နု၊ ဦး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဦးနု
U Nu
၂၅ မေ ၁၉၀၇ - ၁၄ ဖေဖော်ဝါရီ ၁၉၉၅
နု
နိုင်ငံသုံး ဝန်ကြီးချုပ် ဓါတ်ပုံ
ဝန်ကြီးချုပ်
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်
၄ ဇန်နဝါရီ ၁၉၄၈ - ၁၂ ဇွန် ၁၉၅၆
ယခင် အုပ်ချုပ်မှုစတင်
၂၈ ဖေဘဝါရီ ၁၉၅၇ - ၂၈ အောက်တိုဘာ ၁၉၅၈
ယခင် ဗဆွေ
၄ ဧပြီ ၁၉၆၀ - ၂ မတ် ၁၉၆၂
ယခင် နေဝင်း
ကိုယ်ရေး အချက်အလက်
အမည်ရင်း နု
အမည်ကွဲ သခင်နု
မွေးရက် ၂၅ မေ ၁၉၀၇
မွေးရပ်ဇာတိ ဝါးခယ်မ၊ မြောင်းမြ
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
ဘာသာ ဗုဒ္ဓဘာသာ
ပါတီ ဖဆပလ
ကွယ်လွန်ရက် ၁၄ ဖေဖော်ဝါရီ ၁၉၉၅

ဦးနု သို့မဟုတ် သခင်နု (၂၅ မေ ၁၉၀၇ - ၁၄ ဖေဖော်ဝါရီ ၁၉၉၅) သည် မြန်မာနိုင်ငံ၏ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည်။ ဦးနုသည် မြန်မာအမျိုးသားခေါင်းဆောင်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူသည်မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေအရ နိုင်ငံ၏ဝန်ကြီးချုပ်ရာထူးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ ၁၉၅၆ ခုနှစ် ဇွန် ၁၂ ရက်ထိ၊ တစ်ဖန် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ မှ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁၈ ထိနှင့် နောက်ဆုံး ၁၉၆ဝ ပြည့်နှစ် ဧပြီ ၄ ရက်မှ ၁၉၆၂ ခုနှစ် မတ် ၂ ရက်ထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးနုသည် ဧရာဝတီတိုင်းမြောင်းမြခရိုင်ဝါးခယ်မမြို့၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက်၊ စနေနေ့ နံနက် ၈နာရီ၊ ၃၉မိနစ်၊ ၁၅စက္ကန့် ၌ မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ် အမည် မှာ မောင်ဥ ဖြစ်သည်။ ၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ဝါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက် အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၅-ခုနှစ်တွင် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဘီ.အေ (ဝိဇ္ဇာ) ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ ဦးသန့်၏ တိုက်တွန်းချက်အရ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ သုံးခွမြို့ အမျိုးသားကျောင်းသို့ ကျောင်းအုပ်အဖြစ် ပြောင်းရွေ့ခဲ့သည်။ ၁၉၃၅ခုနှစ်တွင် ပန်းတနော် မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဋ္ဌ သမီး ဒေါ်မြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သားအကြီးမှာ ဦးသောင်းထိုက်ဖြစ်ပြီး ယခုအခါ အမေရိကန်တွင် နေထိုင်သည်။

နိုင်‌ငံရေးဘဝ[ပြင်ဆင်ရန်]

လွတ်လပ်ရေး[ပြင်ဆင်ရန်]

သူ၏ နိုင်‌ငံရေးဘဝသည် ရန်‌ကုန်‌တက္ကသိုလ်‌ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တာဝန်‌ကို ရယူခဲ့ချိန်မှ စတင်‌ခဲ့သည်‌။ ထိုအချိန်တွင် ဗိုလ်ချူပ်အောင်ဆန်းမှာ သမဂ္ဂ၏ အတွင်းရေးမှုးဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် သမဂ္ဂတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းမှထုတ်ပစ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ပညာကို အလိုမရှိဟူသော သဘောဖြင့် ဘီအေဘွဲ့ကိုပြန်အပ်ခဲ့သည်။ ၁၉၃၇ခုနှစ်တွင် သတင်းဆရာ ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖွဲ့စည်းထားသော ဖေဘီယံ နိုင်ငံရေးပါတီတွင် ဝင်ရောက်ကူညီခဲ့သည်။ ဦးနုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည် ၁၉၃၀ ခုနှစ်က ဖွဲ့ခဲ့သော တို့ဗမာအစည်းအရုံး အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို တပ်ခဲ့ကြသည်။ မိမိတို့နိုင်ငံတွင် မိမိတို့သာ သခင်များဖြစ်ကြောင်း ပြယုဂ်အဖြစ် တပ်ခြင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အထိ သခင်တပ်ခြင်းကို ဆက်ထိမ်းပြီး ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဖြစ်၍ ‘သခင်’ ဟုအမည်ရှေ့တွင်တတ်ရန် မလိုတော့သည့်အတွက် ‘သခင်’ကို မသုံးတော့ပဲ ဦးနုဟုသာပြန်လည်သုံးနှုန်းစေခဲ့သည်။ ၁၉၃၇ ခုနှစ်က သခင်သန်းထွန်းနှင့်အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲထူထောင်ခဲ့ပြီး ၎င်းပါတီသည် နောင်တွင် ဆိုရှယ်လစ်ပါတီ ဖြစ်လာသည်။ ထို့နောက် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုပါ ပူးတွဲထူထောင်ခဲ့ပြီး ၁၉၄၀ ပြည့်လွန်နှစ်များဝန်းကျင်ကတည်းက ဂျပန်နှင့် ဗြိတိသျှတို့၏ သိမ်းပိုက်မှုလက်အောက်မှ ရုန်းထွက်ရန် ဆော်ဩတိုက်တွန်းခဲ့ကြသည်။ ကိုလိုနီအစိုးရ၏ ၁၉၄၀ ပြည့်နှစ်တွင် သခင်စိုးသခင်သန်းထွန်းဦးကျော်ငြိမ်းဒေါက်တာဘမော် တို့နှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ အစိုးရဝန်ကြီးအဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှဝန်ကြီးချူပ် ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးနု၊ ကိုဗဟိန်းဦးဗဆွေမြို့မ-ဦးသန်းကြွယ်၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာသန်းထွန်း၊ အာဏာရှင် လှရွှေ တို့ပါဝင်ကြသည်။

ပါလီမန်ခေတ်[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဗြိတိန်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီးနောက် ဦးနုသည် မြန်မာနိုင်ငံ၏ ဝန်ကြီးချူပ် ဖြစ်လာသည်။ လွတ်လပ်ရေးရလျှင် ရခြင်း ဦးနုသည် တိုင်းရင်းသားများ အထူးသဖြင့် ကရင်များ၏ ပုန်ကန်ခြင်းနှင့် တပ်မတော်၏တပ်ရင်းအချို့ အပါအဝင် ကွန်မြူနစ်ဂိုဏ်းကွဲများ၏ ပုန်ကန်ခြားနားမှုကို ခံရသည်။ နောက်ထပ်ဆင့်၍ပေါ်လာသည်မှာ တရုတ်ပြည်မှ ကွန်မြူနစ်များတိုက်ထုတ်လိုက်သည့် ကူမင်တန်(ကေအင်တီ) တပ်ပြေးအဖွဲ့ပါ တိုးလာသည်။ သူတို့သည် မြန်မာနိုင်ငံ အရှေ့ဖျားတွင် စခန်းများစွဲထားပြီး ၁၉၅၀ နှစ်ဦးနောက်ပိုင်းမှ မြန်မာနိုင်ငံက နှစ်အတန်ကြာတိုက်ထုတ် ခဲ့ရသည်။ ဒီမိုကရေစီစနစ်ကို ထူထောင်ခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ သူသည် ၁၉၅၆ ခုနှစ်တွင် ဝန်ကြီးချူပ်ရာထူးကို စွန့်လွှတ်ပြီး ဖဆပလ အဖွဲ့ဝင် ဦးဗဆွေ (၁၉၈၇ ခုနှစ်တွင် ကွယ်လွန်) က ၁၉၅၆ ခုနှစ် ဇွန်မှ ၁၉၅၇ ခုနှစ် ဇွန်ထိ တစ်နှစ်ဝင်ရောက် တာဝန်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်နေဝင်းကို အိမ်စောင့်အစိုးရအဖြစ် လွှဲအပ်ပြီး ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် အိမ်စောင့်အစိုးရ၏ ဝန်ကြီးချူပ်အဖြစ် တာဝန်လွှဲပြောင်းယူစေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ဖေဖော်ဝါရီ အထွေထွေရွှေးကောက်ပွဲတွင် ဦးနု၏ ‘သန့်ရှင်း’ ဖဆပလပါတီသည် ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့၏ ‘တည်မြဲ’ ဖဆပလပါတီကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဧပြီ ၄ ရက်တွင် ပြည်ထောင်စုပါတီကို ထူထောင်ပြီး အာဏာကို ပြန်ရယူခဲ့သည်။

တပ်မတော်ခေတ်[ပြင်ဆင်ရန်]

နှစ်နှစ်မပြည့်မီ ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဗိုလ်ချူပ်နေဝင်းသည် ဦးနုအစိုးရအား အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ဦးနုအား ရန်ကုန်ပြင်ပ၏ စစ်တန်းလျားတစ်နေရာတွင် ၎င်း၏ လုံခြုံရေးကို ကာကွယ်သည့် အနေဖြင့် ထိန်းသိမ်းထားပါသည်ဟု စကားအလှသုံး၍ ပြောဆိုကာ ချုပ်ထားလိုက်သည်။ ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင်မှ လွှတ်လိုက်သည်။ (ဂါးဒီယန်းနှင့် ဝပ်ကင်းပီးပယ်ဒေလီး ၁၉၆၆ ခုနှစ် အောက်တိုဘာ ၂၈ ထုတ် သတင်းစာများတွင် ဦးနုလွှတ်လိုက်သည့် အကြောင်းရှု) ၁၉၆၂ ခု ၂ မတ်|မတ် ၂]] ရက်က သမ္မတ မန်းဝင်းမောင် (၁၉၈၉ ခုနှစ် ဇွန် ကွယ်လွန်) နှင့် တရားသူကြီးချုပ် ဦးမြင့်သိန်း (၁၉၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ - ၁၉၉၄ ခုနှစ် အောက်တိုဘာ ၃ ရက်)တို့ကိုပါ ၎င်းတို့၏ လုံခြုံရေးအတွက်ဟုဆိုကာ ထိန်းသိမ်းထားလိုက်သည်။ မန်းဝင်းမောင်အား ၁၉၆၇ ခုနှစ် အောက်တိုဘာတွင် ပြန်လွှတ်ပြီး ဦးမြင့်သိန်းအား ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြန်လွှတ်သည်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီတွင် ဦးနုသည် ကြားဖြတ် အစီရင်ခံစာ တစ်စောင်တင်သွင်းသည်။ ၎င်းအစီရင်ခံစာတွင် ဗိုလ်ချုပ်နေဝင်းသည် ၎င်းရယူထားသော အာဏာကို ပြန်လည်လွှဲပြောင်းပေးရန်နှင့် ၁၉၆၂ ခုနှစ်မတ်လက ဖျက်သိမ်းလိုက်သည့် ပါလီမန်ကို ပြန်ခေါ်ရန်တို့ဖြစ်ပြီး ပါလီမန် ပြန်လည်ခေါ်ယူပြီးပါက ဗိုလ်ချုပ်နေဝင်းအား တရားဝင် သမ္မတရာထူးကို ပေးအပ်မည်ဖြစ်ကြောင်း အကြံပြုထားလေသည်။ သူ၏ အကြုံပြုစာတွင် ဤကိစ္စကို ၎င်းသည် အကြိမ်ကြိမ် စဉ်းစားပြီး၊ အခြားနည်းလမ်းများကိုပါ စဉ်းစားပြီးမှ စိတ်ရင်းကောင်းစေတနာမှန်နှင့် တင်ပြရခြင်းဖြစ်ကြောင်း တို့ကိုပါဖော်ပြထားသည်။ သူသည် တော်လှန်ရေးကောင်စီအား အာဏာကို မတရားလုယူသည့် အဖွဲ့တစ်ဖွဲ့အဖြစ် မရှိစေလိုကြောင်း၊ ဗိုလ်ချုပ်နေဝင်း၏ တရားမဝင်သည့် အဖြစ်မျိုးကိုလည်း မလိုလားသည့်အတွက် အကြံပြုရခြင်းဖြစ်ကြောင်း စသည်တို့ ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် ဦးနု၏ ကြားဖြတ်အစီရင်ခံစာ သို့မဟုတ် အကြံပေးစာကို ၁၉၆၃ ခုနှစ် ဇွန်လ ၃ ရက်ထုတ် ဂါးဒီးယန်းနှင့် ဝပ်ကင်းပီးပယ်လ်ဒေးလီးသတင်းစာများတွင်ရှု)

ယင်းအကြံပေးစာ သို့မဟုတ် အစီရင်ခံစာကို တင်သွင်းပြီးနောက် ဦးနုသည် နေထိုင်မကောင်းပါဟု ဟန်ဆောင်၍ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးသွားမည်ဟု အကြောင်းပြုပြီး အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဗိုလ်ချုပ်နေဝင်းမှ အကြောင်းပြန်ကြားခြင်း မပြုသည့်အခါ ဦးနုသည် အိန္ဒိယမှ လန်ဒန်မြို့သို့ ဆက်လက် ထွက်ခွာသွားလေသည်။ (၁၉၆၉ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လေးကြိမ်မြောက် ဆွေးနွေးပွဲတွင် ပေးခဲ့သည့် အဖွင့်မိန့်ခွန်းတွင် ဦးနု၏အကြံပေးချက်ကို တရားဝင်ပယ်ချခဲ့သည်။ သူသည် အာဏာကို မက်မောလွန်း၍ ရယူထိမ်းသိမ်းထားခြင်းမဟုတ်ကြောင်း၊ အလုပ်သမားနှင့် တောင်သူလယ်သမားများ၏ ဘဝကို မြှင့်တင်ပြီး သူတို့၏ စားဝတ်နေရေး သာယာဝပြောရေးကိစ္စများကို ဆောင်ရွက်လို၍သာ ဆောက်ရွက်ရခြင်းဖြစ်ကြောင်း၊ ဦးနု၏ အကြံပြုချက်သည် ခေတ်နောက်ပြန်ဆွဲခြင်းနှင့်တူကြောင်း )(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စာတမ်းဖတ်ပွဲကို ၁၉၆၉ ခုနှစ် နိုဝင်ဘာ ၇ ရက် နှင့် ရက်ထုတ် ဂါးဒီးယန်းနှင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတို့တွင်ရှု) ထိုအချိန်တွင် ဦးနုသည် လန်ဒန်တွင် သူသာလျှင် တရားဝင် ဝန်ကြီးချုပ်အဖြစ်ဆက်လက်ရှိနေသေးကြောင်း ကြေငြာခဲ့သည်။)

၁၉၆၉ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် လန်ဒန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သူသာလျှင် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်ဖြစ်ပြီး၊ မြန်မာပြည်သူများအား သူသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်မရမချင်း ကြိုးစားအားထုတ်သွားမည်ဟု ကတိကဝတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံသည် ယခုအခါ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တိုက်ယူခဲ့သည့် ဖက်ဆစ်အာဏာရှင် အစိုးရမျိုးအောက်တွင် ကျရောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (ဦးနု၏ လန်ဒန်တွင် ပြုလုပ်ခဲ့သည် သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက်ထုတ် ဂါးဒီးယန်းနှင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာများနှင့် ၎င်းမိန့်ခွန်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ အပြည့်အစုံဘာသာပြန်ထားသည်ကို ၁၉၆၉ ခုနှစ် စက်တင်ဘာ ၁ ရက် အစိုးရထုတ် မြန်မာသတင်းစာများတွင်လည်း ကြည့်နိုင်ပါသည်။)

နောက်ပိုင်းတွင် ဦးနုသည် ပါလီမန် ဒီမိုကရေစီပါတီကို ထူထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ဦးနု၏ တော်လှန်ရေးအဖွဲ့တွင် ရာဂဏန်းသာသာရှိ၍ အလွန်ဆုံး ထောင်ဂဏန်းခန့်သာရှိပြီး ထိုင်းနယ်စပ်မှ ဗိုလ်ချုပ်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းမှုမှာ ဆိုးရွားစွာ ဇာတ်သိမ်းခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်တွင် ဗိုလ်ချုပ်နေဝင်း ကမ်းလှမ်းသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ (၁၉၈၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက် ထုတ် ဂါဒီးယန်းနှင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာများတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဇနီးဒေါ်မြရီ ရန်ကုန်လေဆိပ်သို့ ၃:၃၀ နာရီတွင် ပြန်လည်ရောက်ရှိသတင်းကို ဖတ်ရှုနိုင်သည်။)

ရှစ်လေးလုံး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာသင်တန်းများပို့ချပြီး (၁၉၈၇ ခုနှစ်က ဦးနုသည် မြောက်အီလီနွိုင်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပို့ချခဲ့သည်။) မထင်မရှားနေနေခဲ့ပြီး ဦးနုသည် ရှစ်လေးလုံးအရေးတော်ပုံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကို ထောင်ကာ ပြန်လည်လှုပ်ရှားခဲ့သည်။ လန်ဒန်မြို့တွင် ၁၉၆၉ ခုနှစ်က သူသည် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်‌ဖြစ်ကြောင်း ကြေငြာခဲ့သည်ကို ပဲ့တင်ထပ်၍ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ထပ်မံ၍ ကြေငြာခဲ့ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီး(ရှစ်လေးလုံး ကာလက အတိုက်အခံ နိုင်ငံရေးသမား) တို့အား ကြားဖြတ် အစိုးရဖွဲ့ရန် ကမ်းလှမ်းချက်ကို ၎င်းတို့မှ လက်မခံခဲ့ပေ။ သူသည် လက်မလျှော့ပဲ သူ၏ အစိုးရကို ၁၉၆၂ ခုနှစ်က ဖြုတ်ချခဲ့သည့် သမ္မတဟောင်း မန်းဝင်းမောင်ကို သမ္မတနေရာတွင် ပြန်လည် ခန့်အပ်လျက် ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်မှု အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီးနောက် နဝတမှ ဦးနုအား ၎င်း၏ကြားဖြတ်အစိုးရအား ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးနုမှ မလိုက်လျောခဲ့ပေ။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဦးနုအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းထားလိုက်သည်။ ထိုစဉ်က နဝတပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူ့အားနိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုံးတင်တရားစွဲဆို၍ ရသော်လည်း အသက်အရွယ်ကြီးရင့်ပြီဖြစ်ခြင်းနှင့် လွပ်လပ်ရေးကြိုးပမ်းအားထုတ်မှုများကြောင့် သူ့အားတရားမစွဲဆိုခြင်း ‌ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက် နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးစောမောင် (၁၉၉၇ ခုနှစ် ဇူလိုင် ကွယ်လွန်) အား အာဏာစွန့်လွှတ်စေခဲ့သည့် တစ်ရက်တည်းတွင် ၎င်းအားပြန်လွှတ်ခဲ့သည်။ ထိုနေ့တွင်ပင် ယခုလက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အာဏာလွှဲပြောင်း ရယူခဲ့သည်။

မဟတ္တမ ဂန္ဒီ လုပ်ကြံမခံရမီ လပိုင်းအလိုတွင် ဦးနု မှ ၁၉၄၇ ဒီဇင်ဘာတွင် မြန်မာ့ခမောက်အား လက်ဆောင်ပေးနှုတ်ဆက်စကားပြောနေပုံ
ဦးနု မိသားစု

ဘာသာရေးနှင့် စာပေလုပ်ငန်း[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာ ကို ကိုင်းရှိုင်းသူဖြစ်ပြီး တိုင်းပြည်၏ လောကုတ္တရာရေးရာဆိုင်ရာ ထင်ပေါ်သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဆဋ္ဌမအကြိမ်သင်္ဂါယနာပွဲအတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပါသဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ထိုစဉ်က ဦးနု၏ အဓိက လုပ်ရပ်များကြောင့် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေငြာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်လူနည်းစုများ‌ ဖြစ်ကြသည့် ကချင်၊ ကရင်တို့ နှင့် သွေးကွဲစေခဲ့သည်။ နွားသတ်ခြင်းကိုလည်း တရားဝင်ပိတ်ပင်ခဲ့သဖြင့် အမဲသားကို တိုးတိုးသားအ‌ဖြစ် ခေါ်ဝေါ်ရသည် အထိဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းယူပြီးသောအခါ သူ၏ ပထမဦးဆုံးဆောင်ရွက်ချက်တစ်ခုမှာ နွားသတ်ခြင်းကိစ္စကို ဖျက်သိမ်းခြင်းဖြစ်သည်။ ဤအချက်သည် ဦးနေဝင်းနှင့် ဦးနုတို့၏ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၏ သင်္ကေတတစ်ခု ဖြစ်သည်။‌‌

ဦးနုသည် စာအုပ်အချို့ကို ရေးသားခဲ့ပြီး အချို့ကို အင်္ဂလိပ်ဘာသာသို့ ပုဂ္ဂိုလ်အသီးသီးတို့မှ ဘာသာပြန်ခဲ့ကြသည်။ သူ၏ စာအုပ်အချို့မှာ လူထုအောင်သံ(၁၉၁၅)၊ ဂျပန်အောက်မြန်မာနိုင်ငံ(၁၉၅၄)၊ အာရှတိုက်သားတစ်ဦး၏ အဆိုအမိန့်(၁၉၅၃) နှင့် မြန်မာပြည်၏ ရှေ့သို့မျှော်(၁၉၅၁) တို့ ဖြစ်ကြသည်။

သူ၏ ကိုယ်ရေးအတ္ထိုပ္ပတ္တိ (၁၉၀၇- ၁၉၆၂) တာတေ-စနေသားကို အိန္ဒိယနိုင်ငံ ဧရာဝတီစာပေမှ ၁၉၇၅ ခုနှစ်တွင် ဦးမောသီရိက ထုတ်ဝေခဲ့သည်။ ၎င်းအတ္ထုပ္ပတ္တိ ပထမအကြိမ်ပုံနှိပ်ခြင်းကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ဦးလောရုံက ဘာသာပြန်ဆိုခဲ့သည်။ ဦးလောရုံမှာ ၁၉၆၃ ခုထိ နေရှင်းသတင်းစာ၏ အယ်ဒီတာဖြစ်ပြီး၊ ၁၉၆၀ ပြည့်နှစ်တွင် ဦးနုကဲ့သို့ပင် တော်လှန်ရေးကောင်စီ၏ ထောင်ချခြင်းကို ခံရသည်။ ဦးနုဝန်ကြီးချုပ် မဖြစ်မီက ၁၉၃၀ ပြည့်နှစ်လွန်များဝန်းကျင်တွင် ဒေးလ်ကာနယ်ဂျီ၏ ‌How to Win Friends and Influence People ကို လူပေါ်လူဇော်လုပ်နည်း အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ဘာသာပြန်လိုက်သောအခါ လူသားမှ လူသားများအား အမြတ်ထုတ်ခြင်းအဓိပ္ပါယ် ပေါက်စေလေသည်။ နောက်ပိုင်း စာအုပ်ကို ပိုမိုနားဝင်ချိုစေသည့် မိတ္တဗလဋီကာ ဟုပြန်ဆိုခဲ့သည်။ ဤသည်ကို မိတ်ဖွဲ့နည်းကျမ်း (လူမှုရေးကျမ်းဟု ပြန်ဆိုနိုင်သည်။ ဒုတိယအကြိမ် ပုံနှိပ်ခြင်းကို ၁၉၅၀ ခုနှစ်များက ကျောင်းများတွင် ပြဋ္ဌာန်းခဲ့သည်။ အခြားသော ကျောင်းသုံးစာအုပ် အဖြစ်ပြဋ္ဌာန်းခဲ့သည် ဦးနု၏ ပင်ကိုယ်ရေးစာအုပ်မှာ လူထုအောင်သံဖြစ်သည်။)

ဦးနုသည် အသက် ၈၇ နှစ် ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ သူ၏ ဇနီး ဒေါ်မြရီမှာ သူ့အရင် ကွယ်လွန်ခဲ့သည်။ သူ့တွင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။ ဆန်းဆန်း(သမီး)၊ သောင်းထိုက်(သား)၊ မောင်အောင်(သား)၊ သန်းသန်း နှင့် ချိုချို (သမီးများ) ဖြစ်ကြသည်။

ဝတ္ထုရေးဆရာနှင့် ပြဇာတ်ရေးဆရာ[ပြင်ဆင်ရန်]

ဦးနုသည် ဝန်ကြီးချုပ်ဖြစ်ခဲ့သည့်အပြင် အောင်မြင်သော ဝတ္ထုရေးဆရာနှင့် ပြဇာတ်ရေးဆရာလည်း ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်က ရေးသားခဲ့သည့် ရက်စက်ပါပေ့ကွယ် ဆိုသည့် ဝတ္ထုတွင် ဦးနုသည် ချမ်းသာသောလယ်ပိုင်ရှင်များ ရမ်းချင်တိုင်းရမ်းခဲ့ကြပုံများကို ပီပြင်စွာသရုပ်ဖော်ခဲ့သည်။ ဦးနုသည် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူထားစဉ် အတွင်း ရေးသားခဲ့သော လူထုအောင်သံဟူသည့် ပြဇာတ်မှာ မိသားစုတစ်စုတွင် ကွန်မြူနစ်ဝါဒီများကြောင့် ဖရိုဖရဲပြိုကွဲသွားရပုံတို့ကို သရုပ်ဖော်ထားသည်။ ထူးဆန်းသည်မှာ ပြဇာတ်၏ပထမအကြိမ် ထုတ်လုပ်မှုကို ကယ်လီဖိုးနီးယား ပြည်နယ်၊ ပါစေဒီးနားတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အောင်မြင်ကျော်ကြားသည့် ကာတွန်းစာအုပ်အဖြစ် ထွက်လာပြီး အင်္ဂလိပ်ဘာသာဖြင့်လည်း ပြန်ဆိုခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း စစ်အေးတိုက်ပွဲ၏ အထွတ်အထိပ်အချိန်တွင် ရုပ်ရှင်ကားတစ်ကား အဖြစ်ပါ ထုတ်လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အချို့လူများသည် ဤပြဇာတ်ကို ကျောင်းသားဘဝက သင်ယူခဲ့ဖူးကြောင်း မှတ်မိနေကြပေလိမ့်မည်။ တကယ့်အလှ ဟူသည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲ မတိုင်မီက ထုတ်ဝေခဲ့သော ပြဇာတ်တွင် ဦးနုသည် အဆင့်မြင့်နိုင်ငံရေးသမားများနှင့် အထက်သို့ ဆန်တက်နေသည့် ကွန်မြူနစ်များအတွင်းဖြစ်ပေါ်နေသော ခြစားဖောက်ပြန်နေသည့် နိုင်ငံရေးလောကကို အကျည်းတန်စွာ သရုပ်ဖော်ထားသည်။ ၎င်း ပြဇာတ်မှာ ထိုစဉ်အခါက ခေတ်ကို ပေါ်လွင်ထင်ရှားစေသည့်အပြင် မြန်မာစာပေတွင် မရှိသလောက်ရှားပါးသည့် အမျိုးအစားဖြစ်သည်။

ဂါးဒီးယန်းသတင်းစာတွင် အခန်းဆက်အဖြစ် ဖော်ပြခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ ပတ်ဝန်းကျင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အားမနာတမ်းသရုပ်ဖော်ထားပြီး ၎င်းရပ်တည်ချက်သည် သိန်းဖေမြင့်၏ တက်ဘုန်းကြီး ဝတ္ထု၏ ရပ်တည်သရုပ်ဖော်မှုနှင့်လည်း ဆင်တူလှသည်။ တက်ဘုန်းကြီးမှာကဲ့သို့ပင် ‘မ’ ပြဿနာ ဇာတ်ရှုပ်များသည် ရိုးရာမြန်မာ့ယဉ်ကျေးမှု စရိုက်များနှင့် ဆန့်ကျင်သည့် အခြေအနေများကို ဖော်ပြထားရှိသည်။ ဤ တစ်ကြိမ်တွင် ‘မ’ ပြဿနာ အရှုပ်တော်ပုံများမှာ လက်ဝဲ လင်္ကျာ အုပ်စု နှစ်အုပ်စု စလုံးမှ နိုင်ငံရေးသမားများ လောက အတွင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

  • ၁၉၂၅
  1. "အချစ်လော၊ အမုန်းလော"၊ ဓူဝံ မဂ္ဂဇင်း
  • ၁၉၃၆
  1. "သပိတ်မှောက်ကျောင်းသား" ဇာတ်ညွှန်း၊ ဗြိတ်သျှဘားမား ရုပ်ရှင်ကုမ္ပဏီ
  • ၁၉၃၇
  1. "ခေတ်မီ ပြဇာတ်တိုများ" နဂါးနီ စာအုပ်အသင်း
  • ၁၉၃၈
  1. "ဗမာ့သတ္တိ"
  2. "လူပေါ်လူဇော်လုပ်နည်း" ပထမတွဲ
  3. "လူပေါ်လူဇော်လုပ်နည်း" ဒုတိယတွဲ (နောင်အခါ ဤစာအုပ်အား "မိတ္တဗလဋီကာ" ဟု အမည်သစ်ပြောင်း၍ ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း)
  • ၁၉၃၉
  1. "ဂန္ဓာလရာဇ်"၊ နဂါးနီ စာအုပ်တိုက်
  • ၁၉၄၀
  1. "နိုင်ငံရေးအဘိဓာန်" (သခင်လှဖေနှင့် တွဲရေး)
  • ၁၉၄၁
  1. "နွားသိုးကြိုးပြတ်" ပြဇာတ်
  2. "ပုထုဇနော ဥမ္မတကော" ပြဇာတ်
  3. "ရက်စက်ပါပေ့ကွယ်"
  4. "ဦးသောင်းဒန်"
  • ၁၉၄၃
  1. "ပုထုဇနော ဥမ္မတကော"
  • ၁၉၄၅
  1. "အာဇာနည်ဆိုတာ ဘာလဲ"
  2. "မာစ်ဆဇ္ဇင်းမ်ဆိုတာ ဘာလဲ" (ဗမာတွေ ဘာလုပ်ရမလဲ)
  3. "ငါးနှစ်ရာသီ ဗမာပြည်" ပထမအကြိမ်
  4. "ငါးနှစ်ရာသီ ဗမာပြည်" ဒုတိယအကြိမ် (အမျိုးသားစီမံကိန်းဌာန၊ အတိုင်ပင်အရာရှိကြီး မစ္စတာ ဂျေ အက်ဖ် ဖာနီဗဲလ် က အင်္ဂလိပ်သို့ ဘာသာပြန်)
  5. "Towards Peace & Democracy"
  • ၁၉၄၉
  1. "မိတ္တဗလဋီကာ" တတိယအကြိမ်
  2. "အာဇာနည်" ဒုတိယအကြိမ်
  3. "လူမွဲတို့၏ ထွက်ရပ်လမ်း"
  • ၁၉၅၀
  1. "မိတ္တဗလဋီကာ" စတုတ္ထအကြိမ်
  • ၁၉၅၁
  1. "From Peace to Stability"
  • ၁၉၅၂
  1. "စာရိတ္တမဏ္ဍိုင်"
  2. "The People Win Through"
  3. "လူထုအော်သံ" ပြဇာတ်
  • ၁၉၅၃
  1. "ကမ္ဘာကျော် ရှိတ်စပီးယားပြဇာတ်များ"
  2. "အာဇာနည်" တတိယအကြိမ်
  3. "မိတ္တဗလဋီကာ" ပဉ္စမအကြိမ်
  4. "နိုင်ငံတော်ပန်းတိုင်"
  5. "Burma Looks Ahead"
  6. "မိတ္တဗလဋီကာ" ဆဋ္ဌမအကြိမ်
  7. "အာဇာနည်" စတုတ္ထအကြိမ်
  8. "Burma under the Japan: Picture and Portraits"
  • ၁၉၅၅
  1. "အသားထဲက လောက်ထွက်" ပြဇာတ်
  2. "ပြည်ထောင်စုပန်းတိုင်" ပထမတွဲ
  3. "ပြည်ထောင်စုပန်းတိုင်" ဒုတိယတွဲ
  4. "မိတ္တဗလဋီကာ" သတ္တမအကြိမ်
  5. "မိတ္တဗလဋီကာ" အဋ္ဌမအကြိမ်
  6. "ပြည်တော်သာပန်းတိုင်"
  7. "Forward with the People"
  • ၁၉၅၆
  1. "မိတ္တဗလဋီကာ" နဝမအကြိမ်
  • ၁၉၅၇
  1. "အာဇာနည်" ပဉ္စမအကြိမ်
  2. "ပြည်တော်သာပန်းတိုင်" ဒုတိယအကြိမ်
  • ၁၉၅၈
  1. "ဓမ္မအကြောင်း"
  2. "ငါးပါးသီလအကြောင်း"
  3. "ငါးပါးသီလ၊ မြတ်စွာဘုရား၊ သံဃာတော်၊ ဓမ္မအကြောင်း၊ ဗုဒ္ဓသာသနာအရေးတော်ပုံ" ပထမအကြိမ်
  • ၁၉၅၉
  1. "ဖိနှိပ်မှု တိုက်ပွဲအဆင့်ဆင့်" ပထမအကြိမ်
  2. "ဖိနှိပ်မှု တိုက်ပွဲအဆင့်ဆင့်" ဒုတိယအကြိမ်
  3. "ဒီမိုကရေစီကာကွယ်ကြ" (မြန်မာ အင်္ဂလိပ် နှစ်ဘာသာ)
  4. "ရှေ့တန်းခေါင်းဆောင် ဖြစ်လိုသော်"
  5. "We Must Defend Democracy"
  • ၁၉၆၀

