အလှူရှင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အလှူရှင်ကို ဒါယကာဟုလည်း ခေါ်သည်။ ပေးလှူတတ်သောသူ၊ မိမိတို့၏ စေတနာကို ဖြူစင်သန့်ရှင်းစေတတ်သောသူဖြစ်သည်။ [၁]
သဒ္ဓါတရားဖြင့် ပေးလှူရဲသူ
[ပြင်ဆင်ရန်]သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ် မှသာ ပေးလှူနိုင်သည်။ မပေးလှူနိုင်သူသည် သက်ဝင်ယုံကြည်မှု သဒ္ဓါတရား မဖြစ်ပေါ်သောသူ, သဒ္ဓါတရားမရှိသူသာ ဖြစ်၏။ ပုထုဇဉ်, သေက္ခ, ရဟန္တာ မည်သည့်အလှူခံ ပုဂ္ဂိုလ်တို့အား လှူလှူ၊ ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်၍ ကြည်လင်သောစိတ်ဖြင့်သာ ပေးလှူရမည် [၂]။
“ပေးလှူခြင်းသည် အကျိုးရှိ၏” သက်ဝင်ယုံကြည်မှု သဒ္ဓါမျှဖြင့်သာ ရပ်တည် တင်းတိမ်နေသူသည် ပေးလှူရဲသူ “ဒါနသူရ” မမည်ပေ။ သက်ဝင်ယုံကြည်ယုံမျှမက ပစ္စည်း ဝတ္ထု တစ်ခုခု လက်တွေ့ စွန့်ကြဲနိုင်သူသည်သာ ပေးလှူရဲသူ “ဒါနသူရ”မည်၏ [၃] [၁]
သောတာပန်တို့ သဒ္ဓါတရား
[ပြင်ဆင်ရန်]သောတာပန် အရိယာပုဂ္ဂိုလ်များသည် သက်ဝင်ယုံကြည်မှု သဒ္ဓါတရား အလွန်ထက် သန်ကြ၏။ ယင်း-သို့ ထက်သန်လွန်းသဖြင့် အလှူခံ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို တွေ့မြင်လျှင် မိမိ၌ ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို မလှူပဲ မနေနိုင်ကြပေ၊ လှူဖြစ်အောင် လှူတတ်ကြ၏ [၄]။
ရံဖန်ရံခါ မိမိတို့ကိုယ်တိုင် စားသောက်စရာ မကျန်တော့၍ မစား မသောက်ပဲနေရသည်အထိ ရက်ရက်ရောရော လှူတတ်ကြ၏ [၅]။ ယင်း-သို့ အငတ်ခံသည်အထိ ရက်ရောစွာ လှူတတ်ကြသဖြင့် ဘုရားရှင်က ရဟန်းတော်တို့အား “သဒ္ဓါလွန် ဆွမ်းတော်တော်ရပ်” ဆိုသလို မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်—
(၁) သဒ္ဓါ ထက်သန်၍ အလှူရက်ရောသော အရိယာ ပုဂ္ဂိုလ်တို့၏ လှူဒါန်းသောမုန့်ကို ၂-သပိတ် ၃-သပိတ်သာ ခံယူရမည် [၆],
(၂) အရိယာပုဂ္ဂိုလ်တို့ သဘောအလျောက် ထွက်၍ မလှူဒါန်းခဲ့သော်လည်းကောင်း, ကြိုတင်၍ ပင့်ဖိတ် မထားခဲ့သော်၎င်း ဆွမ်းမရပ်ရ၊ ခဲဖွယ် ဘောဇဉ်ကို အလှူခံ၍ မသုံးဆောင်ရ [၇]ဟု သိက္ခာပုဒ်များကို ပညတ်ထားတော် မူရ၏။ [၁]
စေတနာသုံးတန် ပြည့်စုံရန်
[ပြင်ဆင်ရန်]လောက၌ မိမိ နှစ်သက်သော ပစ္စည်းဝတ္ထုကို သူတစ်ပါးအား ပေးလှူပါမည်”ဟု ဝန်ခံစကား ပြောကြားဖို့ရန် ခဲယဉ်း၏။ ယင်း-ထက် “ပေးလှူပါမည်”ဟု ဝန်ခံထားသည့်အတိုင်း ပစ္စည်းဝတ္ထု အစုစု၌ တပ်မက်မှု “လောဘ”ကို ပယ်ဖြတ်၍ လက်တွေ့ ပေးလှူဖို့ရန် ပို၍ခဲယဉ်း၏၊ ယင်း ထက် ပေးလှူပြီးနောက် နောင်တ တဖန် မပူပန်ရန် ပို၍ပင် ခဲယဉ်းလှ၏။ လှူဖို့မခက် အပရစေတနာ မပျက်ဖို့ခက်သည်။ ထို့ကြောင့် နောင်တ တဖန် ပူပန်မှု အပရစေတနာချို့တဲ့ ပျက်ကွက်မှု မဖြစ်ရအောင် ဆောက်တည်၍ နည်းများမဟူ ပေးလှူရာ၏ [၈]
ပေးလှူပြီးသောအခါ အပရစေတနာ စင်ကြယ်မွန်မြတ်အောင် မပြုနိုင်သော သူတို့သည် လူဖြစ်လာ၍ ချမ်းသာကြွယ်ဝသော အမျိုး၌ ဖြစ်ရစေကာမူ ထူးထွေကောင်းမြတ် သာယာ နှစ်သက်အပ်သော စားဖွယ်, သောက်ဖွယ်, အဝတ်တန်ဆာ, အသုံးအဆောင် ဘဏ္ဍာတို့ကို သုံးဆောင်ခံစားလိုစိတ် မဖြစ်ပေါ်တတ်ခြင်း, သုံးဆောင်ခံစားဖို့ရန် စိတ်မညွှတ်တတ်ခြင်း, သုံးဆောင် ခံစားလို စိတ်ဖြင့် သုံးဆောင်ခံစားအပ်သော စည်းစိမ် ဥစ္စာတို့ ရုတ်တရက် ဆုတ်ယုတ် ပျက်စီးတတ်ခြင်း, ရာထူးမှ အချခံရတတ်ခြင်း-စသော အနိဋ္ဌအကျိုး အမျိုးမျိုးတို့ကို ခံစားရတတ်ကြောင်းကို
- သာဝတ္ထိမြို့သား ပဌမအပုတ္တက သူဌေး[၉], * ဒုတိယ အပုတ္တက(အာဂန္တုက)သူဌေး [၁၀],
- ဗာရာဏသီမင်း၏ မိဖုရား ပဒုမဝတီဝတ္ထု [၁၁]တို့ဖြင့် သာဓကမူ၍ မှတ်ယူ ရာ၏။ စေတနာလည်း ကြည့်။ [၁]
ပေးလှူပြီးနောက် ပူပန်မှု မဖြစ်ရအောင်
[ပြင်ဆင်ရန်]အလှူရှင်တို့အား နောင်တ တဖန် ပြင်းစွာပူပန်မှု ဖြစ်ရခြင်းမည်သည် အလှူခံပုဂ္ဂိုလ်ကြောင့် ဖြစ်ရတတ်၏[၁၂]။
အား သေးသော ပူပန်မှုမှာကား လှူဖွယ်ဝတ္ထုနှင့် အခြွေအရံ အသင်း အပင်းတို့ကြောင့်လည်း ဖြစ်ရတတ်၏ [၁၃]။
ထို့ကြောင့် အလှူပေးသောအခါ နောင်တတဖန် ပူပန်မှု“ဝိပ္ပဋိသာရ”မဖြစ်ရလေအောင် သီလမရှိသော “ဒုဿီလ” အလှူခံ ပုဂ္ဂိုလ်တို့ကို မရည်မှန်း အာရုံမပြုပဲ သီလရှိသော “သီလဝန္တ” အလှူခံ ပုဂ္ဂိုလ်တို့ကိုသာ ရည်မှန်း အာရုံပြု၍ လှူဒါန်းရမည်။ သို့မှသာ စေတနာတိုးပွါး၍ အကျိုးများပေလိမ့်မည် [၁၄]။ ပေးလှူမှု “ဒါန” စင်ကြယ်ခြင်း၏ အကြောင်း အင်္ဂါများကို ဒက္ခိဏာ ဝိသုဒ္ဓိ-ကြည့်။
အဘယ်ပုဂ္ဂိုလ်ကို လှူရမလဲကို သည်မှာကြည့်ပါ။[၁]
အလှူရှင်များ သိစေရန်
[ပြင်ဆင်ရန်]အလှူခံပုဂ္ဂိုလ်နှင့် စပ်၍ သည်နေရာမှာ ကြည့်ပါ။
အလှူရှင်အနေနှင့်ကား အတိုင်းအရှည်အားဖြင့် ပေးလှူဖွယ်ရာ မလို [၁၅]
မစ္ဆေရကို လွှမ်းမိုးဖိစီး၍ မိမိ ရှိသလောက် လှူဖွယ်ဝတ္ထုကို ပေးလှူရမည်။ ယင်း-သို့ ပေးလှူသဖြင့် အလွန့်အလွန် မွန်မြတ်သော လူ နတ် နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ရရှိခံစားနိုင်၏ [၁၆]
အလှူပေးမည့်သူသည် ပညာရှင်တို့နှင့် တိုင်ပင်ဆွေးနွေးပြီးမှ ပေးလှူသင့်၏။ ပညာရှင်တို့နှင့် မတိုင်ပင် မဆွေးနွေးပဲ လှူဒါန်းမှု ပြုလိုက်လျှင် နောင်အခါ၌ “မှားလေစွ”ဟု နောင်တရတတ်၏ [၁၇]။
“အလှူပေးမည်”ဟု ကြံစည်၍ ဖြစ်ပေါ်လာသော စိတ်ကို မပိတ်ပင် မတားမြစ်သင့်၊ စင်စစ် တိုးပွါးအောင်သာ ပြုလုပ်ရမည် [၁၈]။
ကောင်းမှု၏ အကျိုးကိုသိ၍ ကောင်းမှုကို အလိုရှိသောသူသည် ဧကန်မလွဲ ပေးလှူ မြဲဖြစ်သည် [၁၉]။
ပညာရှိ သူတော်ကောင်းတို့သည် ဥစ္စာပစ္စည်း အနည်းငယ်သာ ရှိသော်လည်း ခွဲခြမ်းဝေဖန် လှူဒါန်းကြ၏ [၂၀]
ခရီးသွားသူတို့သည် မိမိတို့ သွားဖော်အချင်းချင်းအား အနည်းငယ်မျှသော ရိက္ခာကိုသော်လည်း ခွဲဝေပေးကြကုန်သကဲ့သို့ ထို့အတူ သံသရာခရီးသွားဖော် အချင်းချင်းအား အနည်းငယ်မျှသော လှူဖွယ် ဝတ္ထုကိုသော်လည်း ခွဲခြမ်းဝေဖန် ပေးလှူ စားသောက်ကြသော သံသရာခရီးသွား အလှူ့ဒါယကာ တို့သည်သေကုန်သော်လည်း သေရာ မရောက်ကုန်, သေသည် မမည်ကုန် [၂၁]
သီလရှိသူနှင့် ကာမရာဂကင်းသူတို့၏ ဒါန စေတနာသည် လူ့စည်းစိမ်, နတ်စည်းစိမ်တို့ကို တောင့်တ၍ ပြုလုပ်လျှင် တောင့်တတိုင်း ပြည့်စုံနိုင်၏ [၂၂]
အလှူရှင်သည် တစ်စုံတစ်ခုသော ဒုစရိုက်ကံကြောင့် တိရစ္ဆာန်ဘဝ၌ ဖြစ်ရသော်လည်း ဖြစ်ရာဘဝမှာ ဒါန၏ အကျိုးကို ခံစားရ၏။ ဒုစရိုက်မှု မပြုသော အလှူရှင်သည် သုဂတိဘဝ၌ ဖြစ်ရ၍ လူ့စည်းစိမ်, နတ်စည်းစိမ်ကို အကြိမ်ကြိမ် ခံစားရ၏ [၂၃]
ဒါန၏အကျိုးကို မဖောက်မပြန် အမှန် အတိုင်း သိမြင်ကြကုန်သော ဘုရားအလောင်းတော်တို့သည် မိမိတို့အသက်ကိုပင် စွန့်လွှတ်လှူဒါန်းကြ၏ (မ၊ဋီ၊၃၊၃၇။ အံ၊ဋီ၊၃၊၂၂၂)။
ဘုရားဆုကို မပန်ယူသော သာမန် လူတို့သည် မိမိကိုယ်ကို သူတစ်ပါးအား ကျွန်ပြုလုပ်ရန် မလှူကောင်း၊ ခြင်္သေ့ ကျား-စသည်တို့အား အာဟာရ အလို့ငှါ မစွန့်ကောင်း။ သဗ္ဗညုတဉာဏ်ကို တောင့်တပန်ဆင်ကြသော ဘုရားအလောင်းတို့သည်သာလျှင် ထိုကဲ့သို့ မိမိကိုယ်ကို သူတစ်ပါးအား ကျွန်အဖြစ်ဖြင့် ပေးလှူခြင်းအမှုကို ပြုလုပ်နိုင်ကြသည်။ ပြုလုပ်၍ အကျိုးသက်ရောက်နိုင်သည် [၂၄]
