ဒီပင်္ကရာဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဗုဒ္ဓဝင်[ပြင်ဆင်ရန်]

၁။ ထိုအခါ ထိုရမ္မဝတီပြည်သူပြည်သားတို့သည် သံဃာနှင့်တကွသော မြတ်စွာ ဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ၌ တည်စေတော်မူ ၏။

၃။ ထိုမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား အရိယမဂ်ကိုလည်းကောင်း၊ မြတ်သောဖိုလ်လေးပါးတို့ကို လည်းကောင်း ပေးတော်မူ၏။ အချို့သော ပုဂ္ဂိုလ်အား အတုမရှိသော ပဋိသမ္ဘိဒါတရား တို့ကို ပေးတော်မူ၏။

၄။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား မြတ်သော သမာပတ် ရှစ်ပါးတို့ကို ပေးတော်မူ၏၊ အချို့သော ပုဂ္ဂိုလ်အား ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါး တို့ကို ပေးတော်မူ၏။

၅။ မြတ်စွာဘုရားသည် ထိုနည်း အစီအစဉ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူ၏၊ ထိုအဆုံးအမကြောင့် မြတ်စွာဘုရား၏ သာသနာတော်သည် ပျံ့နှံ့လေ၏။

၆။ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥဿဘ၏ ပခုံးနှင့် တူသော ပခုံး ရှိတော်မူသော ဒီပင်္ကရာအမည်ရှိသော မြတ်စွာဘုရားသည် များစွာ သော လူတို့ကို ကယ်တင်တော်မူ၏၊ ဒုဂ္ဂတိ ဘဝမှ လွတ်မြောက်စေတော်မူ၏။

၇။ မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို မြင်တော် မူသည် ရှိသော် ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင် (တည်သော) ထို သတ္တဝါထံသို့ တစ်ခဏဖြင့် ချဉ်းကပ်၍ (သစ္စာလေးပါးတရားကို) သိစေတော်မူ၏။

၈။ မြတ်စွာဘုရားသည် ရှေးဦးစွာ သစ္စာလေးပါးကို သိစေတော်မူရာ အခါ၌ ကုဋေတစ်ရာသော လူ နတ် ဗြဟ္မာအပေါင်းကို သိစေတော်မူ၏၊ မြတ်စွာဘုရား သည် နှစ်ကြိမ်မြောက် သစ္စာလေးပါးကို သိစေတော်မူရာ အခါ၌ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာအပေါင်းကို သိစေတော်မူ၏။

၉။ အကြင်အခါ မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ၌လည်း ကုဋေကိုးသောင်းသော နတ် ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။

၁၀။ ဒီပင်္ကရာမြတ်စွာဘုရား၏ သုံးကြိမ်သော တပည့်သာဝက အစည်းအဝေးတို့ သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် ကုဋေတစ်သိန်းသော တပည့်သာဝက တို့၏ အစည်းအဝေး ဖြစ်၏။

၁၁။ မြတ်စွာဘုရားသည် နာရဒကူဋတောင်၌ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်တော်မူ သည် ရှိသော် ကိလေသာ အညစ်အကြေး ကင်းကုန်သော ရဟန္တာကုဋေတစ်ရာ တို့သည် တစ်ဖန် စည်းဝေးကုန်၏။

၁၂။ အကြင်အခါ ကြီးသော လုံ့လ ရှိတော်မူသော မြတ်စွာဘုရားသည် သုဒဿန ကျောက်တောင်၌ ဝါဆိုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ကုဋေကိုးသောင်း သော ရဟန္တာတို့နှင့် အတူပဝါရဏာ ပြုတော်မူ၏။

၁၃။ ဒီပင်္ကရာမြတ်စွာဘုရား တရားဟောတော်မူလတ်သော် တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏။ တစ်ဦးစီ၊ နှစ်ဦးစီသော သတ္တဝါတို့၏ တရားကို ထိုးထွင်းသိခြင်းတို့သည် ဂဏန်းသချင်္ာအားဖြင့် မရေတွက်နိုင်ကုန်။

၁၄။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရား၏ သန့်ရှင်းစင်ကြယ်သော သာသနာတော် သည် ပျံ့နှံ့၏၊ လူသိများ၏၊ ပြည့်စုံ၏၊ စည်ကား၏။

၁၅။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ တန်ခိုးကြီးကုန်သော ရဟန္တာ လေးသိန်းတို့သည် ဒီပင်္ကရာမြတ်စွာဘုရားကို အခါခပ်သိမ်း ခြံရံကုန်၏။

၁၆။ ထိုဒီပင်္ကရာဘုရား ပွင့်တော်မူသောအခါ၌ အကြင် ရဟန်းတော်တို့သည် အရဟတ္တဖိုလ်သို့ မရောက်မူ၍ သေက္ခသာဖြစ်လျက် လူ့ဘဝကို စွန့်ကုန်၏၊ ထိုသေက္ခ ရဟန်းတို့သည် ကဲ့ရဲ့အပ်သူတို့သာ ဖြစ်ကုန်၏။

၁၇။ ကောင်းစွာ ပွင့်လင်းသော မြတ်စွာဘုရား သာသနာတော်သည် တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော အာသဝေါ မရှိကုန်သော ကိလေသာ အညစ်အကြေး ကင်းကုန် သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်း အလွန်တင့်တယ်၏။

၁၈။ ဒီပင်္ကရာမြတ်စွာဘုရား၏ ဖွားတော်မူရာမြို့သည် (ရမ္မဝတီ) မည်၏၊ ခမည်း တော်သည် (သုဒေဝမင်း) မည်၏၊ မယ်တော်သည် (သုမေဓာမိဖုရား) မည်၏။

၁၉။ ထိုဒီပင်္ကရာ ဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို စိုးအုပ်၍ နေ၏၊ ထိုဘုရားလောင်းအား ဟံသ၊ ကောဉ္စ၊ မယူရ (ဟင်္သာကြိုးကြာဥဒေါင်း)အားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်ထားသော မောင်းမသုံးသိန်းတို့သည် ခြံရံကုန်၏၊ ထိုဘုရားလောင်း၏ မိဖုရားသည် (ပဒုမ္မာ) မည်၏၊ သားတော်သည် (ဥသဘက္ခန္ဓ) မည်၏။

၂၁။ ထိုဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၂-၂၃။ မြတ်စွာဘုရားသည် ကမ္မဋ္ဌာန်း အကျင့်ကို ကျင့်၍ အရဟတ္တဖိုလ်ကို သိတော်မူ၏၊ ကြီးသောလုံ့လ ရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ နန္ဒာရာမတိုက် အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏၊ ကုက္ကိုပင်ရင်း၌ တိတ္ထိတို့အား နှိမ်နင်းခြင်းကို ပြုတော် မူ၏။

၂၄။ သုမင်္ဂလသည် လည်းကောင်း၊ တိဿသည် လည်းကောင်း ဒီပင်္ကရာမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝကတို့ ဖြစ်ကုန်၏။ ထိုဒီပင်္ကရာမြတ်စွာ ဘုရား၏ အလုပ်အကွျေးသည် (သာဂတ) မည်၏။

၂၅။ နန္ဒာသည် လည်းကောင်း၊ သုနန္ဒာသည် လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ကြတ်ပင် ဟု ခေါ်ဆိုအပ်၏။

၂၆။ ဒီပင်္ကရာမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေး ဒါယကာ တို့သည် တပုဿ၊ ဘလ္လိကာ မည်ကုန်၏။ အလုပ်အကျွေး ဒါယိကာမ တို့သည် သိရိမာ၊ ကောဏာတို့ ဖြစ်ကုန်၏။

၂၇။ ဒီပင်္ကရာမြတ်စွာဘုရားသည် အတောင်ရှစ်ဆယ် မြင့်တော်မူလျက် တန်ဆောင်တိုင်ကဲ့သို့ လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်တစ်သိန်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် တည်နေလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၉။ မီးပုံကြီး တောက်ပ၍ ငြိမ်းအေးသကဲ့သို့ ထိုမြတ်စွာဘုရားသည် သူတော် ကောင်း တရားကို ထွန်းတောက်ပစေ၍ များစွာသော သတ္တဝါအပေါင်းကို ကယ် တင်တော်မူလျက် တပည့်သာဝကနှင့်အတူ ပရိနိဗ္ဗာန် ပြုတော်မူ၏။

