လောကသာရ ဆုံးမစာပျို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လောကသာရ ဆုံးမစာပျို့ ကို ကန်တော်မင်းကျောင်းဆရာတော်က ရေးသားပြုစုခဲ့သည်။

လောကသာရ ဆုံးမစာပျို့[ပြင်ဆင်ရန်]

(၁) ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္ထိက၊ ဩဝါဒဖြင့်၊ ဆုံးမပေးထွေ၊ နားဝင်စေလော့၊ နေသို့ထင်ရှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွတ်ထား၊ မြတ်သုံးပါးကို၊ ဦးပါးထိပ်ထက်၊ အမြဲရွက်၍၊ စုံမက်သဒ္ဓါ ကြည်စေမင်း။

(၂) အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။

(၃) သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ခဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မဝံ့၊ စောင်မာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ကောင်းနေနှလုံး ရှည်စေမင်း။

(၄) ဆန္ဒဒေါသာ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်လျက်၊ နတ်ပြည်လူ့ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်၍၊ နိဗ္ဗါန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြေ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြေအပင် စည်စေမင်း။

(၅) ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တဝါကို၊ မေတ္တာသက်ပေ၊ လှူဖို့ဝေ၍၊ စိတ်စေကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွား၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍၊ မြဲပင်စင်းလျင်း ပေါင်းယှဉ်မင်း။

(၆) ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ အမြဲခွာရှင်း ဖဲကြဉ်မင်း။

(၇) ပါဏာတိပါတ်၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသေစာ၊ အိမ်ရာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပျက်ဆောက်တည်၊ ဆုကြီးရည်၍၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ စောင်မာန်မပြင်း နုစေမင်း။

(၈) မိခင်ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ခပ်သိမ်းမယွင်း ငြိမ်းစေမင်း။

(၉) စတုဒိသာ၊ လေးမျက်နှာမှ၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ ဆည်းခဲ့ဥစ္စာ၊ အိမ်လှောင်ခါ၌၊ လွယ်ကာထားယူ၊ ထိုသသူကို၊ လိုသူမှတ်သား၊ သနားမြတ်လေး၊ ဝတ်စားပေး၍၊ ကျွေးမွေးထံရင်း ငြိမ်းစေမင်း။

(၁၀) အနိစ္စနှင့်၊ ဒုက္ခအနတ္တား၊ သုံးပါးလက္ခဏာ၊ မချာအောက်မေ့၊ တစေ့စေ့လျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ချုပ်ကြိမ်ဖန်၊ စက်အဟန်သို့၊ ဖန်တလဲလဲ၊ ဝဋ်ဆင်းရဲကို၊ ဝမ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရိုးရေသည်းတွင်း ကျိန်းစေမင်း။

(၁၁) လောဘဒေါသ၊ မောဟသူပျက်၊ နေ့တိုင်းဖျက်၍၊ အမျက်သည်းလွန်၊ တဖျင့်သန်လျှင်၊ ပြေးလွန်းဖင်ဖင်၊ အာရုံမြင်က၊ ခင်ခင်မွတ်မွတ်၊ လိုက်လံတတ်သား၊ ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ ထုံ့ပိုင်းမခြာ၊ ယဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍ မှိန်းစေမင်း။

(၁၂) လယ်လုပ်ကုန်သွယ်၊ ရောင်းဝယ်မြီချ၊ တွက်ဆစိတ်ပြား၊ အပါးပါးလျှင်၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထပ်ပိုးနှစ်လီ၊ ချသည်မပြတ်၊ အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ဝမ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သက်မွေးပြင်းလျက်၊ များခြင်းစုံစီ၊ ဖန်တီဝယ်ရောင်း၊ ထပ်ကာလောင်းလျက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွေမှီတင်း ကြွယ်စေမင်း။

(၁၃) ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း ကြွယ်စေမင်း။

(၁၄) ဘိုးဘေးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ မှတ်ကျက်လေ့လျက်၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံ လွယ်နှင့်မင်း။

(၁၅) သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုံလည်း၊ တစ်စုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုအိမ်ထောင်၊ စီးပွားဆောင်လော့၊ ညဥ့်မှောင်မသိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊ အိုသော်သူ မရယ်စေမင်း။

(၁၆) ဃရဝါသ၊ ကိစ္စမြားမြောင်၊ လူတို့ဘောင်၌၊ အိမ်ထောင်သက်မွေး၊ ခြနှယ်မြှေးသား၊ လူရေးကျယ်စွာ၊ အဖြာဖြာကို၊ လိမ္မာအတတ်၊ ချားရဟတ်သို့၊ လည်ပတ်ပြီးမှ၊ ကြံတွက်ဆ၍၊ လုံ့လပင်စည်၊ အရင်းတည်လျက်၊ ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွေ့ရွေ့၊ အဓလေ့ဖြင့်၊ မမေ့မကျန်၊ လူမှုပွန်လျက်၊ စောင်မာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြည်စေမင်း။

(၁၇)လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ချိန်ဆောင်နှိုင်းလည်း၊ အတိုင်းမသိ၊ ကျေးဇူးရှိသည်၊ အမိကားတိုက်၊ သိုက်ကားမယား၊ သားနွယ်အဆက်၊ ခက်လက်မျိုးဆွေ၊ ကျွန်ခြွေရွေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲကို၊ ဆင်းရဲပျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ရှောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွမ်းရလျက်၊ ကြောင့်ကြဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊ စိတ်ဝမ်းဖြောင့်တန်း၊ ဆွေခင်ပွန်းကို၊ ချစ်ပန်းနံ့ မပြယ်စေမင်း။

(၁၈) စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍၊ သူ့ထက်လွန်ကုန် ကြွယ်စေမင်း။

(၁၉) လုံ့လပညာ၊ လိမ်မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသန်လျက်၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်တို့၊ မှတ်သည်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာ၏၊ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ လူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဘွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီပွားလာဟု၊ ကြမ္မာကိုချည်း၊ မှတ်ထင်ရည်းရှင့်၊ ကျင်းနည်းညံ့ဆုံး၊ သူပျက်ထုံးကို၊ နှလုံးမငြိတွယ်စေမင်း။

