို့ဟန်ကို ရေးသားထားသည်။

ရွှပယင်းရယ်နှင့် ဝေဝင်းလို့ဝါ လေညှင်းငယ်လာ ရွှေဟင်္သာပျံသင်စလိုပ ဟန်ပြင်ကြအမှုပွေသည် ဆံစုတွေရံနှောင်ဖုံးပါလို့ မြန်အောင်ထုံးလမ်းပေါ်မြူတယ် နန်းတော်သူကြာစကားတွေနှင့် မံဘုရားကြွားလို့ဝါ ငှားခဲ့တာကွမ်းတုံချိတ်ကယ်နှင့် ကမ်းကုန်နိပ်ပေါင်ပါလန်အောင် မောင်သာဇံစွန်တောင်ဆွဲသည့်နှယ် လွန်အောင်ပဲဘုရားလယ်သည် ငါးသယ်ရှုံးတဲ့သင်းပေလေး

ဟု စပ်ဆိုထားသည်ကိုထောက်၍ ထိုခေတ်ထဘီများမှာ ခပ်ကြမ်းကြမ်းလှမ်း၍မသင့်သော ပြန့်ထဘီများဖြစ်ကြောင်း သိရသည်။


လွတ်လပ်ပြီးခေတ်[ပြင်ဆင်ရန်]

အင်္ဂလိပ်အုပ်စိုးစဉ်ကာလများတွင် မန္တလေးနှင့် အနီးတစ်ဝိုက်၌ ဝတ်ဆင်မှုများရှိသေးသော်လည်း ကျယ်ကျယ်ပြန့်ပြန့် မရှိပေ။ လွတ်လပ်ရေးရပြီးနောက် နိုင်ငံ့ပွဲလမ်းများတွင် မြန်မာ့ရိုးရာကို ပြန်လည်ဖော်ထုတ်လာရာ ယဉ်ကျေးမှုနှင့် ပင်ကိုယ်အလှကို ပေါင်းစပ်ဖော်ကျူးနိုင်သော ထိုင်မသိမ်းမှာ ပွဲလည်တင့်လာသည်။

ပါတော်မူပြီးနောက်ပိုင်း ဝတ်ဆင်နေဆဲဖြစ်သော ဗမာဝတ်စုံ (၁၈၉၀ ဝန်းကျင်)
ကိုလိုနီခေတ် ထိုင်မသိမ်းဝတ် မိန်းမငယ်တစ်ဦး (၁၉၀၇)
လန်ဒန်ရှိ စုံညီတွေ့ဆုံပွဲသို့ ထိုင်မသိမ်းနှင့် ပွဲတက်သော ဒေါ်မြစိန် (၁၉၃၁)


ယနေ့ခေတ်[ပြင်ဆင်ရန်]

ကိုယ်ထည်နှင့် ရင်ခွက်ပါသောရင်ခံကို တွဲချုပ်ကြသည်။ အနို့ကို ထည့်သွင်းခြင်း မပြုတော့ပေ။ ပုံဆန်းထွင်ရန် ခါးတောင်ကိုမူ အရွယ်တော် ထည့်သွင်းတတ်ကြသည်။ ရေသီနားကိုလည်း လိုသလို ရှည်တိုပြုလုပ်လာကြသည်။

ထိုင်မသိမ်းအင်္ကျီ၌ ပါဝင်သည့် အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

ထိုင်မသိမ်းအင်္ကျီ ချုပ်လုပ်ရာတွင် အောက်ပါအစိတ်အပိုင်းများ ထည့်သွင်းလေ့ရှိသည် [၂] -

  • ကိုယ်ထည်
  • အလက်
  • ရင်ထောင်
  • ရင်ဖုံး
  • လည်ခွံ
  • အနို့ (ကုလားနို့)

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေကိုင်းသား။ "ဆင်ယင်ထုံးဖွဲ့မှု"။ ကြီးပွားရေး စာအုပ်တိုက်၊ မန္တလေး။ ၂၀၀၅၊ ဒီဇင်ဘာ။
  2. ဒဂုန်နတ်ရှင်။ "မြန်မာ့ရိုးရာ ဆင်တန်ဆာ"။ စာပေဗိမာန် ပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၆၃၊ နိုဝင်ဘာ။