ဝေဿဘူဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝေဿဘူဘုရား[ပြင်ဆင်ရန်]

ဗုဒ္ဓဝင်[ပြင်ဆင်ရန်]

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် တူသောသူ ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူသော အမည်အားဖြင့် ဝေဿဘူ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။

၂။ ထိုအခါ အနှောင်အဖွဲ့ကို ဖြတ်တောက်၍ သွားသော ဆင်ပြောင်ကြီးကဲ့သို့ ထိုမြတ်စွာဘုရားသည် ရာဂမီးဖြင့် တောက်လောင်လျက်ရှိသော တဏှာတို့၏ နိုင်ငံ ကို ဖြတ်၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။

၃။ ဝေဿဘူမြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေ ရှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ သိခြင်း ဖြစ်လေ၏။

၄။ လောက၏ အကြီးအမှူးဖြစ်သော လူတို့ထက်မြတ်သော မြတ်စွာဘုရားသည် တိုင်း နိုင်ငံ၌ ဒေသစာရီ လှည့်လည်တော်မူလတ်သော် ကုဋေခုနစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၅။ ထိုမြတ်စွာဘုရားသည် ကြီးစွာသော မိစ္ဆာအယူကို ပယ်ဖျောက်လျက် တန်ခိုး ပြာဋိဟာကို ပြုတော်မူ၏၊ ထိုအခါ နတ်နှင့်တကွသော လောကဓာတ်တစ်သောင်း၌ အညီအညွတ် စည်းဝေး ရောက်လာသော လူ နတ်တို့သည်-

၆။ ကြက်သီးမွေးညင်း ထစေတတ်သော မဖြစ်စဖူးဖြစ်သော ကြီးစွာသော အံ့ဩ ဖွယ်ကို တွေ့မြင်ကုန်သည်ရှိသော် ကုဋေခြောက်ဆယ်သော လူ နတ် ဗြဟ္မာတို့ သည် (သစ္စာလေးပါးကို) သိကြကုန်၏။

၇။ ဝေဿဘူမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏။

၈။ ထိုသုံးပါးတို့တွင် ကုဋေရှစ်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ရှေးဦးစွာ (အစည်းအဝေး) ဖြစ်လေ၏၊ ခုနစ်သောင်းသော ရဟန္တာတို့၏ အစည်း အဝေးသည် နှစ်ကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၉။ မြတ်စွာဘုရား၏ တပည့်သား ဖြစ်ကုန်သော အိုခြင်းစသော ဘေးကို ကြောက် ကုန်သော ခြောက်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ် မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၀။ ထိုအခါ ငါသည် သုဒဿနမည်သောမင်း (ဖြစ်၍) မြတ်စွာဘုရားကို ပင့်ဖိတ် ပြီးလျှင် အဖိုးများစွာထိုက်သော (ကျောင်း) အလှူကို လှူ၍ သံဃာနှင့်တကွသော မြတ်စွာဘုရားကို ဆွမ်း အဖျော်ဖြင့် လည်းကောင်း၊ အဝတ်သင်္ကန်းဖြင့် လည်း ကောင်း ပူဇော်ခဲ့၏။

၁၁။ အတုမရှိသော ထိုမြတ်စွာဘုရားသည် ဟောတော်မူအပ်သော မွန်မြတ်သော ဓမ္မစကြာ တရားတော်ကို နာကြားရ၍ ရဟန်းအဖြစ်ကို အလွန်နှစ်သက်ခဲ့၏။

၁၂။ ငါသည် ညဥ့်နေ့ပတ်လုံး မပျင်းမရိဘဲ ကြီးစွာသော အလှူကို ဖြစ်စေပြီးလျှင် ရဟန်းအဖြစ်သည်ဂုဏ်နှင့် ပြည့်စုံ၏၊ (ဂုဏ်ရှိ၏ဟု သိ၍) မြတ်စွာဘုရား အထံ၌ ရဟန်းပြု ခဲ့၏။

၁၃။ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် အကျင့်ဂုဏ်တို့နှင့် ပြည့်စုံသူဖြစ်၍ ကျင့်ဝတ် သီလတို့၌ ဆောက်တည်လျက် မြတ်စွာဘုရား သာသနာတော်၌ ပျော်မွေ့ခဲ့၏။

၁၄။ ငါသည် ကြည်ညိုခြင်း နှစ်သက်ခြင်းသို့ ကပ်ရောက်၍ ဆရာဖြစ်သော မြတ်စွာဘုရားကို ရှိခိုးခဲ့၏၊ သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် နှစ်သက်ခြင်း {ပီတိ} သည် ငါ့အား ဖြစ်ပေါ်ခဲ့ပေ၏။

၁၅။ မြတ်စွာဘုရားသည်(ငါ၏)မဆုတ်နစ်သောစိတ်ကိုသိ၍ ဤမင်းသည် ဤကမ္ဘာ မှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဤစကားကို မိန့်တော်မူ၏။

၁၆။ ထိုအခါ မွေလျော့်ဖွယ် ကောင်းသော ကပိလမြို့မှ။ပ။ ဤဂေါတမ မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ ဟု ဆုတောင်းကုန်၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည်ခဲ့၏။

၁၈။ ဝေဿဘူမြတ်စွာဘုရား၏ မြို့တော်သည် အနောမ မည်၏၊ (ခမည်းတော်) မင်းသည် သုပ္ပတီတမင်း မည်၏၊ မယ်တော်သည် ယသဝတီမိဖုရား မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ခြောက်ထောင်တို့ ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ရုစိ သုရုစိ ရတိဝဎ္ဍနအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင် တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် မယုတ်မလျော့ သုံးသောင်း (တိတိ) ရှိကုန်၏၊ ထိုဘုရားလောင်း၏ မိဖုရားသည်ကား သုစိတ္တာ မည်၏၊ သားတော်သည် သုပ္ပဗုဒ္ဓ မည်၏။

၂၁။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဝေါယာဉ်ဖြင့် တောထွက် တော်မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော် မူ၏။

၂၂။ ကြီးမြတ်သော လုံ့လရှိသော လူတို့ထက် မြတ်သော လောက၏ ရှေ့သွားဖြစ် သော ဝေဿဘူ မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ အရုဏာရာမကျောင်းတိုက်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၃။ သောဏသည် လည်းကောင်း၊ ဥတ္တရသည် လည်းကောင်း ဝေဿဘူမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏၊ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် {ဥပသန္တ}မည်၏။

၂၄။ ရာမာသည်လည်းကောင်း၊ သမာလာသည်လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကြီးသော အင်ကြင်းပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၅။ သောတ္ထိကသည် လည်းကောင်း၊ ရမ္ဘသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ ဂေါတမီသည် လည်းကောင်း၊ သိရိမာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၂၆။ ထိုမြတ်စွာဘုရားသည် အတောင်ခြောက်ဆယ် မြင့်လျက် ရွှေတိုင်နှင့် တူတော်မူ၏၊ ညဥ့်အချိန်ဝယ်တောင်ထိပ်၌ မီးလျှံကဲ့သို့ ရောင်ခြည်တော်သည် ကိုယ်မှ ပြေးသွား (ကွန့်မြူး) လျက် ရှိပေ၏။

၂၇။ ထိုမြတ်စွာဘုရား၏ အသက်သည် အနှစ်ခြောက်သောင်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရားသည် တရားကို ပျံ့နှံ့အောင် ပြုတော်မူလျက် များစွာသော လူအပေါင်းကို ဝေဖန်၍ တရားတည်းဟူသော လှေကို ထားခဲ့ပြီးလျှင် တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော် မူလေ၏။

၂၉။ ဖူးမြော်ထိုက်သော မြတ်စွာဘုရားနှင့်တကွ တပည့်သာဝကသည် လည်း ကောင်း၊ (ထိုမြတ်စွာဘုရား၏) ဣရိယာပုထ်မျှရာ ကျောင်းတိုက်သည် လည်း ကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၀။ နတ်လူတို့၏ ဆရာဖြစ်သော ဝေဿဘူမြတ်စွာဘုရားသည် ခေမာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ဓာတ်တော်သည် ထိုထို အရပ်မျက်နှာ တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။

ဝေဿဘူဗုဒ္ဓဝင် ပြီး၏။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဝံသပါဠိတော်