အလှူခံတစ်ကျိပ်လေး

ဝီကီပီးဒီးယား မှ

ဒက္ခိဏာဝိဘင်္ဂသုတ် ပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပုဂ္ဂလိကဒါန (၁၄)မျိုးတို့ကား..

  • (၁) မြတ်စွာဘုရားအား လှူဒါန်းခြင်း၊
  • (၂) ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းခြင်း၊
  • (၃) ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား (သို့မဟုတ်) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၄) အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၅) အနာဂံပုဂ္ဂိုလ် (သို့မဟုတ်) အနာဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၆) အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) အနာဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၇) သကဒါဂံပုဂ္ဂိုလ် (သို့မဟုတ်) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၈) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) သကဒါဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်အား လှူဒါန်း၊
  • (၉) သောတာပန်ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၁၀) သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံနေသော ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း၊
  • (၁၁) သာသနာတော်ပအခါ ဈာန်အဘိညာဏ်ရသော ရသေ့တို့အား လှူဒါန်းခြင်း၊
  • (၁၂) သီလရှိသော (သီလဝန္တ) လူပုထုဇန်တို့အား လှူဒါန်းခြင်း၊
  • (၁၃) သီလမရှိဘဲ (ဒုဿီလ) လူပုထုဇန်တို့အား လှူဒါန်းခြင်း၊
  • (၁၄) တိရစ္ဆာန်တို့အား လှူဒါန်းခြင်း၊

ဤ (၁၄)ပါးတို့တည်း။[၁]


ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ၊ ဈာန်ရဗာဟီ၊ နှစ်လီပုထုဇန်၊ တိရစ္ဆာန်၊ ၊လှူခံ တကျိပ်လေး[ပြင်ဆင်ရန်]

ထို ပုဂ္ဂလိကဒါန (၁၄)ပါးတို့တွင် တိရစ္ဆာန် သတ္တဝါတို့အား တနပ်စာဝအောင် ကျွေးမွေးလိုက်သော အလှူသည် ဘဝတရာတို့၌ အာယု, ဝဏ္ဏ, သုခ, ဗလ, ပဋိဘာနဟူသော ကောင်းကျိုးငါးပါးတို့ကို ပေးနိုင်၏။

လူဒုဿီလအား တနပ်စာဝအောင် ပေးလှူလျှင် ဘဝတထောင်၊ သရဏဂုံမရှိသော သာသနာပအခါ သိက္ခာပုဒ်ကို ဆောက်တည်ခြင်းမရှိပဲ ပကတိ စိတ်ကောင်းရှိသူ လူသီလ၀န္တတို့အား တနပ်စာဝအောင် ပေးလှူလျှင် ဘဝတသိန်း၊

ဈာန်ရ ရသေ့တို့အား တနပ်စာဝအောင် ပေးလှူလျှင် ဘဝကုဋေတသိန်း၊

သရဏဂုံသီလရှိသော လူ သာမဏေမှအစ သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင် ဘဝအသင်္ချေ၊

ဤမှအထက် မြတ်စွာဘုရားတိုင်အောင် အသင်္ချေချည်း ဆင့်ကာဆင့်ကာ ကောင်းကျိုးငါးပါး ပေးနိုင်ကြောင်း မြတ်စွာဘုရား ဟောကြားတော်မူသည်။ (အောက်ဆုံးအားဖြင့် သရဏဂုံတည်သော သူပင်လျှင် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရန် ကျင့်ကြံသော ပုဂ္ဂိုလ်မည်ကြောင်း အဋ္ဌကထာ၌ ဖွင့်ပြထားသည်။)[၁]

အဘယ်ပုဂ္ဂိုလ်ကို လှူရမလဲ[ပြင်ဆင်ရန်]

ဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ဝါတော် ၁၅-ဝါ [၂], ဝါ-၂၀ [၃]-အတွင်းဟု ဆိုအပ်သော ပဌမ ဗောဓိ၌ ဘုရားရှင်နှင့် တပည့်သား ရဟန်း အပေါင်းအား လာဘ်သပ်ပကာ သက္ကာရ ပေါများလာသည်နှင့်အမျှ တိတ္ထိတို့မှာ လာဘ်သပ်ပကာ ဆုတ်ယုတ်လာကြသဖြင့် တိတ္ထိတို့က ရဟန်းဂေါတမသည် “ငါနှင့် ငါ့တပည့်သားတို့အားသာ လှူသင့် လှူထိုက်၏၊ အခြားပုဂ္ဂိုလ်အား မလှူသင့် မလှူထိုက်။ ငါနှင့် ငါ့တပည့်တို့အား လှူမှ အကျိုးများသည်၊ အခြားပုဂ္ဂိုလ်အား လှူခြင်းသည် အကျိုးမများ အလကားပင် ဖြစ်သည်”ဟု ပြောဆိုနေကြောင်း မဟုတ် မမှန် လုပ်ကြံ သတင်းလွှင့်ကြသဖြင့် ပသေနဒီကောသလမင်းကြီးကြား၍ ဘုရားရှင်အား လျှောက်ထားလေရာ ဘုရားရှင်က—မိမိစိတ် ကြည်ညိုရာ ပုဂ္ဂိုလ်အား လှူသင့်ကြောင်း သို့ရာတွင် သီလရှိသောပုဂ္ဂိုလ်အား လှူခြင်းသည် အကျိုးများ၍ နီဝရဏတရား ၅-ပါးကို ပယ်စွန့်ပြီးသော ပုဂ္ဂိုလ်, အသေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလ, သမာဓိ, ပညာ, ဝိမုတ္တိ, ဝိမုတ္တိဉာဏဒဿန ပစ္စဝေက္ခဏာဉာဏ် ဟူသော လောကီ, လောကုတ္တရာ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့အား လှူမှ အကျိုးများစွာ ရနိုင်ကြောင်းကို ဟောပြတော်မူသည် [၄]

ဂုဏ်ရှိသော ပုဂ္ဂိုလ်ကိုသာ ရှာဖွေ၍ မလှူဒါန်းပဲ သနားမှု “ကရုဏာဖြစ်ရာ ဒုက္ခိတသတ္တဝါအားသော်လည်း အလှူကြီးကို ပေးလှူသင့်၏ [၅][၆]

အလှူခံပုဂ္ဂိုလ်များ လိုက်နာရန်[ပြင်ဆင်ရန်]

ယင်း-အလှူခံပုဂ္ဂိုလ်သည် အလှူဝတ္ထုကို ခံယူရာ၌—

  • (၁) အလှူရှင်၏ စေတနာ ထက်သန် မထက်သန်
  • (၂) လှူဖွယ်ဝတ္ထု၏ အနည်း အများ
  • (၃) မိမိ၏ အားအစွမ်း ရှိ, မရှိ ဤ ၃-ပါးကို ကြည့်ရှု ဆင်ခြင်ကာ

(၁) လှူဖွယ်ဝတ္ထု-က များသော်လည်း ဒါယကာက နည်းနည်းလှူလိုလျှင် ဒါယကာအလို လိုက်၍ နည်းနည်းကိုသာ အလှူခံရသည်။

(၂) ဒါယကာ-က စေတနာထက်သန်စွာဖြင့် များများလှူလိုသော်လည်း လှူဖွယ်ဝတ္ထုက နည်းနေပြန်လျှင် လှူဖွယ်ဝတ္ထုကို ကြည့်ရှု ထောက်ထား၍ နည်းနည်းပင် အလှူခံရသည်။

(၃) လှူဖွယ်ဝတ္ထုကလည်း များပြား ဒါယကာကလည်း များများ လှူလိုခဲ့လျှင် မိမိ၏ ဝမ်းပိုက်, ပါစကတေဇောဓာတ်တို့၏ ခံယူနိုင်ခြင်း, ကျေကျက်စေနိုင်ခြင်း စွမ်းအင် သတ္တိကို ဆင်ခြင်၍ မျှတလောက်ရုံကိုသာ အလှူခံရသည်၊ ဤသို့ ပြုကျင့်လျှင် အလိုနည်းခြင်း ‘အပ္ပိစ္စတာ’အကျင့်ကို ကျင့်ရာ ရောက်ခြင်း, ဒါယကာတို့၏စိတ်ကို နှစ်သက် စေနိုင်ခြင်း, မရသေးသော လာဘ်ကို ရရှနိုင်ခြင်း, ရရှိပြီးသောလာဘ်ကို တည်တံ့ခိုင်မြဲ စေခြင်း, မကြည်ညိုသေးသော သူတို့ ကြည်ညိုလာခြင်း, ကြည်ညိုပြီးသူတို့ အတိုင်းထက် အလွန် ကြည်ညိုလာခြင်း, လူအပေါင်း၏ မျက်စိသဖွယ်ဖြစ်ခြင်း, ဘုရားရှင်၏ သာသနာတော်ကို တည်တံ့စေနိုင်ခြင်းဟူသော အကျိုး ထူးတို့ကို ရရှိနိုင်၏ [၇]

များများလှူသော်လည်း နည်းနည်းကိုသာ ခံယူရသည်။ နည်းနည်းလှူခဲ့လျှင် အထူးသဖြင့် နည်းနည်းသော်လည်း ခံယူရသည်၊ သို့မဟုတ် လုံးဝ မခံယူပဲသော်လည်း နေရာ၏။

ဒါယကာ၏လက်၌ တစ်ခုမှ မကျန်အောင် အလှူမခံရ။ ဤသည်တို့မှာလည်း အလှူခံ ပုဂ္ဂိုလ်တို့ လိုက်နာ ကျင့်ဆောင်ရမည့် ကျင့်ဝတ်တို့ပင် ဖြစ်၏ [၈]။ အလှူခံပုဂ္ဂိုလ်နှင့် စပ်၍ အခြား မှတ်သားဖွယ်များကို ဒက္ခိဏေယျ-ကြည့်။

အလှူရှင်အနေနှင့်ကား အတိုင်းအရှည်အားဖြင့် ပေးလှူဖွယ်ရာ မလို [၉]။ မစ္ဆေရကို လွှမ်းမိုးဖိစီး၍ မိမိ ရှိသလောက် လှူဖွယ်ဝတ္ထုကို ပေးလှူရမည်။ ယင်း-သို့ ပေးလှူသဖြင့် အလွန့်အလွန် မွန်မြတ်သော လူ နတ် နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ရရှိခံစားနိုင်၏ [၁၀][၆]

ရဟန်းဒုဿီလကို လှူကောင်းသလား?[ပြင်ဆင်ရန်]

ဤအလှူခံ တကျိပ်လေး၌ ရဟန်းဒုဿီလကို ဟောကြားချက် မရှိသောကြောင့် ရဟန်းဒုဿီလအား မလှူကောင်း၊ ဒုဿီလဒါနအရ သာသနာပအတွက်သာ မြတ်စွာဘုရား ဟောကြားတော်မူသောကြောင့် သာသနာတော်အတွင်း သီလမစင်ကြယ်သော ရဟန်းများအား လှူဒါန်းခြင်းသည် အပြစ်သာဖြစ်သည်ဟူ၍ ပြောဆိုမိတတ်ကြ၏။ သတိပြုဖွယ်ကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်က အောက်ဆုံး အပိုင်းအခြားအားဖြင့် သရဏဂုံတည်သူ ဖြစ်ပေသည်၊ သရဏဂုံတည်သူဖြစ်က သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသောသူ ဖြစ်သည်ဟု အဋ္ဌကထာ၌ ဖွင့်ပြလျက် ရှိသည်။

သာသနာတော်ပ ဒုဿီလပုထုဇန်ကိုပင် လှူဒါန်း၍ အကျိုးများစွာ ရရှိနိုင်ပါလျှင် သာသနာတော်အတွင်း ဒုဿီလပုထုဇန်ပုဂ္ဂိုလ်အား လှူဒါန်း၍ အကျိုးရဘို့ရန်မှာ ယုံမှားဖွယ်ပင် မရှိသင့်ပေ။ မိလိန္ဒပဉှာ ပါဠိတော်၌လည်း လူဒုဿီလထက် ရဟန်း ဒုဿီလက ဘုရား၌ ရိုသေမှု ရှိခြင်း၊ တရား၌ ရိုသေမှုရှိခြင်း၊ သံဃာ၌ ရိုသေမှုရှိခြင်းစသော ဂုဏ်ကျေးဇူး ဆယ်ပါးတို့ဖြင့် သာလွန်ကြောင်းကို အရှင်နာဂသေနမထေရ် ဟောကြားချက် ရှိပေသည်။ ရဟန်းဒုဿီလမှာ ထိုမိလိန္ဒပဉှာ ပါဠိတော်လာအတိုင်း လူဒုသီလထက်သာလွန်ခြင်း သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံသောသူစာရင်း၌ ပါဝင်နေခြင်းကြောင့် ဒုဿီလရဟန်းအား လှူဒါန်းခြင်းသည် အကျိုးမရ အပြစ်သာဖြစ်သည်ဟု မပြောဆိုသင့်ပါပေ။

သာသနာတော်ပအခါ ဒုဿီလများက သာသနာတော်ကို အနှောက်အရှက် မပေးနိုင်ကြ၊ သာသနာတော်တွင်း ဒုဿီလတို့ကမူ သာသနာတော်ကို အနှောက်အရှက် ပေးနိုင်သည် ဖြစ်သောကြောင့် သာသနာတွင်း ဒုဿီလတို့အား မလှူဒါန်းသင့်ဟူ၍ ပြောဆိုတတ်ကြသေး၏။ ဤကဲ့သို့လည်း မပြောဆိုသင့်ပေ။ အကြောင်းကား သံဃိကဒါန (၇)မျိုးဟောရာ အဆုံးသတ်တွင်-

“အာနန္ဒာ... နောက်အခါ၌ ရဟန်းအမည်ခံရုံမျှသာဖြစ်၍ သင်္ကန်း လည်ပင်းရောက်သော သီလမဲ့ ယုတ်မာသော ရဟန်းတို့သည် ဖြစ်ပေါ်ကြကုန်လတ္တံ့၊ ထိုဒုဿီလတို့၌ သံဃာကို ရည်မှန်း၍ လှူဒါန်းကြကုန်လတ္တံ့၊ ထိုအခါ၌သော်လည်း သံဃိကအလှူကို အသင်္ချေယျ အပ္ပမေယျအကျိုး ရ၏ဟု ငါဘုရား ဟောတော်မူ၏”-

ဟူ၍ ဟောကြားတော်မူသည် တချက်။ အလှူ၏ စင်ကြယ်ခြင်း ဒက္ခိဏာ ဝိသုဒ္ဓိလေးပါးတို့တွင် ပဌမအချက်မှာ အလှူခံက ဒုဿီလဖြစ်သော်လည်း ဒါယကာက သီလဝန္တဖြစ်လျှင် ထိုအလှူသည် ဒါယကာကြောင့် စင်ကြယ်၏ဟု ဟောကြားထားသည် တချက်တို့ကြောင့် “သာသနာတော်အတွင်း ဒုဿီလသည် အလှူခံမဟုတ်၊ လှူသော်လည်း အကျိုးမရ”ဟူ၍ မပြောသင့်ပေ။[၁]

စိတ်စေတနာဆိုးဖြင့် လှူမှသာ အပြစ်ရှိ[ပြင်ဆင်ရန်]

ဒုဿီလပုဂ္ဂိုလ်အား သူ၏အကျင့်အကြံကို မိမိက အလိုတူ အားပေးချီးမြှောက်လိုသော စိတ်စေတနာဆိုးဖြင့် လှူမှသာ အပြစ်ရှိသည်။ သူ၏ အကျင့်အကြံကို ပမာဏမပြုပဲ စင်ကြယ်သော စိတ်ဖြင့်သာ အလှူခံ ပုဂ္ဂိုလ် ရောက်ဆိုက်လာလျှင် လှူဒါန်းထိုက်သည်ဟု သဘောထား၍ လှူဒါန်းမူကား အပြစ်မရှိကြောင်း ကောင်းစွာ သတိပြုရာ၏။[၁]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

အလိုက်သိမှု

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်
  2. (သံ၊ဋီ၊၁၊၂၀၁)
  3. (ဝိ၊ဋ္ဌ၊၁၊၁၇၉)
  4. (သံ၊၁၊၉၉၊ ၁၀၀။ သံ၊ဋ္ဌ၊၁၊၁၅၀-၂။ သံ၊ဋီ၊၁၊၁၉၆၇)။
  5. (သံ၊ဋီ၊၁၊၁၉၇)
  6. ၆.၀ ၆.၁ တိပိဋကအဘိဓာန် အတွဲ-၁၀
  7. (မ၊ဋ္ဌ၊၂၊၄၆။ သံ၊ဋ္ဌ၊၃၊၆၈။ အံ၊ဋ္ဌ၊၁၊၃၇၃။ အံ၊ဋ္ဌ၊၂၊၂၈၃။ ဥဒါန၊ဋ္ဌ၊၂၀၇။ ဣတိဝုတ်၊ဋ္ဌ၊၉၄။ သုတ္တနိ၊ဋ္ဌ၊၂၊၇၅။ မဟာနိ၊ဋ္ဌ၊၂၇၆။ အံ၊ဋီ၊၃၊၂၇၆)။
  8. (ဒီ၊ဋ္ဌ၊၃၊၂၄၆)
  9. (အံ၊၁၊၃၆။ အံ၊ဋ္ဌ၊၁၊၃၇၅)
  10. (အံ၊ဋ္ဌ၊၁၊၃၇၅)