တိတ္ထိတက္ကတွန်းတို့၏ သာသနာ၌ ပေးလှူသော သူသည် လောက်ငရုံမျှ နှိုင်းဆ၍ ပေးလှူရာ၏။ ပိုပိုလျှံလျှံ ပေးလှူသော်လည်း ကုသိုလ်ပိုမရ၊ ပိုလွန်ထူးကဲသော လူ့ စည်းစိမ်, နတ်စည်းစိမ်, နိဗ္ဗာန်ကို ရှုမည် မဟုတ်။ အကြောင်းကား—ဘုရားကလည်း သဗ္ဗညူမဟုတ်ခြင်း, တရားကလည်း မကောင်းသဖြင့်ဟောအပ်သောတရား ဖြစ်ခြင်း, သံဃာကလည်းကောင်းစွာ မကျင့်ခြင်းတို့ကြောင့် ဖြစ်၏ [၂၅]။ [၁]
အလှူရှင်တို့ ဆင်ခြင်ဖွယ်
[ပြင်ဆင်ရန်]ချမ်းသာ ကြွယ်ဝ လိုတိုင်းရစေရန် ပစ္စည်းဥစ္စာ ဘဏ္ဍာတွေကို အလျှံ ပြောင်ပြောင် မီးတောက် လောင်နေသော အိမ်ထဲမှ ဆွဲထုတ်ယူရသကဲ့သို့ အိုမူ, သေမှု-စသော မီး ၁၁-ပါးတို့ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင် နေသော လောကကြီးထဲမှ စွန့်ကြဲ ပေးကမ်း လှူဒါန်း “ဒါန”ဖြင့် သံသရာရိက္ခာ ကုသိုလ်ခဲကို ဆွဲထုတ်ယူရမည်။ ပေးလှူမှုဖြင့် ဆွဲထုတ် ယူငင်အပ်သော ကုသိုလ်ရိက္ခာသည်သာ စိတ်ချရသော ကုသိုလ်ရိက္ခာဖြစ်၏-ဟု ခေါ်ဆိုရသည် [၂၆]
ပေးလှူမှုဖြင့် အရယူ လိုက်သော ကုသိုလ်သည် ချမ်းသာသော အကျိုးကို ပေးစွမ်းနိုင်၏။ မပေးမလှူမိသော ပစ္စည်းဥစ္စာသည် ရန်သူမျိုး ၅-ပါးတို့ နှိပ်စက် ဖျက်ဆီး၍ ပျက်စီး ဆုံးပါးတတ်၏။ ကျန် ပစ္စည်းစုကိုလည်း သေလျှင် မုချ စွန့်ပစ်၍ သွားရမည်ကို ပညာဉာဏ်ဖြင့် ဆင်ခြင်၍ မသေခင် ကြိုတင် ပေးလှူရာ၏။ သို့မှသာ ဝေဿန္တရာမင်း-စသည်တို့ကဲ့သို့ နတ်ရွာသုဂတိသို့ လားရောက်ကြရမည် [၂၇]။
လယ်, ယာ, ရွှေငွေစသော ကိုယ်ပိုင် ပစ္စည်းတို့၌ တပ်မက် ခင်တွယ်သော စိတ်ရှိသူတို့သည် “ယင်းပစ္စည်းတို့မှာ ဝတ္ထုကာမဖြစ်သဖြင့် များစွာ လိုလား တောင့်တအပ်သော ပစ္စည်းများ ဖြစ်ခြင်း, မင်း, ခိုးသူ-စသော ရန် သူတို့နှင့် ဆက်ဆံခြင်း, ငြင်းခုံခြင်း၏ အကြောင်းဖြစ်ခြင်း, ခိုက်ရန်ပြုနိုင်ခြင်း, အနှစ်မဲ့ခြင်း ရရှိ-စောင့်ရှောက်ရေးတို့၌ သူတပါးကို ညှဉ်းဆဲမှ ဖြစ်မည်ဆိုလျှင် ညှဉ်းဆဲ ရခြင်း၏ အကြောင်းဖြစ်ခြင်း, ယင်းပစ္စည်းများ ပျက်စီးခဲ့သော် စိုးရိမ် ပူဆွေးရခြင်းစသော ဆင်းရဲအမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ရခြင်း ပစ္စည်း ဝတ္ထု၌ တပ်မက်မှုကြောင့် မစ္ဆေရစိတ်ရှိသူတို့မှာ အပါယ်သို့ လားရောက် နိုင်ခြင်း-စသည်ဖြင့် ကိုယ်ပိုင် ဝတ္ထု ပစ္စည်းစုတို့သည် အကျိုးမဲ့ အမျိုးမျိုးကိုသာ ဆောင်နိုင်ကုန်၏။ ယင်းဝတ္ထုတို့ကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း တစ်ခုတည်းသည်သာ ချမ်းသာကြောင်း အမှန်ဖြစ်ပေသည်”ဟု နှလုံးသွင်း ဆင်ခြင်၍ ပေးလှူမှု၌ မမေ့မလျော့အောင် ပြုလုပ်သင့်၏ [၂၈]
အလှူခံပုဂ္ဂိုလ် တောင်းခံလာသည် ရှိသော် “ဤသူကား မိမိ၏ လျှို့ဝှက်ဖွယ် ကိုယ်ရေးကိုယ်တာ အကြောင်းအရာကို ထုတ်ဖော် ပြောကြားလာသည့်အတွက် ငါ့အား အလွန် ချစ်ကျွမ်းဝင်သူပါတကား” ဟူ၍၎င်း စွန့်ပစ်၍ သွားရမည့် မိမိပစ္စည်းကို တမလွန် လောကနောက်ဘဝသို့ ပါအောင် ယူဆောင်၍ သွားပါလေ-ဟု ငါ့အား နည်းကောင်း လမ်းမှန်ကို ညွှန်ပြတတ်သူပါတကား” ဟူ၍၎င်း “မီးလောင်နေသော အိမ်ကြီးကဲ့သို့ မရဏမီး ညီးညီးပြောင်ပြောင် တောက်လောင်နေသော လောကကြီးထဲမှ ငါ့ပစ္စည်းကို မီးဘေးလွတ်အောင် ထုတ်ဆောင်တတ်သော မိတ်ဆွေစစ်ကြီးပါတကား”ဟူ၍၎င်း “ထုတ်ဆောင်ထားသော ပစ္စည်းဝတ္ထုကို မီး မလောင်ရအောင် သိမ်းဆည်းထားရာ အရပ် သဖွယ် ဖြစ်ပါတကား” ဟူ၍လည်းကောင်း, “ဒါန ကောင်းမှု၌ အဖော်သဟဲဖြစ်သဖြင့် (ကလျာဏမိတ္တ) မိတ်ဆွေကောင်း အစစ်ပါတကား” ဟူ၍၎င်း နှလုံးသွင်း ဆင်ခြင်ကာလှူဒါန်းရာ၏ [၂၉]
ထို့ပြင်... “ဤသူသည် ငါ့ကို မွန်မြတ်သော ပေးလှူမှု၌ ဂုဏ်တင် ချီးမွမ်းပေ၏ ထို့ကြောင့် ထိုချီးမွမ်းချက်ကို မချွတ်ယွင်းအောင် စောင့်ထိန်းထိုက်၏”ဟူ၍လည်းကောင်း, “ငါ၏ အသက်သည် ဧကန် ပျက်စီးခြင်းသဘော ရှိသည့်အတွက် မတောင်းသော်လည်း ပေး လှူသင့်၏။ တောင်းလာခဲ့ပါမူ အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း”ဟူ၍လည်းကောင်း, “မြတ်သော အလို အဇ္ဈာသယရှိသူတို့သည် အလှူခံပုဂ္ဂိုလ်ကို မရရအောင် ရှာကြံ၍ပင် ပေးလှူ ကြရသဖြင့် ငါ၏ကံကြောင့် အလှူခံပုဂ္ဂိုလ် အလို အလျောက် ဆိုက်ရောက်လာပေသည်”ဟူ၍လည်းကောင်း, “အလှူခံပုဂ္ဂိုလ်အား ပေးလှူရန် ညွှန်ပြခြင်းဖြင့် ငါ့အား ချီးမြှောက်ထောက်ပံ့ခြင်းပင် ဖြစ်၏”ဟူ၍လည်းကောင်း, “ငါ့ကို ငါ ချီးမြှောက်သကဲ့သို့ သတ္တဝါအားလုံးကိုလည်း ငါ ချီးမြှောက်သင့်၏” ဟူ၍လည်းကောင်း, “အလှူခံ ပုဂ္ဂိုလ် မရှိခဲ့သော် ငါ၏ ဒါနပါရမီသည် အဘယ်မှာ ပြည့်နိုင်ပါအံ့နည်း” ဟူ၍လည်းကောင်း, “အလှူခံပုဂ္ဂိုလ်တို့ အတွက်သာ ငါသည် ပစ္စည်းအားလုံးကို ရှာဖွေ သိမ်းဆည်းထားခြင်း ဖြစ်၏”ဟူ၍၎င်း “ငါ့ကို မတောင်းပဲ အလှူခံပုဂ္ဂိုလ်တို့ကိုယ့်ဟာကို အလို အလျောက် ဘယ်အခါမှာ လာယူကြပါကုန် မည်နည်း”ဟူ၍လည်းကောင်း, “ဘယ်ပုံဘယ်နည်း ငါသည် အလှူခံပုဂ္ဂိုလ်တို့ ချစ်မြတ်နိုးသူ ဖြစ်ရပါအံ့နည်း”ဟူ၍လည်းကောင်း, “အဘယ်သို့လျှင် အလှူခံပုဂ္ဂိုလ်တို့သည်လည်း ငါ၏ ချစ်မြတ် နိုးသူတို့ ဖြစ်ကြပါအံ့နည်း”ဟူ၍လည်းကောင်း, “ငါသည် ပေးလှူဆဲ ပေးလှူပြီး အခါတို့၌ အဘယ်သို့လျှင် ဝမ်းသာအားရ သဘောကျ ဖြစ်နေရပါအံ့နည်း”ဟူ၍ လည်းကောင်း, “ငါ့ထံ ငါ့ သန္တာန်၌ အလှူခံပုဂ္ဂိုလ်နှင့် ဒါနဇ္ဈာသယ တရားတို့ အဘယ်သို့လျှင် ဖြစ်ပွါး လာကုန်အံ့နည်း”ဟူ၍လည်းကောင်း, “အဘယ်သို့လျှင် အလှူခံပုဂ္ဂိုလ်တို့က မတောင်းရပဲ အလိုက်သိစ္စာ ပေးလှူနိုင်ရာပါအံ့နည်း”ဟူ၍လည်းကောင်း, “ပစ္စည်း ဥစ္စာနှင့် အလှူခံပုဂ္ဂိုလ် ၂-ပါးစုံ ရှိပါလျက် မစွန့်မလှူခြင်းသည် မစွန့်မလှူ ခြင်းသည် ငါ့အဖို့ ကြီးစွာသော လှည့်စားမှုပင် ဖြစ်၏” ဟူ၍၎င်း “အဘယ် သို့လျှင် ငါ၏ အင်္ဂါကြီးငယ်ကိုလည်းကောင်း, အသက်ကို၎င်း အလှူခံပုဂ္ဂိုလ်တို့အား စွန့်လှူရပါအံ့နည်း” ဟူ၍၎င်း စွန့်လှူမှု၌ အမြဲညွတ် ယိမ်းသော စိတ်ဖြစ်ပေါ်လာအောင် ပြုလုပ် သင့်၏ ([၃၀]။
ထိုမှတစ်ပါး— “ပိုးကောင်ငယ်ကို မငဲ့မကွက် စွန့်ပစ်လိုက်သည်ရှိသော် ယင်း-ပိုး ကောင်ငယ်သည် စွန့်ပစ်သူသို့သာ အစဉ် လိုက်နေတတ်သကဲ့သို့ အကျိုးတရားဆိုသည်မှာလည်း ယင်း-အကျိုးတရားကို မမြှော်ကိုး မငဲ့ကွက် ရက်ရက်ရောရော စွန့်လှူ သူသို့သာ အစဉ်တစိုက် လိုက်တတ်ပေ၏”ဟု နှလုံးသွင်း ဆင်ခြင်၍ ပေးလှူသောအခါ အကျိုးတရား၌ မမြှော်ကိုး မငဲ့ကွက်သော စိတ် ဖြစ်ပေါ် စေရမည် [၃၁]။
အလှူဒါနပြုရာ၌ တောင်းခံလာသော အလှူခံပုဂ္ဂိုလ်သည် မိမိချစ်အပ်သော “ပိယ” ပုဂ္ဂိုလ်ဖြစ်အံ့ “ငါချစ်အပ်သောသူက ငါ့ကို တောင်းခံလာပေသည်”ဟု ဝမ်းမြောက် ဝမ်းသာ ဖြစ်စေရမည်။ သို့မဟုတ် ချစ်လည်း မချစ် မုန်းလည်းမမုန်းအပ်သော “မဇ္ဈတ္တ ပုဂ္ဂိုလ်ဖြစ်အံ့ “ငါ့ကိုတောင်းခံလာသော ဤ သူသည် ယခု စွန့်လှူခြင်းဖြင့် မိတ်ဆွေဖြစ်ရ ပေတော့မည်”ဟု နှလုံးသွင်းဆင်ခြင်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရမည်။ သို့မဟုတ် ရန်သူဖြစ်သော “ဝေရီ”ပုဂ္ဂိုလ်က တောင်းခံ လာခဲ့သော် “ငါ၏ရန်သူသည် ငါ့ကိုတောင်း ခံလာပေသည်၊ ငါ့ကိုတောင်းခံလာသော ဤရန်သူသည် ဧကန်မုချ ယခုငါပေးလှူခြင်းဖြင့် ချစ်ကျွမ်းဝင်သော မိတ်ဆွေ ဖြစ်ရပေတော့မည်”ဟု နှလုံးသွင်း ဆင်ခြင်၍ အထူးသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်စေရမည်။ ပေးလှူ တတ်သူကို အလှူခံတို့ ချစ်မြတ်နိုးကြ၏ ယင်းသို့ ပြဆိုခဲ့သောနည်းဖြင့် ပိယပုဂ္ဂိုလ်၌ကဲ့သို့ မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌လည်း မေတ္တာ ရှေ့သွားရှိသော ကရုဏာကိုဖြစ်စေ၍ ပေးလှူရမည် [၃၂]။
(၁) လှူဖွယ်ဝတ္ထု ပြည့်စုံ၍ အလှူခံ ပုဂ္ဂိုလ်လည်း မိမိမျက်မှောက်၌ ထင်ရှား ဆိုက်ရောက်နေပါလျက် ပေးလှူလိုစိတ် မဖြစ်ပေါ်ခဲ့သော် “ငါသည် ဧကန်မုချ ရှေးဘဝက ပေးလှူခြင်း၌ အလေ့အထ မပြုလုပ်ခဲ့သည့်အတွက် ယခုအခါ ငါ့သန္တာန်မှာ ပေးလှူလိုစိတ် ဖြစ်ပေါ်မလာခြင်း ဖြစ်သည်”ဟု ဆုံးဖြတ်ချက်ချ၍ “နောက်နောင် ပေးလှူလိုစိတ် ဖြစ်ပေါ်လာအောင် ယနေ့မှစ၍ ပေးလှူတော့အံ့၊ ငါသည် ရှေးမဆွကပင် ကြိုတင်၍ ကိုယ်ပိုင်ဝတ္ထု ပစ္စည်းစုကို အလှူခံများအား စွန့်လှူထားအပ်ပြီ မဟုတ်ပါ လော”ဟု နှလုံးသွင်းဆင်ခြင်လျက် ပေးလှူ ဖြစ်အောင် ပေးလှူရာ၏။
(၂) လှူဖွယ်ဝတ္ထု၊ ချို့တဲ့ နည်းပါး၍ ပေးလှူလိုစိတ် မဖြစ်ပေါ်လာခဲ့သော် “ငါသည် ရှေးဘဝက ပေးလှူခြင်း အလေ့အထ မရှိခဲ့သည့်အတွက် ယခုအခါ ပစ္စည်းဥစ္စာ ချို့တဲ့နည်းပါးရခြင်း ဖြစ်သည်။ သို့အတွက် ယခု ငါသည် နည်းသည်ဖြစ်စေ, ညံ့သည် ဖြစ်စေ ရသမျှ လှူဖွယ်ဝတ္ထုဖြင့် ဖျစ်ညှစ်၍ ပေးလှူသင့်၏။ ယင်းဖြင့် နောင်အခါ၌လည်း ဒါနပါရမီအထွတ်အထိပ်သို့ ရောက်စေ ရတော့အံ့”ဟု နှလုံးသွင်းဆင်ခြင်၍ ပေးလှူ ဖြစ်အောင် ပေးလှူရာ၏။
(၃) လှူဖွယ်ဝတ္ထု အလွန်ကောင်းမွန် နေ၍ လှူလိုစိတ် မဖြစ်ပေါ်ခဲ့သော် “သူတော်ကောင်း— သင်သည် အမြတ်ဆုံးဖြစ်သော ဗောဓိဉာဏ်ကို လိုလားတောင့်တသည် မဟုတ်ပါလော အမြတ်ဆုံးဖြစ်သော ဗောဓိဉာဏ်ကို ရရန်အတွက် အမြတ်ဆုံး အကောင်း ဆုံးဖြစ်သော လှူဖွယ်ဝတ္ထုကို ပေးလှူမှသာ သင့်လျော်ပေမည်”ဟု နှလုံးသွင်းဆင်ခြင်၍ ပေးလှူဖြစ်အောင် ပေးလှူရာ၏။
(၄) ပေးလှူ၍ လှူဖွယ်ဝတ္ထု ကုန်ခန်း သွားသည်ကို တွေ့မြင်ရလျှင်လည်း “ကုန်ခန်းခြင်း ပျက်စီးခြင်း သဘောသည်ကား စည်းစိမ်ဥစ္စာတို့၏ သဘောတံထွာ ဓမ္မတာပင်ဖြစ်ပေသည်။ စင်စစ်မှာ ငါသည် ရှေးက ယခုကဲ့သို့ အလှူမျိုးကို မပြုမလုပ်ခဲ့သည့်အတွက် စည်းစိမ်ဥစ္စာ ကုန်ခန်းသွားသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ ယခု ငါသည် နည်းနည်း များများ ရသမျှ လှူဖွယ်ဝတ္ထုဖြင့်ပင် ပေး လှူရတော့အံ့ ယင်းဖြင့် နောင်အခါ၌ ဒါန ပါရမီ အထွတ်အထိပ်သို့ ရောက်စေရတော့အံ့”ဟု နှလုံးသွင်းဆင်ခြင်လျက် အလှူ ရေစက် လက်နှင့်မကွာ ပေးလှူမြဲ ပေးလှူရာ၏။ [၃၃]။-
နှမြောဝန်တိုကြသူတို့သည် ပစ္စည်းများ စ္စာရှိသော်လည်း မလှူဒါန်းနိုင်ကြကုန် မလှူဒါန်းရက်ကြကုန် [၃၄]။
သူတော်ကောင်းတို့၏ လှူပုံ လှူနည်းကို မစ္ဆေရပြောထူ နှမြော ဝန်တိုကြသူတို့သည် အတလိုက်၍ မလှူနိုင်ကြကုန် [၃၅]။
ယင်းသို့ မလှူနိုင်ခြင်းသည် အလှူခံ ပုဂ္ဂိုလ်တို့ အပေါ် အမျက်ထွက် မုန်းတီးခြင်း, လှူဖွယ်ဝတ္ထု၌ တပ်မက် ခင်တွယ်ခြင်းတို့ကြောင့် ဖြစ်တတ်သည် [၃၆]။
ပေးလှူလိုက်လျှင် ကုန်သွားလိမ့်မည်၊ ငါနှင့်တကွ ငါ့ အိမ်သူ အိမ်သား လူအများတို့ စားကြရတော့ မည် မဟုတ်-ဟု နှမြောဝန်တိုမှု “မစ္ဆေရ”, မေ့လျော့မှု “ပမာဒ” ဟူသော အကြောင်း ၂-ပါးကြောင့်လည်း ဖြစ်တတ်၏ [၃၇]
ပေးလှူလိုသော စိတ်ကို ညစ်နွမ်းစေတတ်သော “ဒါနစိတ္တဥပက္ကိလေသ” တရားတို့ကား-လိုချင်တပ်မက်မှု “လောဘ”, အမျက်ထွက်မှု “ဒေါသ” ပေးလှူခြင်း၏အကျိုး ရှိ-မရှိ မသိ တွေဝေမှု “မောဟ”, ငြူစူမှု “ဣဿာ”, နှမြော ဝန်တိုမူ “မစ္ဆရိယ” ထောင်လွှားတက်ကြွမှု “မာန”-စသည်တို့ ဖြစ်၏ [၃၈]။
စည်းစိမ်ဥစ္စာကို ရနိုင်ခြင်း၏ အကြောင်းဖြစ်သော ပေးကမ်းလှူဒါန်းမှုကို တားမြစ်တတ်သောကြောင့် နှမြော ဝန်တိုမှု “မစ္ဆရိယ”နှင့်တူသော ယုတ်ညံ့သော အခြားတရားဆိုး မရှိပြီ [၃၉]။
နှမြော ဝန်တိုသူ မှန်သမျှသည် ငတ်မှာ ကြောက်၍ မပေးမလှူကြ၊ မပေးမလှူခြင်းကြောင့် ငတ်ကြရ၏။ တကယ်စင်စစ် ငတ်မည့် ဘေးမှကြောက်လျှင် နှမြောဝန်တိုမှု “မစ္ဆေရ”ကို ပယ်ဖျောက်ဖျက်ဆီးကာ စွန့်ကြဲပေး ကမ်း လှူဒါန်းရာ၏ [၄၀]။
မိမိပစ္စည်းဥစ္စာကို မပေးရက် မလှူလို နှမြောဝန်တိုသူ, မပေးမလှူလိုသဖြင့် အလှူခံပုဂ္ဂိုလ်တို့ကို ခြိမ်းချောက်ငေါက်ငမ်းသူ မိမိ ကိုယ်တိုင် မပေးမလှူရုံမျှမက ပေးလှူနေသူတို့ကိုပင် အန္တရာယ်ပြုတတ်သူတို့သည် ငရဲ, တိရစ္ဆာန်, ယမမင်း၏ အလိုနိုင်ငံသို့ ရောက် ကြရ၏။ လူ့ဘုံသို့ ရောက်ပြန်သော်လည်း ဆင်းရဲနွမ်းပါး ဥစ္စာရှားသောအမျိုး၌ ဖြစ်ရ၍ အဝတ်, ပုဆိုး, ထမင်း, မွေ့လျော်ဖွယ်၍ ကိုယ်, နှုတ်, စိတ်တို့ဖြင့် ရွှင်မြူးဖွယ်အမျိုးမျိုးကို ဆင်းရဲငြိုငြင်မှသာ ရရှာ၏၊ ဤသို့ ပြဆိုခဲ့ပြီးသော မျက်မှောက်ပစ္စုပ္ပန် အပြစ် ဆိုး မကောင်းကျိုးအမျိုးမျိုးကို ခံစားရပြီးနောက် ဒုဂ္ဂတိဘဝသို့ လားရောက်တတ်၏[၄၁]
သာဝတ္ထိပြည်နှင့် မနီးမဝေးရှိ တုဒိရွာစား တောဒေယျပုဏ္ဏားသည် ၄၅ (ဒီ၊ ဋ္ဌ), ၈၇ (မ၊ ဋ္ဌ)-ကုဋေ စည်းစိမ်ဥစ္စာ ကြွယ်ဝပါသော်လည်း ပစ္စည်းဥစ္စာ ကုန်မည်စိုး၍ မည်သူ အားမျှ မပေးမလှူ၊ သားဖြစ်သူ သုဘလုလင်ကိုလည်း မပေးမလှူဖို့ရန်သာ သင်ကြား၍ ခန္ဓာပျက်ကြွေ သေလွန်သောအခါ မိမိအိမ် ၌ပင် ခွေးဖြစ်ရ၏ [၄၂]။
မစ္ဆေရအညစ်အကြေးကို ပယ်ရှား၍ ကံ၏ အကျိုးနှင့် ရတနာ ၃-ပါး၏ဂုဏ်ကို ယုံကြည်ကာ အလွန်ကြည်ညိုသော စိတ်ဖြင့် ကိလေသာတို့မှ ကင်းပြီးသော အရိယာပုဂ္ဂိုလ်, သီလ, သမာဓိ, ပညာဂုဏ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူ ဒါနသည် အနည်းငယ်ပင် ဖြစ်သော်လည်း ကြီးကျယ်များမြတ်သော အကျိုးကို ပေးစွမ်းနိုင်၏ [၄၃][၁]
အမျှဝေခြင်းလည်း ဒါနပင်ဖြစ်၏
[ပြင်ဆင်ရန်]လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်းသကဲ့သို့ မိမိရပြီးသော ကုသိုလ်စေတနာကို စွန့်ကြဲပေးကမ်း အမျှအတမ်းဝေခြင်းကိုလည်း “ဒါနမယ”ကုသိုလ်ကံဟူ၍ပင် ခေါ်ဆို ရ၏ [၄၄]
လှူဖွယ်ဝတ္ထု ပစ္စည်းစုကို စွန့်ကြဲပေးကမ်း လှူဒါန်းပြီးနောက် “သတ္တဝါ ဟူသမျှအား ကုသိုလ်အမျှ ပေးဝေငှပါ၏၊ ကုသိုလ်အမျှ ရကြပါစေ”ဟု အမျှပေးဝေခြင်းသည် “ပတ္တာနုပ္ပဒါန = ပတ္တိဒါန” ကုသိုလ်မည်၏ [၄၅]
မိမိပြုသော ကုသိုလ်ကောင်းမှုကို သူတပါးအား အမျှပေးဝေလိုက်သဖြင့် အလှူရှင်၏ ကုသိုလ်ကောင်းမှုများ ကုန်သွားသည် မဟုတ်၊ စင်စစ်မှာ တိုးပွါး၍သာ လာ၏။ ဥပမာ— အိမ်ခြေတရာရှိသော ကျေးရွာ၌ တအိမ်သာမီးရှို့၍ ကျန်အိမ်တို့၌ မီးမရှိသဖြင့် မိမိတို့အိမ်မှ ကိုယ်စီကိုငှ ဆီနှင့်မီးစာကို ယူကြ၍ မီးရှိသောအိမ်မှ မီးကို ကူးယူညှိထွန်းကြရာ ယင်းအိမ်ရှိမီးရောင်သည် ယုတ်လျော့ ကုန်ခန်းသွားသည် မရှိ၊ အသစ်ဖြစ်သော မီးရောင်၏ အကူအညီရ၍ အလင်းဓာတ် ပိုမို အားရှိ တောက်ပြောင်လာသကဲ့သို့ မိမိပြုသော ကုသိုလ်ကောင်းမှုကို သူတစ်ပါးအား အမျှပေးဝေလိုက်ခြင်းကြောင့် အလှူရှင်၏ ကုသိုလ်မှာ ယုတ်လျော့သွားသည် မရှိ၊ ပိုမို၍ပင် တိုးပွါးလာပေသည် [၄၆])။ ဒသပုညကိရိယ (ကြိယ)ဝတ္ထု-လည်း ကြည့်။ [၁]
ဒါန ပြုသူ-မပြုသူတို့ ကွာခြားချက်
[ပြင်ဆင်ရန်]ပစ္စည်းဥစ္စာ များစ္စာ စုဆောင်းရှာဖွေပြီးလျှင် တစ်စုံတစ်ယောက်အား အနည်းငယ်မျှ မပေး မလှူပဲ သေမင်း၏ အလိုနိုင်ငံသို့ လိုက်ပါ ရသောသူသည် တိမ်လွှာတိမ်လိပ်တို့ အထပ်ထပ် တက်လာပြီးမှ လုံးဝမရွာသောမိုးနှင့် တူ၏။ အချို့သောသူ၌ အမျက်ထွက် စိတ်ဆိုးသဖြင့်လည်းကောင်း, လှူဖွယ်ဝတ္ထုပစ္စည်းစုံ၌ တပ်မက် မောသဖြင့်၎င်း အချို့သောသူအား မပေး မလှူမူ၍ အချို့သောသူအားသာ ပေးလှူ သောသူသည် တစိတ်တဒေသကွက်၍ရွာ သောမိုးနှင့် တူ၏။ အယုတ်အလတ် အမြတ် မရွေး ပေးလှူသောသူသည် အရပ်ဒေသ အနှံ့အပြား အလုံးစုံရွာသော မိုးနှင့်တူ၏ [၄၇]။
ထစ်ချုန်း၍ရွာသော မိုးသည် အရပ်မျက်နှာ အားလုံးကို ရေဖြင့် ပြည့်လျှမ်းစေသကဲ့သို့ “လှူကြပါ, လှူကြပါ”ဟု နှိုးဆော်ထစ် ချုန်းကာ အလှူခံအပေါင်းကို ထမင်း အဖျော်ဖြင့် နှစ်နှစ်ကာကာ ရောင့်ရဲတင်းတိမ် အောင် ပေးလှူသော အလှူရှင်၏ ကောင်းမှု အယဉ်သည် ယင်း-အလှူရှင်ကို စွတ်စိုပက်ဖျန်း ပြည့်လျှမ်းစေ၏ [၄၈]
မပေးမလှူသူသည် သူသေကောင်နှင့် တူ၍ ပေးလှူသူသည် အသက်ရှင်သူနှင့် သူသေကောင်သည် တူ၏။ မှန်ပေသည် မိမိ၏ ဝန်းကျင်ပတ်လည်၌ တည်ရှိနေသေ ထမင်း, အဖျော်-စသည်ကို မည်သူအားမျှ ခွဲခြမ်း ဝေဖန်၍ မပေးနိုင်သကဲ့သို့ ပေးလှူ လေ့မရှိသော သူသည်လည်း မည်သူအားမျှ ခွဲခြမ်းဝေဖန်၍ မပေးတတ်။ မပေးမလှူသူ၏ အနီးအနား၌ရှိသော ထမင်း အဖျော် စသော ဝတ္ထုသည် သူသေကောင်၏ အနီး အနား၌ ရှိသော ဝတ္ထုနှင့် အလှူဝတ္ထု မဖြစ်ခြင်းအားဖြင့် တူ၏ [၄၉]။
ပေးလှူသူနှင့်မပေးလှူ သူတို့သည် သဒ္ဓါ, သီလ, ပညာ တူမျှကြသော်လည်း နတ်, လူ, ရဟန်း-အဖြစ်အားဖြင့် မတူကြ။ မတူပုံကား-
နတ်ဖြစ်ခဲ့သော်— နတ်၌ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြံအရံ (အကျော် အစော) အစိုးရခြင်းဟူသောဤအကြောင်း ၅-မျိုးတို့ဖြင့်ပေးလှူ သူက မပေးလှူ သူထက် ထူးကဲသာလွန်၏။
လူဖြစ်ခဲ့သော်—အရှင်မဟာကဿပ, အရှင်ဗာကုလ, အရှင်အာနန္ဒာတို့ကဲ့သို့ အသက်ရှည်ခြင်း, မဟာဂတိမ္ဗအဘယထေရ်, ဘဏ္ဍာစိုး အမတ်တို့ကဲ့သို့ အဆင်း လှခြင်း, ရဋ္ဌပါလအမျိုးသား, သောဏသူဌေးသား, ယသသတိုးသားတို့ကဲ့သို့ ချမ်းသာများခြင်း ဓမ္မာသောကမင်းကဲ့သို့ အခြံအရံ (အကျော် အစော)များခြင်း, အစိုးရခြင်းဟူသော ဤ အကြောင်း ၅-မျိုးတို့ဖြင့် ပေးလှူသူက မပေးမလှူ သူထက် ထူးကဲသာလွန်၏။
ရဟန်း ဖြစ်ခဲ့သော်—အရှင်ဗာကုလ, အရှင်သီဝလိ, အရှင်အာနန္ဒာ-စသည်တို့ကဲ့သို့ “အလှူခံတော်မူပါ”ဟု တောင်းပန်ခံရသည် ဖြစ်၍ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်း ၄-ပါးကို သုံးဆောင်ရသည်က များပြား၍ တောင်းပန်မခံရပဲ သုံးဆောင်ရသည်က နည်း ပါးခြင်း, ကိုယ်, နှုတ်, စိတ်အားဖြင့် ချစ်နှစ်လိုဖွယ် သတင်းသုံးဖော်တို့နှင့်သာ အတူတကွ နေရခြင်းဟူသော ဤအကြောင်း ၅- မျိုးတို့ဖြင့် ပေးလှူသူက မပေးလှူသူထက် ပေးလှူသူက ထူးကဲသာလွန်၏ [၅၀]။ [၁]
ကိုယ်တိုင်လှူခြင်း, တိုက်တွန်းခြင်းစသည်
[ပြင်ဆင်ရန်]- (၁) ကိုယ်တိုင်သာပေးလှူ၍ သူတစ်ပါးအား ပေးလှူဖို့ရန် မတိုက်တွန်းသောသူသည် ဖြစ်ရာ ဖြစ်ရာဌာန ဘုံဘဝ၌ စည်းစိမ်ဥစ္စာသာ ပြည့်စုံ၍ အခြွေအရံ မပြည့်စုံ ဖြစ်ရတတ်၏။
- (၂) သူတစ်ပါးအားသာ ပေးလှူဖို့ရန် တိုက်တွန်း၍ ကိုယ်တိုင်က မပေးမလှူသောသူသည် ဌာန ဘုံဘဝ၌ အခြွေအရံသာ ပြည့်စုံ၍ စည်းစိမ်ဥစ္စာ မပြည့်စုံ ဖြစ်ရတတ်၏။
- (၃) ကိုယ်တိုင်လည်း မပေးလှူ သူတစ်ပါးအားလည်း ပေးလှူဖို့ရန် မတိုက်တွန်းသောသူသည် ဖြစ်ရာဌာနဘုံဘဝ၌ စည်းစိမ်ဥစ္စာလည်း မပြည့်စုံ အခြွေအရံလည်း မပြည့်စုံမူ၍ စားကြွင်းစား ဘဝဖြင့် အသက်မွေးရတတ်၏။
- (၄) ကိုယ်တိုင်လည်း ပေးလှူ၊ သူတစ်ပါးအားလည်း ပေးလှူဖို့ရန် တိုက်တွန်းသောသူသည် ဖြစ်ရာဌာနဘုံဘဝ၌ စည်းစိမ်ဥစ္စာ, အခြွေအရံ ၂-မျိုးလုံး ပြည့်စုံနိုင်၏ [၅၁]
ဒါနအကျိုးအမျိုးမျိုး
[ပြင်ဆင်ရန်]ဒါနဝတ္ထု လှူဒါန်းသော အလှူရှင်သည်-
- (၁) လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း
- (၂) သူတော်ကောင်းတို့ မှီဝဲဆည်းကပ်လာခြင်း
- (၃) ဂုဏ်ကျေးဇူးသတင်း ပြန့်နှံ့ ကျော်ကြားခြင်း
- (၄) ပရိသတ် ၄-ပါးသို့ ရွံ့ရှားခြင်း ကင်း ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း, သို့မဟုတ် လူတို့ ကျင့်ဝတ်တရား ၅-ပါးသီလကို မကျိုးမပေါက် မပြောက်မကျားအောင် စောင့်ရှောက်နိုင်ခြင်း,
- (၅) သေသည်၏အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ရခြင်း-ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏ [၅၂]။
ထို့ပြင် —
- (၁) ကိလေသာ ကင်းကွာရဟန္တာ အရှင်မြတ်တို့၏ အချီးအမြှောက်ကို ရှေးဦးစွာ ခံယူရရှိခြင်း,
- (၂) ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း
- (၃) လှူ ဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း
- (၄) တရားတော်ကို ရှေးဦးစွာ နာယူခွင့်ရခြင်း,
- (၅) ကောင်းသောဂုဏ်သတင်းပျံ့သင်း ကျော်ကြားခြင်း
- (၆) ပရိသတ် ၄-ပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း,
- (၇) သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရောက်ရခြင်း-ဟူသော အကျိုးထူးတို့ကို ရရှိခံစားရ၏ [၅၃])။
ဒါနသည် အလှူပေး, အလှူခံ ၂-ဦး လုံး၏ စိတ်ကို နူးညံ့ပျော့ပျောင်းအောင် ပြုနိုင်၏၊ မလိမ်မာ မယဉ်ကျေးသေးသော သူကို လိမ်မာယဉ်ကျေးစေနိုင်၏၊ မိမိစကား နားမထောင်သူကိုလည်း နားထောင်စေနိုင်၏ [၅၄]။
မိမိ သူတစ်ပါး ၂-ဦးသား၏ အကျိုး ပစ္စုပ္ပန်လောကအကျိုး, တမလွန်လောက အကျိုး အမျိုးမျိုးကို ပြီးစေနိုင်၏ [၅၅]။
အခြံအရံ အကျော်အစော, ကျက်သရေ, စည်းစိမ် ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏ [၅၆]
တရားသဖြင့်ရသော ပစ္စည်းဝတ္ထုကို တရားထူးရသော ပုဂ္ဂိုလ်တို့အား ပေးလှူလျင် ငရဲကြီး ၈-ထပ်, ငရဲငယ် ၁၆-ထပ်တို့ကို လွန်မြောက်၍ နတ်ပြည်သို့ လားရောက်နိုင်၏ [၅၇]
လွန်ကဲထူးချွန် မွန်မြတ်သော လောကီ စည်းစိမ်, လောကုတ္တရာ စည်းစိမ် အားလုံးကိုလည်း ဖြစ်ထွန်းပေါ်ပေါက်လာ စေနိုင်၏ [၅၈]။
သိကြားမင်းစည်းစိမ်, မာရ်နတ်စည်းစိမ်, ဗြဟ္မာစည်းစိမ်, စကြာမင်း စည်းစိမ်-စသော လောကီစည်းစိမ် သာဝကပါရမီဉာဏ်, ပစ္စေ ကဗောဓိဉာဏ်, အဘိသမ္ဗောဓိဉာဏ်ဟု ဆိုအပ်သော လောကုတ္တရာစည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏ [၅၉]။
ယင်း-ဒါနကြောင့် လူ့ပြည်, နတ်ပြည်သို့ လားရောက်နိုင်သည်မှာ ထင်ရှားလှ၏၊ ဗြဟ္မာ့ပြည်သို့ မူကား ပေးလှူကာမျှဖြင့် မလားရောက်နိုင်။ သို့ရာတွင် ဒါနစေတနာသည် သမထ ဝိပဿနာစိတ်၏ အခြံအရံ တန်ဆာ ဖြစ်၍ ပေးလှူပြီးနောက် ရန်ငြိုးဖွဲ့တတ်သော ရန်သူ၌သော်လည်း နူးညံ့သောစိတ် ပေါ် ပေါက်လာပြီးလျှင် “ဗြဟ္မဝိဟာရ” ခေါ်သော ဗြဟ္မစိုရ်တရားတို့ကို ပွါးများအားထုတ်ခဲ့ပါမူ ဗြဟ္မာ့ပြည်သို့ လားရောက်စေနိုင်သည် [၆၀]
ဒါနသည် ဈာန်, ဝိပဿနာ, မဂ်, ဖိုလ် နိဗ္ဗာန် ချမ်းသာအားလည်း အားကြီးသော မှီရာ အကြောင်း အထောက်အပံ့ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏ [၆၁]
လှည်းဘီးသည် လှည်းထုတ်တံ (လှည်း ဘီး၏ရှေ့၌ ကပ်လျက်တည်သော သစ်သား) နောက်သို့ကပ်၍ လိုက်သကဲ့သို့ ဒါနသည် အလှူ ရှင်နောက်သို့ တကောက်ကောက်ကပ်၍ လိုက်၏။ ပစ္စုပ္ပန်လောက၌ ဖြစ်စေ, တမလွန် လောက၌ဖြစ်စေ ပေးလှူသူဒါယကာသို့ အစဉ်လိုက်၍ အကျိုးပေးလေသည် [၆၂]
မင်းစိုး ရာဇာစသောဓနရှင်တို့၏ သူတစ်ပါးကို နှိပ်စက်၍ မတရားသဖြင့် ရထားသော အသပြာ ၁၀-ကုဋေတန်အလှူသည် တောင်းရမ်း ကောက်သင်းကောက် ရှာဖွေ၍ သားမယားကို လုပ်ကျွေးမွေးမြူသော ဆင်းရဲသားတစ်ယောက်၏ အသပြာ တစ်ကျပ်တန် အလှူကို ၂၅၆-ပုံ ပုံ၍ တပုံမျှမမှီနိုင်၊ တပုံစာမျှလောက် မထိုက်တန်။ ဆင်းရဲသား၏ တစ်ကျပ်တန်အလှူက အကျိုးများ၏-ဟု ဆိုလိုသည် [၆၃]။
လှူဖွယ်ဝတ္ထု၊ တန်ဘိုးနည်းသော်လည်း သဒ္ဓါ, စေတနာ ထက်သန်များပြားလျှင် ထောင်ပေါင်းများစွာ တန်ဘိုးရှိသောအလှူနှင့် ထပ်တူ ထပ်မျှ အကျိုးရနိုင်၏ [၆၄] [၁]
လက္ခဏတော်ကြီးငယ်များ ရခြင်းအကြောင်း
[ပြင်ဆင်ရန်]အကြောင်း, အကျိုးနှင့် စပ်ယှဉ်သော တရားစကားကို ဟောဆိုညွှန်ပြခြင်းဟူသော ဓမ္မဒါန (တရားအလှူ)ကို လှူခဲ့ဘူးခြင်းကြောင့် ငါတို့ဘုရားရှင်သည် ဘုရားဖြစ်ရာ ဘဝ၌ ခြေဖမိုးအထက် လက် ၂-သစ်, ၃-သစ် တက်၍ မြင့်မောက်စွာတည်သော ခြေမျက်စိ ရှိသော ခြေရှိတော်မူခြင်းဟူသော = ဥဿင်္ခပါဒ လက္ခဏာတော်, လက်ျာရစ် လှည့်လည်ပြီးလျှင် အဆုံး၌ မျက်နှာတော်၏ တင့်တယ်ခြင်းကို မော်ကြည့်သည့် ပမာ အထက်သို့ အဖျား ကော့တက်သော မွေးညှင်း ရှိတော်မူ ခြင်းဟူသော = ဥဒ္ဓဂ္ဂလောမလက္ခဏာတော်တို့နှင့် ပြည့်စုံရခြင်းဟူသောအကျိုးကို ရရှိတော်မူ၏ [၆၅]ဒီ၊၃၊၁၂၆-၇။ ဒီ၊ဋ္ဌ၊၃၊၁၁၂။ ဒီ၊ဋီ၊၃၊၁၁၁-၂။ ဇိနာလင်္ကာရ။ ၁၈၈၊ ၁၉၀-၁)။
သပရိဝါရဒါန-ကို ရှေးအတိတ်ဘဝ လူဖြစ်စဉ်အခါက ပြုခဲ့ခြင်းကြောင့် လူ့ ပြည်, နတ်ပြည် အလည်လည် ခံစားပြီးနောက် ဘုရား ဖြစ်ရာ နောက်ဆုံးဘဝ၌ ခြေဖဝါးအပြင်ဝယ် အကန့် ၁၀၀-ရှိသော အကွပ် ပုံတောင်းနှင့် တကွဖြစ်သော ၁၀၀-ကွက် စက်လက္ခဏာ ပေါ်လာရခြင်း ဟူသော = ပါဒတလစက္ကလက္ခဏာတော်နှင့် ပြည့်စုံရခြင်း ဟူသော အကျိုးကို ရရှိတော်မူ၏ [၆၆]။
ရှေးအခါက မွန်မြတ်သော ခဲဖွယ်, စားဖွယ်, လျက်ဖွယ်, သောက်ဖွယ်တို့ကို ပေးလှူခဲ့ဘူးခြင်း (ပဏီတဒါန)ကြောင့် ဘုရားဖြစ်ရာဘဝ၌ ခြေ, လက်, ပခုံး, လည်လုံး ဖွံ့ထွား ၇-ပါးသော အရပ်ဌာန ကိုယ်အင်္ဂါတို့၌ အသားတော် ပြည့်ဖြိုးရခြင်းဟူသော = သတ္တုဿဒ လက္ခဏာတော်နှင့် ပြည့်စုံရခြင်းဟူသော အကျိုးကို ရရှိတော်မူ၏ [၆၇]
နူးညံ့ ချောမွေ့သော ခုံချည်, ဝါချည်, ပိုးချည်, သိုးမွှေး(ကမ္ဗလာ)ချည်တို့ဖြင့် ရက်လုပ်အပ်သော အခင်း, အရုံ, ခြုံထည်တို့ကိုလည်းကောင်း, နူးညံ့သော ဆွမ်း-စသော ပစ္စည်းဝတ္ထုတို့ကိုလည်းကောင်း, လှူဒါန်းခဲ့ခြင်းကြောင့် ဘုရား ဖြစ်ရာဘဝ၌ ရွှေအဆင်းကဲ့သို့ ကိုယ်ရေ အဆင်း ဝါဝင်းတင့်တယ်သော အဆင်းရှိတော် မူခြင်း ဟူသော = သုဝဏ္ဏဝဏ္ဏလက္ခဏာတော် နှင့် ပြည့်စုံရခြင်းဟူသော အကျိုးကို ရရှိတော်မူ၏ [၆၈]
ရှေးအတိတ်ဘဝက လှူဖွယ်ဝတ္ထု ပေးလှူရုံမျှမက ဒါနကုသိုလ် စေတနာကိုလည်း အမျှအတမ်း ပေးဝေခြင်း၌ မြဲမြံစွာ ဆောက်တည်တော်မူခဲ့ခြင်းကြောင့် လူ့ပြည်, နတ်ပြည်၌ ကျင်လည်ပြီးနောက် ဘုရားဖြစ်မည့် ဘဝ ရောက်သောအခါ ကောင်းစွာညီညီ မြေ၌တည်သော ခြေဘဝါးတော် ရှိခြင်းဟူသော = သုပ္ပတိဋ္ဌိတပါဒ လက္ခဏာတော်, နဖူး သင်းကျစ်ပြား နှစ်ပတ် ထားအပ်သော ဦးခေါင်းပမာ ညီညာသော ဦးခေါင်းတော် ရှိခြင်း ဟူသော = ဥဏှီသသီသ လက္ခဏာတော်တို့နှင့် ပြည့်စုံရခြင်းဟူသော အကျိုးကို ရရှိတော်မူ၏ [၆၉]။
လူရှင်, ရဟန်းတော်တို့အလိုက် ထိုက်သင့်သော ပစ္စည်းဝတ္ထုကို နည်းများမဟူ ပေးလှူ ချီးမြှောက် ထောက်ပံ့ခြင်း ဟူသော = ဒါန သင်္ဂဟဝတ္ထုဖြင့် ပေးလှူခဲ့ခြင်းကြောင့် အကြိမ်တရာဖတ်၍ ထောပတ်ဆီကြည်၌ နှစ်ချကာထားအပ်သော ဝါဂွမ်းစိုင်ပမာ လွန်စွာသိမ်မွေ့နူးညံ့သော လက်ဖဝါးတော်, ခြေဖဝါးတော် ရှိခြင်းဟူသော = မုဒုတလုနဟတ္ထ ပါဒလက္ခဏာတော်, ဇာကွန်ရက်ဖြင့် ဖြန့်ကြက်ထားအပ်သော လေသောက် ပြူတင်း-ညီညာစီတန်းသော လက်ချောင်းတော် ခြေချောင်းတော် ရှိခြင်းဟူသော = ဇာလ-ဟတ္ထပါဒလက္ခဏာတော်တို့နှင့် ပြည့်စုံရခြင်း ဟူသော အကျိုးကို ရရှိတော်မူ၏ (ဒီ၊၃၊၁၂၅။ ဒီ၊ဋ္ဌ၊၃၊၁၁၀-၁။ ဒီ၊ဋီ၊၃၊၁၁၀-၁။ ဇိနာလင်္ကာရ။ ၁၈၈၊ ၁၉၀)။ [၁]
အကျိုးပေးတူ မြတ်အလှူ
[ပြင်ဆင်ရန်]ပေးလှူရာ အချိန်အခါ ကွဲပြားခြားနားသော်လည်း တူမျှသော အကျိုးကို ပေးစွမ်းနိုင်သော အလှူဒါနလည်း ရှိသေး၏။ ဘုရားရှင်သည် သုဇာတာ သူဌေးသမီး လှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးနောက် ဘုရား အဖြစ်သို့ ရောက်တော်မူသည်။ ရွှေပန်းထိမ်သည်၏သား စုန္ဒလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူပြီးနောက် ပရိနိဗ္ဗာန် ဝင်စံတော်မူသည်။ ယင်းတွင် သုဇာတာ သူဌေးသမီးသည် ဘုရားမဖြစ်မီ ရာဂ, ဒေါသ, မောဟနှင့် တကွဖြစ်ရာအခါ၌ လှူဒါန်း၍ ရွှေပန်းထိမ် သည်၏သား စုန္ဒသည် ရာဂ, ဒေါသ, မောဟ ကင်းကွာ ဘုရားဖြစ်ပြီးရာအခါ၌ လှူဒါန်းသော်လည်း သုဇာတာသူဌေးသမီးလှူသော ဆွမ်းကို ဘုဉ်းပေးတော်မူ၍ သဥပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ကိလေသပရိနိဗ္ဗာန် စံတော်မူသည်။ ရွှေပန်းထိမ်သည်၏သား စုန္ဒ လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေးတော်မူ၍ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူသည်။
ဤသို့ ပရိနိဗ္ဗာန် စံပုံချင်း တူသောကြောင့်လည်းကောင်း, ဘုရားဖြစ်တော်မူသောနေ့ ပရိနိဗ္ဗာန် စံတော်မူသောနေ့တို့၌ ကုဋေ ၂-သန်း ၄-သိန်းသော သမာပတ်တို့ကိုဝင်စား တော်မူသဖြင့် ဝင်စားအပ်သော သမာပတ်ချင်း တူသောကြောင့်လည်းကောင်း, သုဇာတာ သူဌေးသမီးသည် ဘုရားအလောင်းတော်အား ရုက္ခစိုးနတ် ထင်မှတ်၍ ဃနာနို့ဆွမ်း လှူဒါန်း ဆက်ကပ်ခဲ့သော်လည်း နောက်အခါမှ “ငါ ဃနာနို့ဆွမ်း လှူဒါန်းခဲ့သော အရှင်သည် ရုက္ခစိုးနတ် မဟုတ်ဘူးတဲ့၊ ဘုရားအလောင်းတော် ဖြစ်သတဲ့၊ ငါလှူခဲ့သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးရ၍ ဘုရားဖြစ်တော်မူပြီတဲ့၊ ရက် သတ္တ ၇-ပတ် (၄၉-ရက်) နောက်ထပ် ဆွမ်း မဘုဉ်းပေးရပဲ မျှတတော်မှုနိုင်သတဲ့”ဟု ကြားရသောအခါ “ငါ့မှာ အရတော်လေစွ အရတော်လေစွ” ဟု အဖန်ဖန် အောက်မေ့ အမှတ်ရသဖြင့် အားကြီးသော ပီတိ သောမနဿတို့ ဖြစ်ပေါ်လာ၏။ ရွှေပန်းထိမ်သည်၏သား စုန္ဒသည်လည်း “ငါသည် ဘုရားရှင်အား နောက်ဆုံးဖြစ်သော ဆွမ်းကို လှူလိုက်ရသတဲ့၊ ငါလှူသော ဆွမ်းကို ဘုဉ်းပေးပြီး ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူသတဲ့” ဟု ကြားရသောအခါ “ငါ့မှာ အရတော်လေစွ, အရတော်လေစွ”ဟု အဖန်ဖန်အောက်မေ့ အမှတ်ရသဖြင့် အားကြီးသော ပီတိသောမနဿတို့ ဖြစ်ပေါ်လာ၏။ ဤသို့ ဝမ်းမြောက်ဝမ်းသာ အဖန်ဖန် အမှတ်ရပုံချင်း တူမျှသောကြောင့်၎င်း ယင်း ဆွမ်းအလှူ ၂-မျိုးတို့သည် တူမျှသော အကျိုးကို ပေးကြ၏။ တစ်ပါး တခြားသော ပုဂ္ဂိုလ်တို့၏ ဆွမ်းအလှူထက် လွန်ကဲ ထူးချွန် မွန်မြတ်သော အကျိုးကို ရကြ၏ [၇၀] [၁]
ဂတိမြဲလှ မြတ်ဒါန
[ပြင်ဆင်ရန်]စာရေးတံမဲ လက်မှတ်၌ ဆွမ်းဒါယကာ၏ နာမည်ကို ရေး၍ သံဃာထဲမှ မဲကျသော ရဟန်းတို့အား လှူဒါန်းအပ်သော “သလာကဘတ်”ကိုလည်းကောင်း, လဆန်း, လဆုတ် ၅-ရက်, ၈-ရက်, ၁၄-ရက် ၁၅-ရက် နေ့တို့၌ ဥပုသ်စောင့်သုံးကာလှူဒါန်းအပ်သော “ပက္ခိကဘတ်ကိုလည်းကောင်း, ဝါဆို သင်္ကန်းကိုလည်းကောင်း, ရေကန်ကိုလည်းကောင်း, ကျောင်းကိုလည်းကောင်း, လှူဒါန်းသောသူသည် အမြဲမပြတ် နိဗဒ္ဓ ကုသိုလ်ကို ပြုရာရောက်သောကြောင့် သောတာပန်နှင့် မခြား အလားတူ၏၊ သောတာပန်ပမာ လားရာဂတိ မြဲ၏-ဟု ဆိုလိုသည် [၇၁] [၁]
ဆုတောင်းပြည့်စေရန်
[ပြင်ဆင်ရန်]၎င်းပြင်— သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ-ဟူသော တရား ၅-ပါး တည်ရှိ၍ ဆုတောင်းမှုလည်း ရှိသောသူ၏ လားရာဂတိသည် မြဲ၏။ ဆုတောင်းမှု မရှိခဲ့မူကား အထက်ကောင်းကင်သို့ မြှောက်တင် ပစ်လွှင့်အပ်သော တုတ်, လှံတံသည် အောက်မြေသို့ အဖျားပိုင်းဖြင့် ကျမည်, အလယ်ပိုင်းဖြင့် ကျမည်, အရင်းပိုင်းဖြင့် ကျမည်ဟု တိတိ ကျကျ မှတ်သားမရ မသိကောင်းသကဲ့သို့ လားရာဂတိ မမြဲနိုင်ပေ။ ထို့ကြောင့် ကုသိုလ် ကောင်းမှု တစ်ခုခု ပြုခဲ့သော် သုဂတိဘုံဌာန တစ်ခုခုကို ဆုတောင်း၍ ပြုသင့်သည် [၇၂] [၁]
သံဃိက ကျောင်းအလှူအကျိုး
[ပြင်ဆင်ရန်]အရပ်လေးမျက်နှာရှိ သံဃာတော်ကို ရည်စူး၍ လှူဒါန်းအပ်သော “စာတုဒ္ဒိသသံဃိက ဝိဟာရဒါန”ခေါ်သော ကျောင်းအလှူသည် သစ်ရွက်မိုးကျောင်းကိုဖြစ်စေ ၁-ကုဋေ ထိုက်တန်သော ကျောင်းကြီးကိုဖြစ်စေ တကြိမ်တခါ ပစ္စည်းဥစ္စာကို စွန့်လွှတ်၍ ဆောက်လုပ် လှူဒါန်းလိုက်လျှင် ၇-နှစ်, ၈-နှစ်, အနှစ် ၁၀၀, အနှစ် ၁၀၀၀-တိုင်အောင် တည်နိုင်၏။ ဆွေးမြေ့ ဟောင်းနွမ်းရာအရပ်, ကျိုးပဲ့ ပြုတ်ကျရာ အရပ်ကို ပြုပြင်ရုံလောက်သာ ပြုပြင်ရသဖြင့် ကျောင်းအလှူသည် ပြုလုပ်ဖွယ်ကိစ္စလည်းနည်း, အကျိုးလည်း ကြီးမား၏ [၇၃]
ကျောင်းကို လှူဒါန်းခြင်းသည် ကာယ ခွန်အား, အဆင်း, ချမ်းသာ, မျက်စိတို့ကို လှူဒါန်းသည်မည်၏ (သံ၊၁၊၂၉။ ဝိ၊ဋ္ဌ၊၄၊၅၈)။ မှန်ပေသည်—ရွာ ၂-ရွာ, ၃-ရွာ ဆွမ်း ခံလှည့်လည်၍ ဆွမ်းတဇွန်းမျှ မရပဲ ပြန်လာ ရသော်လည်း အေးမြသောရေကန်၌ ရေချိုးပြီးနောက် ကျောင်းသို့ ဝင်ရောက်ကာ တမုဟုတ်မျှ အိပ်လိုက်ရလျှင် ကိုယ်ခန္ဓာ၌ ကာယ ခွန်အား တောင့်တင်းလာမြဲဖြစ်၍ ကျောင်းကို လှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်မည်၏။
ကျောင်းပြင်ပ၌ လှည့်လည် သွားလာ၍ လေ, နေပူ-တို့ဖြင့် လောင်မြိုက်ခံရသောအခါ ရုပ်အဆင်းသည် ဖောက်ပြန်လာ၏၊ ကျောင်း တွင်းသို့ဝင်၍ တံခါးပိတ်ကာ တမုဟုတ်မျှ လျောင်းစက် နေလိုက်လျှင် ဝိသဘာဂရုပ်စဉ် ငြိမ်းပျောက်၍ သဘာဂရုပ်စဉ် သက်ရောက်ပြီးလျှင် ရုပ်အဆင်း ကြည်လင်လာမြဲ ဖြစ်၍ ကျောင်းကို လှူဒါန်းခြင်းသည် အဆင်းကိုလည်း လှူဒါန်းသည်မည်၏။
ကျောင်းပြင်ပ၌ လှည့်လည်သွားလာလျှင် ခြေ၌ ဆူးစူးခြင်း, သစ်ငုတ်, ခလုတ် ထိခိုက် တိုက်မိခြင်း, မြွေ သူခိုး-စသော ဘေးရန်တို့နှင့် တွေ့ကြုံရခြင်း အန္တရာယ်တို့ ဖြစ်ပေါ် တတ်၍ ကျောင်းသို့ဝင်ကာ တံခါးပိတ်၍ လျောင်းစက်နေလိုက်လျှင် ယင်း-ဘေးရန်တို့ မဖြစ်ပေါ်နိုင်သဖြင့် ကိုယ်ချမ်းသာမှုရခြင်း, တရားကျမ်းဂန် ရွတ်အံသရဇ္ဈာယ် နေလျှင် တရား၌ နှစ်သက်သော “ဓမ္မပီတိ” ချမ်းသာ ဖြစ်ပေါ်ခြင်း, ကမ္မဋ္ဌာန်း နှလုံးသွင်းနေလျှင် အကုသိုလ် အပူဘေးတို့ ငြိမ်းအေးမှု “ဥပသမ” ချမ်းသာကို ရခြင်းဟူသော ဂုဏ်ကျေးဇူးတို့ကို ရသောကြောင့် ကျောင်းကို လှူဒါန်းခြင်းသည် ချမ်းသာကိုလည်း လှူဒါန်းသည် မည်၏။
ကျောင်းပြင်ဖက်၌ လှည့်လည် သွားလာလျှင် ကိုယ်ခန္ဓာမှ ချွေးကျခြင်း, မျက်စိတုန်လှုပ်ခြင်းတို့ ဖြစ်တတ်၍ ကျောင်းတွင်းသို့ ဝင်လျှင်ဝင်ချင်း ဘာမျှ မမြင်ရသော်လည်း တမုဟုတ်မျှ ထိုင်နေလိုက်လျှင် မျက်စိကြည် လင်လာခြင်းကြောင့် ကျောင်းကို လှူဒါန်းခြင်းသည် မျက်စိကိုလည်း လှူဒါန်းသည် မည်၏ [၇၄]
ယင်း-အလှူ၏ သုတ္တန်ဒေသနာ နည်းလာ အကျိုး ၉-ပါး [၇၅]
ဝိနည်းဒေသနာနည်းလာ အကျိုး ၁၇-ပါး [၇၆] ကြည့်။
ကျောင်းအလှူ၏အကျိုးအာနိသင် ကြီးမားပုံကို ဘုရားရှင်မှတပါး အဘယ်သူသည် ကုန်စင်အောင် ဟောပြ စွမ်းနိုင် ပါအံ့နည်း။ ပါးစပ်ပေါင်း ၁-သောင်းရှိသော ပုဂ္ဂိုလ်သော် မှ ကုန်စင်အောင် မဟောပြစွမ်းနိုင် [၇၇] [၁]
ထင်ရှားသော စရပ်, တန်ဆောင်း, ကျောင်း အလှူရှင်များ
[ပြင်ဆင်ရန်]- ရာဇဂြိုဟ်မြို့နေ သူဌေး[၇၈],
- အနာထပိဏ်သူဌေး [၇၉],
- ဓမ္မာသောကမင်း [၈၀],
- သုမနမင်းသား [၈၁],
- ပါဝါရိကသူဌေး [၈၂],
- သောတာပန်အမျိုးသမီး ဝိသာခါ [၈၃],
- ဃောသိတသူဌေး[၈၄],
- ကုက္ကုဋသူဌေး [၈၅],
- ဆေးဆရာ ဇီဝက [၈၆]
- ပသေနဒီကောသလမင်း [၈၇],
- သုမင်္ဂလသူဌေး [၈၈],
- မေဏ္ဍကသူဌေး [၈၉],
- ဗိမ္မိသာရမင်း[၉၀],
- မစလ ရွာသားမဃလုလင်အမှူးရှိသော ၃၃-ယောက်သော အမျိုးသားများ [၉၁] နန္ဒိယအမျိုးသား [၉၂],
- အနုရုဒ္ဓါထေရ်၏နှမ ရောဟိနီမင်းသမီး [၉၃]တို့ ဖြစ်၏။
ယာဉ် လှူဒါန်းခြင်း
[ပြင်ဆင်ရန်]ဆင်, မြင်း, ရထား, ထီး, ဖိနပ်, တောင်ဝှေး, ညောင်စောင်း, အင်းပျဉ်, လှေကား, တံတား, လှေ-တို့ကို လှူဒါန်းခြင်း, လမ်းခရီးကို သုတ်သင်ရှင်းလင်းခြင်းသည် ယာဉ်ကို လှူဒါန်းသည် မည်၏။ သို့ရာတွင် ရဟန်းတော်တို့အား ဆင်ယာဉ်, မြင်းယာဉ်, ရထားယာဉ်များ မအပ်သဖြင့် ၎င်းယာဉ်တို့မှ ကြွင်းကျန်သော ယာဉ်များကို လှူဒါန်းရာ၏။ ယာဉ်သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ဆောင်နိုင်သောကြောင့် ယာဉ်ကို လှူဒါန်းခြင်းသည် ချမ်းသာကို လှူဒါန်းသည်နှင့် တူ၏ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈)။ [၁]
အဝတ်လှူဒါန်းခြင်း
[ပြင်ဆင်ရန်]“လူမှာအဝတ် တောင်းမှာအကွပ်”ဆိုသကဲ့သို့ အဆင်းလှပသူပင် ဖြစ်စေကာမူ ဟောင်းနွမ်းညစ်ပေသော အဝတ်ကို ဝတ်ဆင်ခဲ့သော်လည်းကောင်း, လုံးဝ အဝတ် မဝတ်ပဲ နေခဲ့သော်လည်းကောင်း, အဆင်းဖောက်ပြန် အကျည်းတန် အရုပ်ဆိုး၏။ အဝတ်အဆင်လှလှ ဝတ်ဆင်ရလျှင် အရုပ်ဆိုးသူပင် ဖြစ်စေကာမူ နတ်သားတမျှ တင့်တယ်လှပနိုင်သောကြောင့် အဝတ် အထည်ကို လှူဒါန်းခြင်းသည် အဆင်းကို လှူဒါန်းသည်နှင့်တူ၏ [၉၄]။
မိန်းမများ သင်္ကန်းလှူလျှင် ရတနာ ၇-ပါးဖြင့် စီခြယ်မွမ်းမံထားအပ်သော မဟာလတာ တန်ဆာကိုရနိုင်၏။ ယောက်ျားများ သင်္ကန်း လှူလျင် တန်ခိုးဖြင့် ပြီးသော သပိတ်, သင်္ကန်းကို ရနိုင်၏ [၉၅] [၁]
ထင်ရှားသော သင်္ကန်း အဝတ်အထည် အလှူရှင်များ
[ပြင်ဆင်ရန်]- ကျောင်းအမကြီး ဝိသာခါ [၉၆]
- ဆေးဆရာ ဇီဝက [၉၇]
- ပါဝါမြို့သား ပုက္ကုသ [၉၈]
- အရှင်အာနန္ဒာ [၉၉]
- မဟာပဇာပတိဂေါတမီ[၁၀၀]
- ဝေရဉ္ဇာပြည်သား ဥဒယပုဏ္ဏား [၁၀၁]
- ဝိသာခါအလောင်း အမျိုးသမီး [၁၀၂]
- ဧကသာဋကပုဏ္ဏား [၁၀၃]
- မေဏ္ဍကသူဌေး [၁၀၄]
- သာဝတ္ထိမြို့နေ ဥပါသကာတစ်ယောက် [၁၀၅]
- ဥမ္မာဒန္တီအလောင်း သူဆင်းရဲ အမျိုးသမီး [၁၀၆]
- ဗာရာဏသီ မြို့သား သူကြွယ် [၁၀၇]
- သာဝတ္ထိ မြို့နေ အမျိုးသမီး တစ်ယောက် [၁၀၈]
- ဘုရားအလောင်း ပဗ္ဗတမင်း [၁၀၉]
- အတိဒေဝပုဏ္ဏား[၁၁၀]
- ခေမမင်း [၁၁၁]
- အတုလနဂါးမင်း [၁၁၂]
- ဘုရားအလောင်းဇဋိလ[၁၁၃]
- အရိန္ဒမမင်း [၁၁၄]
- သုဒဿနမင်း[၁၁၅]-တို့ ဖြစ်၏။
အလွန် ကာယ ခွန်အား ကြီးမားသူပင် ဖြစ်စေကာမူ ဆွမ်း ၂-ထပ် ၃-ထပ် မစားရလျှင် နေရာမှ မထနိုင်သည်အထိ အားအင် ချိနဲ့လာ၍ ဆွမ်းစားရလျှင် ကာယခွန်အား နည်းပါးသူပင် ဖြစ်စေကာမူ အားခွန်ဗလ ပြည့်ဝလာသောကြောင့် ဆွမ်းကို လှူဒါန်းခြင်းသည် ကာယ ခွန်အားကို လှူဒါန်းသည်နှင့် တူ၏ [၁၁၆]။ [၁]
ထင်ရှားသော ဆွမ်းအလှူရှင်များ
[ပြင်ဆင်ရန်]- ဥတ္တရာပထတိုင်းသား မြင်းကုန်သည်များ[၁၁၇]
- သုပ္ပိယာ ဥပါသိကာမ [၁၁၈]
- ကျောင်း အမကြီးဝိသာခါ [၁၁၉],
- ဗောဓိမင်းသား [၁၂၀]
- ပါဝါမြို့ သား စုန္ဒ [၁၂၁]
- အနာထပိဏ် သူဌေး [၁၂၂]
- အနုရုဒ္ဓါအလောင်း အန္နဘာရသူဆင်းရဲ [၁၂၃]
- သုမနမင်းသမီး အလောင်းလျာ သူဌေးသမီး [၁၂၄]
- ဗိမ္ဗိသာရမင်း [၁၂၅]
- ဃောသက သူဌေးကတော် [၁၂၆]
- သိကြားမင်းနှင့် သုဇာ [၁၂၇]
- ပဏ္ဍိတသာမဏေ၏အလောင်း ဆင်းရဲသား [၁၂၈],
- ဘတ္တဘတိက တောသား [၁၂၉]
- မောင်ပုဏ္ဏ၏ မယား မယ်ဥတ္တရာ [၁၃၀],
- ပသေနဒီကောသလမင်း [၁၃၁]
- နွားကျောင်းသား မောင်နန္ဒ [၁၃၂],
- သံဃဒါသီ မင်းသမီး [၁၃၃]
- ဇဋိလထေရ် အလောင်းသူကြွယ် [၁၃၄]
- ကျွန်မ မယ်ပုဏ္ဏာ [၁၃၅],
- တမ္ဗဒါဌိက ခိုးသူသတ် ယောက်ျား [၁၃၆]-တို့ ဖြစ်၏။ [၁]
ဆီမီး လှူဒါန်းခြင်း
[ပြင်ဆင်ရန်]အင်္ဂါ ၄-ပါးရှိသော အမိုက်တိုက် အမိုက်မှောင်၌ ဆီမီးတန်ဆောင် အလင်းရောင် မရှိလျှင် မျက်စိမြင်သူပင် ဖြစ်စေကာမူ အဆင်း “ရူပါရုံ”ကို မမြင်နိုင်၊ အဘယ်မျှလောက် မှောင်မိုက်စေကာမူ ဆီမီးတန်ဆောင်အလင်း ရောင်ရှိလျှင် အဆင်း “ရူပါရုံ”ကို မြင်ရသောကြောင့် ဆီမီးကို လှူဒါန်းရခြင်းသည် မျက်စိကို လှူဒါန်းသည်နှင့်တူ၏။ ပရိနိဗ္ဗာန်တော်မူပြီးသော ပဒုမုတ္တရာဘုရားရှင်၏ ဓာတ်တော် မွေတော်တို့ ကိန်းဝပ်ရာ ၇-ယူဇနာရှိသော ရွှေစေတီ၌ ထောင်ပေါင်းများစွာသော ဆီမီးတိုင်တို့ကို လှူဒါန်းခဲ့သော ကောင်းမှုကြောင့် အရှင်အနုရုဒ္ဓါမထေရ် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရသကဲ့သို့ ဆီမီးလှူဒါန်း သူသည် ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရနိုင်၏ [၁၃၇]။ [၁]
ဒါန အကျိုး အမျိုးမျိုး
[ပြင်ဆင်ရန်]- ဆွမ်းလှူကျိုး ၄-ပါး [၁၃၈], ယင်း-အကျိုး ၅-ပါး [၁၃၉],
- ထီးလှူကျိုး ၈-ပါး,
- အဝတ်ပုဆိုးလှူကျိုး ၈-ပါး
- သပိတ်လှူကျိုး ၁၀-ပါး,
- ပဲခွပ်လှူကျိုး ၈-ပါး,
- ဓားငယ်လှူကျိုး ၅-ပါး,
- အပ်လှူကျိုး ၁-ပါး,
- လက်သည်းလှီးဓားလှူကျိုး ၅-ပါး,
- နှီး ထန်းရွက်ယပ်တောင် လှူကျိုး ၈-ပါး,
- ဥဒေါင်းမြီး သားမြီးယပ် လှူကျိုး ၁-ပါး,
- ရေစစ်, ဓမကရိုဏ်လှူကျိုး ၅-ပါး,
- ဆီကျည်တောက် = ဆီဗူးလှူကျိုး ၅-ပါး,
- အပ်ကျည် = အပ်ဗူး လှူကျိုး ၃-ပါး,
- ပခုံးလွယ်ကြိုး(အံသကိုဋ်)လှူကျိုး ၃-ပါး,
- ခါးပန်းကြိုး လှူကျိုး ၆-ပါး,
- သပိတ်ခြေလှူကျိုး ၅-ပါး,
- အိုးလှူကျိုး ၃-ပါး,
- ခွက်လှူကျိုး ၅-ပါး,
- ဆေးလှူကျိုး ၁၀-ပါး,
- ဖိနပ်လှူကျိုး ၃-ပါး,
- ခြေနင်းလှူကျိုး ၁-ပါး,
- ရေသုတ်ပုဆိုး လှူကျိုး ၅-ပါး,
- တောင်ဝှေး လှူကျိုး ၆-ပါး,
- မျက်စဉ်းဆေးလှူကျိုး ၈-ပါး,
- သော့လှူကျိုး ၁-ပါး,
- သော့အိမ် = သော့ခလောက်လှူကျိုး ၂-ပါး,
- အာယောဂပတ် လှူကျိုး ၁၀-ပါး,
- အခိုးတံ = ဆေးတံ လှူကျိုး ၃-ပါး,
- ဆီမီးလှူကျိုး ၃-ပါး နှင့် ကြုတ်လှူကျိုး ၁၀-ပါး,
- လက်သုတ်ပုဝါ လှူကျိုး ၅-ပါး,
- သင်ဓုန်းဓားလှူကျိုး ၁-ပါး,
- မွေးညှပ်လှူကျိုး ၁-ပါး,
- နှာနှပ်တံ လှူ ကျိုး ၈-ပါး,
- အင်းပျဉ်လှူကျိုး ၅-ပါး,
- ဘုံလျှို = မွေ့ရာလှူကျိုး ၆-ပါး,
- ခေါင်းအုံးလှူကျိုး ၆-ပါး,
- ပျဉ်ချပ် အင်းပျဉ်လှူကျိုး ၂-ပါး,
- ခြေဆေးအင်းပျဉ်လှူကျိုး ၂-ပါး,
- ခြေနယ် ဆီလှူကျိုး ၅-ပါး,
- ထောပတ်ဆီလှူကျိုး ၅-ပါး,
- သွားတိုက်ဆေးလှူကျိုး ၅-ပါး,
- နို့ဓမ်း လှူကျိုး ၂-ပါး,
- ပျားရည်လှူကျိုး ၁-ပါး,
- အရသာရှိသော အာဟာရလှူကျိုး ၁-ပါး,
- ထမင်းအဖျော်လှူကျိုး ၁၀-ပါး,
- အမွှေးတိုင် အခိုးအထုံလှူကျိုး ၁၀-ပါး [၁၄၀],
- တံတားလှူကျိုး ၁၁-ပါး(ယင်း-၄၀၄),
- ယာဂုလှူကျိုး ၁၀-ပါး [၁၄၁]), ယင်း အကျိုး ၅-ပါး [၁၄၂] ကြည့်။ [၁]
ဘုရားရှင်သာ ဒါနအကျိုးကို အကုန်သိနိုင်
[ပြင်ဆင်ရန်]ပြဆိုခဲ့ပြီးသော ဒါနကထာကား မှတ်သားဖွယ် ကောင်းရာလောက်ကိုသာ ထုတ်နုတ်ပြဆိုထားခြင်း ဖြစ်သည်၊ အမှန်စင်စစ်မှာ ဘုရားရှင်မှတစ်ပါး အခြား တစ်ဦးတစ်ယောက်မျှ ဒါန၏အကျိုးကို ကုန်စင်အောင် မသိနိုင်။ ပညာအရာ ဧတဒဂ်ဘွဲ့ထူးခံ လက်ျာတော်ရံ ဓမ္မသေနာပတိ အရှင်သာရိပုတြာ မထေရ်ကြီးသော်မှ ကုန်စင်အောင် သိတော်မမူ။ ဘုရားရှင်သည်သာ အကုန်အစင် သိမြင်တော်မူပေသည် [၁၄၃] [၁]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ ၁.၁၇ ၁.၁၈ ၁.၁၉ ၁.၂၀ ၁.၂၁ တိပိဋကအဘိဓာန် အတွဲ-၁၀
- ↑ (သံ၊ဋ္ဌ၊၁၊၁၅၂။ သံ၊ဋီ၊၁၊၁၉၈)
- ↑ (ဒီ၊ဋ္ဌ၊၁၊၂၆၆။ အံ၊ဋ္ဌ၊၃၊၂၀။ ဒီ၊ဋီ၊၁၊၃၂၅)။
- ↑ (ဝိ၊၂၊၁၀၇၊ ၂၃၁။ ဝိ၊ဋ္ဌ၊၃၊၈၆။ ပါစိတ်၊ ယော၊၁၊၅၁)
- ↑ (ဝိ၊၂၊၂၃၁)
- ↑ (ဝိ၊၂၊၂၀၈)
- ↑ (ဝိ၊၂၊၂၃၂-၃)
- ↑ (ဇာ၊၁၊၁၅၉၊ ၁၆၀။ ဇာ၊ဋ္ဌ၊၃၊၃၁၉၊ ၃၂၀)။
- ↑ (သံ၊၁၊၉၀)
- ↑ (သံ၊၁၊၉၂-၃။ သံ၊ဋ္ဌ၊၁၊၁၄၇-၈။ ဇာ၊ဋ္ဌ၊၃၊၂၈၀၊ ၂၈၁-၂။ ဒီ၊ဋီ၊၁၊၃၂၇-၈။ သီ၊ဋီ၊သစ်၊၂၊၃၁၀၊ ၃၁၁-၂)
- ↑ (အံ၊ဋ္ဌ၊၁၊၂၇၀-၁။ ထေရီ၊ဋ္ဌ၊၁၉၃-၄)
- ↑ (ဒီ၊ဋ္ဌ၊၁၊၂၆၈)
- ↑ (ဒီ၊ဋီ၊၁၊၃၂၈။ သီ၊ဋီ၊သစ်၊၂၊၃၁၃)
- ↑ (ဒီ၊၁၊၁၁-၂။ ဒီ၊ဋ္ဌ၊၁၊၂၆၈။ သီ၊ဋီ၊သစ်၊၂၊၃၁၂)
- ↑ (အံ၊၁၊၃၆။ အံ၊ဋ္ဌ၊၁၊၃၇၅)။
- ↑ (အံ၊ဋ္ဌ၊၁၊၃၇၅)။
- ↑ (ဒီ၊ဋ္ဌ၊၁၊၂၆၄)
- ↑ (သံ၊ဋ္ဌ၊၁၊၄၉)
- ↑ (သံ၊၁၊၁၇။ ဇာ၊၁၊၂၁၈။ သံ၊ဋ္ဌ၊၁၊၅၆)
- ↑ (သံ၊၁၊၁၈-၉။ ဇာ၊၁၊၂၁၉။ သံ၊ဋ္ဌ၊၁၊၅၆။ ဇာ၊ဋ္ဌ၊၄၊၆၆)
- ↑ (သံ၊၁၊၁၈။ သံ၊ဋ္ဌ၊၁၊၅၆)။
- ↑ (ဒီ၊၃၊၂၁၄-၅။ အံ၊၃၊၇၀-၂။ ဒီ၊ဋ္ဌ၊၃၊၂၂၇။ အံ၊ဋ္ဌ၊၃၊၂၃၀)။
- ↑ (အံ၊၃၊၄၇၇-၄၈၁။ ပေတ၊ဋ္ဌ၊၂၅-၇)။
- ↑ (သံ၊၁၊၄၁။ သံ၊ဋ္ဌ၊၁၊၉၄)။
- ↑ (အံ၊ဋ္ဌ၊၁၊၃၇၃)
- ↑ (သံ၊၁၊၂၉။ ဇာ၊၁၊၁၈၃။ သံ၊ဋ္ဌ၊၁၊၇၇။ ဇာ၊ဋ္ဌ၊၃၊၄၄၇)။
- ↑ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈)
- ↑ (စရိယာ၊ဋ္ဌ၊၂၈၃။ ဒီ၊ဋီ၊၁၊၇၄။ သီ၊ဋီ၊သစ်၊၁၊၂၆၀)။
- ↑ (စရိယာ၊ဋ္ဌ၊၂၈၃။ ဒီ၊ဋီ၊၁၊၇၄။ သီ၊ဋီ၊သစ်၊၁၊၂၆၀-၁)။
- ↑ စရိယာ၊ဋ္ဌ၊၂၈၄။ ဒီ၊ဋီ၊၁၊၇၄-၅။ သီ၊ဋီ၊သစ်၊၁၊၂၆၁)
- ↑ (စရိယာ၊ဋ္ဌ၊၂၈၄။ ဒီ၊ဋီ၊၁၊၇၅။ သီ၊ဋီ၊သစ်၊၁၊၂၆၁)
- ↑ (စရိယာ၊ဋ္ဌ၊၂၀၄။ ဒီ၊ဋီ၊၁၊၇၅။ သီ၊ဋီ၊သစ်၊၁၊၂၆၁-၂)
- ↑ (စရိယာ၊ဋ္ဌ၊၃၁၈-၉။ သီ၊ဋီ၊သစ်၊၁၊၂၉၅-၆)
- ↑ (သံ၊၁၊၁၈-၉။ ဇာ၊၁၊၂၁၉။ သံ၊ဋ္ဌ၊၁၊၅၆။ ဇာ၊ဋ္ဌ၊၄၊၆၆)
- ↑ (သံ၊၁၊၁၈။ ဇာ၊၁၊၂၁၈။ ဇာ၊ဋ္ဌ၊၄၊၆၅)
- ↑ (ဣတိဝုတ်၊ဋ္ဌ၊၂၂၇)
- ↑ (သံ၊၁၊၁၇၊ ၁၉။ ဇာ၊၁၊၂၁၈။ သံ၊ဋ္ဌ၊၁၊၅၆။ ဇာ၊ဋ္ဌ၊၄၊၆၄)။
- ↑ (ဒီ၊ဋီ၊၁၊၃၂၉။ သီ၊ဋီ၊သစ်၊၂၊၃၁၃)
- ↑ (သံ၊ဋီ၊၁၊၁၂၆)
- ↑ (သံ၊၁၊၁၈၊ ၃၀။ ဇာ၊၁၊၂၁၈။ သံ၊ဋ္ဌ၊၁၊၅၆။ ဇာ၊ဋ္ဌ၊၄၊၆၅)
- ↑ (သံ၊၁၊၃၁၊ ၉၆-၇။ သံ၊ဋ္ဌ၊၁၊၄-၅။ သံ၊ဋီ၊၁၊၁၂၆-၇)။
- ↑ (ဒီ၊ဋ္ဌ၊၁၊၃၁၇။ မ၊ဋ္ဌ၊၄၊၁၇၅)
- ↑ (ဣတိဝုတ်၊ဋ္ဌ၊၈၄-၅)။
- ↑ (ပေတ၊ဋ္ဌ၊၉။ ဝိဘာဝိနီ၊၁၇၆-၇)။
- ↑ (ဒီ၊ဋ္ဌ၊၃၊၁၈၂။ အဘိ၊ဋ္ဌ၊၁၊၂၀၂။ ဣတိဝုတ်၊ဋ္ဌ၊၁၉၅။ ဒီ၊ဋီ၊၃၊၂၀၆)။
- ↑ (အံ၊ဋ္ဌ၊၁၊၁၄၇
- ↑ (ဣတိဝုတ်၊၂၄၀။ ဣတိဝုတ်၊ ဋ္ဌ ။ ၂၂၆-၇)
- ↑ (သံ၊၁၊၁၀၀။ သံ၊ဋ္ဌ၊၁၊၁၅၂-၃။ သံ၊ဋီ၊၁၊၁၉၈-၉)။
- ↑ (သံ၊၁၊၁၈။ သံ၊ဋ္ဌ၊၁၊၅၆)
- ↑ (အံ၊၂၊၂၇-၈။ အံ၊ဋ္ဌ၊၃၊၁၇)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၉၊ ၃၆၀။ ဓမ္မ၊ဋ္ဌ၊၂၊၁၁-၂။)
- ↑ (အံ၊၂၊၃၃-၅)
- ↑ (အံ၊၂၊၄၅၇-၉
- ↑ (ဒီ၊ဋ္ဌ၊၃၊၂၂၇။ အံ၊ဋ္ဌ၊၃၊၂၂၉။ ဝိသုဒ္ဓိ၊၁၊၃၀၀)
- ↑ (ဝိသုဒ္ဓိ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၆၂)
- ↑ (သံ၊ဋ္ဌ၊၁၊၅၆)။
- ↑ (သံ၊၁၊၂၀။ ဇာ၊၁၊၁၈၃။ သံ၊ဋ္ဌ၊၁၊၅၉။ ဇာ၊ဋ္ဌ၊၃၊၄၄၈)။
- ↑ (ဒီ၊ဋီ၊၂၊၆၈။ မ၊ဋီ၊၃၊၃၇။ အံ၊ဋီ၊၃၊၂၂၂)
- ↑ (ဒီ၊ဋ္ဌ၊၂၊၆၃။ မ၊ဋ္ဌ၊၃၊၆၄။ အံ၊ဋ္ဌ၊၃၊၂၁၃။ ဥဒါန၊ဋ္ဌ၊၂၅၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၅။ ဒီ၊ဋီ၊၂၊၆၈။ မ၊ဋီ၊၃၊၃၆-၇။ အံ၊ဋီ၊၃၊၂၂၁-၂)
- ↑ (ဒီ၊၃၊၂၁၄-၅။ အံ၊၃၊၇၁-၂။ ဒီ၊ဋ္ဌ၊၃၊၂၂၇။ အံ၊ဋ္ဌ၊၃၊၂၃၀။ ဒီ၊ဋီ၊၃၊၂၆၃။ အံ၊ဋီ၊၃၊၂၃၇)။
- ↑ (ဒီ၊ဋီ၊၂၊၆၇။ အံ၊ဋီ၊၃၊၂၂၁)။
- ↑ (သံ၊၁၊၃၀၊ ၅၇။ သံ၊ဋ္ဌ၊၁၊၇၉။ သံ၊ဋီ၊၁၊၁၂၀)။
- ↑ (သံ၊၁၊၁၈။ သံ၊ဋ္ဌ၊၁၊၅၇။ ဇာ၊ဋ္ဌ၊၄၊၆၆။ သံ၊ဋီ၊၁၊၁၀၃)
- ↑ (သံ၊ဋ္ဌ၊၁၊၅၆-၇။ ဇာ၊ဋ္ဌ၊၄၊၆၆။ သံ၊ဋီ၊၁၊၁၀၂)။
- ↑ (
- ↑ (ဒီ၊၃၊၁၂၁။ ဒီ၊ဋ္ဌ၊၃၊၁၀၅-၇။ ဇိနာလင်္ကာရ။ ၁၈၈၊ ၁၉၀)
- ↑ (ဒီ၊၃၊၁၂၄။ ဒီ၊ဋ္ဌ၊၃၊၃၀၉။ ဒီ၊ဋီ၊၃၊၁၀၉၊ ၁၁၀။ ဇိနာလင်္ကာရ။ ၁၈၈။ ၁၉၁)။
- ↑ (ဒီ၊၃၊၁၃၀။ ဒီ၊ဋ္ဌ၊၃၊၁၁၆။ ဒီ၊ဋီ၊၃၊၁၁၈။ ဇိနာလင်္ကာရ။ ၁၁၈၊ ၁၉၁)။
- ↑ (ဒီ၊၃၊၁၁၉၊ ၁၃၇။ ဒီ၊ဋ္ဌ၊၃၊၁၀၂၊ ၁၀၅၊ ၁၂၀။ ဒီ၊ဋီ၊၃၊၁၀၀-၆၊ ၁၂၁-၂။ ဇိနာလင်္ကာရ။ ၁၈၈၊ ၁၉၄)
- ↑ (ဒီ၊၂၊၁၁၂။ ဥဒါန၊ ၁၈၂-၃။ ဒီ၊ဋ္ဌ၊၂၊၁၆၂-၃။ ဥဒါန၊ဋ္ဌ၊၃၆၆။ ဒီ၊ဋီ၊၂၊၁၇၂-၃)။
- ↑ (အံ၊ဋ္ဌ၊၃၊၂၆၅)။
- ↑ (မ၊ဋ္ဌ၊၄၊၁၀၄)။
- ↑ (ဒီ၊၁၊၁၃၈။ ဒီ၊ဋ္ဌ၊၁၊၂၇၁)။
- ↑ (သံ၊ဋ္ဌ၊၁၊၇၈-၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆။ သာရတ္ထ၊၃၊၃၉၄။ ဒီ၊ဋီ၊၁၊၃၃၁။ သီ၊ဋီ၊သစ်၊၂၊၃၁၇)။
- ↑ (မ၊၁၊၁၃။ အံ၊၂၊၃၄၁။ ဒီ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၁၊၃၀-၂)
- ↑ (ဝိ၊၄၊၂၉၁-၂၊ ၃၁၄။ ဝိ၊ဋ္ဌ၊၄၊၅၈။ ဒီ၊ဋ္ဌ၊၁၊၂၇၁။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆-၇။ သာရတ္ထ၊၃၊၃၉၃-၄။ ဒီ၊ဋီ၊၁၊၃၃၁-၂။ သီ၊ဋီ၊သစ်၊၂၊၃၁၇-၉)
- ↑ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅)။
- ↑ (ဝိ၊၄၊၂၉၁)
- ↑ (ဝိ၊၄၊၃၁၄။ မ၊ဋ္ဌ၊၁၊၆၂-၃။ သံ၊ဋ္ဌ၊၁၊၁၂။ အံ၊ဋ္ဌ၊၁၊၁၁)
- ↑ (ဝိ၊ဋ္ဌ၊၁၊၃၆-၇)
- ↑ (ဒီ၊ဋ္ဌ၊၂၊၈၁။ အံ၊ဋ္ဌ၊၁၊၂၂၆)
- ↑ (ဒီ၊ဋ္ဌ၊၃၊၅၇။ မ၊ဋ္ဌ၊၂၊၂၉၁။ မ၊ဋ္ဌ၊၃၊၃၆)
- ↑ (မ၊ဋ္ဌ၊၂၊၇၀-၁၊ ၁၉၆-၇။ ဓမ္မ၊ဋ္ဌ၊၁၊၂၆၂)
- ↑ (မ၊ဋ္ဌ၊၂၊၂၈၇-၈)
- ↑ (မ၊ဋ္ဌ၊၂၊၂၉၁)
- ↑ (မ၊ဋ္ဌ၊၃၊၃၂)
- ↑ (သံ၊၃၊၃၀၅။ သံ၊ဋ္ဌ၊၃၊၃၁၃-၆)
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၃၉)
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၂-၃)
- ↑ (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၅)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၁၆၉)
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၉၊ ၁၉၀)
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၁၉၂-၄)
- ↑ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၉)။
- ↑ (ဝိ၊၃၊၄၀၆၊ ၄၁၀),
- ↑ (ဝိ၊၃၊၃၉၃),
- ↑ (ဒီ၊၂၊၁၁၀။ ဒီ၊ဋ္ဌ၊၂၊၁၆၀),
- ↑ (ဒီ၊၂၊၁၁၁။ ဒီ၊ဋ္ဌ၊၂၊၁၆၀-၁),
- ↑ (မ၊၃၊၂၉၆။ မ၊ဋ္ဌ၊၄၊၂၁၉-၂၂၂),
- ↑ (ဝိ၊၁၊၁၂။ ဝိ၊ဋ္ဌ၊၁၊၁၆၇-၈),
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၄၉),
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၂),
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၂၃၂-၃),
- ↑ (ဇာ၊ဋ္ဌ၊၄၊၁၅),
- ↑ (ဇာ၊ဋ္ဌ၊၅၊၂၂၃),
- ↑ (ပေတ၊ဋ္ဌ၊၆၈),
- ↑ (ပေတ၊ဋ္ဌ၊၂၅၇),
- ↑ (အဘိ၊ဋ္ဌ၊၁၊၇၀။ အပ၊ဋ္ဌ၊၁၊၅၃။ ဇာ၊ဋ္ဌ၊၁၊၅၁),
- ↑ (အဘိ၊ဋ္ဌ၊၁၊၆၂။ အပ၊ဋ္ဌ၊၁၊၄၄။ ဇာ၊ဋ္ဌ၊၁၊၄၂),
- ↑ (အဘိ၊ဋ္ဌ၊၁၊၇၀။ အပ၊ဋ္ဌ၊၁၊၅၃။ ဇာ၊ဋ္ဌ၊၁၊၅၁),
- ↑ (အဘိ၊ဋ္ဌ၊၁၊၆၂။ အပ၊ဋ္ဌ၊၁၊၄၃။ ဇာ၊ဋ္ဌ၊၁၊၄၂),
- ↑ (အဘိ၊ဋ္ဌ၊၁၊၆၄-၅။ အပ၊ဋ္ဌ၊၁၊၄၇။ ဇာ၊ဋ္ဌ၊၁၊၄၅),
- ↑ (အဘိ၊ဋ္ဌ၊၁၊၆၉။ အပ၊ဋ္ဌ၊၁၊၅၂။ ဇာ၊ဋ္ဌ၊၁၊၅၀),
- ↑ (အဘိ၊ဋ္ဌ၊၁၊၇၀။ အပ၊ဋ္ဌ၊၁၊၅၂။ ဇာ၊ဋ္ဌ၊၁၊၅၀)
- ↑ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈)
- ↑ (ဝိ၊၁၊၇။ ဝိ၊ဋ္ဌ၊၁၊၁၄၆),
- ↑ (ဝိ၊၃၊၃၀-၁။ အံ၊ဋ္ဌ၊၁၊၃၄၈-၉),
- ↑ (ဝိ၊၃၊၄၀၆-၈)
- ↑ (ဝိ၊၄၊၂၆၆-၇။ မ၊၂၊၂၇၈),
- ↑ (ဒီ၊၂၊၁၀၅-၆),
- ↑ (အံ၊ဋ္ဌ၊၁၊၂၉၆),
- ↑ (အံ၊ဋ္ဌ၊၁၊၁၄၅-၈။ ဓမ္မ၊ဋ္ဌ၊၂၊၃၈၂-၅),
- ↑ (ဒီ၊ဋ္ဌ၊၂၊၆၈။ အံ၊ဋ္ဌ၊၃၊၁၃၊ ၁၄),
- ↑ (ခုဒ္ဒက၊၈-၉။ ခုဒ္ဒက၊ဋ္ဌ၊၁၆၈-၁၈၂။ ဓမ္မ၊ဋ္ဌ၊၁၊၆၆),
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၆),
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၆၈-၉။ ဥဒါန၊ဋ္ဌ၊၁၇၈၊ ၁၇၉),
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၃၆၀-၆)
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၅၈-၆၀),
- ↑ (မ၊ဋ္ဌ၊၄၊၄။ ဓမ္မ၊ဋ္ဌ၊၂၊၁၉၆-၉)
- ↑ (ဇာ၊ဋ္ဌ၊၂၊၃၉၀။ ဇာ၊ဋ္ဌ၊၃၊၃၅၃),
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၅)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၅၀),
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၄၃၁-၂),
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၂၀၇)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၆-၇)
- ↑ (သံ၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၈။ အံ၊ဋ္ဌ၊၁၊၁၄၄)
- ↑ (အံ၊၁၊၃၇၄-၅)
- ↑ (အံ၊၂၊၃၅)
- ↑ (အပ၊၁၊၃၅၀-၃၇၀)
- ↑ (ဝိ၊၃၊၃၁၅
- ↑ (အံ၊၂၊၂၁၈-၉။ အပ၊၁၊၄၄၂)
- ↑ (ဣတိဝုတ်၊၂၀၇။ မ၊ဋ္ဌ၊၄၊၂၂၇။ ဇာ၊ဋ္ဌ၊၃၊၃၈၇။ မ၊ဋီ၊၃၊၄၁၅)။