ကွတ်ခိုင်မြို့
| ကွတ်ခိုင်မြို့ | |
|---|---|
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 23°27′N 97°56′E / 23.450°N 97.933°Eကိုဩဒိနိတ်: 23°27′N 97°56′E / 23.450°N 97.933°E | |
| နိုင်ငံ | |
| ပြည်နယ် | |
| ခရိုင် | ကွတ်ခိုင်ခရိုင် |
| မြို့နယ် | ကွတ်ခိုင်မြို့နယ် |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကွတ်ခိုင်မြို့သည် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါစော်ဘွားပိုင် နယ်ခွဲတစ်ခုဖြစ်ခဲ့ပြီး နယ်ပိုင်ဝန်ထောက်နှင့် နယ်ခြားဝန်ထောက်ရုံးများ တည်ရှိရာမြို့ ဖြစ်သည်။ မြန်မာ-တရုတ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး သီပေါမြို့မှ ၁၆ မိုင်၊ လားရှိုးမြို့မှ ၄၈ မိုင် ကွာဝေးသည်။ သီပေါမှ ကွတ်ခိုင်အထိ လမ်းတစ်လျှောက်သည် တောင်တက်ခရီးချည်းဖြစ်သည်။ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေအရ လူနေအိမ်ခြေ ၆၀၀ မျှရှိပြီး လူဦးရေ ၆၀၀၀ ခန့် နေထိုင်သည်။
လူဦးရေနှင့် စီးပွားရေး
[ပြင်ဆင်ရန်]မြို့နယ်အတွင်း နေထိုင်သူများအနက် ဂျိန်ဖော (ကချင်) နှင့် ရှမ်းလူမျိုးစုများမှာ အများဆုံးဖြစ်သည်။ လရှီ၊ လီဆူ၊ ပလောင်၊ တရုတ်နှင့် ဂေါ်ရခါးလူမျိုးများလည်း အနည်းငယ်စီ ရှိကြသည်။ ၁၉၅၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်အစိုးရ၏ အစီအစဉ်အရ ကွတ်ခိုင်နယ်မှ ကချင်အိမ်ထောင်စုအများအပြားသည် ကချင်ပြည်နယ်၊ ဟူးကောင်းမြေပြန့်ဒေသသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
မြို့ပတ်ဝန်းကျင်တွင် စပါး၊ ပြောင်းဖူးနှင့် အာလူးများ စိုက်ပျိုးကြသည့်အပြင် ဂေါ်ဘီ၊ မုန်လာစသော ဟင်းသီးဟင်းရွက်များလည်း ဖြစ်ထွန်းသည်။ မြို့နှင့် ခပ်လှမ်းလှမ်းဒေသများတွင် ဘိန်းပင်များ စိုက်ပျိုးကြသည်။ ထိုမှတစ်ပါး မြင်းများကို မွေးမြူ၍ မန္တလေးစသော မြန်မာပြည်မရှိ မြို့များသို့ တင်ပို့ရောင်းချကြသည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကွတ်ခိုင်မြို့မှ အရှေ့မြောက်ဘက် တောင်ကုန်းပေါ်ရှိ တာမိုးညဲမြို့သို့ လမ်းဆက်သွယ်ထားပြီး ထိုလမ်းကို နွေရာသီ၌သာ အသုံးပြုနိုင်သည်။ တာမိုးညဲမှတစ်ဆင့် သီပေါ-ကွမ်းလုံလမ်းပေါ်ရှိ နမ့်စလပ်သို့လည်း ကားလမ်း ဆက်သွယ်ထားသည်။ အဆိုပါ ကားလမ်းသည် ၆၅ မိုင်ရှည်လျားပြီး ပြည်သူလူထု၏ အကူအညီဖြင့် ၁၉၅၃ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သည်။
အုပ်ချုပ်ရေးနှင့် အခမ်းအနားများ
[ပြင်ဆင်ရန်]မြို့ပေါ်တွင် အထက်တန်းကျောင်း၊ ခရစ်ယာန်သာသနာပြုအဖွဲ့မှ ဖွင့်လှစ်ထားသော စာသင်ကျောင်း၊ ဆေးရုံ၊ ငွေတိုက်နှင့် လမ်းဝန်ထောက်ရုံးများရှိသည့်အပြင် နယ်ခွဲကချင်ကောင်စီရုံးလည်း ရှိသည်။ ကွတ်ခိုင်မြို့ပေါ်တွင် နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ဇန်နဝါရီလတွင် မနောပွဲကို ကျင်းပလေ့ရှိသည်။ ထိုမနောပွဲအတွင်း မြို့နယ်ခေါင်းဆောင်များနှင့် ဒူးဝါးကြီးများသည် ရင်းနှီးချစ်ခင်စွာ တွေ့ဆုံခွင့်ရကြပြီး မြို့နယ်စည်ပင်သာယာရေး၊ တိုးတက်ကြီးပွားရေးများကို တိုင်ပင်ဆွေးနွေးကြသည်။
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) ကာလ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်ကာလ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကွတ်ခိုင်မြို့အား ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့သည်။