မာတိကာသို့ ခုန်သွားရန်

ပစ္စေကဗုဒ္ဓါ

ဝီကီပီးဒီးယား မှ

ပစ္စေကဗုဒ္ဓ [] အသီးအခြား-ကိုယ်တိုင်သာ-(ဆရာမရှိဘဲ) သစ္စာ ၄-ပါးကို သိမြင်သော ဘုရား၊ သီးခြား ဘုရား၊ ဘုရားငယ်၊ ပစ္စေကဗုဒ္ဓါ။

လောကရှိ ဗုဒ္ဓဘွဲ့ထူးခံ ပုဂ္ဂိုလ်လေးမျိုး

[ပြင်ဆင်ရန်]

လောက၌ “ဗုဒ္ဓ”ဘွဲ့ထူးခံပုဂ္ဂိုလ် ၄-မျိုး ရှိသည်၊ ယင်းတို့ကား သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ စတုသစ္စဗုဒ္ဓ၊ သုတဗုဒ္ဓတို့ ဖြစ်သည်။ ထိုတွင် အောက်ထစ်ဆုံးအားဖြင့် ၄-သင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလပတ်လုံး ပါရမီဆယ်ပါးအပြား ၃၀-တို့ကို မငြိုငြင် မပင်ပန်း ဖြည့်ဆည်းပြီးလျှင် အကြွင်းမရှိသော သိဖွယ် “ဉေယျ”ဝတ္ထုတို့ကို ဆရာမရှိ မိမိဖာသာ သိမြင်နိုင်သော “သဗ္ဗညုတဉာဏ်”ရှင် ပုဂ္ဂိုလ်မြတ်တို့ကို “သဗ္ဗညုဗုဒ္ဓ = သမ္မာသမ္ဗုဒ္ဓ”ဟု ခေါ်သည်။ အောက်ထစ်ဆုံး ၂-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဒါန၊ သီလစသော ပါရမီတို့ကို ဖြည့်ကျင့်ပြီးလျှင် သစ္စာ ၄-ပါး “ဉေယျ” တရားတို့ကို ဆရာ မရှိ မိမိဖာသာ သိမြင်နိုင်သော “ပစ္စေကဗောဓိဉာဏ်”ရှင် ပုဂ္ဂိုလ်မြတ်တို့ကို “ပစ္စေကဗုဒ္ဓ”ဟု ခေါ်သည်။ သဗ္ဗညုဘုရားရှင်တို့ထံမှ နည်းဥပဒေသရရှိ၍ တဆင့်ခံ အနေအားဖြင့် သစ္စာ ၄-ပါး သိမြင်သော “သာဝကဗောဓိဉာဏ်”ရှင် အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက ရဟန္တာအရှင်မြတ်တို့ကို “စတုသစ္စဗုဒ္ဓ”ဟု ခေါ်၍ အကြားအမြင် “ဗဟုဿုတ”ဖြင့် သိသင့်သိထိုက်သော သဘောတရားတို့ကို ပိုင်းခြား သိမြင်သူ ပညာရှင်အပေါင်းကို “သုတဗုဒ္ဓ”ဟု ခေါ်သည် []

ထိုဗုဒ္ဓ ၄-မျိုးတွင် သဗ္ဗညုဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ၂-မျိုးကိုသာ မြန်မာဘာသာအားဖြင့် “ဘုရား”ဟု ခေါ်၍ ကျန်ဗုဒ္ဓ ၂-မျိုးကိုမူ “ဘုရား”ဟု မခေါ်ဆိုကြချေ။ ထို့ပြင် သဗ္ဗညုဗုဒ္ဓကို “ဘုရားကြီး”၊ ပစ္စေကဗုဒ္ဓကို “ဘုရားငယ်”ဟု ခွဲခြားပြု၍ ခေါ်ဆိုကြသေးသည်။ သဗ္ဗညုဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် ပါရမီဖြည့်ကျင့်ရာ အချိန်ကာလအားဖြင့် ထက်ဝက်မျှသာ ကွာခြားကြသော်လည်း ဂုဏ်အရည်အချင်းအားဖြင့်မူ ထက်ဝက်မက အဆများစွာ ကွာခြားသည်ဟု ဆိုရပေမည်။

ပစ္စေကဗုဒ္ဓါတို့၏ ထူးခြားချက်များနှင့် စွမ်းရည်များ

[ပြင်ဆင်ရန်]

