၁၉၈၈

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၉၈၈ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
၂၀ ရာစု ခုနှစ်များ
၁၉၀၁ ၁၉၀၂ ၁၉၀၃ ၁၉၀၄ ၁၉၀၅ ၁၉၀၆ ၁၉၀၇ ၁၉၀၈ ၁၉၀၉ ၁၉၁၀
၁၉၁၁ ၁၉၁၂ ၁၉၁၃ ၁၉၁၄ ၁၉၁၅ ၁၉၁၆ ၁၉၁၇ ၁၉၁၈ ၁၉၁၉ ၁၉၂၀
၁၉၂၁ ၁၉၂၂ ၁၉၂၃ ၁၉၂၄ ၁၉၂၅ ၁၉၂၆ ၁၉၂၇ ၁၉၂၈ ၁၉၂၉ ၁၉၃၀
၁၉၃၁ ၁၉၃၂ ၁၉၃၃ ၁၉၃၄ ၁၉၃၅ ၁၉၃၆ ၁၉၃၇ ၁၉၃၈ ၁၉၃၉ ၁၉၄၀
၁၉၄၁ ၁၉၄၂ ၁၉၄၃ ၁၉၄၄ ၁၉၄၅ ၁၉၄၆ ၁၉၄၇ ၁၉၄၈ ၁၉၄၉ ၁၉၅၀
၁၉၅၁ ၁၉၅၂ ၁၉၅၃ ၁၉၅၄ ၁၉၅၅ ၁၉၅၆ ၁၉၅၇ ၁၉၅၈ ၁၉၅၉ ၁၉၆၀
၁၉၆၁ ၁၉၆၂ ၁၉၆၃ ၁၉၆၄ ၁၉၆၅ ၁၉၆၆ ၁၉၆၇ ၁၉၆၈ ၁၉၆၉ ၁၉၇၀
၁၉၇၁ ၁၉၇၂ ၁၉၇၃ ၁၉၇၄ ၁၉၇၅ ၁၉၇၆ ၁၉၇၇ ၁၉၇၈ ၁၉၇၉ ၁၉၈၀
၁၉၈၁ ၁၉၈၂ ၁၉၈၃ ၁၉၈၄ ၁၉၈၅ ၁၉၈၆ ၁၉၈၇ ၁၉၈၈ ၁၉၈၉ ၁၉၉၀
၁၉၉၁ ၁၉၉၂ ၁၉၉၃ ၁၉၉၄ ၁၉၉၅ ၁၉၉၆ ၁၉၉၇ ၁၉၉၈ ၁၉၉၉ ၂၀၀၀


ဇန်နဝါရီလ[ပြင်ဆင်ရန်]

(၁) ရက်။

ဖေဖေါ်ဝါရီလ[ပြင်ဆင်ရန်]

(၂) ရက်။

  • မြန်မာ အသံမှ အဖွဲ့အစည်း အနေဖြင့် သော်လည်းကောင်း၊ တသီး ပုဂ္ဂလ အနေဖြင့် သော်လည်းကောင်း ဆန်နှင့် ဆန်ကွဲ များကို နိုင်ငံခြားသို့ တင်ပို့ ရောင်းချခွင့် ပေးမည် ဖြစ်ကြောင်း ကြေညာသည်။

(၁၂) ရက်။

  • ဆိုရှယ်လစ် စီပွားရေး စနစ် ပန်းတိုင်သည် သစ်လွင်ပြီး ငြိမ်းချမ်းသော လူမှု အဖွဲ့အစည်း တည်ဆောက်ရန် ဖြစ်သည်။ ဤတာဝန်များ ထမ်းဆောင်ရန် အတွက် ပါတီ၊ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရား အားလုံးနှင့် လူထု လူတန်းစား အဖွဲ့အစည်း များသည် တိုင်းရင်းသား များ၏ ပူးပေါင်း ဆောင်ရွက်မှု ရရှိအောင် ကြိုးစား ကြရမည် ဟူ၍ ဦးစန်းယုက ပြည်ထောင်စုနေ့ မိန်းခွန်းတွင် ပြောကြားသည်။

မတ်လ[ပြင်ဆင်ရန်]

(၇) ရက်။

  • ည ၉ နာရီ ခွဲခန့်တွင် ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ဦးနေဝင်း ထံသို့ အိပ်ဖွင့် ပေးစာတွင် စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့် အစိုးသစ် ဖွဲ့စည်းရန် အကြံ ပြုလိုက်သည်။

(၁၂) ရက်။

  • ရန်ကုန် ဆင်ခြေဖုံး ကြို့ကုန်း အနောက်ပိုင်းရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် စက်မှု တက္ကသိုလ် ကျောင်းသား တချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားသည်။ စက်မှု တက္ကသိုလ် ကျောင်းသား တဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တရားခံ များကို သက်ဆိုင်ရာက ဖမ်းဆီး လိုက်သည်။

(၁၃) ရက်။

  • တရားခံအား ဆိုင်ရာက လွှတ်ပေး ခဲ့သဖြင့် ကျောင်းသား ၂၀၀ ခန့် ရပ်ကွက် ပြည်သူ့ ကောင်စီရုံးကို သွားဝိုင်းကာ ကန့်ကွက် ကြသည်။ လုံထိန်း များနှင့် ကျောင်းသား အုပ်စု အဓိကရုဏ်း ဖြစ်ပွားသည်။ လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးရပြီး ရက်အနည်းငယ် အကြာတွင် ကျောင်းသား ၆ ယောက်မှ ၇ ယောက်ထိ သေနတ် ဒဏ်ရာဖြင့် သေဆုံး သွားကြသည်။

(၁၄) ရက်။

  • စက်မှု တက္ကသိုလ် ကျောင်းသား များသည် ရန်ကုန်ရှိ အခြား တက္ကသိုလ် များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေ ကြသည်။ လုံထိန်းများ၏ ရက်စက်စွာ သတ်ဖြတ်မှုနှင့် စက်တင်ဘာလ ၅ ရက်နေ့က ငွေစက္ကူများ ဖျက်သိမ်းခြင်းကို ရှုတ်ချ ထားသော လက်ကမ်း စာစောင်များ ဖြစ်သည်။

(၁၅) ရက်။

  • အာအိုင်တီ ကျောင်းဝင်း အတွင်းသို့ စစ်တပ်မှ ဝင်စီး လိုက်သည်။ အစိုးရ၏ ထုတ်ပြန် ကြေညာချက်တွင် ကျောင်းသား များကို အပြစ်ပုံ ချထားပြီး၊ အာအိုင်တီ ကျောင်းသားများ အဖမ်း ခံရသည်။

(၁၆) ရက်။

  • ရန်ကုန် တက္ကသိုလ် (ပင်မ) မှ ကျောင်းသားများ လှိုင်ဒေသ ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ချီတက် ကြသည်။ သူတို့အား အင်းလျားကန် အနီး လုံထိန်း တပ်ဖွဲ့နှင့် စစ်တပ်က ပိတ်ဆို့ ခဲ့သည်။ ကျောင်းသား များစွာ ပစ်သတ် ခံရသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) ဝင်းထဲသို့ လုံထိန်းများ ဝင်ရောက် လာသည်။

(၁၇) ရက်။

  • မောင်ဖုန်းမော် အသုဘသို့ နောက်ဆုံး အကြိမ် ဂါဝရ ပြုရန် ထောင်ပေါင်း များစွာသော လူထုက ကျန်တော သင်္ချိုင်း အပြင် ဘက်တွင် စုဝေး ကြသည်။ သို့သော် မောင်ဖုန်းမော် ရုပ်အလောင်းကို တနေရာတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ် ခဲ့ပြီး ဖြစ်ကြောင်း သိလိုုက် ရသည်။ မောင်ဖုန်းမော် သေဆုံး ရသည့် ကိစ္စကို စုံစမ်းရန် စုံစမ်း စစ်ဆေးရေး ကောင်မရှင် တရပ် ဖွဲ့စည်း လိုက်ကြောင်း အစိုးရက ကြေညာသည်။ သို့သော်လည်း အခြား သူများ ထိခိုက် သေဆုံးရခြင်း အတွက် စုံစမ်းရန် ဖော်ပြခြင်း မရှိပေ။ ပင်မ တက္ကသိုလ် ကျောင်းဝင်း အတွင်း ပြုလုပ်သော အစည်းအဝေး တခုတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်း လိုက်သည်။ ကျောင်းသား တထောင်ခန့်ကို ဖမ်းဆီး၍ ရန်ကုန်မြို့ မြောက်ပိုင်းရှိ အင်းစိန် ထောင်သို့ ပို့လိုက်သည်။

