အဘိဓမ္မာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘာသာပြန်ဆိုချက်များ
abhidharma
အင်္ဂလိပ်ဘာသာ higher teaching,
meta-teaching
ပါဠိ अभिधम्म
သင်္ကရိုက် अभिधर्म
ဘင်္ဂါလီ অভিধর্ম্ম
ôbhidhôrmmô
မြန်မာ အဘိဓမ္မာ
(IPA: [əbḭdəmà])
တရုတ် 阿毗達磨(T) / 阿毗达磨(S)
(Pinyināpídámó)
ဂျပန် 阿毘達磨
(rōmaji: abidatsuma)
ခမာ អភិធម្ម (aphitam)
ကိုရီးယား 아비달마
(RR: abidalma)
ရှင်ဟာလာ අභිධර්ම
(abhidharma)
တိဘက် Wylie: chos mngon pa, mdzod phug (Bon)
ထိုင်း อภิธรรม (apitam)
ဗီယက်နမ် A-tì-đạt-ma, Vi Diệu Pháp

အဘိဓမ္မာဟူသော ဝေါဟာရသည် အဘိဟူသော ဥပသာရ နှင့် ဓမ္မသဒ္ဒါပေါင်းစပ်၍ဖြစ်သော အဘိဓမ္မ ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ သုတ္တန်ဓမ္မထက် သာလွန်ထူးခြားသည့် ဓမ္မ ဖြစ်သောကြောင့် အဘိသဒ္ဒါဖြင့် အထူးပြု၍ အဘိဓမ္မာဟု ဆိုလေသည်။ သုတ္တန်၌လည်း ခန္ဓာစသော ပရမတ္ထတရားများ ဝေဖန်ထားသော်လည်း အဘိဓမ္မာ၌ကဲ့သို့ ထူးထူးခြားခြား အကျယ်ဝေဖန်မှု မရှိချေ။ ပိဋကတ်သုံးပုံတွင် အဘိဓမ္မာလည်း ပိဋကတ်တစ်ပုံဖြစ်ရာ၊ ထိုအဘိဓမ္မာပိဋကတ်၌ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ကျမ်းအားဖြင့် ခုနစ်ကျမ်း ရှိလေသည်။

ယင်းအဘိဓမ္မာ ပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထ ဒေသနာဟူ၍ ဒေသနာအပြား သုံးပါးရှိရာတွင် များသောအားဖြင့် ပရမတ္ထတရားတို့ကိုသာ မူရင်းထား၍ ဟောကြားရာ ဖြစ်သောကြောင့် ပရမတ္ထဒေသနာမျိုး ဖြစ်လေသည်။

ယထာပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာဓမ္မသာသနာဟူ၍ သာသနာအပြား သုံးပါးရှိရာတွင် အကယ်စင်စင် ထင်ရှားရှိသော ပရမတ္ထတရားတို့၌ သတ္တဝါတို့သည် ခွဲခြားဝေဖန်၍ သိမြင်နိုင်စွမ်းမရှိသဖြင့် ငါဟူ၍ လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍လည်းကောင်း အတ္တအစွဲတည်းဟူသော အယူအဆ လွဲမှား နေသူတို့အား တရားမှန်အတိုင်း သိမြင်အောင် ဆုံးမဟောကြားတော်မူသောကြောင့် ယထာဓမ္မသာသနာဟု ခေါ်သည်။

သံဝရာသံဝရကထာ၊ ဒိဋ္ဌိဝိနိဝေဌနကထာ၊ နာမရူပပရိစ္ဆေဒကထာဟူ၍ ကထာအပြား သုံးပါးရှိရာ နာမ် ရုပ် နှစ်ပါးကို ပိုင်းခြားသိမြင်အောင် ဟောကြားရာဖြစ်သောကြောင့် နာမရူပရိစ္ဆေကထာဟု ခေါ်သည်။

အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ ဟူ၍ သိက္ခာအပြား သုံးပါးရှိရာ အဘိဓမ္မာပိဋကတ်၌ အဓိပညာ ဆိုင်ရာတို့ကို အထူးတလည် ဟောကြားတော်မူသည်။ ပရမတ္ထတည်းဟူသော ရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ရောက်အောင် ဟောကြားရာဖြစ်သောကြောင့် အဓိပညာ သိက္ခာဟု ခေါ်သည်။

ဝီတိက္ကမပဟာန်၊ ပရိယုဋ္ဌာနပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြား သုံးပါးရှိရာ ပညာသည် အစဉ် ကိန်းဝပ်လျက်ရှိသော အနုသယကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အနုသယပဟာန် မည်ပေ၏။

စကားအစဉ်၏ နက်နဲခြင်း၊ အနက်အဓိပ္ပါယ်၏ နက်နဲခြင်း၊ ဖော်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊ မှန်ကန်စွာ သိရှိနားလည်မှု၏ နက်နဲခြင်းတည်းဟူသော နက်နဲခြင်းလေးမျိုးနှင့်လည်း ပြည့်စုံပေ၏။

ဤသို့လျှင် အမြင့်ဆုံးဒေသနာ၊ အကျယ်ဝန်းဆုံးသာသနာ၊ အနက်ဆုံးကထာ၊ အကြီးဆုံး သိက္ခာ၊ အထက်ဆုံး ပဟာန်ဆိုင်ရာတို့ကို ဦးစားပေး၍ ဟောကြားတော်မူရာ အဘိဓမ္မာ ပိဋကတ် တရားမြတ်သည်ကား သာဝကဗောဓိဉာဏ်မျိုး၊ ပစ္စေကဗောဓိဉာဏ်မျိုးတို့ဖြင့် တီထွင်ဟောကြားနိုင်သည့် တရားမျိုး မဟုတ်ချေ။ သာမည ပါရမီရှင်တို့ သိမြင်နိုင်ဖွယ်မရှိ၊ အလွန်ခဲယဉ်းလှသည့် ဤကိစ္စကို သမ္မာသမ္ဗုဒ္ဓ ဓမ္မသနင်း တရားမင်းတို့သာလျှင် ချင်းနင်းကုန်စင် တီထွင်၍ မယ်တော်မိနတ်သားကို အမှူးထား၍ တာဝတိံသာနတ်ပြည်၌ နတ်အများတို့အား ဟောကြားတော်မူရခြင်း ဖြစ်ပေသည်။

ထိုကြောင့် မိလိန္ဒပဉှာပါဠိတော် အရူပဓမ္မဝဝတ္ထာနပဉှာ၌လည်း အောက်ပါအတိုင်း ဟောကြားထားတော်မူသည်။ (မိလိန္ဒမင်းကြီး) မြတ်စွာဘုရား ပြုလုပ်ဆောင်ရွက်တော်မူခဲ့သည့် ခဲယဉ်းသောအရာ ရှိပါသလား ဘုရား။ (အရှင်နာဂသိန်) ခဲယဉ်းသောအရာ ရှိပါသည်။ (မိလိန္ဒ) ခဲယဉ်းစွာ ပြုလုပ်ခဲ့သော အရာဟူသည် အဘယ်ပါနည်း ဘုရား။

(နာဂသိန်) မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ဖြစ်ကြသည့် စိတ်စေတသိက် နာမ်တရားတို့ကို ဤ တရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်းဟု ဝေဖန်ပိုင်းခြားလျက် ဟောကြားတော်မူခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်ပါ၏။

(မိလိန္ဒ)မြင်သာအောင် ဥပမာပြုသော်မူပါဦး ဘုရား။ (နာဂသိန်) ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်ပြီးနောက် မဟာသမုဒ္ဒရာရေကို လက်ခုပ်ဖြင့်ယူပြီးလျှင် လျှာဖြင့်လျက်၍ ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုနာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်းဟု သိနိုင်ရာပါသလော။ (မိလိန္ဒ) သိနိုင်ရန် ခဲယဉ်းလှပါသည်ဘုရား။

(နာဂသိန်) တစ်ခုတည်းသော အာရုံ၌ဖြစ်ကြသည့် နာမ် ဖြစ်ကြသော။ ပ။ ဝေဖန်ပိုင်းခြားလျက် ဟောကြား တော်မူခြင်းသည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သောအရာ ဖြစ်ပါ၏။(မိလိန္ဒ) ကောင်းလှပါပေ၏အရှင်ဘုရား။

ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့် ပြည့်စုံမှုကြောင့်ပင်လျှင် ကာလကြာ၍ ပရိယတ္တိသာသနာ ကွယ်ပရာတွင် အဘိဓမ္မာ ပိဋကတ်ကစ၍ ကွယ်လိမ့်မည်ဟု အဋ္ဌကထာများတွင် ဖွင့်ပြတော်မူကြသည်။ ထိုစကားကို အတန်ငယ် ချဲ့ဦးအံ့။ သာသနာကွယ်ခြင်းသည် (၁) ပရိယတ်ကွယ်ခြင်း၊ (၂) ပဋိပတ်ကွယ်ခြင်း၊ (၃) ပဋိဝေဓကွယ်ခြင်း၊ (၄) ရဟန်းအသွင်ကွယ်ခြင်း၊ (၅)ဓာတ်တော်မွေတော်ကွယ်ခြင်းဟူ၍ ငါးမျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌ ကထာ ဉာဏဝိဘင်းအဖွင့် စသည်တို့၌ ပြဆို၏။

ထိုငါးမျိုးတို့တွင် ပရိယတ္တိသာသာနာတည်လျှင် ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာနှစ်ပါးကို ဖြည့်ကျင့်နိုင်သောကြောင့် ပရိယတ္တိ သာသနာသည်သာလျှင် သာသနာတော်၏ တည်ရင်းအကြောင်း ဖြစ်ပေသည်။

ကာလကြာလေသော် ပရိယတ္တိ သာသနာတော်ကြီးသည် တစ်စထက်တစ်စ ယုတ်လျော့မည် ဖြစ်သည်။ ပရိယတ္တိ သာသနာတော်၌လည်း ပိဋကတ်သုံးပုံအနက် အဘိဓမ္မာပိဋက သည် ရှေးဦးစွာ ကွယ်ပျောက်မည် ဖြစ်သည်။ အဘိဓမ္မာပိဋက တွင်လည်း ပဋ္ဌာန်းကျမ်းကြီးကစ၍ အစဉ်အတိုင်း ကွယ်ပလိမ့်မည်ဖြစ်ကြောင်း အဋ္ဌကထာတို့၌ အကျယ်ဖွင့်ပြတော်မူလေသည်။ ထိုကြောင့်ပင် ရှေးရှေးပုဂ္ဂိုလ်တို့သည် သုတ္ထန်ပိဋကထက် လွန်ကဲထူးခြားသော ထိုအဘိဓမ္မာပိဋကတ်ကို အထူးအားစိုက်ကာ သင်ကြားလေ့လာတော်မူကြကုန်သည်။

ထိုကြောင့် ဗုဒ္ဓဝါဒ၏ အဆုံးသတ်ရည်ရွယ်ချက် သံသရာစက်၏ စခန်းသိမ်း အေးငြိမ်းရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ရှိရန်အတွက် အဘိဓမ္မာဉာဏ် ရင့်သန်ရန် ကြိုးစားသင့်လှပေသတည်း။ [၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]