သဗ္ဗညုဘုရားရှင်တို့သည် သစ္စာ ၄-ပါးကို မိမိတို့ကိုယ်တိုင် သိမြင်တော်မူကြပြီးလျှင် သူတစ်ပါးကိုလည်း သိမြင်အောင် ဟောကြားတော်မူနိုင်ကြသည်။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်တို့ကား သစ္စာ ၄-ပါးကို မိမိတို့ကိုယ်တိုင်သာ သိမြင်တော်မူနိုင်ကြ၍ သူတစ်ပါးတို့အား သိမြင်အောင်ကား မဟောပြနိုင်ကြပေ။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် အနက်သဘာဝ “အတ္ထရသ”ကိုသာ ထိုးထွင်းသိမြင်၍ ပါဠိသဘာဝ “ဓမ္မရသ”ကို ထိုးထွင်းမသိသောကြောင့် လောကုတ္တရာတရားကို ဝေါဟာရပညတ်သို့ တင်ကာ မဟောပြနိုင်ခြင်း ဖြစ်သည်။ ဥပမာဆိုသော် စကားမပြောတတ်သူ လူအသည် အိပ်မက်၌ တွေ့မြင်ရသော အကြောင်းအရာတို့ကို ပြန်လည် မပြောနိုင်သကဲ့သို့၎င်း၊ တော၌ ကျက်စားလေ့ရှိသော တောမုဆိုးသည် မြို့ကြီးပြကြီး၌ စားသောက်ခဲ့ရသော စားဖွယ် ဟင်းလျာတို့၏ အရသာကို မပြောပြတတ်သကဲ့သို့၎င်း ဖြစ်သည်။ သို့ရာတွင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် တန်ခိုးအရပ်ရပ်, သမာပတ် ၈-ပါး, ပဋိသမ္ဘိဒါ ၄-ပါး စသော ဂုဏ်တို့နှင့်ကား ကုံလုံပြည့်စုံတော်မူကြသည်သာ ဖြစ်သည်။ ဖော်ပြပါ ဂုဏ်အရည်အချင်းအားဖြင့် သဗ္ဗညုဘုရားတို့အောက် နိမ့်ကျတော်မူကြသော်လည်း အဂ္ဂသာဝက, မဟာသာဝကတို့ထက်မူ များစွာ သာလွန်တော်မူကြလေသည် []

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် စွမ်းရည်နှိုင်းယှဉ်ချက်

[ပြင်ဆင်ရန်]

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဖြင့် ရှေးဖြစ်ဟောင်းကို ပြန်ပြောင်း အောက်မေ့ရာတွင် မဟာသာဝကတို့သည် မိမိတို့ ပါရမီဖြည့်ခဲ့ရာ ကမ္ဘာတစ်သိန်းအတွင်း၌သာ အောက်မေ့ဆင်ခြင်နိုင်ကြသည်။ အဂ္ဂသာဝကတို့သည် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ဆင်ခြင်တော်မူနိုင်ကြသည်။ ပစ္စေကဗုဒ္ဓါတို့သည် ၂-သင်္ချေနှင့် ကမ္ဘာတသိန်း ဆင်ခြင်တော်မူနိုင်ကြသည်။ သဗ္ဗညုဘုရားရှင်တို့ကား အပိုင်းအခြားမရှိ ဆင်ခြင်တော်မူနိုင်ကြသည်။

ထို့ပြင် မဟာသာဝကတို့သည် ခန္ဓာအစဉ်ကို မှီငြမ်းပြု၍သာ ဆင်ခြင်တော်မူနိုင်ကြသည်။ အဂ္ဂသာဝကနှင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကား ခန္ဓာအစဉ်ကို မှီငြမ်းမပြုရဘဲ စုတိနှင့်ပဋိသန္ဓေကို ကြည့်ရှု၍လည်း ဆင်ခြင်တော်မူနိုင်ကြသည်။ သဗ္ဗညုဘုရားရှင်တို့ကား စုတိပဋိသန္ဓေကိုမျှ ကြည့်ရှုတော်မမူရဘဲ အလိုတော်ရှိသလို ဆင်ခြင်တော်မူနိုင်ကြသည်။ ဥပမာဆိုရသော် မဟာသာဝကတို့၏ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်သည် ဆီမီးရောင်နှင့် အလားတူသည်။ အဂ္ဂသာဝကတို့၏ အဘိညာဉ်သည် သောက်ရှူးကြယ်ရောင်နှင့် တူသည်။ ပစ္စေကဗုဒ္ဓါတို့၏ အဘိညာဉ်သည် လရောင်နှင့် အလားတူသည်။ သဗ္ဗညုဘုရားရှင်တို့၏ အဘိညာဉ်သည်ကား မြူတိမ်ကင်းစင်သော နေမင်း၏ အလင်းရောင်နှင့် တူလေသည် []

ရဟန္တာသခင် သာဝကအရှင်မြတ်တို့၏ ဝိဇ္ဇာ ၃-ပါး၊ ပဋိသမ္ဘိဒါ ၄-ပါး၊ အဘိညာဉ် ၆-ပါး စသည်အားဖြင့် ပြားသော “သာဝကပါရမီဉာဏ်”သည် ပုထုဇဉ်၊ သေက္ခတို့၏ ဉာဏ်ကို ထောက်လျှင် နက်နဲသည်ဟု ဆိုရသော်လည်း ပစ္စေကဗုဒ္ဓါဘုရားငယ်တို့၏ “ပစ္စေကဗောဓိဉာဏ်”ကို ထောက်သော် နက်နဲသည်ဟု မဆိုရတော့ချေ။ သဗ္ဗညုဘုရားရှင်တို့၏ “သဗ္ဗညုတဉာဏ်”တော်ကား ထိုပစ္စေကဗောဓိဉာဏ်ထက်ပင် သာလွန်သဖြင့် အနက်နဲဆုံး ဖြစ်သည် []

ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

[ပြင်ဆင်ရန်]

သဗ္ဗညု ဘုရားအလောင်းတော် တို့သည် အရဟတ္တမဂ်၏အဆုံး အရဟတ္တဖိုလ်သို့ရောက်သည်နှင့်တပြိုင်နက် သဗ္ဗညုတဉာဏ်နှင့် တကွ “ဗုဒ္ဓဉာဏ်” အားလုံးကိုရ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ် ဖြစ်တော်မူကြသကဲ့သို့ ပစ္စေကဗုဒ္ဓါ အလောင်းလျာတို့သည်လည်း အရဟတ္တဖိုလ်သို့ ရောက်သည်နှင့်တပြိုင်နက် ဝိဇ္ဇာ ၃-ပါး, ပဋိသမ္ဘိဒါ ၄-ပါး, အဘိညာဉ် ၆-ပါး စသည် ပြားသော “ပစ္စေကဗောဓိဉာဏ်”ကို ရ၍ ပစ္စေကဗုဒ္ဓါ ဘုရားငယ်တစ်ဆူ ဖြစ်တော်မူကြသည် []

အလုံးစုံသော သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်တို့သည် နောက်ဆုံး ပစ္ဆိမဘဝဝယ် မဇ္ဈိမဒေသ ဗောဓိမဏ္ဍိုင်ရှိ အဝိဇဟိတဋ္ဌာန အပရာဇိတပလ္လင်၌သာ ရဟန်းအသွင်ဖြင့် သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကြသည်။ ပစ္စေကဗုဒ္ဓါအလောင်းတော်တို့ကား ဘုရားဖြစ်ရာဌာန သီးခြား သတ်မှတ်ချက်မရှိ သင့်လျော်ရာဌာန၌ပင် လူ့အသွင်ဖြင့်၎င်း၊ ရဟန်းအသွင်ဖြင့်၎င်း ပစ္စေကဗောဓိဉာဏ်ကို ရကာ ဘုရားငယ်တစ်ဆူ ဖြစ်တော်မူကြသည်။

ပစ္စေကဗုဒ္ဓါ ဖြစ်လာပုံ ဥပမာများ

[ပြင်ဆင်ရန်]

သုတ္တနိပါတ် ပါဠိတော် ခဂ္ဂဝိသာဏသုတ် []၊ အပဒါန် ပါဠိတော် ပစ္စေကဗုဒ္ဓါဒါန် []၊ စူဠနိဒ္ဒေသပါဠိတော် ခဂ္ဂဝိသာဏသုတ္တနိဒ္ဒေသ []တို့၌ လာသော ပစ္စေကဗုဒ္ဓါ ၄၁-ဆူတွင် အမှတ်-၁ ပစ္စေကဗုဒ္ဓါ အလောင်းသည် ကဿပနှင့် ဂေါတမဘုရားရှင်တို့အကြား ဗုဒ္ဓသုညခေတ်၌ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း ဖြစ်လာသည်။ ထိုမင်းသည် ဗာရာဏသီမြို့တော်နှင့်တကွ ဇမ္ဗူဒီပတကျွန်းလုံးရှိ မြို့ပေါင်း ၂-သောင်းကို အုပ်ချုပ်မင်းပြုနေစဉ် ပြည်နီးချင်း မင်းတစ်ပါးသည် တိုင်းစွန်ပြည်ဖျား မြို့ငယ်များကို တိုက်ခိုက်လာသည်။ အမတ်တို့က ပြန်လည်တိုက်ခိုက်ခွင့် ပြုပါရန် တောင်းပန်ကြသော်လည်း ပါဏာတိပါတအမှု မဖြစ်စေလိုသောကြောင့် တိုက်ခိုက်ခွင့်မပေးဘဲထားရာ ရန်သူမင်းသည် ဗာရာဏသီမြို့တော်အနီးသို့ပင် ချဉ်းကပ်လာလေသည်။ ထိုအခါ အမတ်တို့က “အရှင်မင်းကြီး ပါဏာတိပါတအမှု မဖြစ်စေရပါ၊ ကျွန်တော်မျိုးတို့ ရန်သူမင်းကို အသက်ရှင်ဖမ်းကာ ဆက်သပါမည်”ဟု ဥပါယ်အမျိုးမျိုး ပြကာ လျှောက်တင်မှ အခွင့်ရ၍ အိပ်မောကျနေသော ရန်သူမင်းကို အသက်ရှင်ဖမ်းကာ ဆက်သလာကြသည်။

ထိုအခါ ဗြဟ္မဒတ်မင်းသည် “တစ်ဦးတည်းသော ငါ၏စောင့်စည်းမှုကြောင့် ဤသတ္တဝါ အပေါင်း၌ သွေးတစ်စက်မျှ မယိုထွက်ခဲ့ရပေ၊ ဩော် ကောင်းလေစွ၊ အားလုံးသတ္တဝါတွေ ချမ်းသာကြပါစေ၊ ဘေးရန် မရှိကြပါစေနှင့်၊ စိုးရိမ်ကြောင့်ကြ ကင်းကြပါစေ”ဟု မေတ္တာဈာန်ကို ဖြစ်စေ၍ ထိုဈာန်ကို အခြေခံပြုကာ သင်္ခါရတရားတို့ကို သုံးသပ်ပြီးလျှင် ထိုခဏ၌ပင် ပစ္စေကဗောဓိဉာဏ်ကို ရလေသည်။ ပစ္စေကဗုဒ္ဓါ ဖြစ်သစ်စ ဗြဟ္မဒတ်မင်းသည် ဆင်ကျောက်ကုန်းပေါ်၌ပင် မဂ်ဖိုလ်ချမ်းသာကို ခံစားနေစဉ် အမတ်တို့က “အရှင်မင်းကြီး ပြည်တော်ဝင်ရန် အချိန်တန်ပါပြီ၊ အောင်စစ်သည်ဗိုလ်ပါ အပေါင်းအား ချီးမြှောက်မှုကို ပြုသင့်ပါသည်၊ စစ်ရှုံးသူ အပေါင်းအားလည်း ထမင်းရိက္ခာ ပေးသင့်ပါသည်”ဟု လျှောက်တင်ကြရာ “အချင်းတို့-ငါကား ဘုရင်မင်းမြတ် မဟုတ်တော့ပြီ၊ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီ”ဟု မိန့်ဆိုသည်။ အမတ်တို့က “အရှင်မင်းကြီး-ပစ္စေကဗုဒ္ဓါတို့မည်သည်မှာ လက်နှစ်သစ်မျှသော ဆံမုတ်ဆိတ်ဖြင့် ပရိက္ခရာ ၈-ပါး ဆင်မြန်းကာ ရှင်ရဟန်းအသွင်ဖြင့် ဖြစ်ကြပါသည်”ဟု လျှောက်တင်ကြသဖြင့် ဗြဟ္မဒတ်မင်းသည် လက်ျာလက်ဖြင့် ဦးခေါင်းကို သုံးသပ်လိုက်ရာ ထိုခဏ၌ပင် လူ့အသွင် ကွယ်ပျောက်၍ ဝါတော်တစ်ရာ ရပြီးသော ရဟန်းအသွင် ဖြစ်တော်မူသွားလေသည်။ အမတ်တို့၏ လျှောက်ထားမေးမြန်းချက်အရ ပစ္စေကဗုဒ္ဓါ ဖြစ်လာပုံ ကျင့်စဉ်ကို “သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ” စသော ဂါထာဖြင့် ဟောကြားပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ဟိမဝန္တာရှိ ဂန္ဓမာဒနတောင်သို့ ကြွမြန်းတော်မူသည် [၁၀]

လွန်လေပြီးသောအခါ တက္ကသိုလ်ပြည်၌ ဂေါတမဘုရားအလောင်း “သင်္ခ”မည်သော ပုဏ္ဏားအား “သုသီမ”မည်သော သားတစ်ယောက် ရှိသည်။ ထိုသုသီမလုလင်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ဗာရာဏသီပြည်သို့သွား၍ ဖခင်ပုဏ္ဏားကြီး၏ အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားတစ်ဦးထံ အတတ်ပညာ သင်ယူသည်။ ၁၂-နှစ်မျှ သင်ယူကြရသည့် အတတ်ပညာကို ၂-လ ၃-လဖြင့် သင်ယူတတ်မြောက်ပြီးလျှင် ထိုအတတ်ပညာကို ဆင်ခြင်သုံးသပ်ကြည့်ရာ အစနှင့် အလယ်ကိုသာ တွေ့မြင်၍ အဆုံးကို မမြင်နိုင်ဘဲ ရှိသည်။ ထိုအခါ ဆရာပုဏ္ဏားကြီးကို ခွင့်ပန်ပြီးလျှင် ဗာရာဏသီပြည်အနီး ဣသိပတနမိဂဒါဝုန်ဝယ် သီတင်းသုံးနေကြသော ပစ္စေကဗုဒ္ဓါတို့ထံ ချဉ်းကပ်မေးမြန်းသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က ရဟန်းပြုမှသာ အတတ်ပညာ သင်ပေးနိုင်ကြောင်း မိန့်တော်မူကြသဖြင့် ထိုအရှင်မြတ်တို့ထံ ရဟန်းပြုသည်။ သုသီမ ရဟန်းတော်သည် ပစ္စေကဗုဒ္ဓါတို့၏ “ဤသို့ ဝတ်, ဤသို့ ရုံ” စသော အာဘိသမာစာရိက ကျင့်ဝတ်ကို သင်ယူရာ ရင့်ကျက်သော ပါရမီနှင့် ပြည့်စုံသူ ဖြစ်၍ မကြာမီ “ပစ္စေကဗောဓိဉာဏ်”ကို ရတော်မူ၏။ “သုသီမပစ္စေကဗုဒ္ဓါ”ဟု ထင်ရှားလေသည် [၁၁]

ဤသို့ စသည်ဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် လူ့အသွင်ဖြင့်၎င်း၊ ရဟန်းအသွင်ဖြင့်၎င်း သင့်လျော်ရာ ဌာန၌ ပစ္စေကဗောဓိဉာဏ်ကို ရကြသည်။ (ထိုအရှင်မြတ်တို့၏ ဝိပဿနာဉာဏ်စဉ် တက်၍ ပစ္စေကဗောဓိဉာဏ်ရပုံ အစီအစဉ်ကို စူဠနိဒ္ဒေသအဋ္ဌကထာ (နှာ။ ၉၃-၁၀၁)နှင့် ဤအဘိဓာန် အခန်း-၈၊ ဉာဏ-ပုဒ်တို့၌ ကြည့်)။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် သဗ္ဗညုဘုရားရှင်တို့ကဲ့သို့ ပြိုင်ဘက်မပြု တစ်ဆူတည်းသာ ပွင့်တော်မူကြသည် မဟုတ်။ ရံခါ တစ်ဆူတည်း ပွင့်တော်မူကြသော်လည်း ရံခါ ဂုဏ်ရည်တူ ပစ္စေကဗုဒ္ဓါ အဆူများစွာ တစ်ပြိုင်နက် ပွင့်တော်မူကြသည်။ ကဿပနှင့် ဂေါတမဘုရားရှင်တို့အကြား ဗုဒ္ဓသုညခေတ်၌ မဟာပဇာပတိဂေါတမီထေရီ အလောင်းအမှူးရှိသော ကျွန်မ ၅၀၀တို့ ပစ္စေကဗုဒ္ဓါ ငါးဆူ ဖူးတွေ့ဆည်းကပ် ကြရဖူးသည်။ ယင်း မဟာပဇာပတိဂေါတမီ အလောင်းသည် ထိုဘဝမှ စုတေ၍ ဗာရာဏသီပြည်အနီး ယက်ကန်းသည်တို့ ရွာ၌ အကြီးအမှူးဖြစ်သော ယက်ကန်းသည်အိမ်တွင် ဖြစ်ပြီးလျှင် ပဒုမဝတီ၏ သားများ ဖြစ်သော ပစ္စေကဗုဒ္ဓါ ၅၀၀-တို့ကို ဖူးတွေ့ဆည်းကပ် ရပြန်သည် [၁၂]။ ပဒုမဝတီ၏သား ပစ္စေကဗုဒ္ဓါ ၅၀၀တို့ ရာဇဂြိုဟ်မြို့အနီး “ဣသိဂိလိ”တောင်၌ ကြာမြင့်စွာ သီတင်းသုံးတော်မူကြသည် [၁၃]။ သဗ္ဗညုဘုရားရှင်တို့သည် ဝေနေယျသတ္တဝါတို့၏ အလိုဆန္ဒအာသယ အားလျော်စွာ အမျိုးမျိုးသော တရားဓမ္မတို့ကို ဟောပြတော်မူကြသည်။ ဂေါတမဘုရားရှင်သည် အသက်တိုသော ကာလ၌ ပွင့်တော်မူရသဖြင့် တရားအစု “ဓမ္မက္ခန္ဓာ”ပေါင်း ရှစ်သောင်းလေးထောင်မျှ ဟောပြတော်မူခဲ့ရသည်။ ပစ္စေကဗုဒ္ဓါတို့ကား “ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု”အစချီသော အနုမောဒနာ ဆုပေး ၂-ဂါထာမျှကိုသာ ဟောပြတော်မူကြသည် [၁၄]။ ပစ္စေကဗုဒ္ဓါတို့၏ တရားကို ကြားနာရသူတို့သည် လူ၊ နတ်ချမ်းသာ နှစ်ဖြာသော သမ္ပတ္တိကို ရကြသည်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် သာဝကတို့၏ တရားကို ကြားနာရသူတို့သည် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိကို ရကြသည် [၁၅]

ပစ္စေကဗုဒ္ဓါ ဖြစ်ရန် ဗျာဒိတ်ခံယူခြင်း အင်္ဂါ ၅-ပါး

[ပြင်ဆင်ရန်]

“ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့”ဟူသော ပထမ ဗျာဒိတ်ပန်း ဆင်မြန်းခံယူရန် အင်္ဂါ ၅-ပါး ရှိရသည်။ ယင်းတို့ကား-

  • (၁) မနုဿတ္တ = လူသားစင်စစ်ဖြစ်ခြင်း၊
  • (၂) လိင်္ဂသမ္ပတ္တိ = ယောက်ျားစင်စစ်ဖြစ်ခြင်း၊
  • (၃) ဝိဂတာသဝဒဿန = ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့တွင် တစ်ပါးပါးကို ဖူးတွေ့ရခြင်း၊
  • (၄) အဓိကာရ = အသက်စသည်ကို စွန့်၍ ဆုတောင်းခြင်း၊
  • (၅) ဆန္ဒတာ = ပစ္စေကဗုဒ္ဓါဖြစ်ရန် များကြီးသော ဆန္ဒရှိခြင်းတို့ ဖြစ်သည် [၁၆]

ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံညီညွှတ်သဖြင့် ဗျာဒိတ်ပန်း ဆင်မြန်းပြီးနောက် ၂-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ကာလပတ်လုံး ပါရမီ ဖြည့်ကျင့်ပြီးသော ပစ္စေကဗုဒ္ဓါ အလောင်းအလျာတို့သည် နောက်ဆုံး ပစ္ဆိမဘဝဝယ် ခတ္တိယ, ဗြာဟ္မဏ, ဂဟပတိဟူသော အမျိုး ၃-ပါးတွင် တစ်ပါးပါး၌ ဖြစ်တော်မူကြသည်။ အဂ္ဂသာဝကတို့သည် ခတ္တိယ၊ ဗြာဟ္မဏဟူသော အမျိုး ၂-ပါးတွင် တစ်ပါးပါး၌ ဖြစ်ကြ၍ သဗ္ဗညုဘုရားရှင်တို့ကား အထက်တန်းအကျဆုံး အမျိုး၌သာ ဖြစ်တော်မူကြသည် [၁၇]

ပွင့်ထွန်းရာ ကာလနှင့် နေရာဌာန

[ပြင်ဆင်ရန်]

ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ဘုရားရှင်တို့ ပွင့်ထွန်းရာ “အသုညကမ္ဘာ”ဝယ် သဗ္ဗညုဘုရားရှင်တို့ တစ်ဆူနှင့် တစ်ဆူအကြား “ဗုဒ္ဓသုညခေတ်”၌ ပွင့်တော်မူကြသည် [၁၈]။ ခဂ္ဂဝိသာဏသုတ် ပါဠိတော်လာ ပစ္စေကဗုဒ္ဓါ ၄၁-ဆူတွင် “မာတင်္ဂ”မည်သော ပစ္စေကဗုဒ္ဓါသည် ပွင့်တော်မူပြီးသော ပစ္စေကဗုဒ္ဓါတို့တွင် နောက်ဆုံး ပစ္စေကဗုဒ္ဓါ ဖြစ်သည်။ ယင်းပစ္စေကဗုဒ္ဓါသည် ဂေါတမဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူရာ အလောင်းမင်းသားအား ပူဇော်ရန် လာကြသည့် နတ်များ၏ “အချင်းတို့-လောက၌ ဘုရားပွင့်ပြီ”ဟူသော အသံကို ကြားရလျှင် ဟိမဝန္တာရှိ မဟာပဘာရတောင်သို့ ကြွကာ ပရိနိဗ္ဗာန် ပြုတော်မူသည် [၁၉]

သဗ္ဗညုဘုရားရှင်တို့သည် ဖြူစင်သော အကျင့်ရှိသူတို့ ဖြစ်ထွန်းရာ “မဇ္ဈိမဒေသ”၌သာ ပွင့်တော်မူကြသကဲ့သို့ ပစ္စေကဗုဒ္ဓါတို့သည်လည်း မဇ္ဈိမဒေသ၌သာ ပွင့်တော်မူကြသည်။ သဗ္ဗညုဘုရားရှင်တို့သည် ကောသလ, မဂဓ စသော မဇ္ဈိမဒေသရှိ တိုင်းကြီးပြည်ကြီးတို့၌ လှည့်လည်သီတင်းသုံးတော်မူကြ၍ ပစ္စေကဗုဒ္ဓါတို့ကား အများအားဖြင့် ဟိမဝန္တာရှိ ဂန္ဓမာဒနတောင်၌သာ သီတင်းသုံးတော်မူကြသည်။ ထိုဂန္ဓမာဒနတောင်၌ “နန္ဒမူလက”မည်သော တောင်ဝှမ်းသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ သီတင်းသုံးရာ ဌာနဖြစ်သည်။ နန္ဒမူလကတောင်ဝှမ်းတွင် ရွှေဂူ၊ ငွေဂူ၊ ပတ္တမြားဂူဟူသော ဂူကြီး ၃ လုံးရှိပြီး ပတ္တမြားဂူအနီး အစောက် တစ်ယူဇနာ၊ အပြန့် တစ်ယူဇနာရှိသည့် “မဉ္ဇူသက”မည်သော သစ်ပင်ကြီး ရှိသည်။ ထိုသစ်ပင်ကြီးသည် အမျိုးမျိုးသော ရေပန်း၊ ကုန်းပန်းတို့နှင့် ပြည့်စုံပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ကြွရောက်လာသောနေ့၌ အထူးပွင့်လေသည်။ မဉ္ဇူသကသစ်ပင်ကြီး၏ နောက်၌ အမြဲမပြတ် ခင်းထားအပ်သော နေရာရှိ၍ အမျိုးမျိုးသော ရတနာတို့ဖြင့် ပြီးသော တန်ဆောင်းကြီးဝယ် ပစ္စေကဗုဒ္ဓါ အသစ် ပွင့်သောနေ့၌၎င်း၊ ဥပုသ်နေ့၌၎င်း ပစ္စေကဗုဒ္ဓါ အားလုံး စည်းဝေးနေထိုင်တော်မူကြသည် [၂၀]။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ ပရိနိဗ္ဗာန် စံဝင်ရာဌာနကား အများအားဖြင့် ဟိမဝန္တာရှိ မဟာပဘာရတောင် ဖြစ်သည် [၂၁]

ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးနှင့် ကျမ်းကိုးများ

[ပြင်ဆင်ရန်]

ပစ္စေကဗုဒ္ဓါတို့သည် သဗ္ဗညုဘုရားရှင်တို့ကဲ့သို့ သာသနာလည်း မရှိ၊ ယခုအခါ ပစ္စေကဗုဒ္ဓါခေတ်လည်း မဟုတ်သဖြင့် ယင်းတို့၏ ဂုဏ်ကျေးဇူးသည် မထင်ရှားဘဲ ရှိသည်။ ထို့ကြောင့် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ် အရှင်အာနန္ဒာသည် ဆိတ်ကွယ်ရာ၌ စဉ်းစားဆင်ခြင်မိသည့်အတိုင်း ပစ္စေကဗုဒ္ဓါတို့၏ အကြောင်းအရာကို လျှောက်ထား မေးမြန်းကြည့်ရာ ဘုရားရှင်သည် ပစ္စေကဗုဒ္ဓါ ၄၁-ဆူတို့၏ အကြောင်းအရာနှင့်တကွ ယင်းတို့ ဟောကြားအပ်သော ဂါထာပေါင်း ၄၁ ပုဒ်ကို ဟောပြတော်မူသည်။ “ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ”ချည်း အဆုံးသတ်ထားသော ယင်းဂါထာ ၄၁ ပုဒ်သည် သုတ္တနိပါတ်ပါဠိတော် (နှာ။ ၂၈၄-၂၉၀)၊ အပဒါန် ပါဠိတော် (နှာ။ ၉–၁၅)၊ စူဠနိဒ္ဒေသပါဠိတော် (နှာ။ ၂၂၉-၃၀၇)တို့၌ လာသည်။ (အကျယ်ကို ယင်းအဋ္ဌကထာတို့နှင့် သမန္တစက္ခုဒီပနီကျမ်း၊ ပုစ္ဆာ, ဝိဿဇ္ဇနာ အမှတ် ၁၂၀၌ ကြည့်)။ [၂၂]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. (ပု) [ပဋိ+ ဧက+ဗုဒ္ဓ။ ပစ္စေက+ဗုဒ္ဓ။ ပဋိ ဧကာ ဝိသုံ သမ္မာသမ္ဗုဒ္ဓတော ဝိသဒိသာ အညေ အသာဓာရဏဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ။ အပ၊ဋ္ဌ၊၁၊၂၂၆။ ပစ္စေကံ ပရေဟိ အသာဓာရဏဘာဝေန ဝိသုံ သယမ္ဘုဉာဏေန သစ္စာနိ ဗုဒ္ဓဝါတိ ပစ္စေကဗုဒ္ဓေါ၊ သံ၊ဋီ၊၁၊၆၉။ ပစ္စေကံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စေကဗုဒ္ဓေါ၊ အနာစရိယော ဟုတွာ သာမညေဝ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ အတ္ထော။ သီ၊ဋီ၊သစ်၊၂၊၁၉၇။]
  2. (သံ၊ဋ္ဌ၊၁၊၂၄။ အံ၊ဋ္ဌ၊၂၊၈၉၊ ၉၀။ သံ၊ဋီ၊၁၊၆၉၊ ၇၀။ အံ၊ဋီ၊၁၊၁၃၇-၈)
  3. (သုတ္တနိ၊ဋ္ဌ၊၁၊၄၆။ အပ၊ဋ္ဌ၊၁၊၁၅၉)
  4. (ဒီ၊ဋ္ဌ၊၂၊၂၊၃၊ပဋိသံ၊ဋ္ဌ၊၁၊၃၃-၄။ ဝိသုဒ္ဓိ၊၂၊၄၀-၁။ ဝိ၊ဋ္ဌ၊၁၊၁၃၀။ ဒီ၊ဋီ၊၂၊၂၊၃၊ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅-၆)
  5. (ပဋိသံ၊၃၇၄၊၅၊ဒီ၊ဋ္ဌ၊၁၊၉၃။ ဒီ၊ဋီ၊၁၊၁၃၆။ သီ၊ဋီ၊သစ်၊၁၊၃၈၄)
  6. (ပဋိသံ၊၁၇၂။ မဟာနိ၊၃၆၄။ ဝိ၊ဋ္ဌ၊၁၊၉၄၊ ၁၀၇။ သံ၊ဋ္ဌ၊၂၊၁၄၃။ သံ၊ဋ္ဌ၊၃၊၂၄၁။ အံ၊ဋ္ဌ၊၃၊၂၀၄။ ပဋိသံ၊ဋ္ဌ၊၂၊၈၂။ ဝိသုဒ္ဓိ၊၁၊၂၀၃။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၆။ မဟာနိ၊ဋ္ဌ၊၉၁။ ဝဇိရ၊၄၁။ သာရတ္ထ၊၁၊၂၉၅၊ ၃၅၂။ ဝိမတိ၊၁၊၅၇။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၄၉)
  7. (နှာ။ ၂၈၄-၂၉၀)
  8. (အပ၊၁၊၉–၁၅)
  9. (နှာ။ ၂၂၉-၃၀၇)
  10. (သုတ္တနိ၊ဋ္ဌ၊၁၊၅၂-၅၉။ အပ၊ဋ္ဌ၊၁၊၁၆၄-၁၇၀)
  11. (ခုဒ္ဒက၊ဋ္ဌ၊၁၆၆-၇။ သုတ္တနိ၊ဋ္ဌ၊၁၊၂၉၄-၅)
  12. (အံ၊ဋ္ဌ၊၁၊၂၇၂။ ထေရီ၊ဋ္ဌ၊၁၄၄)
  13. (မ၊၃၊၁၁၃-၄-၅။ မ၊ဋ္ဌ၊၄၊၈၉-၉၁)
  14. (အံ၊ဋ္ဌ၊၁၊၁၄၆။ ဓမ္မ၊ဋ္ဌ၊၁၊၁၂၇။ ဓမ္မ၊ဋ္ဌ၊၂၊၅၈၊ ၂၃၆။ အပ၊ဋ္ဌ၊၁၊၁၁၂)
  15. (ခုဒ္ဒက၊ဋ္ဌ၊၁၁၂။ သုတ္တနိ၊ဋ္ဌ၊၂၊၁၇)
  16. (သုတ္တနိ၊ဋ္ဌ၊၁၊၄၅-၆။ ထေရ၊ဋ္ဌ၊၁၊၁၂။ အပ၊ဋ္ဌ၊၁၊၁၅၀)
  17. (သုတ္တနိ၊ဋ္ဌ၊၁၊၄၆။ အပ၊ဋ္ဌ၊၁၊၁၅၇-၉။ မ၊ဋီ၊၃၊၃၂၃)
  18. (ထေရီ၊ဋ္ဌ၊၁၄၄။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၂၇။ အပ၊ဋ္ဌ၊၂၊၂၉၅။ ဒီ၊ဋီ၊၂၊၆)
  19. (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၆-၇။ အပ၊ဋ္ဌ၊၁၊၂၂၂)
  20. (ခုဒ္ဒက၊ဋ္ဌ၊၁၁၁။ သုတ္တနိ၊ဋ္ဌ၊၁၊၅၉။ သုတ္တနိ၊ဋ္ဌ၊၂၊၁၆။ အပ၊ဋ္ဌ၊၁၊၁၇၀-၁။ ဇာ၊ဋ္ဌ၊၁၊၅၀)
  21. (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၇။ အပ၊ဋ္ဌ၊၁၊၂၂၂)
  22. အာစိက္ခိဿာမိ ဘိက္ခဝေ ပစ္စေကဗုဒ္ဓါနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခဝေ ပစ္စေကဗုဒ္ဓါနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခဝေ ပစ္စေကဗုဒ္ဓါနံ နာမာနိ၊ တံ သုဏာထ သာဓုကံ မနသိ ကရာထ၊ ဘာသိဿာမီတိ။ မ၊၃၊၁၁၃။ ဝိသုဒ္ဓိဒေဝါ ဝုစ္စန္တိ တထာဂတသာဝကာ အရဟန္တော ခီဏာသဝါ, ယေ စ ပစ္စေကဗုဒ္ဓါ။ စူဠနိ၊၉၂။ နိဒ္ဒေသေ ပစ္စေကဗုဒ္ဓါတိ တံ တံ အာရမ္မဏံ ပါဋိယေက္ကံ စတုသစ္စံ သယမေဝ ဗုဒ္ဓါ ပဋိ‌ဝေဓပ္ပတ္တာတိ ပစ္စေကဗုဒ္ဓါ။ စူဠနိ၊ဋ္ဌ၊၂၆။ (ဝိ၊၅၊၂၁၄။ အံ၊၁၊၇၆၊ ၅၆၇။ အံ၊၃၊၁၉၇၊ ၂၇၄။ ပဋိသံ၊၂၁၅-၆။ ဥဒါန၊၁၃၆။ အပ၊၁၊၄၊ ၈၊ ၁၅။ အပ၊၂၊၁၁၉။ မဟာနိ၊၄၄။ စူဠနိ၊၂၃၃။ နေတ္တိ၊၁၀၃။ မိလိန္ဒ၊ ၁၁၁-၆။ ဝိ၊ဋ္ဌ၊၁၊၁၁၀။ ဝိ၊ဋ္ဌ၊၃၊၃၆၄။ ဝိ၊ဋ္ဌ၊၄၊၁၅၈။ ဒီ၊ဋ္ဌ၊၂၊၈၂-၅၊ ၁၅၄။ ဒီ၊ဋ္ဌ၊၃၊၃၉။ မ၊ဋ္ဌ၊၁၊၂၂၊ မ၊ဋ္ဌ၊၃၊၂၄၆-၉။ မ၊ဋ္ဌ၊၄၊၅၈။ သံ၊ဋ္ဌ၊၂၊၁၇၁။ အံ၊ဋ္ဌ၊၁၊၁၃၁-၆။ အံ၊ဋ္ဌ၊၂၊၇၊ ၁၄၆။ အံ၊ဋ္ဌ၊၃၊၇၃။ အဘိ၊ဋ္ဌ၊၁၊၃၃၃၊ အဘိ၊ဋ္ဌ၊၂၊၄၈၁။ အဘိ၊ဋ္ဌ၊၃၊ဝ၊ ၅၆။ ပဋိသံ၊ဋ္ဌ၊၁၊၇၊ ၁၉၀။ ပဋိသံ၊ဋ္ဌ၊၂၊၂၀၂။ ဝိသုဒ္ဓိ၊၁၊၂၂၅။ ဝိသုဒ္ဓိ၊၂၊၃၄၂။ ဓမ္မ၊ဋ္ဌ၊၁၊၃၂၂။ ဓမ္မ၊ဋ္ဌ၊၂၊၂၉။ ဥဒါန၊ဋ္ဌ၊၅၃၊ ၂၆၄။ ဣတိဝုတ် ဋ္ဌ။ ၁၄၄။ သုတ္တနိ၊ဋ္ဌ၊၂၊၁၄။ ပေတ၊ဋ္ဌ၊၇၀။ ထေရ၊ဋ္ဌ၊၁၊၈၅။ ထေရ၊ဋ္ဌ၊၂၊၁၀။ ထေရီ၊ဋ္ဌ၊၁၀။ အပ၊ဋ္ဌ၊၁၊၃၂၇။ အပ၊ဋ္ဌ၊၂၊၁၉၆။ စရိယာ၊ဋ္ဌ၊၃၀။ မဟာနိ၊ဋ္ဌ၊၂၇၄။ စူဠနိ၊ဋ္ဌ၊၁၃။ ဇာ၊ဋ္ဌ၊၂၊၅၀။ ဇာ၊ဋ္ဌ၊၃၊၃၆။ ဇာ၊ဋ္ဌ၊၄၊၁၁၆၊ ၃၄၀–၁။ ဇာ၊ဋ္ဌ၊၅၊၂၆၆။)