(၂၀) ကြောင်းပေါ်ခရီး၊ လမ်းအနီး၌၊ ပင်ကြီးပညောင်၊ မြစ်တစ်ထောင်နှင့်၊ များမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စေ့စေ့သိပ်လျက်၊ ရိပ်လည်းမြိုင်မြိုင်၊ လေမနိုင်လျှင်၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျေးငှက်၊ စားလျက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားတို့၊ နေနားပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ဝင်လာသသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်သူကြွယ်၊ လူကုန်သွယ်လည်း၊ ထို့နှယ်လည်းကောင်း၊ မျိုးပေါင်းဆွေဝါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ မေတ္တာမကင်း၊ မစခြင်းဖြင့်၊ ထံရင်းမှီကိုးကွယ်စေမင်း။

(၂၁) ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဘွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ်၊ လောကဝတ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျက်၊ သူစိမ်းသူကျက်၊ ပေါင်းဘက်သရွေ့၊ မိဘတွေ့သို့၊ မွေ့မွေ့လျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ဝတ်စားပေးပံ့၊ ဖြည်းဖြူးဖြန့်လျက်၊ အနှံ့ကျွန်ကျေး၊ ဆွေသားမြေးကို၊ ကျွေးမွေးမညှိုးငယ်စေမင်း။

(၂၂) လောကသာရ၊ ကျမ်းအစ၌၊ ဆုံးမစကား၊ မျိုးလေးပါးတို့၊ မှတ်သားစိမ့်ငှာ၊ ပျို့လင်္ကာဖြင့်၊ နည်းနာထွေပြား၊ လုံးပေါင်းကြားသည်၊ တခြားပထမပိုင်းတည်း။

(၂၃) ပြည်သူချစ်ဘ၊ လောကပတိ၊ မြေကြီးသနင်း၊ မင်းတို့ကျင့်ရာ၊ ဆုံးမနာလော့၊ မဟာသမ္မတ၊ ခတ္တိယတို့၊ နေကြကျင့်ရိုး၊ ကောင်းကျိုးအလှူ၊ စွန့်ကြဲမူလျက်၊ စိတ်ဖြူဖြောင့်စင်း၊ နူးညံ့ခြင်းဖြင့်၊ သီတင်းစောင့်စည်း၊ မျက်နည်းသည်းခံ၊ ခြိုးခြံသမှု၊ မပြုညှဉ်းဆဲ၊ ဆင်းရဲမရှာ၊ မေတ္တာပွားဖြန့်၊ လူအဝှန့်အား၊ မဆန့်ကျင်စေ၊ ဤသို့ရေးသား၊ ဆယ်ထွေစောင့်ကြပ်၊ တရားကွပ်၍၊ လက်ယပ်ခေါ်ပြု၊ သင်္ဂြိုဟ်မှုလည်း၊ လေးခုအစေ့၊ ပြကတေ့ဖြင့်၊ ကျင့်လေ့မကြွင်းကျန်စေမင်း။

(၂၄) ပြည်ကြီးသနင်း၊ မင်းဟူသည်ကား၊ ကြံစည်သူထက်၊ ဆယ်ဆတက်၍၊ အိပ်စက်နည်းပါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ အခါခပ်သိမ်း၊ မုဒိမ်းခိုးသူ၊ မပူစေရ၊ ဆုံးမကွပ်ညှပ်၊ ပညာပ်မလွန်၊ ရှေးမင်းမွန်တို့၊ ညွှန်ခဲ့သောတိုင်း၊ ကျင့်သမိုင်းဖြင့်၊ နှုန်းနှိုင်းမယွင်း၊ တမျဉ်းခင်းသို့၊ ကျင့်ခြင်းမချွတ်၊ တည့်တည့်မတ်၍၊ လူနတ်ချစ်ဘွယ်၊ ကျေးဇူးကြွယ်လျက်၊ ကျင့်နွယ်လမ်းရိုး မှန်စေမင်း။

(၂၅) မမေ့မလျော့၊ မပေါ့လုပ်ကြံ၊ ကျွန်ကိုယ်ရံလည်း၊ မြဲမြံစောင့်ရှောက်၊ ထက်အောက်တွင်းပြင်၊ မွမ်းဖြင်အပြည့်၊ အိပ်ဘန်ထည့်လျက်၊ အကြည့်အရှု၊ အမှုမသင့်၊ အကျင့်မကောင်း၊ အဟောင်းအသစ်၊ ထွက်ဝင်စစ်လျက်၊ ကျွန်ချစ်ကျွန်ယုံ၊ ထမ်းကုံမှုများ၊ ရေးခြားမြော်မြင်၊ တိုင်ပင်ကြံသီး၊ အမတ်ကြီးကို၊ အနီးထံပါး၊ သက်စောင့်ထား၍၊ ယုံမှားမဲ့လျှင်း၊ နှလုံးသွင်းလျက်၊ ချစ်ခြင်း သူ့ထက် လွန်စေမင်း။

(၂၆) ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာလည်း၊ ရေးရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကျမ်းတတ်ဟူးရား၊ တတ်မြောက်များသား၊ ပုဏ္ဏားရဟန်း၊ ရှေ့တွင်ဝန်းလျက်၊ ကိန်းခန်းဒသာ၊ အခါမေးမြူ၊ ကောင်း၏ဟူလည်း၊ ကျင့်မူမမေ့၊ အဓလေ့ဖြင့်၊ အရှေ့အနောက်၊ တောင်မြောက်ရေကြည်း၊ စီစဉ်သည်းလျက်၊ စောင့်စည်းရံတား၊ ကင်းသေထား၍၊ မြေခြားသူမလွန်စေမင်း။

(၂၇) သူ့ပြည်သူ့ရွာ၊ သူ့ရပ်မှာ၌၊ ခြင်းရာသိကြောင်း၊ ဉာဏ်ကောင်းရည်ဝင်၊ တိုင်ပင်ကြံထွေ၊ သူလျှိုစေ၍၊ မနေစုံစမ်း၊ ကြိုးပမ်းလုပ်ဆောင်၊ အားအန်ထောင်လျက်၊ နောက်နောင်မြေးသား၊ စီးပွားစဉ်ရှည်၊ တည်စိမ့်သောကြောင်း၊ နှုတ်ကောင်းခွန်းသာ၊ လက်ဆောင်စာနှင့်၊ စေပါစင်းလျင်း၊ ထိုထိုမင်းကို၊ ချစ်တင်းမေးမြန်း၊ ဆွေခင်ပွန်းဟု၊ မိတ်မှန်းကျိန်ဆို၊ တံထစ်ဆို၍၊ ချစ်လိုစကား မှန်စေမင်း။

(၂၈) ထိုပြည်ထိုရွာ၊ ထိုရပ်ရွာ၌၊ ဇာတာအလို၊ ဂြိုဟ်လည်းမကောင်း၊ ထပ်လောင်းတိတ်ထုံ၊ ပျံတုံကျေးငှက်၊ နုတ်ထွက်စနည်း၊ နှောင့်ရှက်သည်းမူ၊ စောင့်စည်းရံထား၊ မန္တရားနှင့်၊ သမားကွယ်ကာ၊ လွတ်စိမ့်ငှာဖြင့်၊ ဂြိုဟ်စာလည်းပေး၊ သန္တေးပူဇော်၊ သင်္ကြန်ခေါ်လျက်၊ သုံးဘော်မြတ်စွာ၊ ရတနာကို၊ မကွာကပ်ဆည်း၊ ကောင်းမှုချည်းလျှင်၊ ဖြင်ပည်းပြောထူ၊ စွန့်ကြဲလှူ၍၊ ကြည်ဖြူစိတ်ထက် သန်စေမင်း။

(၂၉) ခပ်သိမ်းပြည်သူ၊ လူရဟန်းကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ကောင်းမလွန်၊ တုတ်ခွန်မပြင်း၊ သနားခြင်းနှင့်၊ နှိပ်နင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလော့၊ ထွန်းပပြောင်ပြောင်၊ ထက်မိုးခေါင်၌၊ အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ၊ ငြိမ်းစေဘိသို့၊ ကြယ်ထိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်၊ လူများကောင်းချီး ထွန်းစေမင်း။

(၃၀) လူတို့အထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ မင်းတို့သည်ကား၊ တွေနည်စိစစ်၊ ရန်အမြစ်ကို၊ တူးပစ်နိုင်စေ၊ ရန်မြစ်သေမှ၊ ရွာနေပြည်သူ၊ ရဟန်းလူတို့၊ မပူမဆာ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးထစ်သို့၊ ရန်စစ်တို့ကို၊ ပျောက်လွှင့်ဖြိုလျက်၊ ရန်ကိုမယှည့်၊ ရဲစွမ်းပြည့်သား၊ မလှည့်ငဲ့စောင်း၊ သူရဲကောင်းကို၊ များကြောင်းဆည်းပူး၊ ပေးကမ်းဖြူးလျက်၊ ကျေးဇူးအလိုက်၊ သိမ်းမြန်းပိုက်၍၊ ချစ်ကြိုက်သနား၊ သားအလားသို့၊ဖြည့်ဖြားမင်းရေး ပွန်စေမင်း။

(၃၁) ကာမဒေဝ၊ စသည်အပြား၊ နတ်လေးပါးတွင်၊ တစ်ပါးမည်မှတ်၊ လောကနတ်ဟု၊ လူထွတ်ဦးစွန်း၊ ဘုန်းတော်ထွန်းသား၊ လျှံဝန်းစိုးပိုက်၊ မင်းသို့လိုက်၍၊ ပြည်၌ပြည်သူ၊ မင်းအတူလျှင်၊ ကျင့်မူမလွဲ၊ သုံးစွဲလေ့လာ၊ ကျင့်ကုန်ရာရှင့်၊ ရာဇပြဋ္ဌာန်း၊ ကြငှန်းမှန်ကင်း၊ အကြောင်းရင်းကား၊ မင်းလျှင်တစ်ယောက်၊ လှံမစောက်ဖြင့်၊ မကောက်မယွန်း၊ တော်ဖြောင့်တန်းက၊ ထက်ဝန်းဗိုလ်ပါ၊ လူတကာလည်း၊ ညီညာကောင်းမွန်၊ မင်းအဟန်သို့၊ တော်မှန်ကျင့်မှု၊ နှလုံးပြုလျက်၊ ပြည်သူ့မျက်ပွင့်၊ ကောင်းအောင်ကျင့်လော့၊ ပုံသင့်ကျမ်းလာ၊ ဥပမာကား၊ အရာအထောင်၊ နွားကုန်အောင်တွင်၊ ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားမူ၊ နွားများစဉ်စိုက်၊ ဖြောင့်ဖြောင့်လိုက်သို့၊ စရိုက်ကျင့်မူ၊ ခပ်သိမ်းလူတို့၊ ထို့တူလည်းကောင်း၊ ဖြစ်ရာရှောင်းသည်၊ မင်းကောင်းတော်ဖြောင့် မှန်စေမင်း။

(၃၂) "မာသုကုဇ္ဈိမဟာရာဇ၊ မာသုကုဇ္ဈိရထေသဘ"၊ သမ္ဗုဒ္ဓလျှင်၊ ဆုံးမဟောကြား၊ ဤတရားကို၊ မှတ်သားလည်းပြု၊ သည်းခံမှုဖြင့်၊ ပြည်သူ့ခမည်း၊ မျက်တော်နည်းလော့၊ ချုပ်တည်းအမျက်၊ ထွက်လည်းမပြင်း၊ လူခပင်းကား၊ မင်းကိုဟူက၊ လောင်ပူရဲရဲ၊ မီးကျီးခဲသို့၊ ဝမ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လှဲ့သည်းချာ၊ ကြောက်လန့်ရှာ၏။ ပြင်းစွာအမျက်၊ ထွက်တပြီးကား၊ ကြက်သီးထဝှန်၊ ဦးဖျားမွန်မျှ၊ အလွန်အကျူး၊ ကြောက်မိန်းမူးလိမ့်၊ ဆူးဆူးရားရား၊ အမျက်အားကို၊ တရားချုပ်ကိုင်၊ မဆည်နိုင်လည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ငံ့၍၊ မဝံ့နှစ်ဆစ်၊ ကြိမ်ဘန်စစ်လျက်၊ အပြစ်အလျောက်၊ သုံးကြိမ်မြောက်မှ၊ သေလောက်လျော်ဘေး၊ မင်းဒဏ်ပေးလည်း၊ ကွပ်ရေးမမှားစေနှင့်မင်း။

(၃၃) ခပ်သိမ်းပြည်သူ၊ လူတို့ထိပ်မိုး၊ ရေမြေစိုးသည်၊ ပြည့်ဖြိုးချမ်းသာ၊ မင်းကြီးစွာတို့၊ ကျင့်ရာအပြား၊ ခုနစ်ပါးလျှင်၊ စီးပွားစင်စစ်၊ များစွာဖြစ်၏။ ရှင်ချစ်ဘုရား၊ မင်းတို့အားကို၊ ဟောထားခဲ့သည်၊ ခုနစ်မည်ကား၊ ပြည်၌စောင့်မှတ်၊ နတ်ကိုမြတ်နိုး၊ အမျိုးဆွေနီး၊ သက်ကြီးရိုသေ၊ ပြည်နေရွာသူ၊ နိုင်ထက်မူဖြင့်၊ မယူသားမြေး၊ မှုရေးတိုင်ပင်၊ ညီညွတ်အင်နှင့်၊ လာချင်ထက်ဝန်း၊ ရဟန်းပုဏ္ဏား၊ သိမ်းပကား၍၊ ဖြည့်ဖြားကျွေးမွေး၊ မလာသေးသည့်၊ နီးဝေးရပ်သား၊ သူတို့အားကို၊ မသွားစေအောင်၊ ကျေးဇူးဆောင်လျက်၊ ပြည်ထောင်စိုးကွပ်၊ ပညာပ်မလွန်၊ လမ်းမှန်စိုက်စိုက်၊ ရာထပ်လိုက်၍၊ တိမ်တိုက်လှစ်ထွန်း၊ လအဝန်းသို့၊ လေးကျွန်းရိပ်မှောင်၊ ဘုန်းအရောင်ဖြင့်၊ ပြောင်ပြောင်ဝင်းဝါ၊ ချမ်းငြိမ်းသာ၍၊ ပြည်ရွာတိုင်းကား ပွားစေမင်း။

(၃၄) သမ္ဘာရင့်ဖြိုး၊ ရှေးကောင်းကျိုးကြောင့်၊ တန်ခိုးထွက်လျှံ၊ လူထိပ်စံသား၊ ဘုန်းချွံရန်နည်၊ မင်းတို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသည်၊ လိမ်မာတတ်သိ၊ ပညာရှိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုတွင်းထွက်သံ၊ နားပါးခံလျက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဉာဏ်ဝါကွန့်မြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ညှိ၊ ပညာရှိနှင့်၊ ပြည်ကြီ့းသနင်း၊ ပြည့်ရှင်မင်းတို့၊ မကင်းစေရာ၊ ဥပမာကား၊ ရတနာကျောက်ဂူ၊ နန္ဒမူ၌၊ မဥ္ဇူပန်းသား၊ ကျော်ထင်ရှားလျက်၊ နှစ်ပါးပေါင်းဘက်၊ အကျိုးနဂ်အံ့၊ ထမ်းရွက်ပြုစု၊ ပြည်ထဲမှုကြောင့်၊ စေ့ငုမြင်ပြီး၊ ပညာကြီးကို၊ နည်းတီးထုံးရေး၊ ပုံစံသွေး၍၊ ကျင့်ရေးလွန်စိတ်ပြားစေမင်း။

(၃၅) ဆင်မြင်းရထား၊ ခြေသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မွမ်းဖြင်ဖြီးထွေ၊ များလှစေတော့၊ အနေမကျ၊ ရန်စစ်ထမူ၊ ဖြဖြလိုက်လံ၊ စစ်ဦးနွံမှ၊ ရွံလေရွံ့ရွံ့၊ နောက်မဝံ့တည့်၊ ဖို့ရွံ့ငြင်တည်း၊ ကြောက်ရွံ့သည်း၍၊ သရည်းလေးဘွယ်၊ ရန်စစ်ပြယ်လိမ့်၊ မပြယ်လေသီး၊ စစ်မက်ကြီးလည်း၊ ပွန်းတီးမှုဆောင်၊ သူရဲကောင်တို့၊ ဆင်ပြောင်မုန်ဖပ်၊ မင်းစီးအပ်၍၊ နောက်တပ်အများ၊ ဆင်မြင်းပြားလျက်၊ ရှေ့ဖျားထင်ထင်၊ မှတ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာသွင်၊ ဆင်လည်းချွန်းထည့်၊ မြင်းလည်းဆက်ချုပ်၊ ခြေသည်အုပ်လျက်၊ စက်ရုပ်အဝန်း၊ ကော့ယန်းထွက်ဟန်၊ လှည်းသဏ္ဌာန်သို့၊ တက်ပွန်နားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥပဒေဖြင့်၊ စစ်မြေအရပ်၊ စစ်မှူးကွပ်လျက်၊ ရွပ်ရွပ်ထိုးခုတ်၊ ကြက်ရဲဆုတ်သို့၊ အားထုတ်လွန်ကြိုး စားစေမင်း။

(၃၆) သာမျာမစ္စ၊ စသည်အင်္ဂါ၊ ခုနစ်ဖြာကို၊ ပြည်ရွာပြကတေ့၊ စုံစေ့လျင်အောင်၊ ပြည်ထဲဆောင်သည်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဘွယ်၊ နက်ဝှမ်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရေနေကောင်းလျက်၊ ရဲလောင်းရင်တား၊ တံခါးတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တသိန်းဖြိုလည်း၊ မပြိုနိုင်မှု၊ ကြီးကျယ်ထုနှင့်၊ မျက်ရှုလှတင့်၊ တန်အောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ များမြောင်လက်နက်၊ မြို့ထက်ပတ်လျောက်၊ စစ်တဲဆောက်၍၊ ရင်လျောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွှဲ၊ စူးရဲကစ၊ အနေကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာလက်နက်၊ ကြံစည်နက်၍၊ ကြံ့ခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍၊ တန်ခိုးကျော်ထင် ရှားစေမင်း။

(၃၇) အမျိုးလေးပါး၊ ပုဏ္ဏားပုဏ္ဏေး၊ သေဋ္ဌေးသူကြွယ်၊ ကုန်သွယ်စည်ပင်၊ သူထင်သူရှား၊ ပြည်နေများလျက်၊ စပါးရေဆန်၊ အလွန်ဖြင်ပြဲ၊ ပြောင်းပဲလူးဆပ်၊ အထပ်ထပ်လျှင်၊ မလပ်မြေနည်း၊ လုပ်ကြံပြီးမှ၊ ပစ္စည်းဖြင်ပည်း၊ ပြည်ကြီးလက္ခဏာ၊ ရေစာလောက်ငံ့၊ စေ့နှံသိုထား၊ ဆေးသမားနှင့်၊ ဟူးရားမကွာ၊ တတ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံတက်၊ တုံ့ဘက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းလည်း၊ တိမ်းစောင်းယိမ်းမတ်၊ စောင်မကွပ်လျက်၊ ထူထပ်တိုင်းကား၊ များလေအောင်လျှင်၊ ပြည်ထောင်နေမျိုး၊ လုပ်ဆောင်ကြိုးလော့၊ မျဉ်းရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဘဲကို၊ ဆကဲမြတ်လေး၊ ကျေးလက်ပေး၍၊ သိမ်းမွေးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ လွန်မင်းချစ်သနားစေမင်း။

(၃၈) အခေါင်ကြငှန်း၊ လူထိပ်ထွန်းသား၊ ဦးစွန်းထိပ်ချာ၊ မင်းတကာတို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းတပြေ၊ တူလှစေလော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးထောင်ကို၊ စိုးဆောင်နှိမ်နင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရသတ္တိ၊ ရဲခြင်းရှိ၍၊ မိမိအစာ၊ ရှာလိုခါ၌၊ ရတနာကျောက်ဂူ၊ ထွက်လတ်ပြူက၊ ရန်သူရှုကြည့်၊ ငဲ့လှည့်မျက်စောင်း၊ ခြိမ်းမောင်းသုံးခွန်း၊ မွန်းမွန်းဟောက်သံ၊ မြူးထူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွေးသံသောက်ထုပ်၊ အားအန်ထုတ်လျက်၊ ကိုင်ဆုပ်နှိပ်နယ်၊ ကြီးငယ်မဟူ၊ ထမ်းသောဟူသို့၊ လူတို့ထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၏၊ ရေးရာမြော်ရှု၊ ခပ်သိမ်းမှု၌၊ ဗဟုကိစ္စ၊ ဟူသမျှကို၊ လုံ့လပြင်းထူ၊ အားထုတ်မူဖြင့်၊ ရန်သူဘဲ၍၊ ပြည်ထဲပွင့်လင်း သာစေမင်း။

(၃၉) နရာဓိပတိ၊ သိဒ္ဓိထွတ်တင်၊ မြတ်ဆုံးထင်သည်၊ ပြည့်ရှင်ဘုန်းလှိုင်း၊ ကျင့်နည်းခိုင်း၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူလော့၊ ဖြူသောအဆင်း၊ မွေးရောင်ဝင်းသည်၊ လည်ပင်းခပ်ရှည်၊ ထိုငှက်သည်ကား၊ ဘွေနည်အစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာမြစ်လောင်း၊ ချောင်းမြောင်းယံနား၊ သွားလာမွေ့ငြက်၊ ငြိမ်သက်ဣန္ဒြေ၊ ကြည့်ထွေရှုစိန်း၊ မိန်းမိန်းနေလျက်၊ ရေမှာပွက်ကျင်၊ ငါးကိုမြင်သော်၊ ခုံမင်လျပ်လျပ်၊ ငါးကိုဆွပ်သို့၊ ပြည်ကွပ်လူ့မှူး၊ စောရန်ငူးလည်း၊ ဆန်းထူးကျင့်မှု၊ ဗျိုင်းအတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ မမေ့စောင့်ရှောက်၊ သာလျောက်ဖြည်းဖြည်း၊ ကျင့်သိပ်သည်း၍၊ တိုင်တည်းသမှု၊ မြော်ရှုကြည့်လျက်၊ အုန်တုအန်ပ၊ ရန်ထိုမျှကို၊ အစထော်လော်၊ ပေါ်သည့်အခိုက်၊ ကွပ်ညှပ်လိုက်၍၊ နောက်၌ ရန်မလာစေမင်း။

(၄၀) ဗာဟုဗလ၊ စသည်တွက်ရေ၊ အားငါးထွေကား၊ ရေမြေသနင်း၊ မင်းတို့၌သာ၊ ပြည့်စုံရာဟု၊ မြတ်စွာဘုရား၊ သုံးလူ့ဖျားလျှင်၊ ဟောထားမိန့်မြွက်၊ ရွှေနုတ်ထွက်ဖြင့်၊ မယွက်စေအောင်၊ ကျေးဇူးဆောင်၍၊ လူ့ဘောင်လူထွတ်၊ လူမင်းမြတ်တို့၊ ဆင်မှတ်တန်ဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အားငါးမည်တွင်၊ အထွတ်တင်သား၊ မျက်ရှင်အလား၊ ပညာအားလျှင်၊ စီပွားမြင်နိုင်၊ အခေါင်တိုင်၏၊ ပြည့်လှိုင်ကျေးဇူး၊ အထူးထူးဝယ်၊ အမှူးစင်စစ်၊ ရှေ့သွားဖြစ်၍၊ အပြစ်ခွာရှောင်၊ အကျိုးဆောင်သား၊ အခေါင်ပညာ၊ မတ်လိမ်မာကို၊ စေပါသုံးစွဲ၊ ကိုယ်၌မြဲက၊ ငရဲမလား၊ ရှေ့ရှုသွားလျက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်သည်၊ သမန္တစက်၊ အမြင်နက်သား၊ ဘွားဘက်ပညာ၊ မတ်လိမ်မာကို၊ ဆရာတဆူ၊ ခိုင်းပဲ့မူလျက်၊ ဆုံးမခက်သား၊ သူပျက်သုံးယောက်၊ ပါယ်မကြောက်ကို၊ နှင်ချောက်ခြိမ်းမောင်း၊ စကားတောင်းလျက်၊ ပြောင်းစေညက်ညက်၊ မျက်နှာဖျက်၍၊ ရန်မက်မညှာတာစေမင်း။

(၄၁) အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမထင်၊ ကမ်းမမြင်သား၊ ရေပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းတို့၊ စင်းလျင်းမချာ၊ စီးဝင်လာသို့၊ ချမ်းသာဆိုက်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လှောက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊ အထွေအပြား၊ အပါးပါးလျှင်၊ ဝတ်စားတန်ဆာ၊ ရတနာတို့၊ မကြာမတင်၊ ရောက်လာကျင်၏၊ လိုချင်သမှု၊ မပြုလေကျင်၊ ပြည်ကြီးရှင်တို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကား၊ တရာ့တစင်း၊ ထီဆောင်းမင်းကို၊ လက်ရင်းကြပ်သို၊ ကျွန်ပြုလိုရှင့်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင်၊ လိုအင်ပြည့်ခဲ၊ မရောင့်ရဲတည့်၊ ပြည်ထဲသနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၍၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊ ဖြင်ပည်းခိုင်ဖြီး၊ ကြွယ်မြောက်ပြီးမှ၊ သစ်သီးခက်ညွတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊ ချိုမြိန်စွာသို့၊ ပမာထို့ဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်ခိုင်ပြွတ်၊ ပြည်သီးဆွတ်၍၊ ထိန်းမှတ်မင်းစား၊ တချို့ထားလော့၊ အများကျွေးမွေး၊ ဝေငှပေးသည်၊ ကျင့်ရေးတတ်လိမ်မာစေမင်း။

(၄၂) ဝသုန္ဓရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးညွှန်၊ ကုသိုလ်မွန်၍၊ ခါတန်ချိန်သင့်၊ ပန်းနယ်ပွင့်လျက်၊ ရင့်သည့်တေဇ၊ တန်ခိုးပသည့်၊ လူမျာ့းမျက်စိ၊ နရာဓိတို့၊ ဂတိလေးပါး၊ မမှားစေအောင်၊ ပြည်မှုဆောင်လျက်၊ တည်ထောင်ကမ္ဘာ၊ အစစွာက၊ ဆရာမနု၊ ရသေ့ပြုသား၊ လူမှုဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ ခပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဘက်သား၏၊ အကြားလည်းမှန်၊ ချိန်ခွင်ဟန်သို့၊ ဧကန်ကျကျ၊ မေးမြန်းမှလျှင်၊ မိဘမရွေး၊ ရှုံးနိုင်ပေးလော့၊ အရေးအလျောက်၊ မဘောက်မပြန်၊ ကျမ်း၌ညွှန်သည်၊ ရှေးလွန်နည်းမှီး၊ ထုံးတီးမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်ဘွင်းဘွင်း၊ ကြံထိုးထွင်း၍၊ စင်းစင်းမတ်မတ်၊ တရားဖြတ်သည်၊ လူနတ်ကောင်းခြီး ငြာစေမင်း။

(၄၃) မဟီပတိ၊ ယသဿိဟု၊ ပြည်ကြီ့းသခင်၊ စည်းစိမ်ဖြင်လျက်၊ ကျော်ထင်လူ့ပြည်၊ မင်းတို့သည်ကား၊ အရှည်မမြော်၊ မတော်မလျား၊ မေ့လျော့ငြား၍၊ တရားမစောင့်၊ မဖြောင့်မစင်း၊ အကျင့်ယွင်းမှု၊ ထိုမင်းလက်ထက်၊ မြေကြီးလျက်လည်း၊ သက်ခဲ့ဩဇာ၊ အောက်မှာရွေ့လေ၊ ထဲတဘွေ၌၊ နေဘိရကား၊ အများပည်းဖြင်၊ ရောက်လှည့်ချင်လည်း၊သစ်ပင်သစ်သီး၊ မကြီးလုံးဖန်၊ အမွန်ရသာ၊ ဩဇာမရှိ၊ ပျက်သိသိတည့်၊ ထို့ပြီးအပ၊ ဆေးဝါးမှလည်း၊ တေဇမထက်၊ ပျက်ခဲ့ရသာ၊ စားလေပါလည်း၊ အနာလွတ်ခဲ၊ ရွေ့ရွေ့ကဲလျက်၊ ကောင်းမြဲမကောင်း၊ မိုဃ်းသည်းအောင်း၍၊ သောင်းခဲ့ကောက်ပင်၊ ပျိုးမရှင်တည့်၊ ပြည့်ရှင်မင်းကြီး၊ တရားမှီးမူ၊ မြေကြီးရသာ၊ ဩဇာတိုးတက်၊ ချိုမြက်သစ်သီး၊ အကြီးလုံးလှ၊ ဆေးဝါးစသည်၊ တေဇထက်မြတ်၊ ရောဂါလွတ်၍၊ ရွာမှတ်မိုဃ်းကောင်း၊ ကောက်မသောင်းတည့်၊ မင်းကောင်းတို့ကြောင့်၊ တရားစောင့်၍၊ ရှစ်သောင့်းမြေပြင်၊ ရန်ကိုသင်လျက်၊ ပြည်တွင်းပြည်သူ၊ ခပ်သိမ်းလူလည်း၊ ဆုယူများစွာ၊ ချစ်ကြင်နာ၍၊ မေတ္တာမိုဃ်းကြီး ရွာစေမင်း။

(၄၄) လင်္ကာဒီပ၊ သီဟဠဟု၊ နာမပြဋ္ဌာန်း၊ သိန်းဃိုကျွန်းဝယ်၊ ထွန်းသည့်နေသွင်၊ တန်ခိုးထင်သည်၊ သင်္ခဗောဓိ၊ အမည်ရှိသည်၊ မင်းကြီ့းကျင့်တူ၊ နှလုံးမူလော့၊ နတ်လူချစ်ပြင်း၊ ထိုသည့်မင်းကား၊ စောင့်ခြင်းတရား၊ မယွင်းမှားတည့်၊ ခိုးသားပူလောင်၊ ခေါင်သည့်မိုဃ်းနှင့်၊ နတ်ဆိုးဘီလူး၊ ဘမ်းစားကြူးသား၊ ဘေးသုံးပါးကို၊ သိကြားနတ်ပိုင်၊ ဓိဋ္ဌာန်တိုင်လျက်၊ အသက်စွန့်စား၊ ပြည်သူများကြောင့်၊ ဘိထားပျောက်စေ၊ မိုဃ်းကောင်းစေ၍၊ ကျင့်ထွေသို့လား၊ မတတ်ငြားလည်း၊ ရှိုးရှားဆိုတောင်း၊ ကျိုးအကြောင်းမူ၊ မင်းကောင်းရန်ကဲ၊ ကျင့်မူရဲလော့၊ ဘောက်လဲတတ်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘူး၊ ကျေးဇူးသော်မူ၊ သူတော်လူတို့၊ ပြောမူမြင့်ကြာ၊ ခြီးမွမ်းရာဖြင့်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှေးထုံးနည်းခိုင်း၊ ကောင်းကျင့်လှိုင်းလျက်၊ လူတိုင်းကျော်သဲ၊ ခြီးအံ့အဲသည်၊ မြင့်မြဲကျေးဇူး များစေမင်း။

(၄၅) သဟဿနေတ္တ၊ ဝါသဝဟု၊ သက္ကသူရိန်၊ ဒေဝိန်ထွတ်ထား၊ မိုးသကြားလျှင်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ ကွယ်ရာရန်ထောက်၊ နတ်လေးယောက်တို့၊ စောင့်ရှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊ တန်းခိုးထွန်းလင်း၊ လူတို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊ ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မခဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်၍၊ ကြံစည်နက်နဲ၊ မှုထမ်းရဲလျက်၊ ခဲခက်ရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဘို့ခြား၍၊ လေးပါးဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်ပေးကောင်း၊ မပေးကောင်းဟု၊ အကြောင်းစုံစမ်း၊ ရှေးကျင့်တမ်းဖြင့်၊ မှုထမ်းအနေ၊ ကွပ်ညှပ်စေ၍၊ လူ့မြေတွင်ထား၊ လူမင်းများလည်း၊ လေးပါးအင်တူ၊ ပမာမူ၍၊ ပြည်သူစောင့်ရှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက်လူ့ဘောင်၊ ပြည်ထဲဆောင်၍၊ ပြည်ထောင်ကြောက်ရွံ့ရှားစေမင်း။

(၄၆) အခါတပါး၊ မြင်းမိုရ်ဖျားဝယ်၊ သကြားနေရာ၊ စစ်ထိုးလာသား၊ ပြင်းစွာအရှိန်၊ အသူရိန်ကို၊ ဒေဝိန်သက္က၊ စီးချင်းချ၍၊ ဒေဝသဘာ၊ သုဓမ္မာဟု၊ သာသည်စရပ်၊ အမိုးရပ်တွင်၊ နှောင်ကြပ်အမြဲ၊ တုပ်၍ဆွဲသော်၊ ဆဲဆဲရေးရေး၊ ဟစ်ကြွေးရေရွတ်၊ တတွတ်တွတ်လျှင်၊ အပတ်တကုတ်၊ ကြမ်းကြုတ်စကား၊ နတ်မင်းဖျားကို၊ နွားနှင့်အတူ၊ ငရဲသူဟု၊ ကလူကစာ၊ ဆဲရေးရှာလျက်၊ မျက်မထွက်တည့်၊ ဆိုဘက်မထိုက်၊ သင်းသူမိုက်ဟု၊ မှတ်ပိုက်သောထွေ၊ သည်းခံပေ၏။ ရွှေမြေရပ်စည်၊ ရွှေနန်းတည်သား၊ နတ်ပြည်သနင်း၊ သကြားမင်းလျှင်၊ ခံခြင်းသည်းညည်း၊ အမျက်နည်း၍၊ ရေကြည်းတောတောင်၊ အာဏာဆောင်သား၊ ဘုန်းခေါင်ထွန်းလင်း၊ လူတို့မင်းကား၊ ပုံခင်းကျမ်းလာ၊ ထိုကိုစာ၍၊ ပြင်းစွာအမျက်၊ မထွက်ဘို့ရာ၊ ချုပ်မြစ်သာလော့၊ ပညာတိုင်တည်း၊ မျက်မာန်နည်းမူ၊ လူလည်းချစ်မော၊ နတ်လည်းပြော၍၊ ကျော်စောကောင်းခြီး ငြာစေမင်း။

(၄၇) လောကသာရ၊ ကျမ်းအစ၌၊ မြန်မာ့ဘာသာ၊ ပျို့လင်္ကာဖြင့်၊ တန်ဆာလည်းဆင်၊ ဘွဲ့စီရင်လျက်၊ ကျမ်းမြင်ထွေပြား၊ အပါးပါးနှင့်၊ များသည့်ထုံးနည်း၊ မှတ်ဘွယ်ချည်းတည့်၊ ပမည်းပမာ၊ နာနာနယ၊ သွန်းပုံချသို့၊ လူ့ဘရာဇာ၊ နရာဓိပ၊ ဘူပါလဟု၊ လောကထွတ်ဖျား၊ မင်းတို့အားကို၊ စီးပွားချမ်းသာ၊ ဖြစ်စိမ့်ငှာဖြင့်၊ ပညာသေတ္တု၊ ရုံးစည်ပြု၍၊ ကျင့်မူတရား၊ မှတ်စိမ့်ထားသည်၊ တခြားဒုတိယပိုင်းတည်း။

(၄၈) မှတ်ကုန်ကြလော့၊ ဗြဟ္မာ့နွယ်ရိုး၊ ပုဏ္ဏားမျိုးကို၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှေ့ဖျားကမ္ဘာ၊ အစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆေးသမားနှင့်၊ ဟူးရားကျမ်းမြင်၊ ကောင်းကင်နက်သတ်၊ တတ်သည်တသီး၊ ယဇ်မီးပူဇော်၊ ဖြော်ဖြော်မန်းရွတ်၊ ဂြိုဟ်နတ်သန္တေ၊ ဦးဆေးတခြား၊ ခေါင်ဖျားဗေဒင်၊ သိမြင်နှံ့စပ်၊ ပိဋကတ်နှင့်၊ ကလာပ်ဗျဥ္ဇီ၊ ဒဏ္ဍီဝိဒဂ်၊ ကျမ်းခက်ဗျာကရိုဏ်း၊ တနှိုင်းတခြား၊ လေးပါးဤသို့၊ ပုဏ္ဏားတို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆေးသမားလည်း၊ ဆေးဝါးတတ်စွမ်း၊ ပိဏ္ဍောပြွမ်း၍၊ ဆေးကျမ်းထိုမျှ၊ သာရသင်္ဂြိုဟ်၊ ဘွင့်ဆိုတတ်ကျယ်၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ၊ သွေးလေချောက်ချား၊ သလိပ်များက၊ စသည့်ရောဂါ၊ အနာအမျိုး၊ ကိုးဆယ့်ခြောက်ပါး၊ အပြားပြားကို၊ မမှားလပ်အောင်၊ ကုသဆောင်၍၊ အခေါင်သမား မြောက်စေမင်း။

(၄၉) ဟောရဂန္ထ၊ ဂဏနဟု၊ သိပ္ပဟူးရား၊ တတ်မြောက်မြားသာ၊ ပုဏ္ဏားတရိုး၊ သူကောင်းမျိုးတို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအန်ထုတ်၍၊ အဟုတ်လေ့ထ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းစံဓုဝံ၊ ဂြိုဟ်သွန်းမာန်းတပ်၊ ထက်ကြပ်တညီ၊ အသီတိစက်၊ ဘော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တာဗီသ၊ လှည့်ထနက်သတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသ်ရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ လနေကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ မှန်မှန်ကားကား၊ အသားအရိုး၊ စုံပြည့်ဖြိုးလျက်၊ ကျော်ဟိုးမြင်သိ၊ ပညာရှိဟု၊ ကိတ္တိထင်ရှား၊ ဗြဟ္မာသားတို့၊ ဟူးရားတတ်ခေါင် မြောက်စေမင်း။

(၅၀) သာမယဇု၊ ဣရုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘအရိုး၊ အမျိုးမြတ်လှ၊ ဗြာဟ္မဏဟု၊ ပုဏ္ဏားလက္ခဏာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ဇမ္ဗူဝတ်လဲ့၊ လက်ဝဲပတ်ခြုံ၊ စမ္ပာယ်ရုံလျက်၊ တင်တုံစလွယ်၊ လည်ဝယ်မကင်း၊ သလင်းရတည်း၊ ပတ်စည်းကျစ်လစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဖုံးအုပ်လျက်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်းမှ၊ စိုးမင်းတို့ရှေ့၊ မရွေ့မတ်မတ်၊ ဖောင်ဖောင်ရွတ်၍၊ စိမ်းလတ်မြသွင်၊ မြေဇာပင်နှင့်၊ ရေစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်တို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျက်၊ ပစ္စည်းပေါယယ်၊ ပုဏ္ဏားကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စေမင်း။

(၅၁) ညတည်းမထင်၊ နေဝင်အခါ၊ ဆည်းဈာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယာသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာ၍၊ ပရမီသွာ၊ မဟာဗန္နဲ၊ လေးလွှဲရန်ဘီ၊ နတ်စန္ဒီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဥက္ခောင်းသန္တေး၊ နေ့တိုင်းဆေး၍၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ဆုံချွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးရှောင်ကြဉ်၊ မယှဉ်သက်သတ်၊ ကျင့်မှတ်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတေ့၊ ခုနစ်နေ့လျှင်၊ စေ့လတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ ကြည်ညိုမြတ်လေး၊ အလှူပေးလော့၊ ရှေးကလွန်လေ၊ ရှေးရိုးပေတည့်၊ မျိုးဆွေအမြဲ၊ မှတ်သုံးစွဲ၍၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နည်ပြည် ရောက်စေမင်း။

(၅၂) ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါ်ဂြိုဟ်နှင်၊ ဗေဒင်ကိန်းခန်း၊ မိန့်သံမွှန်းလျက်၊ စက်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့ရှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆေးပေဥက္ခောင်း၊ ဘိသိက်လောင်းလျက်၊ သူကောင်းသူမြတ်၊ လွတ်စေအနာ၊ ဥပဒ်ခွာလော့၊ ပြည်ရွာတိုင်းကား၊ ကြီးပွားစိမ့်ငှာ၊ လေးမျက်နှာမှ၊ မလာရန်စစ်၊ မဖြစ်စေမှု၊ တည်ထွင်ပြု၍၊ စုသည့်မီးခဲ၊ ကျီးရဲရဲ၌၊ မြှောက်ကြဲဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်တွင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဘန်များရွတ်ဘတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယဇ်ပူဇော်၍၊ လူ့ဘော်ရန်စစ် ပျောက်စေမင်း။

(၅၃) ကျေးဇူးပညာ၊ များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ၊ ပညာရှိဟု၊ ကဝိပုဏ္ဏား၊ အများသမိုက်၊ သင်္သကရိုဋ်ကို၊ မြိုက်မြိုက်လျှာဖျား၊ စက်လားရဟတ်၊ ပတ်ပတ်သွင်သွင်၊ နှုတ်သံလွင်နှင့်၊ ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျက်၊ ကျယ်ဝန်းထွေပြား၊ အပါးပါးနှင့်၊ မှတ်သားကိန်းခန်း၊ ဆန်းနှင့်လင်္ကာ၊ နားဝင်စွာ၍၊ ဂါထာဘွဲ့ကျမ်း၊ ချီးမွမ်းစလောက်၊ မင်းပွဲမှောက်တွင်၊ တယောက်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ၊ မြောက်ထိုက်စွာသော၊ ဒိသာပါမုက်၊ မည်ထုတ်ကျော်အောင်၊ ကြိုးပမ်းဆောင်လျက်၊ တတ်ခေါင်လိမ်မာ၊ ရှေးအခါ၌၊ ဆရာမြောက်လှ၊ ဇာနက္ကသို့၊ လုံ့လကြိုးစား၊ မင်းတို့အားကို၊ စီးပွားရွက်ဆောင်၊ ကျေးဇူးရောင်ဖြင့်၊ လူ့ဘောင်ထွန်းလင်း တောက်စေမင်း။

(၅၄) လက္ခဏာကြန်၊ တတ်ပွန်လေ့လာ၊ မင်းဖြစ်ရာသား၊ လက်ျာဘဝါး၊ တခြားပြက်ပြက်၊ ခြေလယ်တက်၍၊ လက်လည်းထို့သွင်၊ အရေးမြင်မူ၊ မင်းလျှင်စင်စစ်၊ ဖြစ်အံ့အမြဲ၊ မချွတ်လွဲတည့်၊ ဝံ့ရဲမရွံ၊ လည်ဖြတ်ခံလော့၊ ထုံးစံမှတ်သား၊ နည်းနာများကို၊၊ ပုဏ္ဏားများခေါင်း၊ ရှစ်ယောက်ပေါင်းတွင်၊ ကယ်ကောင်းတတ်လွန်၊ ကောဏ္ဍဉ်ဟန်သို့၊ ဟောမှန်လက္ခဏာ၊ တတ်လှစွာ၍၊ ပညာကဝေ၊ မြောက်သောထွေဖြင့်၊ အသေအချာ၊ နာနာသိပ္ပ၊ ကိစ္စတတ်ပွန်၊ မန္တန်ပြီးစီး၊ တသီးသူရဿတီ၊ ပင့်ချီခေါ်ချ၊ စကားရလျက်၊ ပေါက်ပြကျော်ထိတ်၊ ပုရောဟိတ်ဟု၊ ဘိသက်ဆရာ၊ မြှောက်ထိုက်စွာ၍၊ မင်းလျာသူမြောက်စေမင်း။

(၅၅) ကျယ်ဝန်းစကြဝဠာ၊ ကမ္ဘာအစ၊ ပေါ်ဦးကလျှင်၊ ဗြဟ္မာ့နွယ်ရိုး၊ ကျော်ဝှန်ဟိုးလျက်၊ မြတ်မျိုးစင်ကြယ်၊ လေးသွယ်ဗေဒင်၊ တတ်သိမြင်သား၊ လူတွင်ထင်ရှား၊ ပုဏ္ဏားတို့ကို၊ ကျင့်စေလို၍၊ သံချိုလင်္ကာ၊ နည်းနာထွေပြား၊ မှတ်စိမ့်ထားသည်၊ တခြားတတိယပိုင်းတည်း။ [၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. စာ (၁၄၁) မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲ ၊ စာပေဗိမာန် ၁၉၉၁ နိုဝင်ဘာ
  2. လောကသာရပျို့. ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။