"ငါးပါးသီလ၊ မြတ်စွာဘုရား၊ သံဃာတော်၊ ဓမ္မအကြောင်း၊ ဗုဒ္ဓသာသနာအရေးတော်ပုံ" ဒုတိယအကြိမ် "သကအလ" ပြဇာတ်

  • ၁၉၆၁
  1. "Wages of Sin"
  • ၁၉၆၂
  1. "အိန္ဒိယပြည်၌ ဟောပြောသော ဗုဒ္ဓတရားတော်များ"
  • ၁၉၆၃
  1. "ပုထုဇနော ဥမ္မတကော" ဒုတိယအကြိမ်
  • ၁၉၆၇
  1. "ကာမတဏှာ" ပထမတွဲ၊ ပထမအကြိမ်
  2. "ကာမတဏှာ" ဒုတိယတွဲ၊ ပထမအကြိမ်
  • ၁၉၆၈
  1. "ကာမတဏှာ" ပထမတွဲ၊ ဒုတိယအကြိမ်
  2. "ကာမတဏှာ" ဒုတိယတွဲ၊ ဒုတိယအကြိမ်
  3. "ရက်စက်ပါပေ့ကွယ်" ဒုတိယအကြိမ်
  4. "ရုပ်စုံအခြေခံသမိုင်း" အတွဲ ၁
  • ၁၉၈၂
  1. "ကာမတဏှာ" ပထမအကြိမ် (နှစ်အုပ်တွဲ)
  • ၁၉၈၃
  1. "ညောင်ကန်အေး ဝိပဿနာတရားတော်"
  2. "ငရဲဆိုတာ ချိုနဲ့လားဗျို့" ပထမအကြိမ်
  3. "ရက်စက်ပါပေ့ကွယ်" တတိယအကြိမ်
  4. "ဗုဒ္ဓဘာသာ တရားတော်" (မြန်မာ အင်္ဂလိပ် နှစ်ဘာသာ)
  • ၁၉၈၄
  1. "ကျေးဇူးရှင်" ပထမအကြိမ်
  2. "ဓမ္မစကြာ တရားတော်"
  • ၁၉၈၅
  1. "အနတ္တလက္ခဏာသုတ် တရားတော်"
  • ၁၉၈၇
  1. "ငရဲဆိုတာ ချိုနဲ့လားဗျို့" ဒုတိယအကြိမ်
  • ၁၉၈၈
  1. "တြိရတနသဗ္ဗဇေယျ မင်္ဂလာဂါထာတော်များ"
  • ၁၉၉၆
  1. "မိတ္တဗလဋီကာ" ဒဿမအကြိမ်
  • ၁၉၉၇
  1. "အာဇာနည်" ဆဋ္ဌမအကြိမ်
  • ၂၀၀၀
  1. "ကာမတဏှာ" ဒုတိယအကြိမ် (နှစ်အုပ်တွဲ)
  2. "မိတ္တဗလဋီကာ" ဧကာဒဿမအကြိမ်
  • ၂၀၀၄
  1. "ငရဲဆိုတာ ချိုနဲ့လားဗျို့" တတိယအကြိမ်
  2. "အာဇာနည်" သတ္တမအကြိမ်
  3. "ကျေးဇူးရှင်" ဒုတိယအကြိမ်

ကိုးကား[ပြင်ဆင်ရန်]