မင်္ဂလဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မင်္ဂလဘုရား[ပြင်ဆင်ရန်]

ဗုဒ္ဓဝင်[ပြင်ဆင်ရန်]

၁။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောက၌ အမိုက်မှောင်ကို ပယ် ဖျောက်၍ တရားတည်းဟူသော မီးရှူးတိုင်ကို ညှိထွန်းတော်မူ၏။

၂။ ထိုမြတ်စွာဘုရားအား အခြားသော မြတ်စွာဘုရားတို့ထက် လွန်ကဲသော အတုမရှိသော အရောင်သည် ရှိလေ၏၊ ထိုမြတ်စွာဘုရား၏ အရောင်သည် လ နေ တို့၏ အရောင်ကို ပယ်ဖျောက်၍ တစ်သောင်းသော လောကဓာတ်၌ တင့်တယ်၏။

၃။ ထိုမြတ်စွာဘုရားသည်လည်း အမြတ်ဆုံး သစ္စာလေးပါးတရားတို့ကို ပြတော်မူ ၏၊ ထိုထိုနတ် လူတို့သည် သစ္စာလေးပါးတည်းဟူသော အမြိုက်ရေကို သောက်ကြ ရ၍ ကြီးစွာသော အမိုက်မှောင်ကို ပယ်ဖျောက်ကြကုန်၏။

၄။ ထိုမင်္ဂလမြတ်စွာဘုရားသည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ရှေးဦးစွာ တရားဟောပြရာ အခါ၌ ကုဋေတစ်သိန်းသော နတ် လူ ဗြဟ္မာတို့၏ သစ္စာလေးပါး တရားကို သိခြင်းသည် ဖြစ်လေ၏။

၅။ မြတ်စွာဘုရားသည် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်ဗြဟ္မာတို့၏ သစ္စာ လေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် ဖြစ်လေ၏။

၆။ အကြင်အခါ သုနန္ဒစကြဝတေးမင်းသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် မြတ်သော တရားတည်းဟူသော စည်တော်ကြီးကို တီးခတ် တော်မူ၏။

၇။ ထိုအခါ သုနန္ဒစကြဝတေးမင်း၏ နောက်လိုက် လူအပေါင်းတို့သည် ကုဋေ ကိုးဆယ်တို့ ဖြစ်ကုန်၏၊ ထိုနောက်လိုက်လူ အားလုံးတို့သည်လည်း အကြွင်းမဲ့ ဧဟိဘိက္ခုရဟန်းတို့ ဖြစ်ကုန်၏။

၈။ မင်္ဂလမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမ အစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ် လေ၏။

၉။ ဒုတိယ အစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။ တတိယ အစည်းအဝေးသည် ကိလေသာ အညစ်အကြေး ကင်းသော ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏။

၁၀။ ထိုမင်္ဂလဘုရား လက်ထက်တော်အခါ၌ ငါ (ဘုရားလောင်း)သည် ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော သုံးပါးသော ဗေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်သော သုရုစိ မည်သော ပုဏ္ဏား ဖြစ်ခဲ့၏။

၁၁။ ငါသည် ထိုမင်္ဂလမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပြီးလျှင် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်ကို နံ့သာပန်း ဖြင့် ပူဇော်ခဲ့၏၊ နံ့သာပန်းဖြင့် ပူဇော်ပြီးလျှင် နို့အဖျော်ဖြင့် (နို့ဃနာဆွမ်းဖြင့်) ရောင့်ရဲစေခဲ့၏။

၁၂။ ခြေနှစ်ချောင်းရှိသူ နတ် လူတို့ထက် မြတ်သော ထိုမင်္ဂလမြတ်စွာဘုရားသည် လည်း ငါ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ဤသုရုစိပုဏ္ဏားသည် ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဘုရား ဖြစ်လတ္တံ့။

၁၃။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုပ်ငန်းကို အားထုတ်၍။ပ။ ဤ(ဂေါတမ) မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ငါသည် ထိုမြတ်စွာဘုရား စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၅။ ထိုအခါ ငါသည် နှစ်သက်ခြင်းကို ပွါးစေလျက် မြတ်သော သမ္မာသမ္ဗောဓိ ဉာဏ်သို့ ရောက်ခြင်းငှါ ငါ့အိမ်ကို မြတ်စွာဘုရားအား လှူပြီးလျှင် ထိုမြတ်စွာ ဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။

၁၆။ ငါသည် သုတ္တန်ကို လည်းကောင်း၊ ဝိနည်းကို လည်းကောင်း အင်္ဂါကိုးပါးရှိ သော မြတ်စွာဘုရား အဆုံးအမတော် အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော်ကို တင့်တယ်စေခဲ့၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရား သာသနာတော်၌ မမေ့မလျော့ဘဲ နေလျက် ဗြဟ္မ ဝိဟာရ ဘာဝနာကို ပွါးများ၍ အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ လားခဲ့၏။

၁၈။ မင်္ဂလမြတ်စွာဘုရား၏ မြို့တော်သည် ဥတ္တရမည်၏၊ ခမည်းတော်သည် ဥတ္တရမင်း မည်၏၊ မယ်တော်သည် ဥတ္တရာမိဖုရား မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား ယသဝါ သုစိမာ သိရီမာအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင် အပ်ကုန်သော မောင်းမတို့သည် သုံးသောင်းရှိကုန် ၏၊ မိဖုရားသည် ယသဝတီ မည်၏၊ သားတော်သည် သီဝလ မည်၏။

၂၁။ ဘုရားအလောင်းသည် နိမိတ်လေးပါးတို့ကို မြင်၍ မြင်းယာဉ်ဖြင့် တောထွက် တော်မူ၏၊ မယုတ်မလျော့သော ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၂။ ကြီးသော လုံ့လ ရှိတော်မူသော မင်္ဂလမည်သော မြတ်စွာဘုရားသည် ဗြဟ္မာ မင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အမြတ်ဆုံး ကျက်သရေရှိသော သိရီ ၀ရုတ္တမ တော၌ ဓမ္မစကြာကို ဟော တော်မူ၏။

၂၃။ သုဒေဝသည် လည်းကောင်း၊ ဓမ္မသေနသည် လည်းကောင်း မင်္ဂလမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ မင်္ဂလမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ပါလိတမည်၏။

၂၄။ သီဝလာသည် လည်းကောင်း၊ အသောကာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာ ဘုရား၏ ဗောဓိပင်ကို ကံ့ကော်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၅။ နန္ဒသည် လည်းကောင်း၊ ဝိသာခသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ အနုလာသည် လည်းကောင်း၊ သုတနာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂ ဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရားမှ အသိန်းမကကုန် သော ရောင်ခြည်တော်တို့သည် ထွက်ကြွ (ကွန့်မြူး)ကုန်၏။

၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် တည်နေလျက် များစွာသော သတ္တဝါ အပေါင်းကို ကယ်တင်တော် မူ၏။

၂၈။ သမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်သကဲ့သို့ ထို့အတူ ပင် ထိုမြတ်စွာဘုရား၏ ထိုတပည့် သာဝကတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်။

၂၉။ လောက၏ ရှေ့သွား ဖြစ်တော်မူသော မင်္ဂလမြတ်စွာဘုရားသည် အကြင်မျှ လောက် တည်နေတော်မူ၏၊ ထိုမျှလောက် (မြတ်စွာဘုရား၏ သာသနာတော် တည်နေသရွေ့) ကာလပတ်လုံး (တပည့် သာဝကတို့သည်) ကိလေသာနှင့်တကွ သေခြင်းသည် မရှိချေ။ ၃၀။ များသော အခြံအရံ အကျော်အစောရှိသော ထိုမြတ်စွာဘုရားသည် တရား တည်းဟူသော ဆီမီးတိုင်ကို ညှိထွန်းတော်မူ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်ပြီးလျှင် ဆီမီးကဲ့သို့ ထွန်းတောက်ပ၍ ပရိနိဗ္ဗာန် စံတော်မူ၏။

၃၁။ နတ်နှင့် တကွသော လောက၌ သင်္ခါရတရားတို့၏ အနိစ္စသဘောကို ပြ၍ တောက်လောင်ပြီး မီးပုံကြီးကဲ့သို့ လည်းကောင်း၊ ဝင်သွားသော နေမင်းကဲ့သို့ လည်းကောင်း ထွန်းလင်းပြီး၍ (ပရိနိဗ္ဗာန် စံတော်မူလေပြီ)။

၃၂။ မင်္ဂလမြတ်စွာဘုရားသည် ၀ဿရ မည်သော ဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော် မူ၏၊ ထိုဥယျာဉ်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုးတော်)သည် ယူဇနာ သုံးဆယ် မြင့်တော်မူ၏။[၁]


ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဝံသပါဠိတော်