သောဘိတဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သောဘိတဘုရား[ပြင်ဆင်ရန်]

ဗုဒ္ဓဝင်[ပြင်ဆင်ရန်]

၁။ ရေဝတမြတ်စွာဘုရား၏ နောက်အဖို့၌ သောဘိတမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏၊ (ထိုမြတ်စွာဘုရားသည်) တည်ကြည်တော်မူ၏၊ ငြိမ်သက် သောစိတ် ရှိတော်မူ၏၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ။

၂။ ထိုမြတ်စွာဘုရားသည် မိမိအိမ်တော်၌ စိတ်ကို ဆုတ်နစ်စေတော်မူပြီ၊ (ထိုအခါ) အလုံးစုံသော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ဓမ္မစကြာကို ဟောတော်မူ၏။

၃။ တရားဟောတော်မူသော အခါ၌ အောက်အဝီစိမှ အထက်ဘဝဂ်တိုင်အောင်၊ အထက်ဘဝဂ်မှလည်း အောက်အဝီစိတိုင်အောင် ဤအတွင်း၌ တစ်ခုတည်းသော ပရိသတ်သည် ဖြစ်၏။

၄။ မြတ်စွာဘုရားသည် ထိုပရိသတ်၌ ဓမ္မစကြာကို ဟောတော်မူ၏၊ (ထိုအခါ သစ္စာလေးပါးကို သိခြင်းသည်) ဂဏန်းသချင်္ာအားဖြင့် မပြောဆိုနိုင်သော ရှေးဦးစွာ သိခြင်း ဖြစ်လေ၏။

၅။ ထိုမှ နောက်၌လည်း နတ်တို့၏ အစည်းအဝေး၌ တရားဟောတော်မူသည် ရှိသော် ကုဋေကိုးသောင်းသော နတ်ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၆။ နောက်တစ်ဖန် ရေမြေကို အစိုးရသော ဇယသေန မည်သော မင်းသား သည် အရံ (ကျောင်းတိုက်)ကို ဖန်ဆင်း၍ မြတ်စွာဘုရားအား အပ်နှင်းလှူဒါန်း လေ၏။

၇။ ထိုအခါ မြတ်စွာဘုရားသည် ထိုမင်းသား၏ အလှူကို ချီးမွမ်းလျက် တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်လူတို့၏ (သစ္စာလေးပါးကို သိခြင်းသည်) သုံးကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၈။ သောဘိတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ တိုင်တိုင် ဖြစ်ကုန်၏။

၉။ ဥဂ္ဂတမည်သော ထိုမင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူ၏၊ ထို အလှူ၌ (ရဟန္တာတို့၏) ကုဋေတစ်ရာတို့သည် အညီအညွတ် စည်းဝေးကုန်၏။

၁၀။ ထို့နောက် အသင်းအဖွဲ့ အပေါင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူ ပြန်၏၊ ထိုအခါ ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ် မြောက် ဖြစ်လေ၏။

၁၁။ အကြင်အခါ၌ မြတ်စွာဘုရားသည် နတ်ပြည်၌ သီတင်းသုံးပြီးလှျင် (ထိုနတ် ပြည်မှ) သက်ဆင်းတော်မူ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏ အစည်း အဝေးသည် သုံးကြိမ်မြောက်ဖြစ်လေ၏။

၁၂။ ထိုအခါ ငါသည် သုဇာတမည်သော ပုဏ္ဏား (ဖြစ်ခဲ့၏)၊ ထိုအခါ တပည့် သာဝကနှင့်တကွ ဖြစ်သော မြတ်စွာဘုရားကို ဆွမ်း အဖျော်ဖြင့် ရောင့်ရဲနှစ်သိမ့်စေ ခဲ့၏။

၁၃။ လောက၏ အကြီးအမှူးဖြစ်သော ထိုသောဘိတမြတ်စွာဘုရားသည်လည်း ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဤပုဏ္ဏားသည် ဘုရားဖြစ်လတ္တံ။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာ ဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ ဟု ဆုတောင်းကုန်၏။

၁၅။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ ငါသည် ရွှင်လန်းသောသူ တက်ကြွသောစိတ်ရှိသူဖြစ်၍ ထိုမြတ်စွာဘုရားဖြစ်ခြင်းဟူသော အကျိုးကို ရခြင်းငှါ ထက်မြက်သော လုံ့လဝီရိယကို ပြုခဲ့၏။

၁၆။ သောဘိတမြတ်စွာဘုရား၏ မြို့တော်သည် သုဓမ္မ မည်၏၊ (ခမည်းတော်) မင်းသည် သုဓမ္မ အမည်ရှိ၍ မယ်တော်သည်လည်း သုဓမ္မာ ပင် အမည်ရှိ၏။

၁၇။ ထိုဘုရားအလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး (ထီးနန်းကို) အုပ်စိုး၍ နေ၏၊ (ထိုဘုရားအလောင်းအား) ကုမုဒ နာဠိန ပဒုမအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၁၈။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်း ခုနစ်ထောင်တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) ထိုမိဖုရားသည် မဏိလာ မည်၏၊ သားတော်သည် သီဟ မည်၏။

၁၉။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက် တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်ပြီးလှျင် (ဘုရားအဖြစ်သို့ ရောက်တော် မူ၏)။

၂၀။ လောက၏ အကြီးအမှူး ဖြစ်တော်မူသော သောဘိတမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ သုဓမ္မဥယျာဉ်တော်၌ ဓမ္မစကြာကို ဟော တော်မူ၏။

၂၁။ အသမသည် လည်းကောင်း၊ ဥနေတ္တသည် လည်းကောင်း သောဘိတ မြတ်စွာဘုရား၏ မြတ်သောတပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာ ဘုရား၏) အလုပ်အကွျေးသည် အနောမ မည်၏။

၂၂။ နကုလာသည် လည်းကောင်း၊ သုဇာတာသည် လည်းကောင်း ထိုမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား သည်လည်း ပွင့်တော်မူလတ်သော် ကံ့ကော်ပင်ရင်း၌ ပွင့်တော်မူ၏။

၂၃။ ရမ္မသည် လည်းကောင်း၊ သုဒတ္တသည် လည်းကောင်း မြတ်သော အလုပ် အကွျေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ နကုလာသည် လည်းကောင်း၊ ဏိတ္တာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။

၂၄။ မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်လျက် တက်သစ် သော နေမင်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၅။ ကောင်းစွာ ပွင့်သော တောအုပ်ကြီးသည် အထူးထူးသော ရနံ့တို့ဖြင့် မွှေးထုံသကဲ့သို့ ထို့အတူပင် ထိုမြတ်စွာဘုရား၏ စကားတော်သည် သီလရနံ့တို့ဖြင့် မွှေးထုံ၏။

၂၆။ သမုဒ္ဒရာမည်သည် ရှုကြည့်ခြင်းဖြင့် မရောင့်ရဲနိုင်သကဲ့သို့ ထို့အတူပင် ထိုမြတ်စွာဘုရား၏ စကားတော်သည် နာကြားခြင်းဖြင့် မရောင့်ရဲနိုင်ပေ။

၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမှျလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရားသည် ကြွင်းသောသူတို့ကို တစ်ကြိမ် ဆုံးမခြင်းကို လည်း ကောင်း၊ အကြိမ်ကြိမ် ဆုံးမခြင်းကို လည်းကောင်းပေး၍ မီးသည် ထွန်းတောက်ပ ၍ ငြိမ်းသွားသကဲ့သို့ တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် စံတော်မူလေပြီ။

၂၉။ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းကောင်း၊ စွမ်းအားသို့ ရောက်သော ထိုတပည့်သာဝကတို့သည်လည်း ကောင်း ထိုအားလုံးပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၀။ သောဘိတမြတ်စွာဘုရားသည် သီဟာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြု တော်မူလေ၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်သည် ထိုထို အရပ်တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဝံသပါဠိတော်