ကျော်ငြိမ်း
ဦးကျော်ငြိမ်း | |
|---|---|
| ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၁၄ စက်တင်ဘာ ၁၉၄၈ – ၂ ဧပြီ ၁၉၄၉ | |
| သမ္မတ | စဝ်ရွှေသိုက် |
| ယခင်လူ | တင်ထွဋ် (နိုင်ငံခြားရေးဝန်ကြီးအဖြစ်) |
| ဆက်ခံသူ | အေးမောင် (နိုင်ငံခြားရေးဝန်ကြီးအဖြစ်) |
| ပြည်ထဲရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၄ ဇန်နဝါရီ ၁၉၄၈ – ၂ ဧပြီ ၁၉၄၉ | |
| သမ္မတ | စဝ်ရွှေသိုက် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | နေဝင်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉ ဇန်နဝါရီ၊ ၁၉၁၄ ပျဉ်းမနားမြို့ |
| ကွယ်လွန် | ၂၉ ဇွန်၊ ၁၉၈၆ (အသက် ၇၂) ရန်ကုန်မြို့ |
| မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
ဦးကျော်ငြိမ်း (၁၉ ဇန်နဝါရီ ၁၉၁၄ – ၂၉ ဇွန် ၁၉၈၆) သည် မြန်မာနိုင်ငံရေးနယ်ပယ်တွင် ထင်ရှားကျော်ကြားသော နိုင်ငံရေးသမားနှင့် ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် လွတ်လပ်ရေးခေတ်ဦး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။[၁]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးကျော်ငြိမ်းကို ၁၉၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပျဉ်းမနားမြို့၌ အဖ ရှေ့နေဦးဖိုးတုတ်နှင့် အမိ ဒေါ်ဒေါ်သုန်တို့မှ မွေးဖွားခဲ့သည်။ ဒိုက်ဦးမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး၊ ၁၉၃၂ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်၊ ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဂုဏ်ထူးတန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေ (ဂုဏ်ထူးတန်း) အောင်မြင်ခဲ့ပြီး၊ ၁၉၄၁ ခုနှစ်တွင် ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၁၉၃၃-၃၄ ခုနှစ်တွင် မန္တလေးကောလိပ် ပိတ်ရန် အာဏာပိုင်များ စီစဉ်ချိန်၌ ကိုကျော်ငြိမ်းသည် ကိုသိန်းဖေ(မြင့်)၊ ကိုထွန်းအုံ၊ ဗိုလ်ခင်မောင်ကလေး၊ ကိုလှမောင်တို့နှင့်အတူ ကျောင်းသားများနှင့် မြို့မိမြို့ဖများ၏ ကန့်ကွက်ပွဲများကို ဦးဆောင်ခဲ့ရာ ကောလိပ်ပိတ်မည့် အစီအစဉ် ပျက်ပြယ်ခဲ့သည်။ ဤမှစ၍ ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာခဲ့သည်။
၁၉၃၄-၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်တွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) တည်ထောင်ရာတွင်လည်း ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ဘွဲ့ရပြီးနောက် အင်္ဂလိပ်လက်အောက်တွင် အကောက်ခွန်ဌာန ရာဖြတ်အဖြစ် အလုပ်လုပ်ကိုင်ရင်း နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးမြေအောက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ၎င်းသည် မြေအောက်တော်လှန်ရေးပါတီဖြစ်သည့် ပြည်သူ့အရေးတော်ပုံပါတီ (People's Revolutionary Party - PRP) (နောင် ဆိုရှယ်လစ်ပါတီ) ၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စေလွှတ်ရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်ခဲ့သောအဖွဲ့ ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးနှင့် ဖဆပလခေတ်
[ပြင်ဆင်ရန်]
ဂျပန်ခေတ် (၁၉၄၂-၄၃) တွင် ဒေါက်တာဘမော်၏ အစိုးရအဖွဲ့၌ ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အတွင်းဝန်၊ ရှမ်းပြည်နယ်အတွင်းဝန်နှင့် နိုင်ငံခြားရေးဌာန ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကို ဦးဆောင်ရန် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ ပူးပေါင်းဖွဲ့စည်းခဲ့သည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ဖတပလ ဗဟိုစစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲခံပြီးနောက် ဖတပလကို ဖဆပလ အဖွဲ့ချုပ်အဖြစ် ပြန်လည်ဖွဲ့စည်းရာတွင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပြီးနောက် ၁၉၅၆ ခုနှစ်အထိ ဖဆပလ အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးကာလတွင် ပျဉ်းမနားနယ် နိုင်ငံရေးမှူးနှင့် ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ပါလီမန်ဒီမိုကရေစီခေတ်
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေး ရယူနိုင်ရန်အတွက် လန်ဒန်မြို့တွင် ကျင်းပသည့် အောင်ဆန်း-အက်တလီဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် ပြည်မြို့မဲဆန္ဒနယ်မှ ဖဆပလအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်ထဲရေးနှင့် တရားရေးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဇူလိုင်လတွင် ဦးနုနှင့်အတူ လန်ဒန်မြို့သို့ ချစ်ကြည်ရေးမစ်ရှင်အဖြစ် သွားရောက်ခဲ့ပြီး အပြန်ခရီးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မှာကြားချက်အရ ယူဂိုဆလားဗီးယားနိုင်ငံသို့ ဝင်ရောက်ကာ လူနည်းစုအရေးနှင့်ပတ်သက်သော အခြေခံဥပဒေရေးရာများကို လေ့လာခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးခေတ်တစ်လျှောက် အစိုးရအဆက်ဆက် စွဲကိုင်ကျင့်သုံးခဲ့သော ကြားနေရေး၊ ဘက်မလိုက်နိုင်ငံခြားရေးဝါဒ၏ ဗိသုကာဖြစ်သည်။ ကိုလိုနီခေတ်လွန်နိုင်ငံများ၏ တတိယအင်အား (Third Force) မူဝါဒကို ဦးဆုံးအဆိုပြု တည်ထောင်အားပေးသူလည်း ဖြစ်သည်။ အာရှဆိုရှယ်လစ်ညီလာခံ (Asian Socialist Conference) ဟု အမည်တွင်သည့် အာရှတစ်တိုက်လုံးဆိုင်ရာ ဆိုရှယ်လစ်အဖွဲ့ကြီးကို အဓိက တွန်းအားပေး တည်ထောင်ဖွဲ့စည်းခဲ့သူ ဖြစ်သည်။ သွင်းကုန်အစားထိုးရေးမူဝါဒကို ကိုင်စွဲပြီး ၁၉၅၀ ပြည့်နှစ်များတွင် မြန်မာနိုင်ငံ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ (Industrialization) ကို တွန်းအားပေး၍ စတင်ခဲ့သူဖြစ်သည်။ ပညာရှင် Renaud Egreteau က ဦးကျော်ငြိမ်းအား “မြန်မာ့ဆိုရှယ်လစ်စနစ်အား မောင်းနှင်သော ဦးနှောက်” ဟု တင်စားခံခဲ့ရသည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ဖွဲ့စည်းခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီဝင် ဝန်ကြီးများ နုတ်ထွက်သည့်အခါ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် သမဝါယမဝန်ကြီး၊ ၁၉၅၂ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် သိမ်ဖြူတောင်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်အမတ်၊ ၁၉၅၃ ခုနှစ်တွင် သမဝါယမ ထုတ်ကုန်ဖြန့်ဖြူးရေးဌာနနှင့် စက်မှုဌာနဝန်ကြီး၊ ဒု-ဝန်ကြီးချုပ် (အမျိုးသားစီးပွားရေး) အဖြစ် တာဝန်ယူခဲ့သည်။
၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် သိမ်ဖြူတောင်မဲဆန္ဒနယ်မှ လွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်ခြင်းခံရပြီး၊ ဖဆပလနှစ်ခြမ်းကွဲသည့် ၁၉၅၈ ခုနှစ်အထိ ဒု-ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဦးဗဆွေ၊ အခြားဝန်ကြီး ၁၃ ဦးနှင့်အတူ ဝန်ကြီးချုပ် ဦးနု ဦးဆောင်နေသည့် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ နောက်တစ်ရက်တွင် ဦးနုအစိုးရအား အယုံအကြည်မရှိအဆို တင်သွင်းခဲ့သော်လည်း ၈ မဲအကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ဦးဗဆွေနှင့် လက်တွဲပြီး တည်မြဲဖဆပလ (ဆွေ-ငြိမ်း) အဖြစ် ပြန်လည်ဖွဲ့စည်းရာတွင် ဖဆပလ (တည်မြဲ) ဒု-ဥက္ကဋ္ဌနှင့် ဖဆပလ လူငယ်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ အခြားဖဆပလတစ်ခြမ်းဖြစ်သော သန့်ရှင်းဖဆပလ (နု-တင်) ကို ဦးနုနှင့် သခင်တင်တို့က ဦးဆောင်ခဲ့သည်။
၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက်၊ ရွေးကောက်ပွဲအနိုင်ရသည့် သန့်ရှင်းဖဆပလ (နု-တင်) အဖွဲ့ချုပ်က ပြည်ထောင်စုပါတီ (ပထစ) အဖြစ် အမည်ပြောင်းခဲ့သဖြင့်၊ တည်မြဲဖဆပလ (ဆွေ-ငြိမ်း) သည်လည်း 'ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)' ပြန်ဖြစ်လာခဲ့သည်။[၂]
ချုပ် မြို့မ-ဦးသန်းကြွယ်၊ ဝန်ကြီးဗိုလ်ခင်မောင်ကလေးတို့က ဦးဆောင်ကျင်းပနေကြစဉ်
တော်လှန်ရေးကောင်စီခေတ်
[ပြင်ဆင်ရန်]၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလခေါင်းဆောင်များဖြစ်သည့် ဦးဗဆွေ၊ ဗိုလ်ကြာညွန့် (ပဲခူး)၊ ဗိုလ်မှူးထွန်းတင်၊ ဦးကြီးချိုင်၊ ပထစခေါင်းဆောင်များဖြစ်သည့် ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်)၊ ဦးဝင်း၊ ဦးချမ်းသာ၊ ဦးချန်ထွန်း၊ အင်းစိန်အမတ် ဦးချာလီ၊ နေရှင်းသတင်းစာတိုက်ပိုင်ရှင် အယ်ဒီတာချုပ် ဦးလောရုံတို့နှင့်အတူ ဦးကျော်ငြိမ်းသည် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
ဝန်ကြီးချုပ်ဟောင်း ၂ ဦးဖြစ်သည့် ဦးနုနှင့် ဦးဗဆွေတို့ကို ၁၉၆၆ ခုနှစ်တွင် ပြန်လွတ်ပေးခဲ့သော်လည်း၊ ဦးကျော်ငြိမ်းအား ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ ပြန်လွတ်ပေးခဲ့သည်။ ရေကြည်အိုင်အကျဉ်းစခန်းတွင် ထိန်းသိမ်းချုပ်နှောင်စဉ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများ ပြုခံခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။
ရေကြည်အိုင်အကျဉ်းစခန်းမှ ပြန်လွတ်လာပြီးနောက် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တော်လှန်ရေးကောင်စီက ဖွဲ့စည်းတာဝန်ပေးသည့် "ယာယီ အမျိုးသားညီညွတ်ရေးအကြံပေးအဖွဲ့" ခေါ် (၃၃) ဦး အကြံပေးအဖွဲ့တွင် နိုင်ငံတော်သမ္မတကြီးဟောင်း မန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဦးဗဆွေတို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ၃၃ ဦးအကြံပေးအဖွဲ့က တော်လှန်ရေးကောင်စီထံသို့ အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း၊ နောက်တစ်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပြောင်းလဲမှုအတွက် အချိန်မရောက်သေးဟုဆိုကာ အဆိုပြုချက်အားလုံးကို ပယ်ချခဲ့သည်။
ထင်ရှားသော လုပ်ဆောင်မှုများ
[ပြင်ဆင်ရန်]ဦးကျော်ငြိမ်း၏ အရေးပါထင်ရှားသော လုပ်ဆောင်မှုများမှာ အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်း ဖြစ်သည်- [၃][၄][၅][၆][၇]
နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများ (Anti-colonial and Burma Independence Struggle): ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)၊ ပြည်သူ့အရေးတော်ပုံပါတီ (People's Revolutionary Party)၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖတပလ) တို့ကို ခေါင်းဆောင်ပိုင်းမှ ပါဝင်တည်ထောင်ခဲ့သည်။
ကိုလိုနီစနစ် ဖျက်သိမ်းရေး (Decolonization): လွတ်လပ်ရေးရပြီးနောက် အာရှနှင့် အာဖရိကနိုင်ငံများတွင် ကိုလိုနီစနစ်ဖျက်သိမ်းရေးအတွက် ဘန်ကောက်တွင် ဖွဲ့စည်းသော အရှေ့တောင်အာရှအဖွဲ့ချုပ် (Southeast Asia League)၊ ရန်ကုန်တွင် ဖွဲ့စည်းသော အာရှဆိုရှယ်လစ်ညီလာခံ (Asian Socialist Conference) နှင့် ကိုလိုနီဆန့်ကျင်ရေးဗျူရို (Anti-colonial Bureau) တို့ကို ဦးဆောင်ပါဝင် ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ (State-Building and Nation-Building): ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင်လည်းကောင်း၊ တက်ကြွသော ဘက်မလိုက် နိုင်ငံခြားရေးဝါဒ (Active Non-Aligned Foreign Policy) တည်ထောင်ထိန်းသိမ်းရာတွင်လည်းကောင်း၊ နိုင်ငံတော်စီးပွားရေးမူဝါဒများ (Economic Vision and Policies)၊ စက်မှုနိုင်ငံထူထောင်ရေးဝါဒ (Industrialization Policies) ချမှတ်ခြင်းနှင့် မှန်းသည်ထက်ပိုသော ဂျပန်စစ်လျော်ကြေးရရှိရေး ကိစ္စရပ်များတွင် ဦးဆောင်ပါဝင် ချမှတ်လုပ်ဆောင်ခဲ့သည်။
စာပေလေ့လာလိုက်စားမှု
[ပြင်ဆင်ရန်]ဦးကျော်ငြိမ်းသည် တက္ကသိုလ်ကျောင်းသားဘဝမှ နိုင်ငံခေါင်းဆောင်ဘဝတိုင် နိုင်ငံတကာ ဗဟုသုတနှင့် နိုင်ငံရေးစာပေ လေ့လာလိုက်စားရာတွင် ထင်ရှားသူဖြစ်သည်။ စာအလွန်ဖတ်သူအဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာ့ဗဟုသုတဆိုင်ရာ အင်္ဂလိပ်စာအုပ်ပေါင်း ၅,၀၀၀ ကျော် ဖတ်ခဲ့သည်ဟု ဆိုသည်။ ကမ္ဘာ့နိုင်ငံရေးလောက၌ ထူးချွန်ထက်မြက်သော အာရှဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားသည်။
ကိုယ်ပိုင်ဘဝ
[ပြင်ဆင်ရန်]၁၉၄၂ ခုနှစ်တွင် ဒေါ်နွဲ့နွဲ့ရီ (B.A., B.L.) နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၇ ဦး (သောင်းကျော်ငြိမ်း၊ အောင်ကျော်ငြိမ်း၊ ချိုချိုကျော်ငြိမ်း၊ ထွန်းကျော်ငြိမ်း၊ ဘိုဘိုကျော်ငြိမ်း၊ ခိုင်ချိုကျော်ငြိမ်း၊ ယမင်းကျော်ငြိမ်း) ထွန်းကားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဦးကျော်ငြိမ်းသည် ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ဇေယျာ ရေး မြန်မာလူကျော် ၁၀၀ (ပထမအုပ်)၂၀၁၀ မတ်လ၊ စာ-၁၃
- ↑ မြန်မာ့အလင်းသတင်းစာ ၁ရဇူလိုင်၁၉၄၇
- ↑ .မြောင်းမြဗဆွေစီစဉ်သောကျွန်ုပ်တို့နှင့်ဦးကျော်ငြိမ်း၊လွင်ဦးစာပေ၊၂၀၁၂
- ↑ စိန်ဝင်းစိန်ဘာသာပြန်၍Richard Butwellရေးသားသောဦးနုလောကသစ်စာပေ(၂၀၁၂)
- ↑ ပြည့်စုံ(ရန်ကုန်)ရေးဦးကျော်ငြိမ်းအကြောင်း၊ပန်းဝေဝေစာပေ(၂၀၁၃)
- ↑ ဆောလ်ရို့စSaul Roseရေးတောင်အာရှရှိဆိုရှယ်လစ်ဝါဒSocialism In Southern Asia အောက်စဖို့တက္ကသိုလ်ပုံနိပ်တိုက်(၁၉၅၉)
- ↑ Su Lin Lewis 's Asian Socialism and the Forgotten Architects of Post-Colonial Freedom, 1952–1956, Journal of World History University of Hawai'i Press, Volume 30, Numbers 1-2, June 2019, pp. 55-88
ကျမ်းကိုးစာရင်း (Bibliography)
[ပြင်ဆင်ရန်]- သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ၊ ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ၊ စာ - ၂၅၄။
- နိုင်ငံရေးသမားနှင့် နိုင်ငံရေး၊ တင်မောင်ဝင်း၊ ပထမ အကြိမ် နိုဝင်ဘာ ၂ဝဝဝ ပြည့်နှစ်၊ ခေတ်ပြိုင် ဂျာနယ်တိုက်၊ ထိုင်းနိုင်ငံတွင် ပုံနှိပ်။
- တာတေ စနေသား၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဧရာဝတီ စာအုပ်တိုက်၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ဒုတိယ အကြိမ်၊ ၁၉၉၉ (Second Edition, 1999)။
- သိန်းဖေမြင်၏ ကျော်ငြိမ်း၊ စာအုပ်ဈေး စာအုပ်တိုက်၊ ဒီဇင်ဘာ၊ ၁၉၉၉၊ စတုတ္ထအကြိမ်။
နယ်ချဲ့ ဆန့်ကျင့်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွေမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂက စလို့ ပြည်သူ့ အရေးတော်ပုံ ပါတီ (ဆိုရှယ်လစ် ပါတီ) နှင့် ဖဆပလ အဖွဲ့ချုပ်ကြီး အထိ စဉ်ဆက်မပြတ် ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်၊ ဆိုရှယ်လစ် ပါတီ ခေါင်းဆောင်နှင့် ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်တဲ့ ဒု-ဝန်ကြီးချုပ်ဟောင်း "ဦးကျော်ငြိမ်း (၁၉၁၅ - ၁၉၈၆)" ရဲ့ အတ္ထုပ္ပတ္တိကို စုဆောင်း လွှင့်တင် ပေးလိုက်တာ ဖြစ်ပါတယ်။