မစ္ဆရိယ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
လူသားတို့၏ သန္တာန်တွင် ဖြစ်ပေါ်တတ်သော အကုသိုလ်တရားများစွာအနက် မစ္ဆရိယ (ဝန်တိုခြင်း) သည် မိမိ၏ စည်းစိမ်ဥစ္စာနှင့် ဂုဏ်ဒြပ်တို့ကို သူတစ်ပါးနှင့် မဝေမျှလိုဘဲ လျှို့ဝှက်တွန့်တိုသော သဘောတရားဖြစ်သည်။ ဝန်တိုတတ်သူ၏ စိတ်နေသဘောထားသည် မိမိရရှိထားသော သို့မဟုတ် ရရှိလတ္တံ့သော စည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံရမည်ကို သည်းမခံနိုင်ခြင်း၊ တွန့်တိုခြင်းနှင့် ခါးစပ်သော ခံပြင်းသည့် သဘောရှိခြင်းတို့ပင် ဖြစ်သည်။ [၁]
မစ္ဆရိယ၏ သဘော
[ရင်းမြစ်ကို တည်းဖြတ်ရန်]ဤစည်းစိမ်ဂုဏ်သိန် သတင်းကျော်စောခြင်း စသောအရာစုသည် ငါ့အားသာ ဖြစ်ပါစေ၊ အခြားသူတို့အား မဖြစ်ပါစေနဲ့ဟု ဖြစ်သော စိတ်သည် မစ္ဆရစိတ် (ဝန်တိုစိတ်) မည်၏။ ယင်းဝန်တိုစိတ် ဖြစ်ပေါ်လာကြောင်း သဘောတရားကို မစ္ဆရိယဟု ခေါ်သည်။ စိတ်၏ ဝန်တိုမှုသည် မစ္ဆရိယအတွက် ဖြစ်ရသောကြောင့် မစ္ဆရိယကို ဝန်တိုမှု ဖြစ်ပေါ်ကြောင်း သဘောတရားဟု ဆိုရ၏။ မိမိရရှိပြီး ဥစ္စာစည်းစိမ် ဂုဏ်သိန်အမျိုးမျိုး ရသင့်ရထိုက် ရလတ္တံ့သော ဥစ္စာစည်းစိမ် ဂုဏ်သိန်အမျိုးမျိုးတို့ကို သူတစ်ပါးနှင့် မဆက်ဆံစေလိုခြင်း၊ သူတစ်ပါး၌ စည်းစိမ်ဂုဏ်သိန် မဖြစ်စေလိုခြင်းသည် မစ္ဆရိယပင်ဖြစ်၏။ ယင်းမစ္ဆရိယသည် ရရှိပြီးစည်းစိမ်ကိုစွဲ၍ ဖြစ်တတ်သော မစ္ဆရိယ၊ ရလတ္တံ့စည်းစိမ်ကိုစွဲ၍ ဖြစ်တတ်သော မစ္ဆရိယဟု ၂-မျိုးကွဲပြား၏။
ချဲ့အံ့- မိမိရရှိ ပိုင်ဆိုင်ပြီး စည်းစိမ်ဥစ္စာများ သူတစ်ပါးတို့နှင့် ဆက်ဆံသွားမည်ကိုလည်းကောင်း၊ အကြောင်းတစ်စုံတစ်ခုကြောင့် မိမိပိုင်ဆိုင်ခွင့် ဆုံးရှုံး၍ သူတစ်ပါးလက်သို့ ရောက်ရှိသွားမည်ကိုလည်းကောင်း တွေးတောစိုးရိမ်၍ စိတ်မချမ်းမသာဖြစ်မှုသည် ရရှိပိုင်ဆိုင်ပြီး စည်းစိမ်ကို အစွဲပြု၍ မစ္ဆရိယဖြစ်ခြင်းမည်၏။
ရသင့်ရထိုက် ရလတ္တံ့သော ဥစ္စာစည်းစိမ် ဂုဏ်သိန် အမျိုးမျိုးတို့၌လည်း ဤမည်သော ဌာန၌ ဤမည်သော ဥစ္စာစည်းစိမ် ဂုဏ်သိန်အမျိုးမျိုးကို ရလတ္တံ့၊ ဤမည်သော ကာလ၌ ဤမည်သော ဥစ္စာစည်းစိမ် ဂုဏ်သိန်အမျိုးမျိုးကို ရလတ္တံ့ဟု ကြံစည်ကြားသိရသည်ရှိသော် ထိုရသင့်ရထိုက်သော အရာဟူသမျှကို မိမိချည်းသာ ရရှိလိုမှု၊ အခြားသူများ ရရှိသွားမည်ကို အလိုမရှိမှု၊ အခြားသူများ ရရှိလိမ့်မည်ဟု ကြားသိခဲ့သော် နှလုံးမသာ မျက်နှာမလှ ဖြစ်မှုသည် ရသင့်ရထိုက် ရလတ္တံ့သော ဥစ္စာစည်းစိမ် ဂုဏ်သိန်ကို အစွဲပြု၍ မစ္ဆရိယဖြစ်ခြင်းမည်၏။ [၂]။
မစ္ဆရိယ၏ လက္ခဏာရသ စသည်
[ရင်းမြစ်ကို တည်းဖြတ်ရန်]မစ္ဆရိယသည် ရပြီး ရလတ္တံ့ဖြစ်သော မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း လက္ခဏာရှိ၏။ မိမိ၏စည်းစိမ်ကို မဖုံးလွှမ်းသာ မသိုဝှက်သာ၍ သူတကာနှင့် ဆက်ဆံရပြန်လျှင်လည်း ယင်းသို့ ဆက်ဆံရသည်ကို သည်းမခံနိုင်ခြင်း ကိစ္စရှိ၏။ စွန့်ကြဲပေးကမ်း လှူဒါန်းမှု မိမိစည်းစိမ်ကို သူတကာနှင့် ဆက်ဆံစေမှု၌ တွန့်တိုဆုတ်နစ်သော တရားဟူ၍လည်းကောင်း၊ ခါးစပ်သော အရသာသည် စားသူကို နောက်တွန့်သွားစေသကဲ့သို့ တောင်းရမ်းသူကို မြင်လျှင် စိတ်ရောကိုယ်ပါ တွန့်သွားစေတတ်သော တရားဟူ၍လည်းကောင်း ယောဂီဉာဏ်မှာ ထင်လာတတ်၏ (သင်္ကောစနပစ္စုပဋ္ဌာန, ကဋုကဋုကတာ ပစ္စုပဋ္ဌာန)။ မိမိစည်းစိမ်ကို အစွဲပြု၍ မစ္ဆရိယဖြစ်ပေါ်လာရကား အတ္တသမ္ပတ္တိ=မိမိစည်းစိမ်သည် မစ္ဆရိယ၏ နီးစွာသောအကြောင်းမည်၏ [၃]။ မစ္ဆရိယသည် ဓမ္မဓာတ်အားဖြင့် လောဘဓမ္မဓာတ် ဒေါသဓမ္မဓာတ်ကို အရင်းခံ၍ ဖြစ်ပေါ်တတ်၏။ ထို့ကြောင့် လောဘ ဒေါသတရား ၂-ပါးကို မစ္ဆရိယ၏ အရင်းခံ (=မူလ) တရားဟု ဆိုရသည်။ မစ္ဆရိယအညစ်အကြေးကို ပယ်ဖျောက်ရာ၌ အရင်းခံမူလတရားဖြစ်သည့် လောဘ ဒေါသကိုပါ ပယ်ဖျောက်ဖို့လို၏ [၄]။
မစ္ဆရိယသည် ကလဟ=ကိုယ်ထိလက်ရောက် ရန်ဖြစ်ခြင်း၊ ဝိဝါဒ=နှုတ်ဖြင့် ငြင်းခုံခြင်း၊ ပရိဒေဝ=ငိုကြွေးခြင်း၊ သောက=စိုးရိမ်ခြင်း၊ မာန=မာန်မူခြင်း၊ အတိမာန=အလွန်မာန်မူခြင်း၊ ပေသုည=ချောပစ်ကုန်းတိုက်ခြင်း၊ ဤကိလေသာ ၇-ပါး၏ အကြောင်းဖြစ်၏။ နိုင်ငံအချင်းချင်း နယ်စပ် အငြင်းပွားမှု၊ နိုင်လိုမင်းထက် ကျူးကျော်စော်ကားမှု၊ နိုင်ငံအချင်းချင်း စစ်ခင်းမှု စသည်၏ အကြောင်းရင်း လက်သည်ကား မစ္ဆရိယပင်တည်း [၅]။
ဒါနနှင့် မစ္ဆရိယတို့၏ ဆန့်ကျင်ဘက်သဘော
[ရင်းမြစ်ကို တည်းဖြတ်ရန်]နှမြောစေးနှဲ ဝန်တိုမှု မစ္ဆရိယသည် ပေးကမ်းစွန့်ကြဲလိုမှု ဒါန၏ ဆန့်ကျင်ဘက်တည်း [၆]။ လှူဒါန်းပေးကမ်းလျှင် မိမိပစ္စည်းကုန်မည်သာဖြစ်၏။ မစ္ဆရိယက မိမိပစ္စည်းကုန်ခန်းမည်ကို မကြိုက်နိုင်။ ထို့ကြောင့် မစ္ဆရိယသည် ပေးကမ်းစွန့်ကြဲလိုမှု ဒါန၏ ဆန့်ကျင်ဘက် ဖြစ်ရသည်။ မစ္ဆရိယကို လွှမ်းမိုးပယ်ဖျောက်နိုင်မှ ဒါနအထမြောက်သည်။ ဤအချက်ကို ထင်ရှားစေရန် ဧကသာဋကပုဏ္ဏားကြီးဝတ္ထုကို အနည်းငယ် ထုတ်ပြလို၏။ ပုဏ္ဏားကြီးတို့ ဇနီးမောင်နှံသည် နှစ်ယောက်ပေါင်းမှ အပေါ်ရုံတစ်ထည်သာ ပိုင်ဆိုင်ကြ၏။ ခါးဝတ်အထည်ကမူ တစ်ယောက်တစ်ထည်စီ ပိုင်ဆိုင်ကြလေသည်။ ထိုခေတ်က ပုဏ္ဏားများသည် အပေါ်ရုံမပါဘဲ အပြင်ထွက်ရိုးထုံးစံ မရှိကြပေ။ အပြင်သို့ ထွက်လျှင် အပေါ်ရုံပါကြရ၏။ ဧကသာဋကတို့ ဇနီးမောင်နှံသည် အပြင်ထွက်စရာ ကိစ္စရှိလျှင် တစ်လှည့်စီ ထွက်ကြရ၏။ တစ်ညဉ့်တွင် ပုဏ္ဏားကြီးသည် ဝိပဿီဘုရားရှင်၏ တရားပွဲသို့ သွားရောက်နာယူလေသည်။ တရားနာရင်း ဘုရားရှင်အား လှူလိုစိတ် တဖွားဖွား ဖြစ်ပေါ်လာသဖြင့် အပေါ်ရုံအထည်ကို လှူဒါန်းရန် ဟန်ပြင်လိုက်၏။ သည်တွင် မစ္ဆရိယက အပြစ်အမျိုးမျိုးပြ၍ မလှူရန် ဝင်ရောက်နှောင့်ယှက်လေတော့သည်။ ဇနီးမောင်နှံ နှစ်ယောက်ပေါင်းမှ တစ်ထည်တည်းသာရှိသည့် ဤအပေါရုံကို လှူဒါန်းလိုက်လျှင် သင်တို့ အပြင်ပင်ထွက်ရတော့မည်မဟုတ် စသည်ဖြင့် အပြစ်ပြ၍ မလှူရန် တားမြစ်သည်။ ပုဏ္ဏားကြီး၏ စိတ်အစဉ်၌ ဒါနနှင့် မစ္ဆရိယတို့သည် သူနိုင်ငါနိုင် အပြိုင်စစ်ခင်းနေကြတော့၏။ လှူဒါန်းလိုသည့်စိတ်က နိုင်မည်လိုလိုရှိ၍ လှူတော့မည် တန်းတော့မည်ဟု ကြံစည်စိတ်ကူးနေခိုက် မစ္ဆရိယစစ်သည်များက တရကြမ်း ဝင်အတိုက်ခံရသဖြင့် လှူလိုစိတ် ပျက်ကွက်သွားရပြန်လေသည်။ ညဉ့်၏ ပဌမယာမ် မဇ္ဈိမယာမ်၌ မစ္ဆရိယဘက်က အားကောင်းသဖြင့် လှူလိုတန်းလိုစိတ်များသည် လက်မြှောက်အရှုံးပေးလိုက်ကြရလေသည်။ အရှုံးပေး၏ဟု ဆိုသော်လည်း အပြီးသတ် လက်နက်ချခြင်းကားမဟုတ်၊ မိမိဘက် (လှူလိုသည့်ဘက်) က အသာရအောင် အားစုနေခြင်းသာဖြစ်သည်။ ပစ္ဆိမယာမ်၌မူ သဒ္ဓါစသော ဗိုလ်ချုပ်ကြီးတို့၏ စစ်ကူရလာသဖြင့် လှူလိုစိတ်ဘက်က အားကောင်းလာပြန်သည်။ တစ်ဖက်စစ်တပ် အားကောင်းလာလျှင် ဆန့်ကျင်ဘက်ရန်သူ စစ်တပ် ဆုတ်ခွာရသည်မှာ ဓမ္မတာတည်း။ ပုဏ္ဏားကြီးသန္တာန်၌ တဖွားဖွားဖြစ်ပေါ်နေသည့် လှူလိုတန်းလိုစိတ်များသည် မစ္ဆရိယရန်သူကို အနိုင်ချေမှုန်းပစ်လိုက်၏။ သည်တော့မှ တစ်ထည်သာရှိသော အပေါ်ရုံအဝတ်အထည်ကို လွှတ်လွှတ်စွန့်ကြဲ လှူဒါန်းနိုင်တော့သည်။ လှူဒါန်းပြီးသည်နှင့် တစ်ပြိုင်နက် လက်ရုံးတန်း၍ “ဇိတံ မေ = ငါအောင်ပြီ” ဟု ကြုံးဝါးလိုက်လေသည်။ မစ္ဆရိယကား ဤမျှအထိ ပယ်စွန့်နိုင်ခဲ အောင်နိုင်ခဲသော တရားဆိုးပင်ဖြစ်၏ [၇]။
မစ္ဆရိယ၏ အပြစ်များနှင့် သာဓကများ
[ရင်းမြစ်ကို တည်းဖြတ်ရန်]အကြမ်းစား မစ္ဆရိယနှင့် ပြည့်စုံသူသည် ကိုယ်တိုင် မပေးလှူသည့်အပြင် သူတစ်ပါး ပေးလှူသည်ကိုပင် အလှူဒါန အထမမြောက်အောင် တားမြစ်တတ်၏ [၈]။ ဝန်တိုသော ပုဂ္ဂိုလ်၏ စိတ်သည် ထက်ဝန်းကျင် တွန့်၏။ စိတ်တွန့်သောကြောင့် ကိုယ်လည်းတွန့်၏ [၉]။ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့သူမြို့သားများသည် ကြီးစွာသော ပွဲလမ်းသဘင် ဆင်ယင်ကျင်းပ၍ ဘုရားအမှူးရှိသော သံဃာတော်တို့အား ပူဇော်ကြ၏။ ဒကာတစ်ယောက်သည် ထိုပူဇော်မှုကို ဝမ်းမမြောက်သည့်အပြင် “ဦးပြည်းခေါင်းတုံးကို လှူဒါန်းရတာထက် အမှိုက်ပုံထဲ စွန့်ပစ်ရတာကမှ မြတ်လိမ့်ဦးမယ်” ဟု မစ္ဆရိယစိတ်ဖြင့် ပြောဆိုမိ၏။ ထိုကံ၏ အကျိုးဆက်ကြောင့် သေလွန်ပြီးနောက် ပြည့်တန်ဆာမ၏သား ဖြစ်ရရှာပြီးလျှင် သုသာန်၌ စွန့်ပစ်ခံရ၏ [၁၀]။
သိမ်းပိုက်ခြင်းကို အစွဲပြု၍ ဝန်တိုမှု (မစ္ဆရိယ) ဖြစ်၏။ ဝန်တိုမှု (မစ္ဆရိယ) ကို အစွဲပြု၍ မိမိပိုင်ဥစ္စာကို စောင့်ရှောက်ရမှု (အာရက္ခ) ဖြစ်၏။ စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း၊ လက်နက်ဆောင်ရခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ငြင်းခုံခြင်း၊ မခံသာအောင် ပြောဆိုခြင်း၊ ကုန်းတိုက်ခြင်း၊ မဟုတ်မမှန်ပြောခြင်း ဟူသော ယုတ်မာသော အကုသိုလ်တရားများ ဖြစ်ပေါ်လာတတ်သည် [၁၁]။ မစ္ဆရိယသည် စိတ်ညစ်ညူးကြောင်းတရား [၁၂]။ ဖုံးကွယ်နေသော ရန်သူ [၁၃]။ မာရ်နတ်၏ စစ်သည်ဖြစ်၏ [၁၄]။ မစ္ဆရိယသည် စိတ်ကို အားနည်းအောင် ပြုလုပ်တတ်၏။ မစ္ဆရိယဖြင့် အားနည်းအောင် ပြုလုပ်ခံရသောစိတ်သည် အာသဝေါတရား ကုန်ခန်းခြင်းငှာ ကောင်းစွာ မတည်ကြည်နိုင် [၁၅]။
မဟာသမုဒ္ဒရာသည် သူကောင်ပုပ်နှင့် အတူမနေသကဲ့သို့ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် ဣဿာ မစ္ဆရိယ စသော ဒုစရိုက်အညစ်အကြေးတို့နှင့် အတူမနေရာ [၁၆]။ ဝန်တိုမှု မစ္ဆရိယကြောင့် ပရိသတ်အလယ်တွင် မထင်မရှား ဖြစ်ရတတ်၏။ မစ္ဆရိယသည် ဒါနစသော ဂုဏ်တို့ဖြင့် ထင်ရှားခြင်းငှာ မပေး [၁၇]။ ငြင်းခုံမှုအရေးအခင်း (=ဝိဝါဒါဓိကရုဏ်း) ၏ အကြောင်းရင်း ၁၂-ပါး အနက် ဣဿာ မစ္ဆရိယ စုံတွဲကိုလည်း အကြောင်းရင်းတစ်ပါးအဖြစ် ဟောတော်မူသည် [၁၈]။ မစ္ဆရိယကံကြောင့် သေပြီးနောက် အပါယ်ဒုဂ္ဂတိသို့ ရောက်တတ်သည့်အပြင် လူဖြစ်ပြန်လျှင်လည်း စည်းစိမ်နည်းပါးသော အမျိုး၌ ဖြစ်တတ်၏ [၁၉]။ မစ္ဆရိယသည် လူနတ်ချမ်းသာ၏ ရန်သူဖြစ်၏။ ယင်းမစ္ဆရိယရန်သူကို ဝေဿန္တရာဘုရားလောင်းသည် သားမယားကို လှူဒါန်းခြင်းဖြင့် အောင်မြင်ခဲ့၏ [၂၀]။
မိမိရရှိပြီး ရူပါရုံကို အခြားသူအား ဝန်တိုလျှင် မစ္ဆရိယသံယောဇဉ်ဖြစ်၏ [၂၁]။ အလုံးစုံသော စည်းစိမ်ချမ်းသာတို့၏ မူလဘူတဖြစ်သော ဒါနကို တားမြစ်တတ်သောကြောင့် မစ္ဆရိယသည် စက်ဆုပ်ဖွယ်အကောင်းဆုံး တရားဖြစ်၏။ မစ္ဆရိယထက် စက်ဆုပ်ဖွယ်ကောင်းသော တရားမည်သည် မရှိ [၂၂]။ ဝန်တိုသူ (မစ္ဆရီပုဂ္ဂိုလ်) သည် အကြင်ဘေးမှ ကြောက်သောကြောင့် မပေးလှူ၊ မပေးလှူသောကြောင့်ပင် မိမိကြောက်သောဘေးနှင့် ရင်ဆိုင်ရတတ်၏ [၂၃]။ သူတစ်ပါး အလှူပေးရာ ကုသိုလ်ပြုရာ၌ မျက်နှာရွှင်ရွှင်ပျပျဖြင့် ကူညီ၍ ဝေယျာဝစ္စ ပြုသင့်၏။ ယင်းသို့မပြုဘဲ မစ္ဆရိယဖြင့် မျက်နှာရှုံ့မဲ့လျက် အလှူလာစားသောသူများကို အပြစ်ပြောကဲ့ရဲ့လျှင် နောက်ဘဝ၌ မျက်နှာရှုံ့မဲ့ အချိုးမကျ ဖြစ်ရတတ်သည် [၂၄]။
မစ္ဆရိယကို ပယ်ဖျောက်ပုံနှင့် ကိုယ်ချင်းစာတရား
[ရင်းမြစ်ကို တည်းဖြတ်ရန်]ထို့ကြောင့် “အခြားသူတို့သည် ဝန်တိုသူတို့ ဖြစ်ကြကုန်သော်လည်း ငါတို့မူကား ဤအရာ၌ ဝန်မတိုသူတို့ ဖြစ်ကြကုန်အံ့” ဟု ခေါင်းပါးသောအကျင့်ကို ကျင့်သင့်၏ [၂၅]။ ဆူးငြောင့်ခလုတ် စသည်ရှိသော မညီညာမပြန့်ပြူးသောလမ်း၊ ဆူးငြောင့်ခလုတ် စသည်ကင်းသော ညီညာပြန့်ပြူးသောလမ်းဟု ၂-မျိုးရှိလျှင် ညီညာပြန့်ပြူးသောလမ်းသည် မညီညာမပြန့်ပြူးသောလမ်းကို ရှောင်လွှဲရန်ဖြစ်၏။ ဝန်တိုမှု မစ္ဆရိယသည် မညီညာမပြန့်ပြူးသောလမ်းနှင့် တူ၏။ ဝန်တိုမှု မစ္ဆရိယမှ ကင်းခြင်းသည် ညီညာပြန့်ပြူးသောလမ်းနှင့် တူ၏။ ထို့ကြောင့် ဘုရားရှင်က မူလပဏ္ဏာသသလ္လေခသုတ် [၂၆] ၌ “ဝန်တိုတတ်သူအား ဝန်မတိုခြင်းသည် ရှောင်လွှဲရန်လမ်းဖြစ်၏” ဟု ဟောတော်မူသည်။ ဝန်တိုတတ်သူကို ငါက မချစ်မနှစ်သက်နိုင်သည်ဖြစ်အံ့၊ ငါကိုယ်တိုင် ဝန်တိုသူဖြစ်နေခဲ့သော် ငါ့ကိုလည်း အခြားသူများက ချစ်နှစ်သက်မည်မဟုတ်ဟု ကိုယ်ချင်းစာတရားဖြင့် နှိုင်းစာရမည် [၂၇]။
သူတော်ကောင်းအမှတ်လက္ခဏာဖြစ်သည့် ဖန်ရည်ဆိုးအဝတ်ကို ဝတ်ထားရုံမျှဖြင့် ဝန်တိုမှုမစ္ဆရိယ ပျောက်ကင်းချုပ်ငြိမ်းသွားမည်ဆိုလျှင် မိဘဆွေမျိုးတို့က မွေးဖွားလျှင်မွေးဖွားချင်း သားငယ်သမီးငယ်များကို ဖန်ရည်ဆိုးအဝတ် ဝတ်ရုံပေးကြလေလိမ့်မည်။ ဖန်ရည်ဆိုးအဝတ်ကို ဝတ်ထားရုံမျှဖြင့် ဝန်တိုမစ္ဆရိယ ပျောက်ကင်းနိုင်သည်မဟုတ်၊ မစ္ဆရိယ ပျောက်ကင်းမှုသည် ဝတ်ရုံထားသည့် အဝတ်နှင့်မဆိုင်၊ အကျင့်နှင့်သာ သက်ဆိုင်၏ [၂၈]။ ဝန်တိုသူ မိဘများကို စွန့်ကြဲပေးကမ်းမှုစာဂနှင့် ပြည့်စုံအောင် တရားဟောနိုင်လျှင် မိဘကျေးဇူးဆပ်သည်မည်ကြောင်း အင်္ဂုတ္ထိုရ်ပါဠိတော် [၂၉] ၌ ဟောတော်မူသည်။
နံနက်မစ္ဆေ၊ ညနေ ဣဿာ၊ ညဉ့်မှာရာဂ၊ ဤသုံးဝဖြင့် ကာလကုန်လွန်စေသော မိန်းမများသည် သေလျှင်မလွဲ ငရဲရွာ၌ ဖြစ်ရတတ်ကြောင်း သံယုတ်ပါဠိတော် သဠာယတနသံယုတ် တီဟိဓမ္မသုတ် [၃၀] ၌လည်းကောင်း၊ အင်္ဂုတ္ထိုရ်ပါဠိတော် တိကနိပါတ်၊ ပဌမအနုရုဒ္ဓသုတ် [၃၁] ၌လည်းကောင်း ဟောတော်မူသည်။ ဘုရားရှင်လက်ထက်က မိန်းမများကို ဝန်တိုတတ်သောကြောင့် လွှတ်ရုံးသဘင် တက်ခွင့် (လွှတ်တော်အစည်းအဝေးတက်ခွင့်)၊ စီးပွားရေးလုပ်ငန်းများ၌ ဦးဆောင်ခွင့် ပေးခဲ့ဟန်မတူ [၃၂]။
ဝန်တိုမှု မစ္ဆရိယရှိသူသည် စွန့်ကြဲပေးကမ်းမှုနှင့်စပ်သော စကားကို မကြားလိုမနာလို၊ စွန့်ကြဲပေးကမ်းမှုနှင့်စပ်သော စကားသည် ဝန်တိုသူအဖို့ ဒုက္ကထာပင်ဖြစ်၏ [၃၃]။ ဝန်တိုသူပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ် အပေါင်းအသင်းပြုလုပ်ခြင်းသည် ပါပမိတ္တ = ယုတ်မာသော အဆွေခင်ပွန်း အပေါင်းအသင်းရှိသူမည်၏ [၃၄]။ ကောင်းသောစကားကို ပြောဆိုကာမျှ (နှုတ်ချိုကာမျှ)၊ ရုပ်အဆင်းလှကာမျှဖြင့် ဝန်တိုတတ်သူကို ကောင်းသောသဘောရှိသည်ဟု မဆိုနိုင်။ “လူဖြောင့်စိတ်တို၊ လူပျိုစိတ်ကောက်၊ ထိုနှစ်ယောက်တွင် ချိုကောက်ကို ရှောင်ကြဉ်ရာ၏” [၃၅]။ အနုမာနသုတ် [၃၆] ၌ မနာလိုဝန်တိုမှုကို အပြောအဆိုခက်ကြောင်း တရားအဖြစ် ဟောတော်မူသည်။ နှမြောဝန်တိုမှုသည် ပေးလှူသူ၏ ပျက်စီးကြောင်း အညစ်အကြေးမည်၏ [၃၇]။
သားဖြစ်သူက ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းသည်ကို မိခင်ဖြစ်သူသည် ဝန်တိုမှု မစ္ဆရိယစိတ်ဖြင့် “ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေးဖြစ်စေသတည်း” ဟု ဆဲရေးရွတ်ကြိမ်းမောင်းခဲ့ဖူး၏။ ထိုကံ၏ အကျိုးဆက်ကြောင့် ပြိတ္တာမဖြစ်ပြီးလျှင် သောက်ရန်ခပ်ယူလိုက်သော ဂင်္ဂါမြစ်ရေအားလုံးသည် သွေးဖြစ်လေတော့၏ [၃၈]။ သိကြားဖြစ်ခြင်း၏ အကြောင်းအချက် ၇-မျိုးတွင် မစ္ဆရိယကို ပယ်ဖျောက်ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်၏ [၃၉]။ သံယောဇဉ်ကိစ္စတပ်သော မစ္ဆရိယကို သောတာပတ္တိမဂ်က ပယ်၏ [၄၀]။
မစ္ဆရိယ ငါးမျိုး
[ရင်းမြစ်ကို တည်းဖြတ်ရန်]မစ္ဆရိယသည် အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယဟူ၍ ငါးမျိုးရှိ၏ [၄၁]။
၁။ အာဝါသမစ္ဆရိယ (နေရာကျောင်းစသည်၌ ဝန်တိုမှု)- နေရာကျောင်း အာရမ်စသည်တို့၌ သူတစ်ပါးမနေစေလိုမှု, ဝတ်အကျင့်နှင့်ပြည့်စုံသော သီလဝန္တရဟန်းတစ်ပါးတလေမျှ အဆိုပါ နေရာကျောင်းအာရမ် တိုက်ခန်း ညဉ့်သန့်ရာ နေ့သန့်ရာ စသည်တို့သို့ မလာရောက်စေလိုမှု၊ လာရောက်ပြန်လျှင်လည်း လျင်မြန်စွာ ပြန်လည်ထွက်ခွာသွားအောင် ကြံစည်ပြောဆိုလုပ်ကိုင်မှု၊ ဤနေရာ၌ စေတီပိုင် သံဃာပိုင် ပရိက္ခရာပစ္စည်းများ ရှိသည်ဟု ပြောဆိုကာ အာဂန္တုကရဟန်းများကို သံဃိကကျောင်းသို့ပင် မလာမရောက်ရန် တားမြစ်ပိတ်ပင်မှုဟူသမျှသည် အာဝါသမစ္ဆရိယ မည်၏။ ခိုက်ရန်ငြင်းခုံပြုမည့်သူ စသည်တို့ကို ကျောင်းအာရာမ်စသည်၌ မနေလိုမှု၊ မလာရောက်ရန် တားမြစ်ပိတ်ပင်မှုတို့ကား အာဝါသမစ္ဆရိယ မဟုတ်ပေ။ အာဝါသမစ္ဆရိယကြောင့် သေလွန်ပြီးနောက် သံပူစည်ငရဲအိုး၌ ကျရောက်ခံစားရတတ်၏။ ငရဲမှ လွတ်မြောက်ပြန်လျှင်လည်း ကံကြွင်း ကံစကြောင့် ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်းကောင်း၊ စပါးကြီးမြွေသော်လည်းကောင်း ဖြစ်ပြီးလျှင် မိမိဝန်တိုခဲ့သည့် ကျောင်းအာရာမ်ရှိ အမှိုက်သရိုက် စက်ဆုပ်ဖွယ်များကို ဦးခေါင်းဖြင့်ရွက်ကာ ကျင်လည်ကျက်စားသွားလာလျက် ဆင်းရဲဒုက္ခ ခံစားနေရတတ်သည်။
၂။ ကုလမစ္ဆရိယ (အမျိုးဒကာ ဒကာမ၌ ဝန်တိုမှု)- မိမိအလုပ်အကျွေးဒကာ ဒကာမများနှင့် ဆွေမျိုးဉာတိတော်စပ်သူတို့အထံသို့ သဒ္ဓါတရားကို စောင့်ရှောက်နိုင်စွမ်းရှိသည့် ရဟန်းတော်များ ချဉ်းကပ်ဆက်ဆံသည်ကို အလိုမရှိမှုသည် ကုလမစ္ဆရိယ မည်၏။ ဒကာ ဒကာမ ဆွေမျိုးဉာတိ တော်စပ်တို့၏ သဒ္ဓါတရားကို ပျက်စီးအောင် ကျင့်ဆောင်မည့် ပုဂ္ဂိုလ်ယုတ် ပုဂ္ဂိုလ်ဆိုးများကို ဆွေမျိုးဒကာ ဒကာမတို့နှင့် မဆက်ဆံစေလိုမှုကား ကုလမစ္ဆရိယ မဟုတ်ပေ။ မိမိ၏အမျိုးဒကာ ဒကာမတို့က အခြားရဟန်း၊ ဂိုဏ်းသံဃာတို့အား လှူဒါန်းပေးကမ်းမှု၊ ပူဇော်သက္ကာရပြုမှုကို မြင်၍ “ငါ၏ ဒကာ ဒကာမများသည် အပျက်စီးကြီး ပျက်စီးကြလေပြီ” ဟု ကုလမစ္ဆရိယဖြင့် ကြံစည်အောက်မေ့နေသူအား သွေးအန် ဝမ်းလျှော ဖြစ်တတ်သည်။ အူတို့သည်လည်း အပိုင်းပိုင်းပြတ်၍ ထွက်ကျလတ်သည်။ လာဘ်လာဘ နည်းပါးတတ်သည်။
၃။ လာဘမစ္ဆရိယ (လာဘ်လာဘ၌ ဝန်တိုမှု)- သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါး လာဘ်လာဘများပင်တည်း။ အဆိုပါ လာဘ်လာဘများကို သီလဝန္တများ ရရှိခဲ့သော် “သီလဝန္တပုဂ္ဂိုလ်များ ပစ္စည်းလာဘ်လာဘ မရပါစေသတည်း” ဟု ကြံစည်မှုသည် လာဘမစ္ဆရိယ မည်၏။ သဒ္ဓါတရားဖြင့် လှူဒါန်းထားသော ပစ္စည်းများကို ပျက်စီးစေသူ၊ ရရှိလာသည့် ပစ္စည်းများကို လုံးဝမသုံးဆောင်ခြင်း၊ မဟုတ်မမှန် သုံးဆောင်ခြင်း စသည်ဖြင့် ဖျက်ဆီးပစ်သူ၊ ခဲဖွယ်ဘောဇဉ်များ ပုပ်သိုးကုန်သော်လည်း အခြားသူများအား မပေးကမ်းမဝေခြမ်းနိုင်သူ ယင်းပုဂ္ဂိုလ်များ ပစ္စည်းလာဘ်လာဘ ပေါများသည်ကို မြင်တွေ့ရ၍ “ဤကဲ့သို့ နှမြောစေးနှဲသူများ ပစ္စည်းလာဘ်လာဘ မရရှိဘဲ သီလဝန္တများ ပစ္စည်းလာဘ်လာဘ ရရှိပေါများပါမူ ပစ္စည်းများ အလဟဿ အချီးနှီး မပျက်စီးရာ၊ အကျိုးရှိရှိ သုံးစွဲရာ၏” ဟု ကြံစည်ခြင်းမျိုးကား လာဘမစ္ဆရိယ မဟုတ်ပေ။ လာဘမစ္ဆရိယဖြင့် သံဃာပိုင်, ဂိုဏ်းပိုင် (သံဃိက၊ ဂဏိက) ပစ္စည်းလာဘ်လာဘများကို နှမြောစေးနှဲ၍ ပုဂ္ဂိုလ်ပိုင်အနေအားဖြင့် သုံးဆောင်သူသည် သေသည်၏ အခြားမဲ့၌ ဘီလူး၊ ပြိတ္တာ၊ စပါးကြီးမြွေ တစ်မျိုးမျိုး ဖြစ်တတ်၏။ မစင်ဘင်ပုပ်ငရဲ၌သော်လည်း ကျတတ်၏။
၄။ ဝဏ္ဏမစ္ဆရိယ (ရုပ်အဆင်းဂုဏ်သတင်း၌ ဝန်တိုမှု)- အခြားသူတို့၏ ရုပ်ရေရူပကာယ လှပတင့်တယ်မှု၊ နာမည်သတင်းကျော်စောမှု၊ သီလ, ဓူတင်, ပဋိပဒါ, အာစာရနှင့် ပြည့်စုံမှုကို မချီးကျူးနိုင်ခြင်းသည် ဝဏ္ဏမစ္ဆရိယ မည်၏။ ဝဏ္ဏမစ္ဆရိယရှိသူသည် မိမိ၏အဆင်းရူပ လှပတင့်တယ်မှုနှင့် နာမည်သတင်းကျော်စောမှုကိုသာ အလေးထား၍ ပြောဆိုချီးကျူးလို၏။ သူတစ်ပါးတို့၏ ဂုဏ်သတင်းကျော်စောမှုကို အလေးမထား မချီးကျူးလိုသည့်အပြင် ကြံကြံဖန်ဖန် အပြစ်ရှာ၍ ကဲ့ရဲ့တတ်သေး၏။ ယင်းဝဏ္ဏမစ္ဆရိယကြောင့် ဖြစ်လေရာဘဝတိုင်း၌ အဆင်းရူပ မလှပမတင့်တယ်သည့်အပြင် နာမည်သတင်း ကျော်စောခြင်းမှ ဆုတ်ယုတ်တတ်လေသည်။ ရှိသမျှ ဂုဏ်သိန် တိမ်မြုပ်ပျောက်ကွယ်နေခြင်း၊ ဂုဏ်ထူးရှိသလောက် မထင်ပေါ်မကျော်ကြားခြင်းသည် ဝဏ္ဏမစ္ဆရိယ အကျိုးဆက်ပေတည်း။
