လောဘ

ဝီကီပီးဒီးယား မှ

လောဘမည်ပုံ။ ။ မိမိနှင့် အတူတကွ ဖြစ်ဖော်ဖြစ်ဖက် နာမ်တရားများကို အာရုံကို ‘လိုချင်’ တပ်မက်-အောင် ပြုလုပ်တတ်သော သဘောသည်လည်းကောင်း, မိမိ ကိုယ်တိုင် အာရုံကို-လိုချင်-တပ်မက်-တတ်သော သဘောသည်လည်းကောင်း, အာရုံကို လိုချင်-တပ်မက်-ခြင်းမျှဖြစ်သော သဘောသည်လည်းကောင်း “လောဘ”မည်သည်။

လောဘ၏လက္ခဏာစသည်[ပြင်ဆင်ရန်]

လောဘ သည်မျောက်နှဲစေးကဲ့သို့ အာရုံကိုစွဲလမ်းခြင်း လက္ခဏာရှိသည်။

လောလောပူသော အိုကင်း၌ ထည့်အပ်သော အသားစိုင်ကဲ့သို့ အာရုံ၌ရှေးရှု ကပ်ငြိခြင်း ကိစ္စရှိသည်။

ဆီ, မင်, စွန်းခြင်းကဲ့သို့ မစွန့်လွှတ်တတ်သော တရား၏ အဖြစ်ဖြင့် ဉာဏ်အား ရှေးရှုတင်တတ်သည်။

သံယောဇဉ်၏ အာရုံဖြစ်သော တရားတို့၌ သာယာ နီးသော သည်၏အစွမ်းဖြင့် ရှုခြင်းလျှင် အကြောင်းရှိသည်။ [၁]

(တစ်နည်း) တဏှာ (လောဘ)သည် ဒုက္ခအကြောင်း၏အဖြစ်ဟူသော လက္ခဏာရှိသည်။

ရူပါရုံအစရှိသော အာရုံတို့ကို အလွန်နှစ်သက်ခြင်း ကိစ္စရှိသည်။

တင်းတိမ်-ရောင့်ရဲ-ခြင်းမရှိသော အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ်တို့၏ဉာဏ်အား ရှေးရှုထင်တတ်သည်။

ဝေဒနာလျှင် နီးသောအကြောင်း ရှိသည်။ [၂]

ဝေဒနာကြောင့် တဏှာလောဘဖြစ်ပုံ[ပြင်ဆင်ရန်]

ဆင်းရဲသော ပုဂ္ဂိုလ်သည် ချမ်းသာကို လိုလားတောင့်တသဖြင့် ဒုက္ခဝေဒနာကြောင့် တဏှာ-ဖြစ်သည်။ ချမ်းသာသောပုဂ္ဂိုလ်သည်လည်း ချမ်းသာကို အလွန်လိုလားတောင့်တသဖြင့် သုခဝေဒနာကြောင့် တဏှာဖြစ်သည်။ ဥပေက္ခာဝေဒနာကို ခံစားရသောပုဂ္ဂိုလ်သည် ချမ်းသာကို လိုလား-အလွန်လိုလား-တောင့်တသဖြင့် ဥပေက္ခာ ဝေဒနာကြောင့် တဏှာဖြစ်သည်။ [၃]

တဏှာ-လောဘအပြား[ပြင်ဆင်ရန်]

လောဘသည် အာရုံ ၆-ပါးတို့၌ တပ်မက်တတ်သော တရားဖြစ်၍ အာရုံမှလာသော အမည်အားဖြင့် ၆-ပါး အပြားရှိသည်။ ထို ၆-ပါးတို့တွင် တစ်ပါး တစ်ပါးသည်

ကာမတဏှာ(= ဝတ္ထုကာမကို လွန်စွာသာယာ တတ်သောတဏှာ),

ဘဝတဏှာ (= သဿတဒိဋ္ဌိနှင့် တကွဖြစ်သောတဏှာ),

ဝိဘဝတဏှာ-ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာ)ဟူ၍ ဟူ၍ ဖြစ်ပုံအခြင်းအရာအားဖြင့် ၃-ပါးစီအပြား ရှိသောကြောင့် တဏှာပေါင်း-(၆x၃ = ၁၈)ပါးပြားသည်။

ထို၁၈-ပါးတို့တွင် တစ်ပါးတစ်ပါးသည် သန္တာန်နှစ်ပါး၌ ဖြစ်သောကြောင့် တဏှာပေါင်း (၁၈x၂ = ၃၆-ပါးပြားသည်။

ထို ၃၆-ပါးတို့တွင်တစ်ပါး တစ်ပါးသည် ကာလသုံးပါး ဖြစ်သောကြောင့် တဏှာပေါင်း (၃၆x၃ = ၁၀၈-ပါး ပြားသည်။ [၄]

လောဘ၏ ဖြစ်ရာဌာနများ[ပြင်ဆင်ရန်]

လောဘသည်-

(၁) အာသဝ (= ကာမာသဝ, ဘဝါသဝ)

(၂) ဩဃ (= ကာမောဝေါဃ, ဘဝေါဃ)

(၃) ယောဂ (= ကာမယော, ဘဝယောဂ)

(၄) ဂန္ထ(= အဘိဇ္ဈာကာဂန္ထ)

(၅) ဥပါဒါန (= ကာမုပါဒါန)

(၆) နီဝရဏ (= ကာမစ္ဆန္ဒနီဝရဏ)

(၇) အနုသယ (ကာမရာဂါနုသယ ဘဝရာဂါနုသယ)

(၈) သံယောဇန = ကာမရာဂသံယောဇန, ရူပရာဂသံယောဇန, အရူပရာဂသံယောဇန,

(တစ်နည်း) သံယောဇန (= ကာမရာဂသံယောဇန, ဘဝရာဂသံယောဇန)

(၉) ကိလေသ (= လောဘ ကိလေသ) ဟူသော ၉-ဌာနတို့၌ ဖြစ်သည်။ [၅]

လောဘ၏အမည်များ[ပြင်ဆင်ရန်]

(၁) လောဘ (=တပ်မက်တတ်သောတရား)

(၂) လုဗ္ဘနာ (= တပ်မက်သော အခြင်းအရာ

(၃) လုမ္ဘိတတ္တ (= တပ်မက်သည်၏ အဖြစ်)

(၄) သာရာဂ (= လွန်စွာတပ်မက် တတ်သောတရား)

(၅) သာရဇ္ဇနာ (= လွန်စွာ တပ်မက်သောအခြင်းအရာ)

(၆) သာရဇ္ဇိတတ္တ (= လွန်စွာ တပ်မက်သည်၏ အဖြစ်)

(၇) အဘိဇ္ဈာ (= သူတစ်ပါးစည်းစိမ်ကို ရှေးရှု ကြံတတ်သောတား)

(၈) အကုသလမူလ (= အကုသိုလ်တို့၏ မူလတရား) ဟူ၍ ၈-မျိုး ရှိသည်။ [၆]

(တစ်နည်း) ၁၀၁-မျိုးရှိ၏ [၇]

ထို့ပြင် စူဠနိ၊၂၇-၌ကား-

(၁) မာရာမိသ (မာရ်နတ်၏ အစာဖြစ်သောတရား)

(၂) မာရနိဝါသ (=မာရ်နတ်၏ နေရာဖြစ်သောတရား)

(၃) မာရဂေါစရ(= မာရ်နတ်၏ ကျက်စားရာ ဖြစ်သောတရား)

(၄) မာရဗန္ဓန (= မာရ်နတ်၏ အနှောင်အဖွဲ့ ဖြစ်သောတရား) ဟူသော အမည် ၄-ခုတို့ကိုပါ ထည့်၍အမည် ၁၀၅-မျိုးတို့ကို ဟောတော်၏။

လောဘသည် စိတ်၏ အညစ်အကြေး, စိတ်၏မိတ်ဆွေပျက်, စိတ်၏ရန်သူ့ စိတ်၏ သူသတ်သမား စိတ်၏ ဆန့်ကျင်ဘက်သာ ဖြစ်၍အကျိုးမဲ့ကို ဖြစ်စေတတ်သည်။ စိတ်ကို ချောက်ချားစေပြီး အတွင်းစိတ်၌ဖြစ်သော ထိုလောဘဟူသော ဘေးကို လူတို့မသိနိုင်ပေ [၈]

လောဘနှင့်ဆန္ဒအထူး[ပြင်ဆင်ရန်]

မကပ်ငြိ မစွဲလမ်းမူ၍ အလိုရှိကာမျှသည် ဆန္ဒ၊ အလွန်ကပ်ငြိ စွဲလမ်းသောအားဖြင့် လိုချင်တပ်မက်မှုသည် လောဘ၊ ဤသို့ ထူး၏။ [၉] လောဘကြီးသောသူတို့သည် အပါယ် ၄-ဘုံသို့ ကျရောက်ရ၍ များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ရကုန်သည်။ [၁၀]

လောဘသည်-လောဘမူစိတ် ၈-ခုတို့၌ မောဟ, မာန, ဒိဋ္ဌိ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ-ဟူသော ကိလေသာ (၇) ပါးတို့နှင့် (ထိုက်သည် အားလျော်စွာ) အတူတကွ ဖြစ်သည် [၁၁]

လောဘကို-ပယ်ဖျောက်ပုံ-ပယ်ဖျောက်နည်း[ပြင်ဆင်ရန်]

“ဤသူ၏ လက် ခြေ အစရှိသည်တို့သည် တင့်တယ်ကြသည်” ဟု သတ္တဝါ အာရုံတို့၌ လောဘဖြစ်သည်ရှိသော် “သင်သည် အဘယ်ဝတ္ထု၌ တပ်စွန်းသနည်း၊ ဆံတို့၌ တပ်စွန်းသလော၊ အမွေးတို့၌ တပ်စွန်း သလော(ပ)ကျင်ငယ်တို့၌ တပ်စွန်းသလော၊ ဤခန္ဓာကိုယ် အတ္တဘောမည်သည်ကို ၃၀၀ = သုံးရာသော အရိုးတို့ဖြင့် စိုက်ဆောက် အပ်သည်။ ၉၀၀ = ကိုးရာသော အကြောတို့ဖြင့် ဖွဲ့၍။ ၉၀၀ = ကိုးရာသောသားတစ်တို့ဖြင့် လိမ်းကျံပြီး စိုသော အရေထူဖြင့် ထက်ဝန်းကျင်မှ မြှေးရှက်အပ်သည်။ အမည်း အရွှေ အစရှိသော အရေပါး၏ အဆင်းဖြင့် ဖုံးလွှမ်းထားသည်။ ၉ = ခုသော အမာဝ, ၉၉၀၀၀ = ကိုးသောင်းကိုးထောင်သော မွှေးတွင်းတို့မှ မစင်ကြယ်သော ဝတ္ထုများယိုစီးပြီး အပုတ်ရည်တို့ဖြင့် ပြည့်နေသည်။ မကောင်းသော အနံ့ရှိ၍ စက်ဆုတ်ဖွယ် ရွံရှာဖွယ် ရှိသည်။ ၃၂ = သုံးဆယ့်နှစ်ပါးသော အပုပ်တို့၏ စုဝေးရာ ဤခန္ဓာကိုယ် အတ္တဘော၌ အနှစ်အရသာ ဖြစ်သောဝတ္ထု မွန်မြတ်သော ဝတ္ထုမရှိ” ဟူ၍ မတင့်တယ် စက်ဆုတ်ဖွယ်အားဖြင့် ရှေးရှုဆောင်-ရှုမှတ်-အပ်သည်။ ထိုသို့-ရှေ့ရှုဆောင်-ရှုမှတ်-သောပုဂ္ဂိုလ်အား သတ္တဝါအာရုံတို့၌ ဖြစ်သည့် လောဘ ကင်းပျောက်၏။

သပိတ်သင်္ကန်း အစရှိသော သင်္ခါရတို့၌ လောဘဖြစ်သည်ရှိသော် “ဤ သပိတ်သင်္ကန်းတို့သည် အစဉ်အတိုင်း အဆင်း ဖောက်ပြန်ခြင်း, ဆွေးမြည့်ခြင်းသို့ ရောက်၍ စွန့်ပစ်ရကုန်လတ္တံ့။ အကယ်၍ ထိုသပိတ် သင်္ကန်းအရှင်(= အတ္တ) ရှိသည် ဖြစ်ပါမူ ထိုသပိတ်သင်္ကန်းတို့အား ဤသို့ ပျက်စီး ခြင်းငှာ မပေးရာ” ဟု အရှင်(= အတ္တ) မရှိ သည်၏ အဖြစ်ဖြင့်လည်းကောင်း၊ “ဤသပိတ် သင်္ကန်းသည် အရှည်ခံ့သည် မဟုတ်၊ အခိုက် အတန့်မျှသာဖြစ်၏”ဟု အခိုက်အတန့်မျှသာ ဖြစ်သည်၏ အဖြစ်ဖြင့် လည်းကောင်း နှလုံးသွင်းသော ပုဂ္ဂိုလ်အား သပိတ်သင်္ကန်း အစရှိသော သင်္ခါရတို့၌ဖြစ်သည့် လောဘကင်းပျောက်သည်။ [၁၂]

လောဘကို ပယ်နိုင်သော တရားများ[ပြင်ဆင်ရန်]

အပါယဂမနီယ ဖြစ်သော ကာမရာဂါနုသယ လောဘကို သောတာပတ္တိမဂ်က ပယ်သည်။ အပါယဂမနီယမဖြစ်သော ကာမရာဂါနုသယ လောဘကို အနာဂါမိမဂ်က ပယ်၍ ဘဝရာဂါနုသယာလောဘကို အရဟတ္တမဂ်က ပယ်သည်။ [၁၃]

လောဘနှင့်ဥပမာအထွေထွေ[ပြင်ဆင်ရန်]

တဏှာသလ္လ = မြား– ဆူးငြောင့်=နှင့်တူသော တရား။ [၁၄]

တဏှာကေတု = အလံ-တံခွန်-နှင့်တူသောတရား။ [၁၅]

တဏှာဂဒ္ဒုလ = ခွေးကို ချည်သော-သားရေကြိုး-တောက်-နှင့်တူသောတရား။ [၁၆]

တဏှာဆဒန = အမိုးနှင့်တူသော တရား။ [၁၇]

တဏှာဇဋာ= ရှုပ်ထွေးသော အရာဝတ္ထုနှင့်တူသောတရား = [၁၈]

တဏှာဇာလ = ပိုက်ကွန်နှင့်တူသောတရား။ [၁၉] [၂၀]

ကိုးကား[ပြင်ဆင်ရန်]

  1. (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ ဣတိဝုတ်၊ဋ္ဌ၊၃၈။ မဟာနိ၊ဋ္ဌ၊၃၅။ နေတ္တိ၊ဋ္ဌ၊၁၈)။
  2. (အဘိ၊ဋ္ဌ၊၂၊၁၂၉)။
  3. (အဘိ၊ဋ္ဌ၊၂၊၇၁။ မူလဋီ၊၂၊၁၂၀-၁။ အနုဋီ၊၂၊၁၃၂)။
  4. (အဘိ၊ဋ္ဌ၊၂၊၁၇၀-၁။ မဟာနိ၊ဋ္ဌ၊၁၃၈)။
  5. (သင်္ဂဟ၊၁၁၅-၈။ ဝိဘာဝိနီ၊၂၂၁)။
  6. (အဘိ၊ဓ၊၉၄။ မဟာနိ၊၂၁၁၊ ၃၀၀၊၃၃၃။ အဘိ၊ဋ္ဌ၊၁၊၂၉၅-၆။)
  7. (အဘိ၊ဓ၊၂၁၅-၆။ မဟာနိ၊၆၊၇။ အဘိ၊ဋ္ဌ၊၁၊၃၉၅-၉။ မဟာနိ၊ဋ္ဌ၊၃၂-၄)။
  8. (ဣတိဝုတ်၊၂၅၂။ မဟာနိ၊၃၇၄။ စူဠနိ၊၂၅၁။ မ၊ဋ္ဌ၊၃၊၉၃)။
  9. ဝိဘာဝိနီ၊၁၀၈။
  10. (ဣတိဝုတ်၊၁၉၅။ မ၊ဋ္ဌ၊၃၉၃။ အဘိ၊ဋ္ဌ၊၁၊၁၇၂။ ဣတိဝုတ်၊ဋ္ဌ၊၃၉-၄၁)။
  11. (အဘိ၊ဋ္ဌ၊၁၊၄၅၂)
  12. (မ၊ဋ္ဌ၊၁၊၃၉၂။ မ၊ဋီ၊၂၊၇၄)။
  13. (အဘိ၊ဋ္ဌ၊၁၊၂၇၈-၉။ အဘိ၊ဝတာရ၊၁၇၇။
  14. (မဟာနိ၊၂၆၆၊ ၃၂၄။ စူဠနိ၊၇၇။ မဟာနိ၊ဋ္ဌ၊၃၂၈။ စူဠနိ၊ဋ္ဌ၊၂၂)။
  15. (မဟာနိ၊၂၆၊မဟာနိ၊ဋ္ဌ၊၁၇၅)။
  16. (အဘိ၊ဓ၊၂၁၆။ မဟာနိ၊၇။ စူဠနိ၊၂၇၊ ၂၄၂။ အဘိ၊ဋ္ဌ၊၁၊၃၉၉။ မဟာနိ၊ဋ္ဌ၊၃၅)။
  17. (ဥဒါန၊ ၁၇၂။ ဥဒါန၊ဋ္ဌ၊၃၃၃)။
  18. (သံ၊ဋ္ဌ၊၁၊၄၈၊ ဝိသုဒ္ဓိ၊၁၊၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၆။
  19. အဘိ၊ဓ၊ ၂၁၆။
  20. တိပိဋကအဘိဓာန် အတွဲ-၁၈