(၁၈) ရက်။

  • ထောင်ပေါင်း များစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ်ရှိ ဆူးလေ ဘုရားသို့ ချီတက် လာကြပြီး တခြား ကျောင်းသား များနှင့် ပူးပေါင်း ကြသည်။ အစိုးရက တပ်မ ၂၂၊ ၆၆နှင့် ၇၇ တို့ကို ခေါ်ယူ လိုက်သည်။ ထောင်ပေါင်း များစွာသော ကန့်ကွက် ဆန္ဒပြသူ များကို ဖမ်းဆီး ကြသည်။ "သွေးစွန်းသော သောကြာနေ့" အဖြစ် လူသိ များသော ထိုနေ့တွင် လုံထိန်းတို့၏ တပ်မှူး ဦးစိန်လွင် မှာလည်း "ရန်ကုန်မြို့၏ လူသတ်သမား" ဟု အမည် စတွင် ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များ ပိတ်လိုက်သည်။

(၂၇) ရက်။

  • ဦးနေဝင်းနှင့် အဖွဲ့သည် အနောက် ဂျာမဏီ နှင့် ဆွစ်ဇာလန်သို့ ထွက်ခွာ သွားသည်။

ဧပြီလ[ပြင်ဆင်ရန်]

(၉) ရက်။

  • အစိုးရက ဖွဲ့စည်း ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်က မတ်လ အဓိကရုဏ်းတွင် ကျောင်းသား ၃ ယောက် သေဆုံးပြီး၊ ၆၂၅ ယောက် အဖမ်း ခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်း ထားသည်ဟု ကြေညာသည်။ စာမျက်နှာ ၄၀ ပါသော အိပ်ဖွင့် ပေးစာကို ဦးအောင်ကြီးက ဦးနေဝင်းထံ ရေးသား ပေးပို့ ခဲ့သည်။ ထိုစာ၌ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လိုအပ်ကြောင်း ရေးသား ထားသည်။

မေလ[ပြင်ဆင်ရန်]

(၁၀) ရက်။

  • အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ထုတ်ဝေ ခဲ့သော စာမျက်နှာ ၇၁ မျက်နှာ ရှိသည့် ထုတ်ပြန်ချက်တွင် မြန်မာ့ တပ်မတော်သည် ဖမ်းဆီး သတ်ဖြတ်မှုများ၊ နယ်စပ် ဒေသ များတွင် ညှဉ်းပမ်းမှု၊ အမျိုးသမီး များကို အဓမ္မ ပြုကျင့်မှု များနှင့် ရွာသား များကို ပေါတာ အဖြစ် အတင်း စေခိုင်းကာ လူမျိုးစု သူပုန် များကို တိုက်ခိုက်ရာတွင် "လူသား မိုင်းရှင်း ကရိယာ" အဖြစ် တပ်ဖွဲ့ ရှေ့မှ သွားစေခြင်းတို့ အတွက် တာဝန် ရှိကြောင်း ပါရှိသည်။

(၂၆ ) ရက်။

  • ဥရောပသို့ ခရီး ထွက်ခဲ့သူ ဦးနေဝင်း ရန်ကုန်သို့ ပြန်ရောက် လာသည်။

(၃၀) ရက်။

  • ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ် လိုက်သော်လည်း ကျောင်းပြန် တက်သည့် ကျောင်းသား ဦးရေမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။ တက္ကသိုလ် ကျောင်းဝင်း များ၌ အစိုးရ ဆန့်ကျင်ရေး စာရွက် စာတမ်းများ ပြန်လည် ထွက်ပေါ် လာသည်။ အင်းစိန် ထောင်မှ ပြန်လွှတ် ခဲ့သော ကျောင်းသားများ နှင့်အတူ ထောင်တွင်း အတွေ့အကြုံများ ပါလာသည်။ ၎င်းတို့မှာ ညှဉ်းပမ်း နှိပ်စက် ခံရခြင်း၊ အရိုက်အနှက် ခံရခြင်းနှင့် လျှပ်စစ် ဓာတ်ဖြင့် တို့ခြင်းတို့ ဖြစ်သည်။ အကျဉ်းကျ ခံနေရသည့် အတွင်း လုံထိန်းများက ကျောင်းသူများကို အဓမ္မ ကျင့်ခဲ့သည့် သတင်း များလည်း ထွက်ပေါ် လာသည်။

ဇွန်လ[ပြင်ဆင်ရန်]

(၈) ရက်။

  • ဦးအောင်ကြီးက ဦးနေဝင်း ထံသို့အိပ်ဖွင့် ပေးစာ နောက်ထပ် တစောင် ရေးသား ပြန်သည်။ ဤ တကြိမ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာရပ် များကို မီးမောင်း ထိုးပြပြီး မတ်လတွင် ဖြစ်ပွား ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများကို ဖော်ပြ ထားသည်။

(၁၃) ရက်။

  • မတ်လတွင် အသတ် ခံရသူများ အတွက် အောင်းမေ့ဖွယ် အခမ်းအနား ကျင်းပရန် စီစဉ် ကြသည်။ သို့သော် အကောင်အထည် မပေါ်ခဲ့။ အချို့ ကျောင်းသားများက မတ်လ အတွင်း ဖြစ်ရပ်များကို ဇွန်လ ၁၇ ရက်နေ့ နောက်ဆုံး ထားပြီး တိကျ မှန်ကန်စွာ မထုတ်ပြန် ပေးပါက ပြဿနာများ ပိုမို ကြီးထွား လာလိမ့်မည်ဟု ရာဇသံ ပေးခဲ့သည်။

(၁၅) ရက်။

  • ဆန္ဒပြပွဲများနှင့် စည်းဝေးပွဲများ အဓိက အားဖြင့် ရန်ကုန် တက္ကသိုလ် (ပင်မ) ၌ စတင်၍ ပေါ်လာ ပြန်သည်။

(၁၆) ရက်။

  • ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားသည်။ မောင်မောင်ကျော်၊ မိုးသီးဇွန်တို့ ဟောပြော ကြသည်။

(၁၇) ရက်။

  • တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) မှ သင်တန်း ရပ်စဲ လိုက်သည်။ ဆန္ဒပြပွဲ များနှင့် ဆွေးနွေးပွဲများ ပြည်လမ်း ဆေးတက္ကသိုလ် (၁) သို့ ရွေ့ပြောင်း သွားသည်။

(၂၀) ရက်။

  • ရန်ကုန်မြို့တွင် ကျောင်းသား ၅၀၀၀ မှ ၆၀၀၀ အထိနှင့် အခြား ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒ ပြကြသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) တွင် ပြုလုပ်သော လူထု အစည်းအဝေးပွဲ များသို့ သံဃာတော်များ တက်ရောက် သည်ကို တွေ့ရ၏။ တောင်းဆိုချက် များမှာ ကျောင်းထုတ် ခံရသော ကျောင်းသား များကို ကျောင်းပြန် တက်ခွင့် ပေးရန်နှင့် မတ်လ အတွင်း သတ်ဖြတ်မှု များကို ကျူးလွန် ခဲ့သူတို့အား အပြစ် ပေးရန်တို့ ဖြစ်သည်။ ဦးနေဝင်းကို ထိုးနှက် တိုက်ခိုက်သော ပိုစတာများ ထွက်ပေါ် လာသည်။ ဦးနေဝင်း၏ ဆွစ်ဇာလန် ဘဏ်တွင် ထားရှိသော ငွေစာရင်းများ အကြောင်း ကိုလည်း ဖော်ပြ ကြသည်။ ကျောင်းသား များကို စာနာ၍ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အနီးရှိ အထည်အလိပ် စက်ရုံ အလုပ်သမားများ ဆန္ဒ ပြကြသည်။ တက္ကသိုလ် နယ်မြေကို ရဲနှင့် စစ်တပ်က ညနေ ၆ နာရီတွင် ဝိုင်းရံ ပိတ်ဆို့ လိုက်၏။

(၂၁) ရက်။

  • ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) မှ ထောင်ပေါင်း များစွာသော ကျောင်းသား များသည် ရန်ကုန် မြို့လယ်သို့ ကြွေးကြော်သံ များဖြင့် ချီတက် ဆန္ဒ ပြကြသည်။ ဟံသာဝတီ လမ်းဆုံတွင် ကျောင်းသား များကို လုံထိမ်း များက တားဆီးကာ မျက်ရည်ယို ဗုံးများ၊ ရိုင်ဖယ် သေနတ် များဖြင့် ပစ်ခတ် ကြသည်။ ကျောင်းသား အုပ်စုက ဂျင်ဂလိ များဖြင့် ပြန်လည် ပစ်ခတ် ကြ၍ လုံထိန်းများ ထွက်ပြေး သွားကြ၏။ ရဲနှင့် ပြည်သူများ အဓိကရုဏ်း တနေ့လုံး ဆက်ဖြစ် ပွားသည်။ ပြည်သူ ၈၀ နှင့် လုံထိန်း ၂၀ ခန့် သေဆုံး သွားသည်။ အာဏာပိုင် များက လူစု ဝေးခြင်းကို ရက်ပေါင်း ၆၀ မျှ မပြု လုပ်ရန် ကြေညာ ခဲ့သည်။ ရန်ကုန်မြို့၌ ဇွန်လ ၂၁ ရက်မှ ဩဂုတ်လ ၁၉ ရက်နေ့ အထိ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို အာဏာပိုင် များက ထုတ်ပြန်သည်။ ဆေးတက္ကသိုလ် (၁) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များမှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။

(၂၂) ရက်။

  • ဆေးတက္ကသိုလ် (၂) မှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။ ကျောင်းသား များစွာ တို့သည် သမိုင်းဝင် ရွှေတိဂုံ ဘုရားသို့ နေရာ ရွှေ့ပြောင်း လိုက်ကြသည်။

(၂၃) ရက်။

  • ကျောင်းသား များသည် လူစုဝေးခြင်း မပြုရ ဟူသော ပိတ်ပင် တားမြစ်မှုကို ဆန့်ကျင်၍ ရွှေတိဂုံ စေတီတော်၌ သပိတ် စခန်း ဖွင့်လိုက်သည်။ လူထု မငြိမ်သက်မှုသည် ရန်ကုန်နှင့် ကီလိုမီတာ ၅၀ ကွာဝေးသော ပဲခူး အထိ ပြန့်နှံ့ သွားသည်။ ပဲခူး၌ အနည်းဆုံး လူ ၇၀ ပစ်သတ် ခံရသည်။ မော်လမြိုင်နှင့် ပြည်မြို့ တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားသည်။ မန္တလေး ဆေးတက္ကသိုလ် သင်တန်း အားလုံး ရပ်ပစ် လိုက်သည်။

ဇူလိုင်လ[ပြင်ဆင်ရန်]

(၁) ရက်။

  • အပြင် မထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီသို့ လျော့ပေါ့ ပေးလိုက်သည်။ ထိုကန့်သတ်ချိန်၌ အပြင်ဘက် ထွက်ခဲ့သူ အတော် များများကို ရဲနှင့် စစ်တပ်က ပစ်သတ် ခဲ့သည်။

(၃) ရက်။

  • ကုန်သည် များကို ကုန်ဈေးနှုန်း မကစားရန် အစိုးရက သတိ ပေးလိုက်သည်။ အပြင် မထွက်ရ အမိန့်ကြောင်း လည်းကောင်း၊ ငွေစက္ကူများ တရား မဝင်တော့ကြောင်း နောက်ထပ် ကြေညာ ဦးမည် ဟူသော ကောလာဟလ များကြောင့် လည်းကောင်း ကုန်ဈေးနှုန်း ကြီးမြင့် လာသည်။

(၇) ရက်။

  • မဆလ ပါတီက အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာ ခဲ့သည်။ မြန်မာ့ အသံမှ မတ်လ အတွင်း ဖမ်းဆီး ခဲ့သော ကျောင်းသား အားလုံးကို ပြန်လွှတ် ပေးမည်ဟု ကြေညာသည်။

(၉) ရက်။

  • ညမထွက်ရ အမိန့်ကို ရန်ကုန်တွင် ပြန်လည် ရုပ်သိမ်း လိုက်သည်။ ပဲခူး၊ ပြည်နှင့် မော်လမြိုင် တို့တွင်လည်း အလားတူ ပိတ်ပင် တားမြစ်ချက် များကို ပြန်လည် ရုပ်သိမ်း ပေးသည်။ ကျောင်းထုတ် ခံရသော ကျောင်းသားများ အနေနှင့် သူတို့၏ တက္ကသိုလ် များတွင် ကျောင်းပြန် တက်ခွင့် ပြန်လည် လျှောက်ထား နိုင်ကြောင်း ကြေညာ ခဲ့သည်။

(၁၂) ရက်။

  • ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာဝင်များ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် အရေးပေါ် အမိန့် ထုတ်ပြန် လိုက်သည်။ ပဋိပက္ခ များမှာ လက်ရှိ တွေ့ကြုံ နေရသော ပြဿနာ များကို အာရုံ ပြောင်းပစ်ရန် အာဏာပိုင် များက လှုံ့ဆော် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား များက ဆိုသည်။

(၁၆) ရက်။

  • အလားတူ ပဋိပက္ခမျိုး ပြည်မြို့တွင် ဖြစ်ပွားပြီး နောက်တနေ့တွင် လူသူ စုဝေးခြင်း ကိုလည်း ပိတ်ပင် တားမြစ် လိုက်သည်။

(၁၈) ရက်။

  • ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဦးမင်းဂေါင်အား နှုတ်ထွက်ခွင့် ပြုလိုက်သည်။ မတ်လ အတွင်း အင်းစိန်ထောင် အပြင် ဘက်၌ ဖမ်းဆီး ခံရသူ ဆန္ဒပြသူ ၄၁ ဦး ထောင်ကား ပေါ်၌ အသက်ရှု ကြပ်ကာ သေဆုံး ခဲ့မှုတွင် သူ တာဝန် ရှိကြောင်း ဝန်ခံသည်။ အာဏာပိုင် များက မတ်လအတွင်း လူနှစ်ဦးထက် ပို၍ သေဆုံး ခဲ့ကြောင်း ဝန်ခံသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

(၁၉) ရက် ၊(၂၀) ရက်။

  • ပြည်မြို့ အရှေ့ဘက်ရှိ ဦးနေဝင်း၏ ဇာတိ ပေါင်းတလည် မြို့တွင်လည်း အဓိကရုဏ်းများ ဖြစ်ပေါ် သည်ဟု သတင်းများ ထွက်လာသည်။

(၂၁) ရက်။

  • ရန်ကုန် ပြည်သူ့ ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်ကို အငြိမ်းစား ယူခွင့် ပြုခဲ့ပြီး ပြည်သူ့ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဖေကြည်ကို ရာထူးမှ ချကာ စစ်တပ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် စေသည်။

(၂၂) ရက်။

  • ပြည်မြို့တွင် အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်ရေး တာဝန် အားလုံးကို တပ်မတော်သို့ လွှဲအပ် ပေးလိုက်သည်။

(၂၃) ရက်။

  • မဆလ ပါတီ အရေးပေါ် ညီလာခံ စတင် ပြုလုပ်သည်။ ဦးနေဝင်းက မိန့်ခွန်း ပြောကြားကာ သူနှင့် အတူ မဆလ ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟို ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနား ယူတော့ မည်ဟု ပြောကြားသည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် တပါတီ စနစ်နှင့် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ကိစ္စ အတွက် ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်းပရန် အဆို တင်သွင်း လိုက်သည်။

(၂၄) ရက်။

  • ကိုယ်စားလည် များက ဦးနေဝင်းအား ရာထူး၌ ဆက်လက် နေရန် တိုက်တွန်း ကြပြီး စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်ကို ထိခိုက် နိုင်သည် ဟူသော အကြောင်း ပြချက်ဖြင့် ပါတီစုံ စနစ် ကျင့်သုံးရေး အတွက် ပြည်သူ့ ဆန္ဒ ခံယူရန် အဆိုကို ကန့်ကွက် ကြသည်။

(၂၅) ရက်။

  • စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ရန်နှင့် ညီလာခံက ပြည်သူ့ ဆန္ဒ ခံယူပွဲကို သဘော မတူကြောင်း ဦးအေးကိုက အဆို တင်သွင်းသည်။ ညီလာခံက နောက်ဆုံးတွင် ဦးနေဝင်းအား ပါတီ ဥက္ကဋ္ဌ အဖြစ်မှ အနားယူမှု ကိုသာ ခွင့်ပြုခဲ့ကာ ပြည်သူ့ ဆန္ဒ ခံယူပွဲ မပြုလုပ်ရန် သဘောတူ ဆုံးဖြတ် ခဲ့သည်။

(၂၆) ရက်။

  • မဆလ ပါတီ ဗဟို ကော်မတီ အစည်းအဝေး ကျင်းပ၍ ဦးစိန်လွင်ကို ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ရွေးချယ် ခဲ့သည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့် ပြုသော်လည်း ဦကျော်ထင်၊ ဦးအေးကိုနှင့် ဦးထွန်းတင် တို့ကို ပြန်လည် ရွေးကောက် တင်မြှောက် ကြသည်။ နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်မောင်နှင့် အတူ ဝန်ကြီးချုပ် ဦးမောင်မောင်ခ တို့ကို ရာထူးမှ ထုတ်ပယ် လိုက်သည်။

(၂၇) ရက်။

  • ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပသည်။ ဦးစိန်လွင်ကို နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ (နိုင်ငံတော် သမ္မတ) အဖြစ် ရွေးချယ် တင်မြှောက် လိုက်သည်။ ဦးကျော်ထင်အား နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး၊ ဦးထွန်းတင်အား ဝန်ကြီးချုပ်နှင့် ဒေါက်တာ မောင်မောင်အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ အဖြစ် အသီးသီး ရွေးကောက် တင်မြှောက်လိုက်ကြသည်။

(၂၈) ရက် (ဝါဆိုလပြည့်နေ့)။

  • အဓိကရုဏ်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရန်ကုန်မြို့နှင့် ၃၅၄ ကီလိုမီတာ အကွာရှိ မြေထဲမြို့ (အလံမြို့) တွင် ညမထွက်ရ အမိန့် ထုတ်ပြန်သည်။ ရွှေတိဂုံ ဘုရားတွင် ကျောင်းသားနှင့် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ စုရုံးကြသည်။

(၂၉) ရက်။

  • ရွှေတိဂုံ အပြင်ဘက်တွင် ကျောင်းသားများ ဆန္ဒ ပြကြသည်။ ထိုနေ့ ညနှောင်းပိုင်း အချိန်၌ ဦးအောင်ကြီး၊ အေပီ သတင်းထောက် ဦးစိန်ဝင်းနှင့် တခြား အငြိမ်းစား စစ်ဘက် အရာရှိ ၉ ဦး အဖမ်း ခံရသည်။

ဩဂုတ်လ[ပြင်ဆင်ရန်]

(၁) ရက်။

  • မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က ဩဂုတ်လ ၈ ရက်နေ့တွင် တပြည်လုံး အနှံ့ အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် ဆော်ဩသည့် စာရွက် စာတမ်းများ ဖြန့်ဝေ ကြသည်။

(၂) ရက်။

  • ဦးစိန်လွင်နှင့် တခြား ပါတီ ခေါင်းဆောင်များက ပျက်သုန်း သွားသည့် စီးပွားရေး ပြန်လည် ရှင်သန်ရန် အစီအစဉ် များကို ဆွေးနွေး ကြသည်။ ရွှေတိဂုံ ဘုရား အပြင် ဘက်၌ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ ဟောပြော ကြသည်။

(၃) ရက်။

  • ညနေ ၆ နာရီတွင် ရန်ကုန်မြို့၌ စစ်ဥပဒေ အမိန့် ထုတ်ပြန်သည်။ ဆန္ဒပြသူ တသောင်းက အမိန့်ကို ဖီဆန်၍ မြို့တွင်းသို့ လှည့်လည် ဆန္ဒ ပြကြသည်။

(၅) ရက်။

  • စစ်ဥပဒေကို ဖီဆန်မှုဖြင့် ရာပေါင်း များစွာသော ပြည်သူ တို့ကို ဖမ်းဆီး လိုက်သည်။ သို့သော် ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

(၆) ရက်။

  • တရားဝင် နယ်စပ် ကုန်သွယ်ရေး ဖွင့်လှစ်ရန် သဘော တူညီမှုကို တရုတ်ပြည် ယူနန်နယ်ရှိ ထုတ်ကုန် သွင်းကုန် ကော်ပိုရေးရှင်းနှင့် မြန်မာ့ ကုန်သွယ်ရေး ဝန်ကြီး ဌာန တို့က လက်မှတ် ရေးထိုး ကြသည်။ အထက် မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားကာ ရေနံချောင်း၊ သနပ္ပင်နှင့် ပဲခူးမြို့ တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်သည်။

(၈) ရက်။

  • မြန်မာနိုင်ငံတဝှမ်းလုံး၌ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။
  • ရန်ကုန်မြို့ လမ်းပေါ်တွင် ဆန္ဒပြပွဲများ အများအပြား ပြုလုပ်ခြင်းဖြင့် အထွေထွေ သပိတ်ကြီးကို စတင် ကြသည်။ ထောင်ပေါင်း များစွာသော ဆန္ဒပြ လူထုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန်၊ မဆလ ပါတီ နှုတ်ထွက် ပေးရန်နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ် အဆုံး သတ်ရန် တောင်းဆို ကြသည်။ တနိုင်ငံလုံးရှိ အဓိက မြို့များနှင့် အခြား မြို့ရွာ များတွင် အလားတူ ဆန္ဒပြပွဲများ တပြိုင်နက် ကျင်းပ ပြုလုပ် ကြသည်။ အစတွင် စစ်တပ်က နောက်ကွယ်၌ နေပြီး ည ၁၁ နာရီ ၄၅ မိနစ်တွင် တပ်သားများက မြို့တော်ခန်းမ အပြင်ဘက်ရှိ ဆန္ဒပြ နေကြသူ လူအုပ် ထဲသို့ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ် ကြသည်။

(၉) ရက်။

  • လူထု ဆန္ဒပြပွဲများ တနိုင်ငံ လုံးရှိ နေရာပေါင်း ၄၀ အထိ ပြန့်နှံ့ သွားသည်။ ရန်ကုန်မြို့တွင် တပ်မ ၂၂ မှ တပ်ဖွဲ့ များက ဆန္ဒ ပြသူများကို ပစ်ခတ် ကြသည်။ အစိုးရက ၅ ဦးသာ သေဆုံးခဲ့သည်ဟု ပြောဆို သော်လည်း တခြား သတင်း ရပ်ကွက်များ အဆိုအရ ရာပေါင်းများစွာ သေဆုံး ခဲ့ရသည်ဟု သိရှိ ရသည်။ ထောင်ပေါင်း များစွာ အဖမ်းခံရသည်။ သို့သော် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွား နေသည်။ ကျောင်းများ အားလုံး ပိတ်လိုက်သည်။ စစ်ကိုင်းမြို့တွင် ရဲနှင့် စစ်တပ်က ဆန္ဒ ပြနေသော လူထုကို ပစ်ခတ်ခဲ့သဖြင့် ရာပေါင်းများစွာ သေဆုံးကြရသည်။

(၁၀) ရက်။

  • ရန်ကုန်မြို့၌ ဘရင်း ကယ်ရီယာများပေါ်မှ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ အမြောက်အများ သေဆုံးသွားကြရသည်။ ဆန္ဒ ပြသူများက စစ်သား များအား ဓာတ်ဆီဗုံး၊ ဂျင်ဂလိ၊ ဓားရှည်နှင့် လှံများ အသုံးပြုကာ ပြန်လည် တိုက်ခိုက် ကြသည်။ ရန်ကုန် ဆေးရုံကြီး၌ စစ်တပ်က ဆေးရုံ အမှုထမ်း များကို ပစ်ခတ်သည်။ မြောက်ဥက္ကလာပတွင် ဒေါသ ထွက်နေသော လူအုပ်ကြီးက ရဲတပ်သားတချို့အား ပထမဆုံးအကြိမ် ခေါင်းဖြတ် သတ်လိုက်ကြသည်။

(၁၁) ရက်။

  • အထွေထွေ သပိတ်ကြောင့် အစိုးရ ယန္တရားများ ရပ်ဆိုင်းသွားသည်။ စစ်တပ်ဖွဲ့များ သွားလာမှုကို ဟန့်တားရန် တားဆီး ပိတ်ဆို့မှုများ ချထား ကြသည်။ ရန်ကုန်တစ်မြို့တည်း၌ သေဆုံးခဲ့သော ဆန္ဒ ပြသူများ အနည်းဆုံး တစ်ထောင် ရှိမည်ဟု အနောက်တိုင်း သံတမန် များက ခန့်မှန်း ကြသည်။ စစ်ကိုင်းမြို့ မြောက်ဘက်တွင် ရဲတပ်သားနှင့် စစ်သား များက ဆန္ဒ ပြသူများကို ပစ်ခတ်ကြရာ အနည်းဆုံး လူ ၁၀၀ သေဆုံး ရသည်။ အမေရိကန် ဆီးနိတ် လွှတ်တော်က မဆလ အစိုးရနှင့် မြန်မာပြည်မှ လူသတ်မှု များအား ရှုတ်ချသည့် အဆိုကို တညီ တညွတ်တည်း အတည် ပြုလိုက်သည်။

(၁၂) ရက်။

  • သက်တမ်း ၁၈ ရက်သာ ခံသည့် ဦးစိန်လွင်သည် သမ္မတ ရာထူးမှ ဆင်းပေးရသည်။ ရန်ကုန် မြို့လယ် လမ်းများ ပေါ်၌ ပြည်သူများက ပျော်ရွှင်စွာ ကခုန် ကြသည်။ ရန်ကုန် ဆေးရုံကြီး၌ သေနတ် ဒဏ်ရာ ရထားသည့် လူနာ များဖြင့် ပြည့်ကြပ်လျက် ရှိ၏။ ပြည်သူများက ပျော်ရွှင် မြူးနေသည့် တိုင်အောင် စိတ်သက်သာ စရာ မဟုတ်သော ငြိမ်သက်ခြင်းက လွှမ်းမိုးလျက် ရှိသည်။

(၁၅) ရက်။

  • ဩဂုတ်လ ၉ ရက်နေ့မှ စ၍ ရန်ကုန်၊ စစ်ကိုင်းနှင့် အခြား မြို့များတွင် လုံခြုံရေး တပ်ဖွဲ့က ကလေးများ၊ ကျောင်းသား များနှင့် ပြည်သူ များကို သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် လှံစွပ်ဖြင့် ထိုးသတ်ခြင်း တို့မှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ များကို လုံးဝ ဆန့်ကျင်ရာ ရောက်ကြောင်း ရန်ကုန် ရှေ့နေများ ကောင်စီက ထုတ်ပြန် ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားနှင့် အစိုးရ ကြားတွင် ဝင်ရောက် စေ့စပ် ပေးနိုင်ရန် အတွက် ပြည်သူ့ အတိုင်ပင်ခံ ကော်မတီ တရပ် ဖွဲ့စည်းပေးရန် အဆို ပြုလိုက်သည်။ ဦးနု၊ ဦးဝင်းမောင် အပြင် ၁၉၆၂ ခုနှစ် မတိုင်မီက နိုင်ငံ ခေါင်းဆောင် တချို့ မှာလည်း သူမ အဆိုကို ထောက်ခံကြသည်။

(၁၆) ရက်။

  • မြန်မာနိုင်ငံ ဆရာဝန် အသင်းက ရန်ကုန်မြို့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ကန့်ကွက် လိုက်သည်။ ထိုကန့်ကွက် ခဲ့သည့် ကြေညာချက်မှာ အစစ်အမှန် မဟုတ်ကြောင်း အာဏာပိုင် များက ပြောဆိုသည်။ ဩစတြေးလျ၊ ဂျပန်နှင့် စင်္ကာပူမှ ကုမ္ပဏီ များနှင့် ပူးပေါင်း၍ ကမ္ဘာလှည့် ခရီးသည်များ အတွက် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ တို့တွင် ဟိုတယ်များ တည်ဆောက်မည်ဟု အစိုးရက ကြေညာသည်။

(၁၇) ရက်။

  • ရန်ကုန် ဆေးရုံကြီး အပြင်ဘက်၌ လူ ၃၀၀၀ ခန့် စုရုံး မိကြသည်။ ဘရင်း ကယ်ရီယာများနှင့် တပ်ဖွဲ့များက ဆန္ဒ ပြသူများကို ဝန်းရံ ထားလိုက်သည်။ မန္တလေး တခွင် ဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ပေါ်လာသည်။ ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန်နှင့် သူနာပြု များက သတ်ဖြတ်မှု များကို ထပ်မံ ကန့်ကွက်ကြသည်။

(၁၉) ရက်။

  • မဆလ ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဒေါက်တာမောင်မောင်အား ခန့်ထားလိုက်သည်။ ပြည်သူ့ တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ပြည်သူ့ ဆန္ဒလေ့လာရေး ကော်မရှင်ကို ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းပေးလိုက်သည်။

(၂၀) ရက်။

  • ဆန္ဒ ပြသူများက ဒေါက်တာ မောင်မောင် ရာထူးမှ နှုတ်ထွက် ပေးရန်နှင့် အထွေထွေ ရွေးကောက်ပွဲ များကို ပြင်ဆင်ရန် အတွက် ကြားဖြတ် အစိုးရ ဖွဲ့ပေးရန် တောင်းဆို ကြသည်။

(၂၂) ရက်။

  • ပြည်သူပေါင်း များစွာ လမ်းပေါ် ထွက်၍ ဆန္ဒ ပြကြသည်။ အထွေထွေ သပိတ်ကြီးက အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆိုသည်။ မန္တလေး၊ ဟင်္သာတ၊ မကွေး၊ မုံရွာ၊ ရေဦးနှင့် အထက် မြန်မာပြည် မြို့များတွင် နေ့စဉ် ဆန္ဒပြပွဲများ ဖြစ်ပေါ် ခဲ့သည်။

(၂၃) ရက်။

  • ဆန္ဒ ပြပွဲများတွင် လူထု ခြောက်သိန်း ပါဝင် ဆန္ဒ ပြကြသည်ဟု ခန့်မှန်း ရသည်။ အေဒီ လမ်းရှိ ဦးနေဝင်း အိမ်တွင် အရေးပေါ် အစည်းအဝေး တခု ပြုလုပ် ခဲ့ကြောင်း သတင်း ထွက်ပေါ် လာသည်။ ထို အစည်းအဝေးတွင် လူထု မငြိမ်သက်မှုကို ဖြိုခွင်းရန် သေနင်္ဂဗျူဟာ အသစ် ရေးဆွဲ ကြသည်။

(၂၄) ရက်။

  • မာရှယ်လော (စစ်ဥပဒေ) ရုပ်သိမ်းလိုက်သည်။ ရန်ကုန်မှ တပ်များ ပြန်လည် ရုပ်သိမ်း သွားသည်။ ဒေါက်တာ မောင်မောင်က တစ်ပါတီ စနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရန် ကိစ္စ အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပေးရန် ကတိပြုလိုက်သည်။

(၂၅) ရက်။

  • ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီး ခဲ့သည့် ဦးအောင်ကြီး၊ ဦးစိန်ဝင်းနှင့် အခြား သူများကို ပြန်လွှတ် ပေးလိုက်သည်။ ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်၌ ဦးအောင်ကြီး မိန့်ခွန်းပြောရာ ပရိသတ် ၃၀,၀၀၀ ကျော် တက်ရောက်သည်။ တစ်နိုင်ငံလုံး၌ ဆန္ဒပြပွဲနှင့် လူထု စည်းဝေးပွဲများ နေ့စဉ် ပြုလုပ်သည်။ ညဘက်တွင် လက်နက်ကိုင် စစ်သားများက မြန်မာ နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ ကျပ်သိန်း ၆၀၀ သယ်ယူ သွားသည်။ ရန်ကုန်တွင် တပ်စွဲ ထားသော တပ်ဖွဲ့ အားလုံးကို ကြိုတင်၍ လစာငွေ ခြောက်လစာ ထုတ်ပေးလိုက်သည်။ ထိုကိစ္စကို အသစ် ဖွဲ့စည်းလိုက်သော ဘဏ်အလုပ်သမား သမဂ္ဂက ကန့်ကွက် လိုက်သည်။

(၂၆) ရက်။

  • အထွေထွေ သပိတ်က လေကြောင်းနှင့် မီးရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း များကို ရပ်ဆိုင်းလိုက်သည်။
  • ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မဆလအစိုးရ၏ ပြည်သူလူထုအား အကြမ်းဖက်ဖြိုခွဲနေမှုကို ဆန့်ကျင်ခဲ့သော မိန့်ခွန်းကို လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲ၌ ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။

(၂၆) ရက်၊ (၂၈) ရက် ။

  • အင်းစိန်ထောင် အတွင်း အဓိကရုဏ်း စတင် ဖြစ်ပေါ် လာသည်။ နိုင်ငံ အဝန်းရှိ မြို့ပေါင်း ၉ မြို့မှ ထောင်များ တွင်လည်း အဓိကရုဏ်းများ တပြိုက်နက် ဖြစ်ပေါ် လာသည်။ အကျဉ်းသား ၉၀၀၀ နီးပါး ထွက်ပြေးကြသည် (သို့မဟုတ်) လွှတ်ပေးလိုက်သည်။

(၂၇) ရက်။

  • ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဦးစီးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန် ဆေးရုံကြီး ရှေ့တွင် မိန့်ခွန်း ပြောကြားသည်။

(၂၈) ရက်။

  • ရန်ကုန်မြို့တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို ဖွဲ့စည်း တည်ထောင် လိုက်သည်။ မင်းကိုနိုင်အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက် ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေး အဖွဲ့ချုပ် (ယာယီ) ကို တည်ထောင်သည်။ ယင်း အဖွဲ့တွင် ဦးတင်ဦးက အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။

(၂၉) ရက်။

  • ရှေ့နေများ၊ စာရေး ဆရာများ၊ ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော်များ ဆန္ဒ ပြပွဲများတွင် ပါဝင်လာကြသည်။

(၃၀) ရက်။

  • လူထု ဆန္ဒပြပွဲ အများအပြား ဖြစ်လာပြီး မဆလ ပါတီဝင် ထောင်ပေါင်း များစွာ ပါတီမှ နှုတ်ထွက်ခဲ့ကြသည်။

(၃၁) ရက်။

  • အစိုးရက လမ်းပေါ်သို့ ထွက်၍ ဆန္ဒပြခြင်းနှင့် စည်းဝေးပွဲများ ပြုလုပ်ခွင့် ပေးခဲ့သည်။ အနောက်ဂျာမဏီက ရန်ကုန်မှ သတ်ဖြတ်မှုများကို သဘော မတူကြောင်း ပြသရန် ဒွိုက်ချ်မာခ်(DM) ငွေ ၆၅ သန်း ထောက်ပံ့ ကူညီမှုကို ရပ်စဲလိုက်သည်။

စက်တင်ဘာလ[ပြင်ဆင်ရန်]

(၂) ရက်။

  • မြန်မာ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ပေးရန် တောင်းဆို ကြသည်။ ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှုမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်။ မြို့ကြီး မြို့ငယ် စုစုပေါင်း ၅၀ ခန့်မှာ ဆန္ဒ ပြသူများ လက်ထဲ ကျရောက်သွားသည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးများက အဓိက မြို့များ၌ တရားရုံးများ ဖွင့်လှစ်ကာ နေ့စဉ် ပြဿနာ များကို ဖြေရှင်း ပေးကြသည်။

(၃)(၄) ရက်။

  • အမေရိကန် လွှတ်တော် အမတ် စတီဗင် ဂျေ ဆိုလာဇ် (Stephen J Solarz) ရန်ကုန်မြို့သို့ ရောက်ရှိ ။

(၅) ရက်။

  • အတိုက်အခံ များ၏ တောင်းဆိုမှုကို လိုက်လျောရန်၊ သို့မဟုတ် ပါက အဆုံး မသတ် နိုင်သည့် ကန့်ကွက် ဆန္ဒပြပွဲ များကို ရင်ဆိုင်ရန် ပြည်သူများက အစိုးရအား ရာဇသံ ပေးလိုက်သည်။ အလုပ်သမား များနှင့် အစိုးရ ဝန်ထမ်း များက လွတ်လပ်သော အလုပ်သမား သမဂ္ဂ များကို ဖွဲ့စည်း ကြသည်။

(၆) ရက်။

  • ရဲဘော် သုံးကျိပ်ဝင် ၉ ဦးက လူထု အုံ့ကမှုကို ထောက်ခံရန် စစ်တပ်အား တောင်းဆို လိုက်သည်။ ချက်ကိုစလိုဗက်ကီးယား သံရုံး အပြင် ဘက်တွင် ဆန္ဒပြသူ များက ဒေါက်တာ မောင်မောင် အစိုးရထံ သဝဏ်လွှာ ပေးပို့မှုကို ကန့်ကွက် ဆန္ဒ ပြကြသည်။

(၇) ရက်။

  • အစိုးရ အဖွဲ့ နှုတ်ထွက်လျှင် နှုတ်ထွက် သို့မဟုတ်ပါက ဆန္ဒပြမှု များကို ရင်ဆိုင်ရန် ဆန္ဒပြ သူများ၏ ရာဇသံကို အစိုးရက လစ်လျူ ရှုလိုက်သည်။

(၉) ရက်။

  • ဦးနုက မိမိ ဝန်ကြီးချုပ် အဖြစ်နှင့် ဦးတင်ဦး ကာကွယ်ရေးဝန်ကြီး အဖြစ် ပါဝင်သော စင်ပြိုင် အစိုးရ ဖွဲ့စည်း လိုက်ကြောင်း ကြေညာသည်။ တပ်မတော် (လေ) မှ စစ်သည် စုစုပေါင်း ၂၀၀ ခန့် လူထု ဆန္ဒပြပွဲ များတွင် ပူးပေါင်း ပါဝင်လာကြသည်။

(၁၀) ရက်။

  • မဆလ ပါတီ ဒုတိယ အကြိမ် အရေးပေါ် ညီလာခံ ကျင်းပပြီး ပါတီစုံ စနစ် အောက်တွင် အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် အဆို တင်သွင်း ခဲ့ပြီး အကြံ ပြုခဲ့သော ပြည်သူ့ ဆန္ဒခံယူပွဲ အဆိုကို ပယ်ဖျက် လိုက်သည်။ တပ်မှူးဟောင်း ၃ ဦး ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးအောင်ရွှေနှင့် ဦးစောမြင့်တို့ ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေးပါတီ (ယာယီ) မှ နှုတ်ထွက် ကြသည်။

(၁၁) ရက်။

  • ပြည်သူ့ လွှတ်တော် အရေးပေါ် အစည်းအဝေးက အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ရန်ကုန်မြို့ ဆန္ဒပြပွဲ များတွင် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင် လာကြသည်။ ပြည်သူ လူထု ထောင်ပေါင်း များစွာ ပါဝင်သည့် လူထု အုံ့ကမှုကြီး များနှင့် အစာငတ်ခံ ဆန္ဒပြပွဲ များက၊ ဒီမိုကရေစီနှင့် ကြားဖြတ် အစိုးရ တောင်ဆိုမှု အပေါ် ဖိအား ပေးကြသည်။ ပြည်သူတို့က အစိုးရ၏ အဆိုပြုချက်ကို ပယ်ချ လိုက်သည်။

(၁၂) ရက်။

  • ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးအောင်ကြီးတို့ ပူးတွဲ၍ ကြားဖြတ် အစိုးရဖွဲ့စည်းရန် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်သည်။

(၁၃) ရက်။

  • ဂျပန်က မြန်မာပြည်သို့ မိမိ ကူညီ ထောက်ပံ့ နေမှုကို တိုင်းပြည် အခြေအနေ မအေးမချင်း ရပ်စဲ ထားမည်ဟု ကြေညာ လိုက်သည်။ ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားသည်။

(၁၆) ရက်။

  • စုစုပေါင်း အင်အား တသိန်း ရှစ်သောင်း ရှိသော စစ်တပ်ကို မဆလ ပါတီမှ နှုတ်ထွက်ခွင့် ပြုကြောင်း အစိုးရက ကြေညာသည်။ ကာကွယ်ရေး ဝန်ကြီး ဌာန အပြင် ဘက်တွင် ဆန္ဒ ပြသူများနှင့် စစ်သားများ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားသည်။ ဦးအောင်ကြီးနှင့် အခြား ပုဂ္ဂိုလ်များက အခြေအနေကို ထိန်း၍ လူစုခွဲ ပေးလိုက်သည်။ စစ်သားများ ပြန်ရုပ် သွားကြသည်။

(၁၇) ရက်။

  • ကုန်သွယ်ရေး ဝန်ကြီး ဌာန အပေါ်မှ သေနတ်ဖြင့် ပစ်ခတ် ခဲ့သော စစ်သား နှစ်ဆယ့်လေးဦး စလုံးမှာ နောက်ဆုံးတွင် လက်နက် ချလိုက်သည်။ အစိုးရက နှုတ်ထွက် ပေးရန်နှင့် ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေးရန် ငြင်းဆန် ခဲ့သဖြင့် ဆန္ဒပြမှုများ ပို၍ ပြင်းထန် လာသည်။ ကျောင်းသား အချို့မှာ လူမျိုးစု သူပုန်များ ထံမှ စစ်သင်တန်းများ တက်ရောက် နိုင်ရန်နှင့် လက်နက်များ ရရှိရန် အတွက် ထိုင်းနယ်စပ် ဒေသ များသို့ စတင်၍ ထွက်ခွာ သွားကြသည်။

(၁၈) ရက်။

  • ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ညနေ ၄ နာရီတွင် ဗိုလ်ချုပ်ကြီးစောမောင်က စစ်တပ်မှ အာဏာကို လွှဲပြောင်း ယူလိုက်ပြီး နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ရေဒီယိုမှ ကြေညာသည်။ ညဘက်တွင် ပြည်သူများက တားဆီး ပိတ်ဆို့မှုများ ချထား လိုက်ပြီး လျှပ်စစ် ဝါယာ ကြိုးများကို ဖြတ်တောက်ကာ လမ်းမီးမှောင် ချထားခြင်းဖြင့် အပြင် မထွက်ရ အမိန့်ကို ဆန့်ကျင် ကြသည်။ စစ်တပ်က ဆန္ဒ ပြသူများအား ပစ်ခတ်သည်။ လူ ၄ ဦးထက် ပို၍ စုဝေးခြင်း မပြုရန် အမိန့်ထုတ် တားမြစ်လိုက်သည်။
  • အထွေထွေမကျေနပ်မှုများကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားသည်။ ပြည်တွင်းပြည်ပအဖျက်အမှောင့်ပယောဂများ စွက်ဖက်မှုကြောင့် မင်းမဲ့စရိုက်များလွှမ်းမိုးကာ တိုင်းဆူပြည်ဖျက်လုပ်ရပ်များ ကြီးစိုးလာသည်။ တရားဥပဒေစိုးမိုးမှုနှင့် ရပ်ရွာအေးချမ်းသာယာမှုပျက်သုဉ်းကာ ပြည်သူများ ကျီးလန့်စာစား အခြေအနေသို့ ဆိုက်ရောက်ခဲ့သဖြင့် တပ်မတော်က နိုင်ငံ့တာဝန်ကိုရယူပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ရသည်။ [၁]

(၁၉) ရက်။

  • လမ်းများ ပေါ်တွင် စစ်တပ်နှင့် ဆန္ဒ ပြသူများ၏ တိုက်ခိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ရာပေါင်း များစွာသော ပြည်သူများ လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ ပစ်ခတ်ခြင်း ခံရသည်။ မြို့ပေါ်ပြောက်ကျား များက ရန်ကုန် မြို့လယ်ရှိ မိုက်ကရိုဝေ့ဗ် (microwave antenna) ကြေးနန်း တိုင်ကို ဒုံးကျည်ဖြင့် ပစ်ခတ်သည်။ နိုင်ငံတော် ငြိမ်/ပိက ပြည်သူ့ လွှတ်တော်၊ နိုင်ငံတော် ကောင်စီနှင့် အခြား အာဏာပိုင် အဖွဲ့အစည်း များကို ဖျက်သိမ်း လိုက်သည်။

(၂၀) ရက်။

  • ဗိုလ်ချုပ် စောမောင်၏ ငြိမ်/ပိ အဖွဲ့က ကိုယ်ပိုင် အစိုးရ ဖွဲ့လိုက်သည်။ ဗိုလ်ချုပ် စောမောင်သည် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာသည်။

(၂၃) ရက်။

  • အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကို ကန့်ကွက်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုက ကူညီ ထောက်ပံ့မှု များကို ဖြတ်တောက် လိုက်သည်။ ထိုင်းနယ်စပ် အနီး KNU သူပုန် စခန်း များတွင် ကျောင်းသား အချို့ စစ်သင်တန်း စတင် တက်ရောက် ကြသည်။

(၂၄) ရက်။

  • ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်သည်။ ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြသူ များကို အစုလိုက် ဖမ်းဆီးခြင်းနှင့် လျှို့ဝှက်စွာ ညှဉ်းပမ်း သတ်ဖြတ်မှုများ နိုင်ငံအနှံ့ ပြုလုပ် လာသည်။ ထိုင်း လေကြောင်း ကုမ္ပဏီမှ ရန်ကုန်သို့ ပျံသန်းမှုကို ပြန်လည် စတင် လိုက်သည်။ ကွန်မြူနစ် သူပုန်များက တရုတ် နယ်စပ် အနီးရှိ မိုင်းယန်းမြို့ကို သိမ်းပိုက် လိုက်ပြီး ရက်အနည်းငယ်ကြာ ထိန်းထား နိုင်ခဲ့သည်။ ပြင်းထန်သော တိုက်ပွဲများ အဆိုပါ နေရာ တဝိုက်၌ ရက်သတ္တပတ်ပေါင်း များစွာ ဖြစ်ပွား ခဲ့သည်။

(၂၆) ရက်။

  • မဆလ ပါတီသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဖြစ်လာသည်။ ဥရောပဘုံဈေး အဖွဲ့ (European Community) က သတ်ဖြတ်မှုများ ရပ်တန့်ကာ ဒီမိုကရေစီ တည်ဆောက်ရန် မြန်မာ အစိုးရအား တောင်းဆိုလိုက်သည်။

(၂၇) ရက်။

(၂၈) ရက်။

  • ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျက်ဖရီ ဟောင်း (Sir Geoffrey Howe) က ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြား ခဲ့ရာ၌ မြန်မာပြည်မှ လူမဆန်စွာ သတ်ဖြတ်မှုများ အပေါ် စိုးရိမ်မိကြောင်း ပြင်းထန်သော စကားလုံးများ သုံး၍ ပြောကြားသည်။

(၃၀) ရက်။

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေအတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။

အောက်တိုဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ယူနီဆက် (UNICEF) နှင့် နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ကြီးက မြန်မာပြည်သို့ လေကြောင်းဖြင့် ဆေးဝါးများ တင်ပို့ ပေးသည်။ ကျောင်းသား တသောင်း ခန့်နှင့် အခြား ဒီမိုကရေစီ လိုလားသော ဆန္ဒ ပြသူများသည် ထိုင်း၊ တရုတ်၊ အန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသ များသို့ ထွက်ပြေး လာကြသည်။

(၃) ရက်။

  • အထွေထွေ သပိတ် ပြိုကွဲ သွားသည်။ အစိုးရက ဝန်ထမ်းများ အလုပ်ခွင်သို့ ဝင်ရောက်ရန်နှင့် မလိုက်နာ ပါက အလုပ်မှ ထုတ်ပယ်မည် (သို့မဟုတ်) အခြား အပြစ် ပေးမည်ဟု ခြိမ်းခြောက်၍ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် စေသည်။

(၆) ရက်။

  • စစ်တပ် အတွက် လက်နက် ခဲယမ်းများ သင်္ဘောဖြင့် စင်္ကာပူမှ ရောက်လာသည်။ စစ်တပ်က ရန်ကုန်မြို့မှ ပြည်သူ များအား လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် ပေါ်တာ အဖြစ် အတင်းအကြပ် စေခိုင်းမှု စတင် ပြုလုပ်သည်။ အာဏာသိမ်း အပြီး၌ နယ်စပ်သို့ ထွက်ပြေး သွားခဲ့သူများ အညံ့ခံ၍ ပြန်လည် ဝင်ရောက် လာနိုင်ရန် နယ်စပ် ဒေသ များတွင် ကြိုဆိုရေး စခန်း ၂၇ ခုကို ဖွင့်လှစ် လိုက်သည်။ စစ်တပ်က ကျောင်းသားများ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ထား၍ ကြိုဆိုရေး စခန်း များသို့ ရောက်မလာ ကြလျှင် ၎င်းတို့အား သူပုန် အဖြစ် သတ်မှတ် မည်ဟု ပြောကြား လိုက်သည်။

(၇) ရက်။

  • ဂျပန်က ယူနီဆက်မှ တဆင့် မြန်မာပြည်သို့ အရေးပေါ် ကူညီ ထောက်ပံ့မှုကို ပေးအပ် သွားမည်ဟု ကြေညာသည်။ မြန်မာနိုင်ငံ ကုလ သမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် မောင်မောင်ကြီးက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ် ပေးမည်ဟု ကတိ ပြုခဲ့သည်။ ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များကို ဖမ်းဆီးခြင်းနှင့် တိတ်တဆိတ် ညှဉ်းပမ်း သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွား နေသည်။ စစ်တပ်က ဩဂုတ်လနှင့် စက်တင်ဘာလ အတွင်းက ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲ များတွင် ပါဝင် ခဲ့သည့် ရာပေါင်း များစွာသော ဝန်ထမ်း များကို အလုပ်မှ ဖြုတ်ပစ် လိုက်သည်။

(၁၂) ရက်။

  • ကေအန်ယူ သူပုန်များက ၁၉၈၄ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်က သိမ်းပိုက် ခဲ့သော ထိုင်းနယ်စပ် အနီးရှိ သူတို့၏ စခန်းဟောင်း မယ်သဝေါကို ပြန်လည် သိမ်းပိုက် လိုက်သည်။

(၁၇) ရက်။

  • ဩဂုတ်လ ကတည်းက ပိတ်ခဲ့သော ရန်ကုန်မြို့မှ ဘဏ်တိုက် များကို ပြန်လည် ဖွင့်လှစ် လိုက်သည်။

(၂၆) ရက်။

  • ရွှေတိဂုံ ဘုရား အပြင် ဘက်တွင် ကျောင်းသားများ စုရုံး ကြပြီး အစိုးရ ဆန့်ကျင်သည့် ကြွေးကြော်သံ များကို အော်ဟစ် ကြသည်။ စစ်တပ် ရောက်လာသည့် အခါ ကျောင်းသား များက လူစု ခွဲလိုက် ကြသည်။

(၃၀) ရက်။

  • လုံခြုံရေး တပ်သား များက သူတို့ ပျောက်သွားသည့် သေနတ် များကို သရက်တော ကျောင်းတိုက် အတွင်းမှ ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်း မြန်မာ့ အသံမှ ကြေညာသည်။
  • ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း တို့ရှိ မြို့/ရွာ ၅၀ ကျော် တို့ကို လှည့်လည်၍ စည်းရုံးရေး ဆင်းရာ ထောင်ပေါင်း များစွာသော လူထု ပရိသတ် များက သောင်းသောင်းဖျဖျ ကြိုဆို ကြသည်။

(၃၁) ရက်။

  • စစ်အစိုးရ အဖွဲ့မှ ဗိုလ်မှူးကြီး အေဘယ်လ်က မြန်မာပြည် အနေနှင့် ၂၆ နှစ် တာမျှ ကုန်သွယ်ရေး ချုပ်ကိုင်မှုကို အဆုံး သတ်လိုက်ကြောင်း ကြေညာသည်။ ဗိုလ်မှူးကြီး အေဘယ်လ်က နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမှု ကိုလည်း ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။

နိုဝင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • နိုင်ငံခြားတွင် အမှုထမ်း နေသူများကို ဖယ်ရှားခြင်းများ စတင်သည်။ နိုင်ငံခြားမှ သံတမန်များ ကိုလည်း ပြန်လည် ခေါ်ယူ လိုက်သည်။

(၂) ရက်။

  • မှတ်ပုံတင် ထားသည့် နိုင်ငံရေး ပါတီပေါင်း ၄၃ ခုက နယ်စပ် ဒေသများမှ ပြန်လည် ရောက်ရှိ လာသော ကျောင်းသား များအား ဖမ်းဆီးခြင်းနှင့် နှောင့်ယှက်ခြင်း များကို ကန့်ကွက် လိုက်သည်။

(၄) ရက်။

  • ဗြိတိန် နိုင်ငံက မြန်မာ နိုင်ငံသို့ ပေးအပ် နေသော အကူအညီ များကို ရပ်စဲ လိုက်သည်။

(၅) ရက်။

  • ထိုင်းနယ်စပ် ဒေသ တဝိုက်ရှိ ကျောင်းသား များက ကရင် သူပုန် စစ်စခန်းတွင် ပြုလုပ် ခဲ့သော အစည်းအဝေး တရပ်၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ခေါ် All Burma Students' Democratic Font (ABSDF) ကို ဖွဲ့စည်း လိုက်သည်။

(၈) ရက်။

  • ကင်ဘရာမြို့ရှိ မြန်မာ သံရုံးမှ သံတမန် ၃ ဦး ဩစတြေးလျ နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသည်။ အလုပ် ဖြုတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ခေါ်ယူ စစ်ဆေး သုတ်သင်ခြင်းများ ဆက်လက် ပြုလုပ်လျက် ရှိသည်။

(၉) ရက်။

  • ရန်ကုန်မြို့တွင် ရဟန်းရှင်များ ဦးစီး ကျင်းပသည့် ဆန္ဒပြပွဲကို တားဆီးခြင်း ခံရသည်။

(၁၂) ရက်။

  • ထိုင်း အစိုးရက ထိုင်း ကျောင်းသားနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း များ၏ ဝေဖန် ပြစ်တင်မှုကြောင့် ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပရာပတ်စ်လင်ပါဖန် မြန်မာ နိုင်ငံသို့ အလည်အပတ် သွားမည့် ခရီးစဉ်ကို ဖျက်လိုက်သည်။

(၁၅) ရက်။

  • အမေရိကန် လွှတ်တော်မှ ဒါနာရိုရာဗက်ချာ (Dana Rohrabacher) ထိုင်း နယ်စပ်ရှိ သေဘောဘိုး စခန်းသို့ သွားပြီး စိတ်ဓာတ် အရ လည်းကောင်း၊ နိုင်ငံရေး အရ လည်းကောင်း ကူညီ အားပေးရန် ကတိ ပေးလိုက်သည်။

(၁၆) ရက်။

  • နယ်စပ်သို့ ထွက်ပြေး သွားသော ကျောင်းသား များကို ပြန်လက်ခံရန် သတ်မှတ်ရက် အချိန် ကာလကို နှစ်ကုန်သည် အထိ တိုးမြှင့် ပေးလိုက်သည်။

(၁၉) ရက်။

  • အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုမှ လူမျိုးစု သူပုန်၁၀ ဖွဲ့၊ မြေအောက် ကျောင်းသား အဖွဲ့ ၁၂ ဖွဲ့နှင့် အတိုက်အခံ ပါတီ အဖွဲ့အစည်း များသည် ထိုင်းနယ်စပ် အနီးရှိ ကလယ်ဒေး စခန်းတွင် တွေ့ဆုံ ဆွေးနွေး ကြပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ (Democratic Alliance of Burma, DAB) ကို ဖွဲ့စည်း လိုက်သည်။ ဥက္ကဋ္ဌ အဖြစ် ကေအန်ယူ ခေါင်းဆောင် ဗိုလ်မြ၊ ဒုဥက္ကဋ္ဌ အဖြစ် ကချင် သူပုန် ခေါင်းဆောင် ဘရမ်ဆိုင်း တို့အား ရွေးချယ် တင်မြှောက် ကြသည်။

(၂၂) ရက်။

  • ထိုင်း အစိုးရက စောမောင် အာဏာ သိမ်းပြီးနောက် ထွက်ပြေး ခဲ့သော ကျောင်းသား များကို ထိုင်းနိုင်ငံ၌ ယာယီ ခိုလှုံခွင့် ပေးလိုက်သည်။

(၂၄) ရက်။

  • မလေးရှား နိုင်ငံ သံအမတ်သည် သူ၏ သံတမန် ခန့်အပ်လွှာကို ဗိုလ်ချုပ် စောမောင် အစိုးရအား ပေးအပ် ခဲ့သဖြင့် စစ်အစိုးရနှင့် ပထမဦးဆုံး ဆက်သွယ်သော နိုင်ငံ ဖြစ်လာသည်။

(၃၀) ရက်။

  • စစ်အစိုးရသည် နိုင်ငံခြားငွေ ရရှိနိုင်ရန် ၎င်း၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကြေညာ ခဲ့သည်။

ဒီဇင်ဘာလ[ပြင်ဆင်ရန်]

(၃) ရက်။

  • ဦးအောင်ကြီးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကွန်မြူနစ်ဟု စွပ်စွဲခြင်း ခံရသော သူ ၈ ဦးကို ထုတ်ပယ်ရန် ငြင်းဆန် ခဲ့သဖြင့် ထို အဖွဲ့ချုပ်မှ နှုတ်ထွက် လိုက်သည်။

(၁၀) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦးအား ရွေးချယ် တင်မြှောက် လိုက်သည်။

(၁၄) ရက်။

  • ထိုင်းနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယွတ် မြန်မာပြည်သို့ သွားရောက်ပြီး ထိုင်း - မြန်မာ နယ်စပ် များတွင် နေထိုင်လျက် ရှိသည့် အစိုးရ ဆန့်ကျင်ရေး ကျောင်းသား များကို ပြန်လည် ပို့ဆောင် ပေးရန် အတွက် အပြန်အလှန် သဘောဖြင့် ရရှိခဲ့သည့် မြန်မာ အစိုးရ၏ ရက်ရော လှသော သစ်ခုတ်ခွင့်နှင့် ငါးဖမ်းခွင့်များ ပိုက်၍ ထိုင်း နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသည်

(၁၆) ရက်။

  • ဦးအောင်ကြီးက ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီကို ထူထောင် လိုက်သည်။

(၁၈) ရက်။

  • ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် အရှေ့တောင်ပိုင်း ခရီးမှ ရန်ကုန်သို့ ပြန်ရောက် လာသည်။ ထိုဒေသ တွင်လည်း ဒေသခံ ပြည်သူ လူထု အများစု၏ ထောက်ခံ ကြိုဆိုမှု ရလာ ခဲ့သည်။

(၁၉) ရက်။

  • လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင် နိုင်ငံရေး ပါတီများ အနေနှင့် လိုက်နာရမည့် စည်းကမ်း၊ တရား ဥပဒေနှင့် အစိုးရ အမိန့် ထုတ်ပြန် ကြေညာချက် များကို လိုက်နာ ကြရန် ဖြစ်ပြီး ပြည်သူ များကို သွေးထိုး လှုံ့ဆော်ရန် အချိန် မဟုတ် တော့ကြောင်း ရေးသား လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က "သန့်ရှင်းပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင် ကျွန်မတို့ မေးကြ ရပါမယ်။ ကျွန်မတို့က ဒါကို ဆန့်ကျင် နေတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။

(၂၁) ရက်။

  • ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယွတ်တို့ ရခဲ့သည့် သဘော တူညီမှု၏ တစိတ် တဒေသ အဖြစ် ထိုင်း နယ်စပ်မှ ကျောင်းသား များအား မြန်မာပြည် ပြန်ပို့ရန် အတွက် ထိုင်းနိုင်ငံ တာ့ခ်လေဆိပ် အနီး၌ ကြိုဆိုရေး စခန်း တခု ဖွင့်လှစ် လိုက်သည်။ အစိုးရ စစ်တပ်မှ မယ်သဝေါ ကရင် သူပုန် စခန်းကို ပြန်လည် သိမ်းပိုက် လိုက်သည်။

(၂၆) ရက်။

  • ပထမ အသုတ် ဖြစ်သော မြန်မာ ကျောင်းသား ၈၀ ကို ထိုင်းနိုင်ငံ တာ့ခ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင် ပေးလိုက်သည်။

(၂၇) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး၊ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဖြစ်သူ ဒေါ်ခင်ကြည် (အသက်- ၇၆ နှစ်) ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ထိုင်း အစိုးရက မြန်မာ အစိုးရအား ထိုင်းလေကြောင်း ပိုက်နက် ထဲတွင် လေယာဉ်ပျံဖြင့် နယ်စပ် ဒေသ များကို ကောင်းကင် ဓာတ်ပုံ ရိုက်နိုင်ရန် ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ခွင့်ပြု လိုက်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုမှတ်တမ်း(၂၀၁၀)