၅။ ဓမ္မမစ္ဆရိယ (တရားဓမ္မ၌ ဝန်တိုမှု)- ဓမ္မသည် ပရိယတ္တိဓမ္မ၊ ပဋိဝေဓဓမ္မဟု နှစ်မျိုးရှိရာ အရိယာပုဂ္ဂိုလ်တို့သည် ပဋိဝေဓဓမ္မ၌ ဝန်တိုမစ္ဆရိယပွားသည်ဟူ၍ မရှိကြ။ မိမိသိရှိပြီး ပဋိဝေဓဓမ္မ (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရား) ကို ဝေနေယျသတ္တဝါအားလုံး သိစေလိုကြ၏။ “ပဋိဝေဓဓမ္မကို ငါတို့သိသလို သိကြပါစေ” ဟု နှလုံးသွင်းရှိကြ၏။ ပုထုဇဉ်ပုဂ္ဂိုလ်များကမူ မိမိတတ်မြောက်ပြီး လျှို့ဝှက်နက်နဲသည့် ပရိယတ္တိဓမ္မ ကျမ်းဂန်များ၊ အာစရိယဝါဒ စကားအစဉ်များကို သူတစ်ပါးတို့ မသိစေလိုကြ၊ မိမိသိပြီး ပရိယတ္တိဓမ္မ၌ ဝန်တိုတတ်ကြ၏။ ယင်းသို့ ဝန်တိုမစ္ဆရိယရှိသောကြောင့် စာပေသင်ကြားပို့ချပေးရာ၌ပင် ဆရာစားချန်၍ ပို့ချပေးတတ်ကြ၏။ ဤကား ဓမ္မမစ္ဆရိယသဘောပင်ဖြစ်သည်။ “ဤသူ ဤပရိယတ္တိဓမ္မကို သင်ယူလျှင် ငါတို့အယူဝါဒကို ဖျက်ဆီးနိုင်လိမ့်မည်” ဟု စိုးရိမ်၍ သင်ကြားမပေးလျှင်လည်း ဓမ္မမစ္ဆရိယပင်ဖြစ်၏။
ပုဂ္ဂိုလ်ကို အကဲခပ်သုံးသပ်ဆင်ခြင်၍ ဓမ္မကို ချီးမြှောက်သောအားဖြင့်လည်းကောင်း၊ ဓမ္မကို သုံးသပ်ဆင်ခြင်၍ ပုဂ္ဂိုလ်ကို ချီးမြှောက်သောအားဖြင့်လည်းကောင်း မိမိသိပြီးတတ်ပြီး ပရိယတ္တိဓမ္မကို သင်ကြားပို့ချ မပေးခြင်းမျိုးကား ဓမ္မမစ္ဆရိယ မဟုတ်ပေ။ ချဲ့အံ့- အချို့ပုဂ္ဂိုလ်သည် လျှပ်ပေါ်လော်လည်၏။ ရံခါရဟန်း၊ ရံခါပုဏ္ဏား၊ ရံခါ တက္ကတွန်း စသည်ဖြင့် အပြောင်းအလဲပြုလုပ်တတ်၏။ ပရိယတ္တိဓမ္မ၌ ကျွမ်းကျင်တတ်မြောက်ပြီးသူသည် “ဤပုဂ္ဂိုလ်ကား အစဉ်အဆက်မှလာသော သိမ်မွေ့နူးညံ့သည့် တရားထူးကို ဖျက်ဆီး၍ ပရိယတ္တိတရားမှန်ကို လှုပ်ခတ်ချောက်ချားအောင် နှောင့်ယှက်လိမ့်မည်” ဟု ထိုပုဂ္ဂိုလ်၏ အပြောင်းအလဲ မြန်ဆန်မှုကို အကဲခတ်မိသဖြင့် မိမိတတ်ပြီး ပရိယတ္တိဓမ္မကို သင်မပေးခြင်းမျိုးကား ဓမ္မမစ္ဆရိယ မဟုတ်ပေ။ ဤကား ပုဂ္ဂိုလ်ကို အကဲခတ်သုံးသပ်ဆင်ခြင်၍ ဓမ္မကို ချီးမြှောက်သောအားဖြင့် ပရိယတ္တိဓမ္မကို သင်ကြားပို့ချ မပေးခြင်းမည်၏။ “ဤတရားကား သိမ်မွေ့နူးညံ့၏၊ ဤပုဂ္ဂိုလ်ကို သင်ပေးလျှင် ရဟန္တာမဟုတ်ဘဲ ရဟန္တာဟု ဝါကြွားပြောဆို၍ ပျက်စီးရှာပေလိမ့်မည်” ဟု အကဲခတ်မိသဖြင့် ပရိယတ္တိဓမ္မ သင်ကြားမပေးခြင်းမျိုးလည်း ဓမ္မမစ္ဆရိယ မဟုတ်ပေ။ ယင်းသို့ သင်ကြားမပေးခြင်းမျိုးကား ဓမ္မကို သုံးသပ်ဆင်ခြင်၍ ပုဂ္ဂိုလ်ကို ချီးမြှောက်သောအားဖြင့် သင်ကြားမပေးခြင်းမျိုးတည်း။ ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်တတ်သည့်အပြင် လူဖြစ်ပြန်ကလည်း သွားရည်စို၍ တရွဲရွဲနှင့် စကားပီပီသသ မပြောဆိုနိုင်သည့် ဧဠမူဂပုဂ္ဂိုလ်မျိုး ဖြစ်တတ်လေသည်။
အခြားမစ္ဆရိယ အမျိုးအစားများ
[ရင်းမြစ်ကို တည်းဖြတ်ရန်]ခန္ဓမစ္ဆရိယ၊ ဓာတုမစ္ဆရိယ၊ အာယတနမစ္ဆရိယဟု သုံးမျိုးရှိသေး၏။ ထိုတွင် မိမိပိုင်ဆိုင်ရရှိထားသည့် ခန္ဓာငါးပါးဟူသော ဥပပတ္တိဘဝကို သူတစ်ပါးတို့နှင့် မဆက်ဆံစေဘဲ “ဤအံ့ဖွယ်သည် ငါ့အားသာ ဖြစ်ပါစေ၊ အခြားသူတို့အား မဖြစ်ပါစေနဲ့” ဟု ဖြစ်သော မစ္ဆရိယသည် ခန္ဓမစ္ဆရိယမည်၏။ ထို့အတူ စက္ခု, သောတစသောဓာတ်၊ စက္ခုသောတစသော အာယတနများသည် ငါ့အားသာ စုံစုံလင်လင် ဖြစ်ပါစေ၊ အခြားသူများအား စုံစုံလင်လင် မဖြစ်ပါနဲ့ဟု ဖြစ်သော ဝန်တိုမှုသည် ဓာတုမစ္ဆရိယ၊ အာယတနမစ္ဆရိယ မည်၏ [၄၂]။
ဓမ္မသင်္ဂဏီပါဠိတော် [၄၃] ၌ ကိလေသာ ၁၀-ပါး ဟောကြားရာတွင် ဝန်တိုမှု = မစ္ဆရိယ မပါဝင်သော်လည်း မူလပဏ္ဏာသပါဠိတော် [၄၄] ၌ ကိလေသာ ၁၆-မျိုး ဟောကြားရာတွင်လည်းကောင်း၊ မဟာနိဒ္ဒေသပါဠိ၊ စူဠနိဒ္ဒေသပါဠိ [၄၅] တို့၌ ကိလေသာ ၈-မျိုး ၁၇-မျိုး ဟောကြားရာတွင်လည်းကောင်း ဝန်တိုမှု = မစ္ဆရိယကိုလည်း ကိလေသာတစ်ပါးအဖြစ် ထည့်သွင်းဟောကြားထားသည်။ (ကိလေသ-ကြည့်။)
ဣဿာနှင့် မစ္ဆရိယအထူး
[ရင်းမြစ်ကို တည်းဖြတ်ရန်]ရသင့်ရထိုက်သော ဥစ္စာစည်းစိမ်၌ အကြင်သူ၏ ရမှုကို အလိုမရှိ၊ ထိုသူရ၍နေသည်ကိုသော်လည်းကောင်း၊ ရလတ္တံ့စင်စစ်ဖြစ်သည်ကိုလည်းကောင်း ကြံစည်ကြားသိရလျှင် စိတ်ပင်ပန်း၏။ ထိုသဘောသည် ဣဿာမည်၏။ အကြင်အကြင် ဥစ္စာစည်းစိမ်ကို မိမိအလိုရှိ၏၊ ထိုဥစ္စာစည်းစိမ်စုကို မိမိရမှ ရပါမည်လားဟု မိမိမရမည်အတွက် ကြံစည်၍ စိတ်ပင်ပန်း၏။ ထိုသဘောသည် မစ္ဆရိယမည်၏။ ဣဿာနှင့် မစ္ဆရိယသည် တစ်ပေါင်းတည်း ဖြစ်လေ့မရှိကြ [၄၆]။
ဆက်စပ်ဖတ်ရှုရန်
[ရင်းမြစ်ကို တည်းဖြတ်ရန်]ကိုးကား
[ရင်းမြစ်ကို တည်းဖြတ်ရန်]- ↑ မစ္ဆရိယ (န) [မစ္ဆရ + ဣယ။ မစ္ဆရမေဝ မစ္ဆရိယံ။ သကတ္ထေ ဣယော။ ဓာန်၊ဋီ၊၁၆၀။ မာ + အစ္ဆရိယ။ မာ အစ္ဆရိယန္တိ ပဝတ္တံ မစ္ဆရိယံ။ မဏိမဉ္ဇူ၊၁၊၃၃၀။ မစ္ဆရ + ဏိယ။ မစ္ဆရဿ ဘာဝေါ မစ္ဆရိယံ။ ပရမတ္ထဒီပနီ၊၁၀၀။ အံ၊ဋီ၊၃၊၂၉၃။ မစ္ဆေရ + ဣယ။ မစ္ဆေရဘာဝေါ မစ္ဆရိယံ။ မဏိမဉ္ဇူ၊၁၊၃၃၀။ အံ၊ဋီ၊၂၊၆၅။] မိမိအား သာလျှင် အံ့ဩဖွယ်ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု၊ နှမြောစေးနှဲမှု၊ ဝန်တိုမှု၊ မစ္ဆရိယ။ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယံ၊ မစ္ဆရိယံ ပဋိစ္စ အာရက္ခော။ ဒီ၊၂၊၅၀။ ဝိ၊ဋ္ဌ၊၄၊၁၈၁။ (-ပဋိသံ၊၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။) မစ္ဆရိယန္တိ ပရေဟိ သာဓာရဏဘာဝဿ အသဟနတာ၊ တေနေဝဿ ပေါရာဏာ ဧဝံ ဝစနတ္ထံ ဝဒန္တိ “ဣဒံ အစ္ဆရိယံ မယှမေဝ ဟောတု၊ မာ အညေသံ အစ္ဆရိယံ ဟောတူ”တိ ပဝတ္တတ္တာ မစ္ဆရိယန္တိ ဝုစ္စတိ။ ဒီ၊ဋ္ဌ၊၂၊၉၀။ သာရတ္ထ၊၃၊၄၈၀။ (-ပဋိသံ၊ဋ္ဌ၊၁၊၂၉၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၅၂။)
- ↑ (ပရမတ္ထဒီပနီ၊ ၁၀၀။ ပရမတ္ထသံခိပ်၊ဋီ၊၁၊၁၃၆-၇)
- ↑ (အဘိ၊ဋ္ဌ၊၁၊၂၉၉။ မဟာနိ၊ဋ္ဌ၊၅၃။ ဝိသုဒ္ဓိ၊၂၊၁၀၀)
- ↑ (ပေတ၊၁၄၄။ ပေတ၊ဋ္ဌ၊၈၃)
- ↑ (မဟာနိ၊၁၉၉။ မဟာနိ၊ဋ္ဌ၊၃၀၈-၉)
- ↑ (ဝိဘာဝိနီ၊၇၇။)
- ↑ (သံ၊ဋ္ဌ၊၂၊၁၆၉-၇၀။ အံ၊ဋ္ဌ၊၁၊၁၃၀)
- ↑ (သံ၊၁၊၉၆။)
- ↑ (အဘိ၊ဋ္ဌ၊၁၊၄၀၇)
- ↑ (ပေတ၊ဋ္ဌ၊၁၇၉)
- ↑ (ဒီ၊၂၊၅၀။ ဒီ၊ဋ္ဌ၊၂၊၉၀)
- ↑ (မ၊၁၊၄၄။ မ၊ဋ္ဌ၊၁၊၁၇၄)
- ↑ (မဟာနိ၊၁၀။ စူဠနိ၊၂၅၀)
- ↑ (စူဠနိ၊၁၄။)
- ↑ (မိလိန္ဒ၊၂၇၉)
- ↑ (မိလိန္ဒ၊၃၆၃)
- ↑ (စူဠနိ၊၂၅-၇။ စူဠနိ၊ဋ္ဌ၊၂)
- ↑ (ဝိ၊၅၊၁၈၃။ ဝိမတိ၊၂၊၂၇၉)
- ↑ (မ၊၄၊၂၄၆။ မ၊ဋ္ဌ၊၄၊၁၈၀)
- ↑ (ဇာ၊၂၊၃၆၄။ စရိယာ၊ဋ္ဌ၊၉၉။ ဇာ၊ဋ္ဌ၊၇၊၃၅၇)
- ↑ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂)
- ↑ (သံ၊ဋီ၊၁၊၁၂၆)
- ↑ (သံ၊၁၊၁၈)
- ↑ (ပေ၊ဋ္ဌ၊၁၁၇)
- ↑ (မ၊၁၊၅၂)
- ↑ (မ၊၁၊၅၄)
- ↑ (မ၊၁၊၁၃၉)
- ↑ (မ၊၁၊၃၅၀-၁)
- ↑ (အံ၊၁၊၆၃)
- ↑ (သံ၊၂၊၄၃၇)
- ↑ (အံ၊၁၊၂၈၅)
- ↑ (အံ၊၁၊၃၉၄-၅)
- ↑ (အံ၊၂၊၁၅၉)
- ↑ (အဘိ၊ပု၊၁၂၃)
- ↑ (ဓမ္မ၊၅၁။ သုတ္တနိ၊၂၉၉။ ဓမ္မ၊ဋ္ဌ၊၂၊၂၄၆)
- ↑ (မ၊၁၊၁၃၂-၄)
- ↑ (ဓမ္မ၊၄၈)
- ↑ (ပေတ၊၁၆၁-၂)
- ↑ (သံ၊၁၊၂၃၀။ ဓမ္မ၊ဋ္ဌ၊၁၊၁၆၉)
- ↑ (အဘိ၊ဋ္ဌ၊၁၊၄၀၈)
- ↑ (အံ၊၃၊၂၅၁။ အဘိ၊ပု၊၁၂၂)
- ↑ (မဟာနိ၊၂၈။ မဟာနိ၊ဋ္ဌ၊၉၇)
- ↑ (အဘိ၊ဓ၊၂၄၃)
- ↑ (မ၊၁၊၁၉၊ ၄၃-၄)
- ↑ (မဟာနိ၊၁၀၊ ၁၉၈။ စူဠနိ၊၅၉)
- ↑ (ပရမတ္ထဒီပနီ၊ ၁၁၀။ ပရမတ္ထသံခိပ်၊ဋီ၊၁၃၇)