သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)

ဝီကီပီးဒီးယား မှ
(သန်းရွှေ မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဦးသန်းရွှေ
Than Shwe 2010-10-11.jpg
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁
လက်ထောက်ဦးမောင်အေး
ယခင်လူဦးစောမောင်
ဆက်ခံသူဦးသိန်းစိန် (သမ္မတ)
ကာကွယ်ရေးဦးစီးချုပ်
တာဝန်သက်တမ်း
၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁
လက်ထောက်ဦးမောင်အေး
ယခင်လူဦးစောမောင်
ဆက်ခံသူဦးမင်းအောင်လှိုင်
မြန်မာနိုင်ငံ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၃ ဧပြီ ၁၉၉၂ – ၂၅ ဩဂုတ် ၂၀၀၃
ယခင်လူဦးစောမောင်
ဆက်ခံသူဦးခင်ညွန့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1933-02-02) ၂ ဖေဖော်ဝါရီ၊ ၁၉၃၃ (အသက် ၈၇)[၁] သို့မဟုတ်
(1935-05-03) ၃ မေ၊ ၁၉၃၅ (အသက် ၈၄)[note ၁]
ကျောက်ဆည်၊ အထက်မြန်မာပြည်၊ ဗြိတိသျှအိန္ဒိယ။
(ယခု မြန်မာနိုင်ငံ)
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ကြိုင်ကြိုင်
သားသမီး
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲမြန်မာ့တပ်မတော်
အမှုထမ်းကာလ၁၉၅၃ - ၂၀၁၁
ရာထူးဗိုလ်ချုပ်မှူးကြီး

ဦးသန်းရွှေ သည် ၁၉၉၂ ခုနှစ်မှာ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ အစရှိသော အရေးပါသည့် ရာထူးများကိုလည်း ရယူထားခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံ့အကြီးအကဲ အဖြစ်မှ တရားဝင် အနားယူခဲ့သည်။

ငယ်စဉ်ဘဝ

ဦးသန်းရွှေကို ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် အင်းမရွာ၌ အဖ ဦးလေးမြင့်၊ အမိ ဒေါ်စိမ်းရင်တို့မှ ဖွားမြင်ခဲ့သည်။[note ၁] ဦးသန်းရွှေသည် ငယ်စဉ်က ကျောက်ဆည်မြို့၌ စတင်ပညာသင်ကြား၍ ၁၉၅၁ ခုနှစ် အသက် ၁၈ နှစ်၌ အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း စာမေးပွဲ အောင် မအောင် ကို အတိအကျ မသိရသော်လည်း မဆလပါတီ ဗဟိုကော်မတီလောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ၁ဝ တန်းအောင်ဟု ဖော်ပြထားသည်။

ထို့နောက် ၁၉၅၂ ခုနှစ် မိတ္ထီလာမြို့ရှိ စာတိုက်၌ တစ်နှစ်ခန့် စာတိုက်စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉) သို့ တက်ရောက်ကာ ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။[၂] သူ၏ကိုယ်ပိုင်နံပါတ်မှာ ကြည်း ၆၇၁ဝ ဖြစ်ပြီး အမှတ်(၁) ခြေလျင်တပ်ရင်းတွင် တာဝန်ကျခဲ့သည်။

စစ်ဖက်ဆိုင်ရာ တာဝန်များ

တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အမှတ် (၁) ခြေလျင်တပ်ရင်း၌ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၅ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ဗိုလ်ရာထူးဖြင့် လည်းကောင်း၊ ၁၉၅၇ ဖေဖော်ဝါရီ ၂၁ တွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူးအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ အမှတ် ၁ ခြေလျင်တပ်ရင်းဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် KNU နှင့် ဗကပတို့ကို စစ်ဆင်ရေး တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။[၂]

ထို့နောက် ၁၉၅၈ ဖေဖော်ဝါရီ ၂၆ တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။ ၁၉၅၈ ဧပြီလ မှ နိုဝင်ဘာလအထိ ဆိုဗီယက်ယူနီယံတွင် အထူးသင်တန်းတစ်ခုကို တက်ရောက်သင်ကြားခဲ့သည်။ ၁၉၆၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် ၁ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ဒီဇင်ဘာ ၄ ရက်နေ့တွင် ၁၉၆၂ တွင် ဗဟိုနိုင်ငံရေးတက္ကသိုလ်၌ နည်းပြ၊ ဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည်။[၃]

ခလရ(၁)၊ ခမရ(၁ဝ၁)၊ တပ်မ (၈၈)၊ နတခ ခေါ် အနောက်တောင်တိုင်း စစ်ဌာနချုပ်စသည့်တိုက်ခိုက်ရေးတပ်များ၌ တာဝန်အဆင့်ဆင့် ထမ်းဆောင်သည်။

၁၉၆၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ

၁၉၆၆ ခုနှစ်တွင် အမှတ် ၁၀၁ ခြေလျင်တပ်ရင်း၌ ဌာနချုပ် တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ဦးစီးဌာနတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနစု စစ်ဦးစီးမှူး (ပထမတန်း) အဖြစ်လည်းကောင်း ၊ ၁၉၇၇ ခုနှစ်တွင် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်၌ ဒုတိယတပ်မမှူး၊ ၁၉၈၀ ပြည့်နှစ် မတ်လတွင် ယင်းတပ်မ၌ပင် တပ်မမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ် ဩဂုတ် ၈ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ် ဩဂုတ် ၉ ရက်နေ့မှစ၍ ဧရာဝတီတိုင်း ဒေသပါတီ ကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇ဝပြည့်နှစ် အမှတ်(၁)ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပြီးသံလွင်မြစ် အရှေ့ပိုင်းနှင့် ရှမ်းပြည်မြောက် ပိုင်း နယ်မြေများတွင် စစ်ဆင်ရေး တာဝန်များ ယူခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်သို့ ရောက်လာပြီး စစ်ဆင်ရေး ဗျူဟာများကို တာဝန်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တပ်မ (၈၈) တပ်မမှူးအဖြစ် ခန့်အပ်ခံရပြီး ရှမ်းပြည်နယ်တွင် ဗကပများ နှိမ်နှင်းရေး စစ်ဆင်မှုများကို ကွပ်ကဲခဲ့ရသည်။ ၁၉၈၃ ဇူလိုင်လ ၂၂ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ထိုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၏ ဒေသပါတီ ကော်မတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ တစ်ဖန် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၈၅ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။

ထို့နောက် ဗိုလ်မှူးချုပ် သန်းရွှေသည် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ် အဆင့် တိုးမြှင့်ခြင်း ခံရသည်။ တဖန် တစ်နှစ်အကြာ ၁၉၈၇ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ခံရသည်။ ၁၉၈၈ ခု၊ ဇူလိုင် ၂၇ တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။[၂]

၈၈၈၈ အရေးအခင်းနောက်ပိုင်း ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။[၂]

၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်နေ့တွင် ကျန်းမာရေးကြောင့်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး[၄] သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရာယူခဲ့သည်။

ခေါင်းဆောင်မှု ပုံစံ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နေပြည်တော်တွင် ၂၀၁၀ ခုနှစ်က တွေ့ဆုံနေစဉ်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စီးပွားရေးကို နိုင်ငံတော်က ထိန်းချုပ်မှုအချို့ကို လွှတ်ပေးခဲ့ပြီး[၅] အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)သို့ မြန်မာနိုင်ငံ ဝင်ရောက်ရေးအား လိုလားထက်သန်ခဲ့သည်။ နိုင်ငံရေးခြစားမှုကို ကိုယ်တိုင် ကြီးကြပ်တိုက်ဖျက်ပြီး ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးအချို့ကို အရေးယူခဲ့သည်။

အတိုက်အခံပါတီအဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့အထိ ၁၄ နှစ်နှင့် ၈ လကြာ ရေးဆွဲခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကိုလည်း ချုပ်ချယ်ပြီး အစိုးရအား ဆန့်ကျင်ရေးသားသည့် စာနယ်ဇင်းသမားများအား ထိန်းသိမ်းခြင်းကိုပါ ကြီးကြပ်ခဲ့သည်။ ၁၉၉ဝ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့သော်လည်း ၂ဝဝ၃ ခုနှစ်တွင် ပြန်လည်ချုပ်နှောင်ခဲ့သည်။ မြန်မာ့စီးပွားရေးအား တင်းကြပ်စွာ ထိန်းချုပ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း သူ၏စီးပွားရေးဆိုင်ရာမူများမှာ စနစ်ကျမူမရှိဟု ဝေဖန်ခံရလေ့ရှိသည်။[၆][၇]

သူသည် ထင်ရှား ပေါ်လွင်စွာ မနေပေ။ လူများအမြင်တွင် သူသည် မှုန်ကုတ်ကုတ်နှင့် ရှေ့တန်းထွက်လေ့မရှိ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးတွင် အဓိကအတားအဆီးအဖြစ် မြင်ကြသည်။ နိုင်ငံပိုင်သတင်းစာများတွင် ရုံးပိတ်ရက်နှင့် အခါကြီး နေ့ကြီးများတွင် သဝဏ်လွှာများ ရေးပို့လေ့ရှိပြီး သတင်းဌာနများအား တိုက်ရိုက် စကားပြောခြင်း မရှိပေ။[၈]

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အား ဖြုတ်ချသည့်ကိစ္စတွင်လည်း ပါဝင်ခဲ့သည်ဟု ရိုးစွပ်ခြင်းခံရပြီး ထိုကိစ္စအပြီးသူ၏အာဏာမှာ ပိုမိုခိုင်မြဲလာသည်။[၉] The former premier, who said he supported Aung San Suu Kyi's involvement in the National Convention, was seen as a moderate at odds with the junta's hardliners.

၂၀၀၆ ခုနှစ် မေလနှင့် နိုဝင်ဘာလတို့တွင် ကုလသမဂ္ဂ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီကို မြို့တော်သစ်ဖြစ်သော နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ သို့သော်လည်း ၂၀၀၇ နိုဝင်ဘာနှင့် ၂၀၀၈ မတ်လ ၁၀ ရက်နေ့များတွင် ဂမ်ဘာရီ နောက်တစ်ဖန် မြန်မာနိုင်ငံ ရောက်ရှိလာချိန်များတွင် တွေ့ဆုံရန်ကို ဗိုလ်ချုပ်မှူးကြီးက ငြင်းပယ်ခဲ့သည်။[၁၀]

၂၀၀၈ ခုနှစ် မေလအစောပိုင်းတွင် နာဂစ်မုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ပြီးချိန်တွင် နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခဲ့သည်။[၁၁] ထိုအပြုအမူက ကုလသမဂ္ဂနှင့် နိုင်ငံတကာတွင် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

၂၀၀၉ ခုနှစ် ဇူလိုင် အစောပိုင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ကိုမူ ငြင်းပယ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး နောက်တစ်ဖန် ရောက်ရှိချိန်တွင် ဗိုလ်ချုပ်မှူးကြီးက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ "အရပ်သား အစိုးရ တက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်နှင့် ကျွန်တော့လုပ်ဖော်ကိုင်ဖက်တွေက သာမန်ပြည်သူတွေ ဖြစ်သွားကြတော့မှာပါ" ဟု မှတ်ချက်ပြုခဲ့သည်။[၁၂]

၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အခြား ထိပ်တန်းစစ်အရာရှိ ခြောက်ဦးတို့သည် စစ်ဖက်ဆိုင်ရာ ရာထူးများမှ နုတ်ထွက်ခြင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် နိုင်ငံ့အကြီးအကဲအဖြစ် ၂၀၁၁ ဘဏ္ဍာရေးနှစ်ကုန်အထိ ရှိနေမည်ဖြစ်ကာ ရွေးကောက်ခံ သမ္မတအား အာဏာလွှဲပေးမည်ဖြစ်ကြောင်း ကောလဟာလများ ပေါ်ပေါက်ခဲ့သည်။[၁၃] သို့သော်လည်း နောက်သုံးရက်အကြာ နိုင်ငံပိုင်သတင်းစာများတွင် ဦးသန်းရွှေအား ဗိုလ်ချုပ်မှူးကြီးအဖြစ် ဖော်ပြထားဆဲ ဖြစ်နေခဲ့သည်။[၁၄]

မိသားစု

သား၊ သမီးများ

  • ထွန်းနိုင်ရွှေ(ခ) ထွန်းထွန်းနိုင် (ဇနီး-ခင်သန္တာ)
  • ဦးကြိုင်ဆန်းရွှေ (ဇနီး -ခင်ဝင်းစိန် )
  • ခင်သန္တာရွှေ(ခ) မပေါက် (ခင်ပွန်း- ဇော်ဖြိုးဝင်း (ဗိုလ်မှူး))
  • ခင်ပြုံးရွှေ
  • အေးအေးသစ်ရွှေ
  • ကြည်ကြည်ရွှေ(ခ)မဩ (ခင်ပွန်း- နေစိုးမောင်)၊ (သား- နေရွှေသွေးအောင် (ခ)[ဖိုးလပြည့်])
  • ဒေဝါရွှေ
  • သန့်ဇော်ရွှေ(ခ)မောင်မောင်


အတ္ထုပ္ပတ္တိ စာအုပ်

ဗြိတိန်အခြေစိုက် ကမ္ဘာတဝှမ်းရှိ ခရစ်ယာန် ဘာသာဝင်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide)မှ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသူ စာရေးဆရာ ဘင်နဒစ်ရော်ဂျာစ် (Benedict Rogers) ရေးသားထားသော (Than Shwe: Unmasking Burma's Tyrant)" ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တစ်ဦးကို မျက်နှာဖုံးခွာကြည့်ခြင်း" စာအုပ်ကို ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ၂၀၁၀-ခု၊ အောက်တိုဘာလမှာ ထုတ်ဝေခဲ့သည်။

မြန်မာဘာသာအနေဖြင့် "ဦးသန်းရွှေ သို့မဟုတ် နေပြည်တော်မင်းသားကြီး" စာအုပ်ကို သန်းဝင်းလှိုင်ရေးသားပြီး လွင်ဦးစာပေက ၂၀၁၄ မေလတွင် ထုတ်ဝေခဲ့သည်။


နိုင်ငံတကာ မီဒီယာ

ဦးသန်းရွှေအား ၂၀၀၉ ခုနှစ် Parade မဂ္ဂဇင်းမှ အဆိုးဆုံး အာဏာရှင်များစာရင်းတွင် ထည့်သွင်းခဲ့ပြီး[၁၅] နံပါတ်စဉ် ၂ ချိတ်ခဲ့သည်။

မှတ်စု

  1. ၁.၀ ၁.၁ မန္တလေးတိုင်း၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ မင်းစုကျေးရွာတွင် မွေးဖွားသည်ဟုလည်း ဆိုကြသေးသည်။ သို့သော် မြန်မာ့သမိုင်း အဖွဲ့ဝင် ဦးကျော်ငြိမ်း ပြုစုသော ကိုလိုနီခေတ် မြန်မာရက်စွဲသမိုင်း(၁၈၈၆-၁၉၄၂)၌ ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ ဟူ၍ ဖော်ပြထားသည်။ ထို့အတူ Benedict Rogers ရေးသား၍ ထိုင်းနိုင်ငံမှ Silkworm စာအုပ်တိုက် မှ ၂ဝ၁ဝ ခုနှစ်က ထုတ်ဝေခဲ့သော Than Shwe: Unmasking Burma’s Tyrant စာအုပ် စာမျက်နှာ ၁ဝ နှင့် အွန်လိုင်းစာမျက်နှာ၌လည်း ယင်းအတိုင်းပင် ဖော်ပြထားသည်။ Emma Larkin ရေး၍ ပင်ကွင်းစာအုပ်တိုက်မှ ၂ဝ၁ဝ ထုတ်ဝေသော Everything is Broken စာအုပ် စာမျက်နှာ ၁၆၇ ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးသက္ကရာဇ် ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် မမှန်ဟု ဆိုသည်။ ၎င်းက ၁၉၃၂ ဧပြီ ၁ ရက် နံနက် ၆ နာရီသာ အမှန်ဟု ဆိုသည်။ သို့သော် အမည်မဖော်လိုသော ဝေဒပညာရှင် တစ်ဦးကမူ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့သာ ဖြစ်ရမည်ဟု ဆိုသည်။ အကြောင်းမှာ ဦးသန်းရွှေ၏ ချက်တဝိုက်၌ မှဲ့စလွယ် (သို့မဟုတ်) စာအမှတ်အသား ပါရှိသောကြောင့်ဟု ဆိုသည်။ သို့သော် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင်မူ ၃ မေ ၁၉၃၅ ဟုဖော်ပြထားသည်။

ကိုးကား

  1. Than Shwe။ Alternative Asean Network on Burma။ 2008-07-02 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Leaders of Tatmadaw, published by Defence Services Historical Museum and Research Institute (DSHMRI)
  3. ၁၉၈၁ စတုတ္ထအကြိမ် ပါတီညီလာခံ ဗဟိုကော်မတီဝင်လောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း
  4. Wheeler၊ Ned။ "Obituary: General Saw Maung"၊ The Independent၊ 28 July 1997။ 
  5. Johnson (2005), p. 67
  6. Independence Online Newsletter Archived 2010-08-09 at the Wayback Machine.. Shan Herald Agency for News. Issue 6, January 2007.
  7. Smith, Matthew; Htoo, Naing (2008). "Energy Security: Security for Whom?". Yale Human Rights and Development Law Journal.
  8. Beaumont၊ Peter။ "Drugs and astrology: how 'Bulldog' wields power"၊ The Observer၊ London: The Guardian၊ 2007-10-07။ 2008-05-08 တွင် ပြန်စစ်ပြီး 
  9. Justin McCurry, Jonathan Watts & Alex Duval Smith (September 30, 2007). How Junta stemmed a saffron tide. The Observer.
  10. How Myanmar leader snubs U.N. envoy. CNN. March 11, 2008
  11. The Worst of the Worst - By George B.N. Ayittey။ Foreign Policy။ 2011-03-13 တွင် ပြန်စစ်ပြီး။
  12. Koyakutty, Haseenah (July 15, 2009). UN gains leverage over Myanmar. Asia Times Online.
  13. "Junta Chiefs Resign in Military Reshuffle"၊ The Irrawaddy News၊ 2010-08-27။ Archived from the original on 2010-12-31။ 
  14. "Burma's Than Shwe 'remains senior general'"၊ BBC News၊ 2010-08-31။ 
  15. Parade Magazine. " The Worlds 10 Worst Dictators", 22 March 2009