၃၀။ ထိုတန်ခိုးတော်သည် လည်းကောင်း၊ ထိုအခြံအရံသည် လည်းကောင်း၊ ခြေတော်တို့၌ ထိုစက်ရတနာတို့သည် လည်းကောင်း ရှိကုန်၏။ ထိုအားလုံးသည် ပင် ကွယ်ပျောက်လေ၏၊ အလုံးစုံသော သင်္ခါရ တို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၃၁။ မာရ်ငါးပါး ကို အောင်တော်မူပြီးသော ဒီပင်္ကရာမြတ်စွာဘုရားသည် နန္ဒာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ထိုနန္ဒာရာမကျောင်းတိုက်၌ ထိုမြတ်စွာ ဘုရား၏ ပုထိုးစေတီတော်သည် သုံးဆယ့်ခြောက် ယူဇနာ မြင့်တော်မူ၏။[၁]


ဖြစ်စဉ်[ပြင်ဆင်ရန်]

သရဏင်္ကရာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဘုရားလေးဆူ ပွင့်တော်မူရာ ထိုသာရမဏ္ဍကမ္ဘာ၌ပင် လူတို့၏ အသက်တမ်း၊ အနှစ်ကိုး သောင်းတမ်းမှ တဖြည်းဖြည်းဆုတ်ယုတ်၍ ဆယ်နှစ်သက်တမ်း၊ ထိုမှ တစ်ဖန် တိုးတက်ပြန်ရာ အသချေင်္ယျတမ်း၊ ထိုအသချေင်္ယျတမ်းမှ တစ်ဖန် ဆုတ်ယုတ်ပြန်ရာ အနှစ်တစ်သိန်းတမ်းသို့ ရောက်လေလျှင် ဒီပင်္ကရာ ဘုရားရှင် ပွင့်တော်မူခဲ့သည်။

ဒီပင်္ကရာဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း[ပြင်ဆင်ရန်]

ဒီပင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံ တော်မူပြီးနောက် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ရမ္မာဝတီမြို့တော်၊ သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုမေဓာမိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်နေတော်မူခဲ့သည်။ ဆယ်လပြည့်မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးမှ သားတော် အလောင်းမင်းသားကို ဖွားမြင်တော်မူခဲ့၏။ အလောင်းတော် မင်းသားကို “ဒီပင်္ကရာမင်းသား”ဟု အမည်မှည့်ခေါ်ခဲ့ကြကုန်၏။ ဒီပင်္ကရာ အလောင်းတော်မင်းသား ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော်မူ သောအခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း[ပြင်ဆင်ရန်]

ဒီပင်္ကရာ အလောင်းမင်းသားသည် အရွယ်တော်ရောက်သောအခါ ပဒုမာမင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ နှစ်ပေါင်းတစ်သောင်းတို့ ပတ်လုံး ဟံသ ဟင်္သာ ရွှေနန်းဆောင်၊ ကောဉ္စ ကြိုးကြာ ရွှေနန်းဆောင်၊ မယူရ ဥဒေါင်း ရွှေနန်းဆောင်၊ နန်းပြာသာဒ်သုံးဆောင်တို့မှ မောင်းမမိဿံ သုံးသိန်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် မင်းစည်းစိမ်ကို ခံစားတော်မူခဲ့သည်။ အလောင်းမင်းသား၏ သားတော်မှာ ဥသဘက္ခန္ဓမင်းသား ဖြစ်ခဲ့၏။

တောထွက်တော်မူခြင်း[ပြင်ဆင်ရန်]

အလောင်းတော်ဒီပင်္ကရာမင်းသားသည် အခြွေအရံတို့နှင့်တကွ ရွှေနန်း သုံးဆောင်တွင် မင်းစည်းစိမ်ကို ခံစားနေစဉ် ဥယျာဉ်ကစားရန် ထွက်တော် မူသောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နတ်တမန်နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူ၍ သံဝေဂဖြစ်ခဲ့ပြီး ရမ္မာဝတီမြို့တော်သို့ ပြန်ဝင်တော်မူခဲ့သည်။ တစ်ဖန် အလောင်းတော်မင်းသားသည် ဥယျာဉ် ကစားရန် ထွက်တော်မူလိုပြန်သည်။ ဝိသကြုံနတ်သားသည် ဒီပင်္ကရာ အလောင်းတော်မင်းသားအား အဝတ်တန်ဆာများကို လာရောက်ဆင်ယင် ပေးခဲ့သည်။ အလောင်းတော်မင်းသားသည် ဆင်ပေါင်း ရှစ်သောင်းလေးထောင် ခြံရံလျက် စီးတော်ဆင်၌ တက်စီး၍ များစွားသော စစ်သည်ဗိုလ်ပါ အခြံအရံ နှင့်ဥယျာဉ်တော်သို့ ထွက်ခဲ့ပြန်သည်။ ဥယျာဉ်တော်သို့ ရောက်သောအခါ စီးတော်ဆင်မှ ဆင်းသက်၍ ဥယျာဉ်တော်အတွင်း လှည့်လည်ရှုစားပြီးနောက် အေးမြနှစ်သက်ဖွယ်ကောင်းသော ကျောက်ဖျာထက်၌ ထိုင်တော်မူခဲ့သည်။ အလောင်းတော်မင်းသားသည် ကျောက်ဖျာထက်၌ ထိုင်နေစဉ် ရဟန်းပြုရန် စိတ်အကြံဖြစ်ခဲ့၏။

ဘုရားဖြစ်တော်မူခြင်း[ပြင်ဆင်ရန်]

ထိုအခါ သုဒ္ဓါဝါသဘုံမှ ရဟန္တာဗြဟ္မာကြီးသည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူခဲ့၍ အလောင်းတော်၏ မျက်မှောက် မြင်လောက်ရာအရပ်၌ ထားလေလျှင် ရဟန်း၏ အသုံးအဆောင်များဖြစ်ကြောင်း သိခဲ့ရ၏။ ပရိက္ခရာ ရှစ်ပါးကို ယူလျက် မင်းဝတ်တန်ဆာတို့ကို ခွျတ်ကာ လက်သုံးတော် သန်လျက်ဖြင့် ဆံတော်ကိုပယ်ပြီး ရဟန်းပြုခဲ့လေသည်။ အလောင်းတော် မင်းသား ရဟန်းပြုတော်မူကြောင်း သတင်းစကား ကြားသိကုန်သော လူအပေါင်းတို့သည် အလောင်းတော်မင်းသားကို အတုလိုက်ကာ ရဟန်းပြု ခဲ့ကြကုန်၏။ အလောင်းတော်သည် ထိုရဟန်းများနှင့်အတူ တောတွင်း၌ ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသော အကျင့်တော်မြတ်ကို ကျင့်တော်မူ၍ ညောင်ကြတ်ပင်ရင်း၌ ငါးဆယ့်သုံးတောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ဝယ် လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဓမ္မစကြာတရားဦး ဟောတော်မူခြင်း[ပြင်ဆင်ရန်]

ဒီပင်္ကရာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိ ညောင်ကြတ်ပင်အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော် မူခဲ့သည်။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်မှုကို ဝန်ခံတော်မူပြီး၍ သုနန္ဒာရာမအရပ် အသရေရှိသော ကျောင်းတော်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့သည်။ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခဲ့ကြကုန်၏။

ဒေသစာရီ လှည့်လည်တော်မူခြင်း[ပြင်ဆင်ရန်]

ဒီပင်္ကရာ ဘုရားရှင်သည် ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် သတ္တဝါတို့၏အကျိုးငှာ ဒေသစာရီ လှည့်လည်တော်မူလျက် ရမ္မာဝတီပြည်သို့ ရောက်ကာ သုဒဿနကျောင်းတော်၌ သီတင်းသုံးနေတော်မူခဲ့၏။ ရမ္မာဝတီ ပြည်သူပြည်သားတို့က နောက်ပါသံဃာများနှင့်တကွသော ဘုရားရှင်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာ ဘုရားရှင်အား ကိုးကွယ်ရာဟု ဆည်းကပ် ခဲ့ကြကုန်၏။ ဘုရားရှင်သည် အချု့ိသော ပုဂ္ဂိုလ်ကို သရဏဂုံ၌ တည်စေခဲ့၏။ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ မြဲစေခဲ့၏။ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ ဆောက်တည်စေခဲ့၏။ အချု့ိသောပုဂ္ဂိုလ်အား အရိယမဂ် လေးပါး၊ ဖိုလ်လေးပါးတို့ကို ပေးတော်မူခဲ့၏။ အချို့သော ပုဂ္ဂိုလ်တို့အား အတုမရှိသော ပဋိသမ္ဘိဒါတရား လေးပါးတို့ကိုလည်းကောင်း၊ မြတ်သော သမာပတ်ရှစ်ပါးတို့ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ ကိုလည်းကောင်း ပေးတော်မူကာ လူအပေါင်းကို ချီးမြှောက်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုနည်း အစီအစဉ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူကာ ဘုရားရှင်၏ အဆုံးအမကြောင့် ဘုရားရှင်၏ သာသနာတော်သည် ပွင့်လင်း ထွန်းကားလာခဲ့သည်။

ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥသဘ၏ ပခုံးနှင့် တူသော ပခုံးရှိတော်မူသော ဒီပင်္ကရာဘုရားရှင်သည် များစွာသော သတ္တဝါ တို့ကို ကယ်တင်တော်မူကာ ဒုဂ္ဂတိဘုံဘဝမှ လွတ်မြောက်စေတော်မူခဲ့သည်။ ဘုရားရှင်သည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို ရွှေဉာဏ်တော် ကွန်ရက်တွင် ထင်တော်မူလာက ယူဇနာတစ်သိန်း ကွာဝေးသော အရပ်၌ တည်သော ထိုသတ္တဝါထံသို့ တစ်ခဏချင်းဖြင့် ချဉ်းကပ်၍ ကယ်မ စောင့်ရှောက်တော်မူခဲ့သည်။

ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း[ပြင်ဆင်ရန်]

တစ်နေ့တွင် ဒီပင်္ကရာ ဘုရားရှင်သည် နောက်ပါရဟန္တာ လေးသိန်း ခြံရံလျက် ရမ္မာဝတီပြည်သို့ ကြွတော်မူလာခဲ့ရာ လမ်းခရီးတွင် ဂေါတမဘုရား အလောင်းသုမေဓာ ရှင်ရသေ့အား “နောက်လာမည့် ဘဒ္ဒကမ္ဘာတွင် ဂေါတမမည်သော ဘုရားဖြစ်လတံ့”ဟု ဗျာဒိတ်စကား မြွက်ကြားတော် မူခဲ့သည်။ ဒီပင်္ကရာဘုရားရှင်သည် ဗျာဒိတ်စကား မြွက်ကြားတော်မူပြီးနောက် ဆွမ်းပင့်ရာ ဌာနသို့ ကြွတော်မူပြီးလျှင် ရမ္မာဝတီပြည်သူတို့၏ ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူနေသောအခါ သုမေဓာရှင်ရသေ့သည် ပါရမီတော် တို့ကို ဆင်ခြင်တော်မူခဲ့သဖြင့် တရား၏တန်ခိုး အာနုဘော်အားဖြင့် မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ခဲ့လေသည်။ ထိုသို့မြေလှုပ်သဖြင့် ဆွမ်းကျွေးမွေးနေသူ လူအပေါင်းတို့သည် ကြောက်ရွံ့ကြ၍ ဒီပင်္ကရာဘုရားရှင်အား လျှောက်ထား ကြရာ “ကြောက်ရွံ့ဖွယ်မရှိ၊ သုမေဓာရှင်ရသေ့၏ တရားတော်ကို ဆင်ခြင်ခြင်းအတွက် မြေလှုပ်ခြင်း ဖြစ်သည်”ဟု ဟောတော်မူခဲ့၏။ လူအများတို့သည် သုမေဓာရှင်ရသေ့ထံသို့ သွားကာ ကောင်းချီးပေးကြကုန်၏။

ဒီပင်္ကရာဘုရားရှင်၏ တပည့်သာဝကများ[ပြင်ဆင်ရန်]

ဒီပင်္ကရာမြတ်စွာဘုရား၏ (အဂ္ဂသာဝက) မြတ်သောတပည့် အစုံတို့ကား အရှင်သုမင်္ဂလမထေရ်နှင့် အရှင်တိဿမထေရ်တို့ ဖြစ်ကြကုန်ပြီး အရှင်သာဂတ မထေရ်ကား ဘုရားရှင်၏ အလုပ်အကျွေးပင်ဖြစ်ခဲ့သည်။ အရှင်မ နန္ဒာထေရီနှင့် အရှင်မ သုနန္ဒာထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့ဖြစ်ကြကုန်၍ ဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကား ညောင်ကြတ်ပင်ဖြစ်ခဲ့၏။ အလုပ်အကျွေးဒါယကာ (အဂ္ဂ ဥပဋ္ဌာက)တို့ကား တပုဿနှင့် ဘလ္လိကတို့ဖြစ်ကုန်၍ အလုပ်အကျွေး ဒါယိကာမ(အဂ္ဂဥပဋ္ဌိကာ)တို့သည် သိရိမာနှင့် ကောဏာတို့ ဖြစ်ခဲ့ကြသည်။ ဒီပင်္ကရာ ဘုရားရှင်၏ အရပ်တော်မှာ အတောင်ရှစ်ဆယ် မြင့်တော်မူ၍ အလျှံတဝင်းဝင်း ထွန်းလင်းတောက်ပသော ဆီမီးတိုင်ကြီးကဲ့သို့ လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကြီးကဲ့သို့လည်းကောင်း တင့်တယ်တော်မူလှဘိ၏။ ဒီပင်္ကရာ မြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ပကတိ အလိုလိုပျံ့နှံ့၍ ထွန်းလင်း၏။ ထိုရောင်ခြည်တော်ကို တန်ခိုးတော်ဖြင့် အထူးဖန်ဆင်းရခြင်း မရှိခဲ့ပေ။

(ဓမ္မာဘိသမယ) တရားပွဲကြီးများ[ပြင်ဆင်ရန်]

ဒီပင်္ကရာ ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် သုနန္ဒာရာမအရပ် မြတ်သောကျောင်းတော်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူသော တရားပွဲ သည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ ကုဋေတစ်ရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရား သိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ တစ်ဖန် ဒီပင်္ကရာ ဘုရားရှင်သည် သားတော် ဥသဘက္ခန္ဓမင်းသား၏ ဉာဏ်ရင့်ကျက်ချိန်ကို သိတော်မူ၍ သားတော်ကိုအမှူးထားကာ တရားနာရန် ရောက်လာကြကုန်သော သတ္တဝါတို့အား ဆုံးမဟောကြားတော်မူခဲ့သော တရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော လူနတ်ဗြဟ္မာသတ္တဝါတို့ သစ္စာ လေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။ ထို့နောက်တစ်ဖန် ဒီပင်္ကရာ ဘုရားရှင်သည် အမရဝတီမြို့တော် တံခါးဝ၌ ပေါက်ရောက်နေသော ကုက္ကိုပင်ကြီးအရင်း၌ ရေမီးအစုံအစုံသော တန်ခိုး ပြာဋိဟာတို့ကို ပြတော်မူကာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူခဲ့၏။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ ထက်၌ သီတင်းသုံးတော်မူကာ မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို အမှူးထား၍ အဘိဓမ္မာတရား ဟောကြားတော်မူသော တရားပွဲသည် တတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ်သော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခဲ့ကြကုန်၏။

သာဝက (သနိ္နပါတ) အစည်းအဝေးကြီးများ[ပြင်ဆင်ရန်]

