ကျောင်းသုံးစာအုပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မည်သည့်အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံအစိုးရ ဌာန တခုခုက အတည်ပြု၍ ကျောင်းများတွင် အသုံးပြုရန် ပြဋ္ဌာန်း‌ ကြေညာလိုက်သောအခါ ထိုစာအုပ်သည် ကျောင်းသုံးစာအုပ် ဖြစ်လာသည်။ ကျောင်းသုံးစာအုပ်ဆိုသည်မှာ ကျောင်းများနှင့် ဆရာအတတ်သင်ကျောင်းများတွင် အသုံးပြုရန် ဥပဒေအရ ဖွဲ့စည်းထားသော အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ မာတိကာနှင့် ကျောင်းသုံးကော်မတီက ထုတ်သည့် သို့မဟုတ် အသိအမှတ် ပြုလျက် ပြဋ္ဌာန်းထားသည့် စာအုပ်ကို ဆိုလိုသည်။ ၎င်းသည် နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းများမှာကဲ့သို့ အချိန်မှန် ထုတ်ဝေရသော စာပေမျိုး မဟုတ်ဘဲ၊ ကျောင်းသုံးစာအုပ် ထုတ်ဝေရေးတွင် အချိန်မှန် ထုတ်ဝေရန် ပြဿနာ မရှိဘဲ၊ ကျေင်းဖွင့်စတွင် အသင့်ဖြစ်ရန် အချိန်မီ ထုတ်ဝေရေး ပြဿနာသာ ရှိသည်။[၁]

ပြဋ္ဌာန်းစာ[ပြင်ဆင်ရန်]

ကျောင်းပြင်ပရှိ ပုဂ္ဂလိကပိုင် ထင်ရှားသော စာအုပ် တအုပ်ကို ကျောင်းသုံးစာအဖြစ် ပြဋ္ဌာန်းနိုင်သည်။ ဥပမာ၊ ယခင်တခေတ်က သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ၊ သာဓု၏ တပ်ထဲက မြတ်ကိုကို၊ သခင်နု၏ လူပေါ်‌လူဇော်လုပ်နည်း (မိတ္တဗလဋီကာ) စသော စာအုပ်များသည် ကျောင်းသုံးစာအုပ်များ ဖြစ်ဖူးသည်။ ယခုအခါ ပြင်ပဈေးကွက်မှ စာအုပ်မျိုးကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်း မရှိတော့ချေ။

ကျောင်းသုံးစာအုပ်ဟု ဆိုရာ၌ တပည့်များ သုံးရန် ပြဋ္ဌာန်းပေးထားသည့် ဖတ်စာအုပ်နှင့် ယင်းအတွက် စာအုပ်များ သာမက၊ သင်ခန်းစာ လေ့ကျင့်ရန် လုပ်ငန်းစာအုပ် (work book)၊ အပိုဖတ်ရန် စာအုပ်၊ ဖြည့်ဖတ်ရန် စာအုပ်ဟူ၍လည်း ရှိနိုင်သည်။ ထို့ပြင်၊ ဆရာကိုင်၊ ဆရာလက်စွဲ၊ ဆရာလမ်းညွှန်ဟူ၍ အခြားကျောင်းသုံးစာအုပ်များလည်း ရှိတတ်သည်။ ထို့ကြောင့် ကျောင်းသုံးစာအုပ်သည် ဘာသာရပ်များအလိုက်လည်းကောင်း၊ အသုံးချပုံနည်းများအလိုက် လည်းကောင်း၊ အမျိုးအစား ထွေပြားသော ပုံနှိပ်စာပေ ဖြစ်သည်။ ကျောင်းသုံးစာအုပ်သည် ရသဖြင့် မွမ်းမံပေးသည့် ဖြစ်စေ၊ မပေးသည် ဖြစ်စေ အခြေခံအားဖြင့် သုတကို အမြဲတစေ ပေးရန် ရည်သန်ရသည်။ ၁၉၈၀ မတိုင်မီအထိ အခြေခံပညာရေးနယ်ပယ်တွင် သင်ကြားသော ဘာသာရပ်မျို‌ပေါင်း ၂၀ အတွက် ပြဋ္ဌာန်းသည့် ကျောင်းသုံးစာအုပ် အမျိုးအစားမှာ ၈၇ မျိုးရှိ၍ သူငယ်တန်းမှ ဒသမတန်းအထိ တနှစ်တနှစ်လျှင် ပုံနှိပ်ထုတ်ဝေသော စာအုပ်ပေါင်း သိန်း ၁၃၀ ခန့် ရှိသည်။

အမျိုးအစား[ပြင်ဆင်ရန်]

ပြဋ္ဌာန်းထားသော‌ ကျောင်းသုံးစာအုပ် အများအပြားကို ခြုံငုံ၍ အမျိုးအစားခွဲသော် အဓိကအားဖြင့် ဝိဇ္ဇာသုတပေး စာအုပ်များနှင့် သိပ္ပံသုတပေး စာအုပ်များ ဖြစ်သည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ပါဠိ စသည့် ဘာသာရပ်များအတွက် ပြဋ္ဌာန်းသော စာအုပ်သည် ဝိဇ္ဇာသုတပေး စာအုပ် ဖြစ်ပြီး၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘူမိဗေဒ စသည့် ဘာသာရပ်များအတွက် ပြဋ္ဌာန်းသော စာအုပ်သည် သိပ္ပံသုတပေး စာအုပ် ဖြစ်သည်။

အရေးပါမှု[ပြင်ဆင်ရန်]

လက်သမားအတွက် အဆောက်အဦတခု ဆောက်ရန် ကိရိယာ တန်ဆာပလာ လိုသလို ကျောင်းသားအတွက် အသိပညာ အဆောက်အဦ တခု ဆောက်ရန် ကျောင်းသုံးစာအုပ် လိုသည်။ မည်သည့်ကျောင်းသားမဆို ကျောင်းသုံးစာအုပ် မရှိလျှင် သက်ဆိုင်ရာ ဘာသာရပ်ကို ကောင်းစွာ နားလည်မည် မဟုတ်။ ကျောင်းသုံးစာအုပ်သည် သင်ကြားသူ ဆရာ၊ ဆရာမများ အထူးတလည် အပင်ပန်းခံ ရှာဖွေ ကြံစည်မနေရဘဲ အဆင်သင့် အသုံးချနိုင်အောင် စီစဉ်ထားပြီး၊ ကကြီး၊ ခခွေး သင်ပုန်းကြီး ဖတ်စာအုပ်က အစ အလွန် ရှုပ်ထွေး ခက်ခဲ နက်နဲလှသော အတတ်ပညာဆိုင်ရာ ဘာသာရပ်စာအုပ်များ၊ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များ၊ အတွေးအခေါ်ဆိုင်ရာ စာအုပ်များအဆုံး အားလုံးသော စာအုပ်များမှာ သင်ကြားရမည့် ဆရာများကို သင်ယူသူ ကျောင်းသားကျောင်းသူများ အခြေခံကျကျ ငုံမိအောင်၊ သဘောပေါက်အောင်၊ အဆင့်အဆင့် တတ်မြောက်လွယ်အောင်၊ တတ်မြောက်ပြီးသည့်နောက်တွင်လည်း သက်ဆိုင်ရာ ဘာသာရပ်ကို ဆက်လက် လေ့လာလိုက်စား တိုးတက်အောင် အခြေခံပေးသည် အုတ်မြစ်သာ ဖြစ်သည်။ သို့ဖြစ်၍ သင်ယူသူ၏ အသက်အရွယ်၊ အဆင့်အတန်း၊ အတွေ့အကြုံ စသည်တို့နှင့် ဆီလျော် မျှတအောင် အဆင့်ဆင့် ညီညီညာညာ တိုးတက်မှု ရှိစေရန် ပြုပြုပြင်ပြင် ချင့်ချင်ချိန်ချိန်နှင့် ကျစ်လစ်သိပ်သည်းစွာ စီစဉ်ထားရသည်။

သင်ယူသိရှိရမည့် အကြောင်းအရာများ၏ အနှစ်သာရကို ယေဘုယျ ဖော်ပြထားပြီး၊ အထွေထွေသော ကျွမ်းကျင်မှုများကို တတ်သိစေရန် အခြေခံများ ပြည့်စုံသည်။

ကျောင်းသုံးစာအုပ် သမိုင်း[ပြင်ဆင်ရန်]

ကိုလိုနီခေတ်[ပြင်ဆင်ရန်]

သီပေါမင်း ပါတော်မူပြီးသော အချိန် ၁၈၈၅ မှစ၍ ၁၉၄၈ လွတ်လပ်ရေး ရသည့် အချိန်ထိ ကာလတလျှောက်လုံးတွင် နယ်ချဲ့တို့ မြန်မာပြည်တွင် ချမှတ်ကျင့်သုံးသော ပညာရေးကို ကိုလိုနီပညာရေး (ခ) ကျွန်ပညာရေးဟု ခေါ်သည်။ လူတန်းစား ခွဲခြားရေး ဝါဒကြောင့် မြန်မာပြည် ပညာရေးတွင် ကျောင်း ၃ စား ခွဲခြား တည်ထောင်ခဲ့ပြီး ယင်းတို့မှာ

  • မြန်မာစာသက်သက် သင်ကြားသော တိုင်းရင်းသား ဘာသာသင်ကျောင်း
  • အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ သင်ကြားသော ကျောင်း
  • အင်္ဂလိပ်စာ သက်သက် သင်ကြားသော ကျောင်းဟူ၍ ဖြစ်သည်။

မြန်မာစာသင်ကျောင်းများသည် ၉၀ ရာခိုင်နှုန်းသော တိုင်းရင်းသားများအတွက် ဖြစ်သော်လည်း၊ ၁၀၀ နှုန်းသော အစိုးရလုပ်ငန်းကိုမျှ ခံစားခွင့် မရချေ။ ကျွန်စိတ်မွေးသည့် သင်ရိုးညွှန်းတမ်း၊ အောက်တန်းလွှာ သုတပေး ကျောင်းသုံးစာအုပ်များဖြင့်သာ ချို့ချို့ငဲ့ငဲ့ သင်ယူရသည့်အလျောက် တိုင်းရင်းသား ဘာသာ ကျောင်းထွက်သူများသည် မြေတိုင်းစာရေး၊ ကျောက်ထိုးဆရာ၊ အမြင့်ဆုံး မူလတန်းပြ ကျောင်းဆရာများသာ လုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်လင့်ကစား၊ လယ်ယာလုပ်ငန်းနှင့် ပတ်သက်သော သင်ရိုးညွှန်းတမ်း ကျောင်းစာအုပ်များ ပြဋ္ဌာန်းခြင်း မရှိ၍ အသက်မွေးဝမ်းကျောင်း ပညာ မရချေ။

ဒုတိယအမျိုးအစား ဖြစ်သော အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာသင် ကျောင်းများ၌ မြန်မာစာမှအပ ကျန်ဘာသာရပ်အားလုံးကို အင်္ဂလိပ်စာ ကျောင်းစာအုပ်ဖြင့် သင်ကြား၍ မြန်မာစာမှာ ဒုတိယအရေးကြီးသော ဘာသာရပ်သာ ဖြစ်သည်။ အင်္ဂလိပ်စာကို ၆၅% အသားပေး သင်ကြားသည်။ ထိုကျောင်းထွက်များ တက္ကသိုလ် ဆက်သင်နိုင်ရန် လိုအပ်သော သုတကို ကျောင်းစာအုပ်များက ဖြည့်ဆည်းပေးသည်။ ထိုကျောင်းမျိုးတွင် ပညာသင်နိုင်သူမှာ ဥစ္စာ အတော်အသင့် ကြွယ်ဝသည့် မြို့နေလူတန်းစားများသာ ဖြစ်၍ ကျောမွဲ တောနေလူတန်းစားများ လားလား မကပ်နိုင်သော ကျောင်းမျိုး ဖြစ်သည်။

တတိယအမျိုးအစား ဖြစ်သော အင်္ဂလိပ်စာသက်သက် သင်ကျောင်းသည် အခွင့်ထူးခံ လူတန်းစား သားသမီးများအတွက် ဖြစ်ပြီး၊ သုတပါ ကျောင်းသုံးစာအုပ်ကောင်းများစွာဖြင့် အင်္ဂလိပ်အပါအဝင် ဥရောပတိုက်သား မျက်နှာဖြူသွေးပါသူများကိုသာ လက်ခံသင်ကြားသည်။ နောင်တွင် မျက်နှာကြီးအရာရှိ၊ သူဌေးသူကြွယ်သားသမီးများ၊ အနောက်တိုင်း ယဉ်ကျေးမှု ခံယူလိုသူများကိုလည်း တက်ရောက်ခွင့် ပေးသည်။ လူနည်းစု‌ အုပ်ချုပ်ရေးအထက်တန်းလွှာ သားသမီးများကို ထားရာကျောင်း ဖြစ်ပြီး၊ စရိတ်စက ကြီးမားလှရာ ဆင်းရဲသားများ အနားမသီနိုင်ချေ။ ထိုကျောင်းထွက်များသည် အမြင့်ဆုံး ရာထူးအထိ ထမ်းဆောင်နိုင်ခဲ့သည်။

ကိုလိုနီပညာရေးတွင် ကျောင်းအမျိုးအစားအလိုက် ကျောင်းသုံးစာအုပ်မှာ ဆီနှင့် ရေပမာ များစွာ ခြားနားသည်။ မြန်မာ သို့မဟုတ် အခြားတိုင်းရင်းသား ဘာသာဖြင့် ရေးသားထားသော စာအုပ်များ အထူး ရှားပါးခဲ့သည်။ အကြီးမားဆုံး ထိုးနှက်ချက် ၂ ခုမှာ တိုင်းရင်းသား ဘာသာသင် ကျောင်းများအတွက် အဆင့်မီ မြန်မာဖတ်စာ မရှိခြင်းနှင့် အူရဒူ၊ ဟင်ဒီ၊ တမီလ်၊ တလ်ဂူ၊ ဘင်္ဂလီ စာပေများကို မြန်မာစာနှင့် အပြိုင် အခြားတိုင်းရင်းသား ဘာသာများအဖြစ် အလေးပေးထားခြင်းတို့ ဖြစ်သည်။

အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ ကျောင်းသုံးစာအုပ်များကို အမျိုးသားပညာရေးကောင်စီက သတ်မှတ်ပေးပြီး၊ သင်ရိုးညွှန်းတမ်းကို လွတ်လပ်စွာ ပြဋ္ဌာန်းနိုင်ခဲ့ကာ၊ ပြဋ္ဌာန်းစာအုပ်ကို မနှစ်သက်လျှင် ပညာမင်းကြီးပင် ဝင်စွက်ခွင့် မရှိအောင် လွတ်လပ်သွားသည်။ အမျိုးသားပညာရေး၏ "အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ"ဟူသော ဦးတည်ချက်နှင့် အမျိုးသားကျောင်းများတွင် မြန်မာစာ၊ ဘာသာရေး၊ မြန်မာနိုင်ငံ ရာဇဝင်၊ မြန်မာနိုင်ငံ ပထဝီတို့ကို အရေးပေး သင်ကြားလာသည်။

အမျိုးသားကျောင်းများ မပေါ်ပေါက်မီက မြန်မာစာပေ၊ ရာဇဝင်တို့ကို ချောင်ထိုးထားကာ၊ မြန်မာစာကို အင်္ဂလိပ်စာနှင့် တွဲ၍ ဘာသာပြန်ခိုင်းရုံသာ ရှိပြီး၊ မြန်မာစာ၏ ဂုဏ်ရသ ခက်ခဲနက်နဲသိမ်မွေ့ပုံကို ဖော်ထုတ်ခြင်း မရှိ၍ မြန်မာစာသည် အောက်ဆုံးအဆင့်၌ ရှိခဲ့သည်။ မြန်မာရာဇဝင်ကိုလည်း မသင်ပေးဘဲ အင်္ဂလိပ်အင်ပါယာကြီး ကြီးထွားလာပုံ ကျောင်းစာအုပ်ဖြင့် သင်ကြားခဲ့သည်။

ဂျပန်ခေတ်[ပြင်ဆင်ရန်]

ကျောင်းသုံးစာအုပ် ဖြန့်ချိရာ၌ တနိုင်ငံလုံး တပြေးညီ ရှိသော ကာလမှာ ဂျပန်ခေတ် ဖြစ်သည်။ ၁၉၄၁ ဇန်နဝါရီတွင် ဗြိတိသျှအစိုးရသည် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဆုတ်ခွာပြီးနောက် ဂျပန်စစ်တပ်များ ဝင်ရောက်လာသည်မှ စ၍ ဂျပန်ခေတ် စတင်ပြီး၊ ဤခေတ်တွင် ကျောင်းများ၌ စာပေသင်ကြားရေး ပြောင်းလဲလာသည်။ ဗြိတိသျှအစိုးရ လက်ထက်အခါကကဲ့သို့ မဟုတ်ဘဲ တမျိုးတစားတည်းသော ကျောင်းများအဖြစ် ဖွင့်လှစ်လာရာ၊ စာပို့ချရာ၌လည်း အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် မသင်ကြားဘဲ မြန်မာဘာသာသက်သက် ဖြင့် သင်ကြားစေသည့်အတွက် အရှုံးထဲမှ အမြတ်ထွက်လာသော ပညာရေး ဖြစ်သည်။ အဆောက်အဦများ၊ ကျောင်းပရိဘောဂများ ဆုံးရှုံး၍ ပညာရေး နုံ့နဲ့ခဲ့သော်ငြား၊

  • ကျောင်းသုံးမျိုးမှ တမျိုးစားတည်း ဖြစ်လာ၍ လူမျိုးဘာသာမရွေး သင်ယူနိုင်သော လူထုကျောင်းများ ဖြစ်လာခြင်း၊
  • မြန်မာဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်လာခြင်း၊
  • ကျောင်းသုံးစာအုပ်နှင့် စာတမ်းများကို မြန်မာဘာသာဖြင့် ထုတ်ဝေခြင်းနှင့်
  • သင်ရိုးများသည် လူနေမှုဘဝနှင့် ကိုက်ညီလာခြင်းဟူသည့် အကျိုးအမြတ်များ ရလာသည်။

စစ်ပြီးခေတ်[ပြင်ဆင်ရန်]

၁၉၄၅ ဇူလိုင်လတွင် ဗြိတိသျှ စစ်တပ်များ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာသည်။ ပညာရေးကို စစ်အုပ်ချုပ်ရေးအစိုးရက အုပ်ချုပ်ခဲ့၍ ပညာရေးအသုံးစရိတ်များအတွက် စစ်ရေး ရန်ပုံငွေမှ အကုန်အကျ ခံသည်။ ပညာရေးဝါဒနှင့် သဘောတရားမှာ ဆင်မလားမှ ရေးဆွဲသော ပညာရေးစီမံကိန်း အတိုင်းပင် ဖြစ်သည်။ ၁၆ အောက်တိုဘာ ၁၉၄၅ တွင် စစ်အုပ်ချုပ်ရေးမှ သာမန်အုပ်ချုပ်ရေးသို့ ကူးပြောင်းသည်။ ထိုစစ်ပြီးခေတ်တွင် ယခင် ဗြိတိသျှအစိုးရခေတ်ကဲ့သို့ မဟုတ်၊ ဂျပန်ခေတ်ကအတိုင်း ကျောင်း တမျိုးစားတည်း ထားရှိပြီး၊ မြန်မာစာကို အဓိကဘာသာရပ်အဖြစ် ဆက်လက်သင်ကြား၍ ကျောင်းသုံးစာအုပ်များသည် တပြေးညီ ဖြစ်ခဲ့သည်။

လွတ်လပ်ရေးကာလအလွန်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသော် ကျောင်းသုံးစာအုပ်များ အနည်းနှင့်အများ တိုးတက်‌ ပြောင်းလဲပြီး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့၌ မြန်မာဘာသာဖြင့် သင်ကြားရမည်ဟူသော စည်းကမ်းချက် အကောင်အထည် ပေါ်လာသည်။ ကျောင်းများ တိုးချဲ့ဖွင့်လှစ်လာ၍ ကျောင်းသုံးစာအုပ် ထုတ်‌လုပ်ခြင်းသည် ပိုတွင်ကျယ်လာသည်။ မြန်မာကျောင်းသုံးစာအုပ်သာမက အင်္ဂလိပ်ကျောင်းသုံးစာအုပ်ကိုပါ မြန်မာပြည်တွင် ထုတ်လုပ်သည်။ ရှေးက အင်္ဂလိပ်ကျောင်းသုံးစာအုပ်များသာ မဟုတ်၊ မြန်မာကျောင်းသုံးစာအုပ်များကိုပင် နိုင်ငံခြားမှ မှာယူ တင်သွင်းရသည်။

ကျောင်းသုံးစာအုပ် ထုတ်လုပ်မှုသည် ပုဂ္ဂလိကအသွင်သာ ရှိသေးသည်။ ကျွမ်းကျင်လိမ္မာ၍ ဝါရင့်ပြီး ဆရာ/မများ၊ ပညာရပ်ဆိုင်ရာ ဝါရင့်အရာရှိများ၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၏ ကျောင်းသုံးစာအုပ် စာတည်းအဖွဲ့မှ ဆရာ/မ ဟောင်းများ စသည့် ပုဂ္ဂိုလ်များကို ရွေးချယ်၍ ပညာရေးဆိုင်ရာ သင်ရိုးနှင့် မာတိကာတို့၏ လိုအင်အတိုင်း ကျောင်းသုံးစာအုပ်များကို ရေးသားပြု‌စုစေသည်။ ကျောင်းသုံးစာအုပ် ဖြန့်ချိရေးနှင့် ငှားရမ်းရေး ဌာနခွဲကို ၁၉၅၂ က ပညာမင်းကြီးရုံးတွင် ဖွင့်ပြီး၊ အစိုးရကျောင်းရှိ ကျောင်းသား/သူများ လက်သို့ အရောက် ပို့ပေးသည်။ သို့သော် နိုင်ငံခြားမှ ကျောင်းသုံးစာအုပ် မှာယူတင်သွင်းမှုသည် လုံးဝဲ ရပ်စဲမသွားသေးချေ။ ဘာသာပြန် စာပေအသင်းမှ အပ ပြင်ပစာပေတိုက်နှင့် အိန္ဒိယစာအုပ်တိုက်များမှ ဝယ်ယူ အသုံးပြုသော ကျောင်းသုံးစာအုပ်များအတွက် ၄ ‌နှစ်အတွင်း နိုင်ငံတော်ငွေ သိန်း ၄၀ ကျော်မှ အသုံးပြုခဲ့သည်။ ကျောင်းသုံးစာအုပ် ထုတ်လုပ်မှုတွင် ပုဂ္ဂလိက လွှမ်းမိုးမှု ကြီးမားသည့်အလျောက် ပြင်ပဈေးကွက်၌ ခေတ်စားသော ကာလပေါ် ဝတ္ထုစာအုပ် အမျိုးအစားများပင် ကျောင်းသုံးစာအုပ် အဖြစ်သို့ ပြဋ္ဌာန်းပေးရသည်။

တော်လှန်ရေးအစိုးရ[ပြင်ဆင်ရန်]

တော်လှန်ရေးအစိုးရလက်ထက် ၁၉၆၆ ခုနှစ် အခြေခံပညာရေး ဥပဒေကို ထုတ်ပြန်လျက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီကို ဖွဲ့စည်းသည်။ တည်ဆဲ သင်ရိုးညွှန်းတမ်းကို ပြန်လည် စိစစ် မွမ်းမံကာ၊ အသစ်ဖြစ်လာသော သင်ရိုးနှင့် အညီ ကျောင်းသုံးစာအုပ်များ ပြုစုထုတ်ဝေသည်။ စာအုပ်ပြုစုရန် အဆိုပါ ကော်မတီ၏ လကအောက်၌ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်အဖွဲ့ အသီးသီး ဖွဲ့စည်းကာ ထိုအဖွဲ့တို့က ကျောင်းသုံးစာအုပ်ကို ညှိနှိုင်း ဆွေးနွေး ပြုစုသည်။

ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး ကာလ၌မှ ပုဂ္ဂလိက စာအုပ်ရေးသား ပြုစုမှု ပပျောက်သွားကာ၊ အဖွဲ့အစည်းဖြင့် ပြုစုမှု ထွန်းကားလာသည်။ ထိုအဖွဲ့အစည်းများတွင် တက္ကသိုလ် ဆိုင်ရာ ကိုယ်စားလှယ်၊ ဆရာအတတ်သင် ကိုယ်စားလှယ်၊ ပညာရေး သုတေသနဆိုင်ရာ ကိုယ်စားလှယ်၊ ပညာရေး စီမံအုပ်ချုပ်မှုပိုင်း ဆိုင်ရာ ကိုယ်စားလှယ်၊ ပညာရေး စိတ်ပညာ တတ်ကျွမ်းမှု ကိုယ်စားလှယ်၊ ဘာသာရပ် တတ်ကျွမ်းသူ ပြင်ပပုဂ္ဂိုလ်များ အပြင် ကျောင်းများ၌ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပို့ချနေသော ဆရာများ ပါဝင်သည်။ ခေတ်အဆက်ဆက် အနည်းနှင့် အများ လွှမ်းမိုးခဲ့သော Blackie and Son, Longman's Green and Co., Collinn, Oxford University Press စသည့် နိုင်ငံခြား ကုမ္ပဏီထုတ် စာအုပ်၊ တသီးပုဂ္ဂလ ဖြစ်သော M. West, Chapman, H. G. Wells, Westway, Dulley Stamp စသည်တို့၏ စာအုပ်များကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်း မရှိတော့။ ဘာသာပြန်ဆိုထားသော ကျောင်းသုံးစာအုပ်ဟူ၍လည်း မရှိတော့။ ထိုစာအုပ်များ နေရာ၌ "ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန၊ ကျောင်းသုံးစာအုပ် ကော်မတီမှ ထုတ်ဝေသည်"ဟူသော စာတန်းဖြင့် ပြည်တွင်းဖြစ် စာအုပ်များက နေရာယူသည်။ သို့ဖြစ်၍ ကျောင်းသုံးစာအုပ် ပြုစုလိုက်၍ တိုက်ဆောက်၊ ကားစီးနိုင်သွားသည်ဟူသော ပြောစမှတ် စကားသည် ချုပ်ငြိမ်းသွားသည်။

ကျောင်းသုံးစာအုပ်နှင့် သုတစာပေ[ပြင်ဆင်ရန်]

ကျောင်းသားလူငယ်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်လာအောင် ရေရှည် အကျိုးမျှော်၍ ကျောင်းသုံးစာအုပ်ကို ပြုစုသည်။ သင်ယူရမည့် ကျောင်းသားများ၏ အသက်၊ လေ့လာနိုင်စွမ်း၊ စိတ်အခြေအနေ၊ နားလည်နိုင်မည့် အသုံးအနှုန်း စသည့် အချက်များကို သတိပြု၍ ပြုစုရသည့်အပြင် အချက်အလက်များကို ဆီလျော် မျှတစေရန် အဆင့်ဆင့် ပြုစုရသေးသည်။ လွယ်ကူစွာ မှတ်မိနိုင်အောင် လိုအပ်သော နေရာ၌ ရုပ်ပုံ၊ မြေပုံများ စနစ်တကျ ထည့်ပေးရသည့်အပြင် မင်ကျမင်န စာလုံးအရွယ်၊ စာအုပ်အရွယ်၊ စာအုပ်ချုပ်ပုံ စသော အချက်များလည်း ပါသည်။ စာအုပ်ပါ သုတကို ဆည်းပူး မှတ်ရခြင်းဖြင့် ကျောင်းသားသူငယ်တို့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာပြီး ကိုယ်ကျင့်တရား ကောင်းအောင် ကျင့်ကြံနိုင်လာမည်။

သင်္ချာဘာသာ၌ အတွက်အချက် သုတ၊ လူမှုသိပ္ပံဘာသာကျောင်းစာအုပ်၌ ဆိုရှယ်လစ် စီးပွားရေးစနစ်၏ ဥပေဒသ၊ မြန်မာ့စီးပွားရေး သမဝါယမ လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများ သုတ၊ ပထဝီဝင်ကျောင်းစာအုပ်၌ ရေမြေ တောတောင် မြစ်ချောင်း အင်းအိုင်တို့၏ အတိမ်အနက်၊ အမြင့်၊ တည်နေရာတို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၊ ပထဝီအနေအထား အရ စီးပွားရေးလုပ်ငန်း သုတ၊ သမိုင်းကျောင်းစာအုပ်၌ သမိုင်းဖြစ်စဉ်၊ မျိုးချစ်စိတ် ဖြစ်ပေါ်လာရေး၊ လူလူချင်း ခေါင်းပုံမဖြတ်ရေး၊ သမိုင်းပေး တာဝန် ထမ်းဆောင်ရေး သုတ၊ သိပ္ပံကျောင်းစာအုပ်၌ ကိုယ်တိုင်ကိုယ်ကျ စူးစမ်းချင်လာမည့် သုတများကို ထည့်သွင်းရသည်။

ဆင်ခြင်ပြဋ္ဌာန်းသင့်သော ကျောင်းသုံးစာအုပ်[ပြင်ဆင်ရန်]

သိပ္ပံမောင်ဝဝတ္ထုဆောင်းပါးများ ကို ပြဋ္ဌာန်းခဲ့စဉ်၊ အလိုအလျောက်ပင် ကျောင်းသားလူမမယ်များသည် သိပ္ပံမောင်ဝကို လိုက်တု ရေးကြသည်။ ထိုအခါ၊ မြန်မာစာဝါကျ တိုနှံ့နှံ့များသည် မြန်မာစာတွင် လည်းကောင်း၊ သမိုင်း၊ ပထဝီဝင်၊ သင်္ချာဘာသာရပ်၌ပင် ဝင်၍ မှိုလိုပေါက်အောင် ရေးလာကြ၍ ဆရာများက "မင်းတို့ဟာ သိပ္ပံမောင်ဝမဟုတ်ဘူး၊ သိပ္ပံမောင်ဝဟာ စာပေသက်ရင့်သူ တယောက်၊ သူရေးရင် ရေးသလို ဖြစ်တာ၊ မင်းတို့က ခုမှ စာသင်ဆဲ အရွယ်တွေ၊ နေရာတကာ အတုလိုက်မခိုးနဲ့" ဟု တဖွဖွ သတိပေးခဲ့ရသည်။

တဖန်၊ တခေတ်က ကျောင်းသုံး ဖြစ်ခဲ့သော "မိတ္တဗလဋီကာ"သည်လည်း ကျောင်းလောကတွင် မွှေနှောက်ခဲ့သည်။ လူပေါ်‌လူဇော်လုပ်နည်း အတိုင်းပင် ကျောင်းသားအချင်းချင်း လူပေါ်လူဇော်လုပ်လာ၍ ဆရာများ စိတ်ရှုပ်ခံကာ ဖြေရှင်းကြရသည်။

ကျောင်းသုံးစာအုပ်ဟူသည် မူလကပင် ကျောင်းသုံးစာအုပ် ဖြစ်ရန် ရည်စူး၍ သက်သက် စီမံ ပြုစုရသော စာအုပ်မျိုး ဖြစ်ရာ ပြင်ပဈေးကွက်မှ အရောင်းသွက် ထင်ပေါ်၍ စင်တော် ကောက်ခံရသော စာအုပ်ကို ကျောင်းသုံး ပြဋ္ဌာန်းသော် အနည်းနှင့် အများ ကမောက်ကမ ဖြစ်တတ်သည်။

မူလတန်းအဆင့်[ပြင်ဆင်ရန်]

အသက် ၅-၁၀ နှစ် မူလတန်းဆင့် ကလေးများသည် သင်သမျှကို သံသယ မထားဘဲ ခံယူတတ်သည်။ မြင်လျှင် မြင်သည့်အတိုင်း မတွန့်ဆုတ်ဘဲ ပြောတတ် လုပ်တတ်ကာ မသိ မတတ်လျှင် အမေးအမြန်း ထူတတ်ပြီး ဖိုးပြောချင်ကလေးများ ဖြစ်ကြရာ ကျောင်းစာအုပ်တွင် မပါဝင်သည့် မေးခွန်းများကို မေးမြန်းသည့်အခါ ဂွတီးဂွကျ အဖြေမျိုး ပေါ်လာတတ်သည်။ တခါက မူလတန်းပြ ဆရာမတဦးသည် စကားပုံများကို မြန်မာစာ မေးခွန်း၌ ထည့်မေးရာ မသင်ပြခဲ့ဖူးသော ဘုရားပြီးငြမ်းဖျက်ဟူသည့် စကားပုံကို ထည့်မေးမိသည်။ မေးပုံမှာ "ဘုရားပြီး" နောက်တွင် ကွက်လပ်ချန်ပေးကာ အဖြေကို ရေးရန် ဖြစ်သည်။ ထိုအခါ ဖြီးဖြန်း ဖြေကြပုံမှာ ကလေးအချို့က "ဘုရားပြီး ရှိခိုး"ဟူ၍ တဖုံ၊ "ဘုရားပြီး ထုံးသုတ်"ဟူ၍ တမျိုး၊ "ဘုရားပြီး မီးထွန်း"ဟူ၍ တလီ ဖြေကြသည့် အပြင် အချို့တလေက စကားလိမ်ထင်ကာ "ဘုရားပြီး ဖယီးပြား"ဟု ရမ်းတုတ်ဖြေသည်။

ကျောင်းသုံးစာအုပ်သည် ကျစ်လစ်တိကျရသည် ဖြစ်၍ အမှားအယွင်း ပါရှိလျှင် ပြန်ပြင်ရသည်။ ဥပမာ မူလတန်း ဖတ်စာအုပ်တွင် "မယ်ငွေ မီးဖွား၏"ဟု ပါရှိဖူးရာ၊ ကလေးများနှင့် မီးဖွားခြင်း မဆိုင်၊ ကလေးများ နားလည်လိမ့်မည် မဟုတ်ဟု ထောက်ပြကြ၍ ထို‌စာကြောင်းကို ဖြုတ်ပယ်‌ပေးရသည်။ အလားတူပင် အချက်အလက် မှားယွင်းမှု သာမက၊ အတွက်အချက် အမှားအယွင်း၊ ရုပ်ပုံအမှားအယွင်းများကိုလည်း ဝိုင်းဝန်း ဝေဖန် အကြံပြုကြရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးသိုက်ထွန်း (၁၉၈၀). သုတစာပေစာတမ်းများ. စာပေဗိမာန်, ၁၅၉.