ဒီပင်္ကရာ ဘုရားရှင် လက်ထက်တော်၌ တပည့်သာဝက အစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ သုနန္ဒာရာမအရပ်၌ အရပ်ထက်ဝန်းကျင်မှ ကုဋေ တစ်သိန်းသော ရဟန္တာအရှင်မြတ်ကြီးများ အထူးလာရောက် စည်းဝေးခဲ့ကြသည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော တပည့်သာဝက (သန္နိပါတ) အစည်း အဝေးကြီးပင် ဖြစ်ခဲ့သည်။ ဒီပင်္ကရာ ဘုရားရှင်သည် လေးသိန်းသော ရဟန်းတို့ ခြံရံလျက် ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော နာရဒကူဋ တောင်သို့ ရောက်တော်မူခဲ့၏။ ထိုတောင်ကို နရဒေဝနတ်ဘီလူးသည် အပိုင်စား ရထား၍ ထိုတောင်၌နေ၏။ ထိုတောင်ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ဗလိနတ်စာအလို့ငှာ လူကိုပင်ဆောင်ယူ၍ ထိုနတ်ဘီလူးကို နှစ်စဉ် မပြတ် ပူဇော်ခဲ့ကြရ၏။ ဒီပင်္ကရာဘုရားရှင်သည် ထိုလူအပေါင်းတို့၏ ရှေးကောင်းမှုကို မြင်တော်မူ၍ ကယ်တင်စောင့်ရှောက်ရန်အတွက် ရဟန်းသံဃာတို့ကို ခေါ်ဆောင်တော်မမူဘဲ တစ်ပါးတည်းသာ နာရဒကူဋတောင်ထိပ်သို့ တက်တော်မူခဲ့၏။ ထိုအခါ ဘီလူးသည် ပြင်းစွာအမျက်ထွက်၍ တောင်ကြီးကို တုန်လှုပ်စေကာ ဘုရားရှင်ကို ခြောက်လှန့်ထွက်ပြေးစေခဲ့သည်။ သို့သော် ဘုရားရှင်က လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ပကတိကြည်လင်စွာ သီတင်းသုံး နေတော်မူသည်ကို ဘီလူးကြီးမြင်ရသည်ရှိသော် “ဤရဟန်းကြီးကား အံ့ဩဖွယ်ရှိပေစွ။ တန်ခိုးအာနုဘော် ကြီးပေစွ။ ငါပြုခဲ့သောအမှုသည် ငါ့အပေါ်သာ ကျရောက်ခဲ့ပေပြီ။ ဤရဟန်းကြီးမှတစ်ပါး ငါ့အား ကိုးကွယ်ရာ မရှိပြီ။ ဤရဟန်းကြီးကိုပင် ကိုးကွယ်ဆည်းကပ်တော့အံ့”ဟု အကြံဖြစ်ခဲ့ လေသည်။ နရဒေဝနတ်ဘီလူးသည် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်ဆာဆင် တင့်တယ်တော်မူသော ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးတိုက်ကာ လွန်ကျူးခဲ့သော အပြစ်ကို ဝန်ချတောင်းပန်၍ ဘုရားရှင်အား ဆည်းကပ် ကိုးကွယ်ခဲ့လေသည်။ ဒီပင်္ကရာဘုရားရှင်သည် နတ်ဘီလူးအား တရားဟောတော်မူခဲ့ရာ တရားတော်၏အဆုံး၌ အခြံအရံ နတ်ဘီလူးတစ်သောင်းနှင့်တကွ နတ်ဘီလူး ကြီးသည် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ထိုနရဒေဝနတ်ဘီလူး သောတာပန် တည်သော နေ့၌ကား ဇမ္ဗူဒိပ်ကျွန်းအလုံး၌ နေကုန်သော လူတို့သည် နရဒေဝနတ်ဘီလူးအား ပူဇော်ပွဲပြုလုပ်ရန် တစ်ရွာ တစ်ရွာမှ တစ်ယောက် တစ်ယောက်သော လူကိုလည်းကောင်း၊ ပူဇော်ဖွယ်ပစ္စည်း ဝတ္ထုတို့ကို လည်းကောင်း ဆောင်ယူခဲ့ကြကုန်၏။ နရဒေဝနတ်ဘီလူးသည် ထိုလူတို့ို ယူဆောင်ခဲ့သော ပူဇော်ဖွယ်ဝတ္ထုပစ္စည်းတို့ကို လူတို့အား ပြန်ပေးကာ ဗလိနတ်စာပြုရန် ဆောင်ယူခဲ့သော လူတို့ကိုကား ဘုရားရှင်အား အပ်နှင်း တော်မူခဲ့လေသည်။ ဘုရားရှင်သည် ထိုလူတို့ကို ဧဟိဘိက္ခုခေါ်တော်မူ၍ ရဟန်းပြုပေးခဲ့၏။ ထိုရဟန်းတို့ကား ခုနစ်ရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ဒီပင်္ကရာ ဘုရားရှင်သည် နာရဒကူဋတောင်၌ပင် ရဟန္တာကုဋေတစ်ရာတို့၏ အလယ်၌ နေတော်မူကာ တပို့တွဲလပြည့်နေ့၌ အင်္ဂါလေးပါးနှင့်ပြည့်စုံသော သာဝက အစည်းအဝေးကြီးတွင် ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ နှစ်ကြိမ်မြောက် သာဝက(သန္နိပါတ)အစည်းအဝေးပင် ဖြစ်ခဲ့သည်။

အခါတစ်ပါး၌ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုဒဿနတောင်ထိပ်၌ ဝါကပ်တော်မူခဲ့၏။ ထိုအခါ ဇမ္ဗူဒိပ်ကွျန်းနေကုန်သော လူတို့သည် နှစ်စဉ် နှစ်တိုင်း သီတင်းကွျတ်လ၌ တောင်ထိပ်ပွဲသဘင် ဆင်ယင်ကျင်းပမြဲဖြစ်ရာ သုဒဿနတောင်ထိပ်သို့ ရောက်လာခဲ့ကြကုန်၏။ ထိုလူတို့ကို တရားဟောတော်မူခဲ့၏။ ထိုလူတို့သည် ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန်းပြုခဲ့ကြလေသည်။ ဘုရားရှင်သည် (မဟာပဝါရဏာနေ့)သီတင်းကျွတ် လပြည့်နေ့၌ ထိုရဟန်းတို့အား တရားဟောပြန်ရာ တရားတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။ ထိုအခါ ဒီပင်္ကရာ ဘုရားရှင်သည် ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့်အတူ ပဝါရဏာ ပြုတော်မူခဲ့၏။ ထိုအစည်းအဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။ ဒီပင်္ကရာ ဘုရာရှင်သည် (ဓမ္မာဘိသမယ) တရားပွဲကြီး သုံးကြိမ်၊ သာဝက (သန္နိပါတ)အစည်းအဝေးကြီး သုံးကြိမ်တို့မှတစ်ပါး ရိုးရိုးတရား ဟောတော်မူရာ တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့ သစ္စာလေးပါးတရားကို သိကာ ကျွတ်တမ်းဝင်ခဲ့ကြသည့်အပြင် တစ်ဦးစီ နှစ်ဦးစီသော ကျွတ်တမ်းဝင်ခဲ့ကြသည့် သတ္တဝါတို့ကား အမှန်းအဆ ဂဏန်း ပြ၍ မရနိုင်အောင်ပင် ဖြစ်ခဲ့လေသည်။ ဒီပင်္ကရာ ဘုရားရှင်၏ သန့်ရှင်း စင်ကြယ်သော သာသနာတော်သည် ပျံ့နှံ့၏။ လူသိများ၏။ ပြည့်စုံ၏။ စည်ကား၏။ ကောင်းစွာပွင့်လင်းသော သာသနာတော်သည် တာဒိဂုဏ်နှင့် ပြည့်စုံကာ အာသဝေါကင်းကုန်၍ ကိလေသာအညစ်အကြေး မရှိကုန်သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်း အလွန်တင့်တယ်လျက် ရှိခဲ့လေသည်။

ပရိနိဗ္ဗာန် စံတော်မူခြင်း[ပြင်ဆင်ရန်]

ဒီပင်္ကရာဘုရားရှင်သည် အနှစ်တစ်သိန်းသော ကာလပတ်လုံး တည်နေလျက် များစွာသော သတ္တဝါအပေါင်းတို့ကို ကယ်တင်တော်မူခဲ့၏။ မီးပုံကြီးသည် အလျှံတပြောင်ပြောင် ထွန်းပပြီး ငြိမ်းသွားသကဲ့သို့ တပည့် သာဝကများနှင့် အတူ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ “ဒီပင်္ကရာ ဘုရာရှင်၏ တန်ခိုးတော်သည်လည်းကောင်း၊ တပည့် သာဝက လေးသိန်းစသော အခြံအရံအပေါင်းတို့သည်လည်းကောင်း၊ ခြေတော် အစုံတို့၌ပါရှိသော စက်လက္ခဏာတို့သည်လည်းကောင်း ချုပ်ဆုံး ကွယ်ပျောက် သွားခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတရား တို့သည် ခိုင်မြဲသော အနှစ်မရှိကုန်။ အချည်းအနှီးသာ ဖြစ်ကုန်စွ တကား”

စေတီတော် တည်ထားကိုးကွယ်ခြင်း[ပြင်ဆင်ရန်]

မာရ်ငါးပါးကို အောင်မြင်တော်မူသော ဒီပင်္ကရာဘုရားရှင်သည် နန္ဒာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့၏။ ထိုကျောင်းတိုက်အတွင်း၌ပင် ဘုရားရှင်၏ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြရာ စေတီတော်၏ အမြင့်သည် သုံးဆယ့်ခြောက်ယူဇနာ ရှိခဲ့သည်။ သက်တော်ရှည်ကြာသော မြတ်စွာဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲတည်း တည်ရှိသော (အသမ္ဘိန္န)ဓာတ်တော်ကို ထိုစေတီတော်ကြီးအတွင်း၌ ဌာပနာ သွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကွျန်းနေကုန်သော လူတို့သည် အညီအညွတ် လာကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေခဲ့ကြကုန်သတည်း။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဝံသပါဠိတော်