ရေဝတဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရေဝတဘုရား[ပြင်ဆင်ရန်]

ဗုဒ္ဓဝင်[ပြင်ဆင်ရန်]

၁။ သုမနမြတ်စွာဘုရား၏ နောက်အဖို့၌ ရေဝတမည်သော လောကရှေ့သွား မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် နှိုင်းယှဉ်စရာ ဥပမာ ရှိတော်မမူ၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ၊ အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်တော်မူပေ၏။

၂။ ထိုမြတ်စွာဘုရားသည်လည်း ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဘဝကြီး ငယ်၌ မဖြစ်စေတတ်သော ခန္ဓာဓာတ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သော တရားကို ဟောပြတော်မူ၏။

၃။ ထိုမြတ်စွာဘုရား တရားဟောတော်မူခြင်းကြောင့် (နတ်လူတို့၏ သစ္စာလေးပါး ကို) သိခြင်းတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏၊ (နတ်လူတို့၏) သစ္စာလေးပါးကို ထိုးထွင်းသိခြင်းသည် ဂဏန်းသချင်္ာအားဖြင့် မပြောဆိုနိုင်သော ရှေးဦးစွာသော သိခြင်း ဖြစ်လေ၏။

၄။ အကြင်အခါ ရေဝတမြတ်စွာဘုရားသည် အရိန္ဒမမင်းကို ဆုံးမတော်မူ၏၊ ထို အခါ ကုဋေတစ်ထောင်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို)သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၅။ လူတို့ထက် မြတ်သော မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တစ်ပါးတည်း ကိန်းအောင်းတော် မူရာ (နိရောဓသမာပတ်)မှ ထပြီးလျှင် ကုဋေတစ်ရာသော လူ နတ်တို့ကို မြတ်သော ဖိုလ်၌ တည်စေလျက် ဆုံးမတော်မူ၏။

၆။ ရေဝတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော (ဘဝမှ) ကောင်းစွာ လွတ်မြောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ တိုင်တိုင် ဖြစ်ကုန်၏။

၇။ ပထမအစည်းအဝေးသို့ ကြွရောက်သော ရဟန္တာတို့သည် ဂဏန်းစဉ် (အရေ အတွက်)ကို ကျော်လွန်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး သည် ဒုတိယ (နှစ်ကြိမ်မြောက်) အစည်းအဝေး ဖြစ်၏။

၈။ ထိုမြတ်စွာဘုရား၏ တရားတည်းဟူသော စက်ကို လည်စေတော်မူသော ပညာ အားဖြင့် တူသောသူ မရှိသော အကြင် အဂ္ဂသာဝကသည် (ရှိ၏)၊ ထိုအခါ ထိုအဂ္ဂ သာဝကသည် မကျန်းမာသည် ဖြစ်၍ အသက်ရှင်ခြင်း၌ ယုံမှားခြင်းသို့ ရောက်လေ ၏။

၉။ ထိုအခါ ကုဋေတစ်ထောင်သော အကြင်ရဟန္တာရဟန်းတို့သည် ထိုအဂ္ဂသာဝက အား သူနာမေးခြင်းငှါ ကြွရောက်တော် မူလာကြကုန်၏၊ ထိုရဟန်းတို့၏ အစည်း အဝေးသည် တတိယ (သုံးကြိမ်မြောက်)အစည်းအဝေး ဖြစ်လေ၏။

၁၀။ ထိုအခါ၌ ငါသည် အတိဒေဝ မည်သော ပုဏ္ဏား(ဖြစ်၍) ရေဝတမြတ်စွာ ဘုရား (ထံ)သို့ ချဉ်းကပ်ပြီးလျှင် ထိုမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ခဲ့၏။

၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ အမြတ်ဆုံးဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကို စွမ်းအား ရှိသမျှ ချီးမွမ်း၍ အပေါ်ရုံအဝတ်ကို ပေးလှူခဲ့၏။

၁၂။ လောက၏ ရှေ့သွား ဖြစ်တော်မူသော ထိုရေဝတမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ် စကား မိန့်ကြားတော်မူ၏- ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ဤ(ပုဏ္ဏား)သည် ဘုရားဖြစ်လတ္တံ့။

၁၃။ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ(ဂေါတမ)မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့၏။

၁၅။ ထိုအခါ ၌လည်း ငါသည် ထိုဘုရားဖြစ်ကြောင်း ပါရမီတရားကို အောက်မေ့၍ ငါသည် အကြင်ဘုရား အဖြစ်ကို ဆုတောင်း၏၊ ထိုဘုရားဖြစ်ကြောင်း ပါရမီတရား ကို ကျင့်ဆောင်တော့အံ့ဟု အစဉ် ပွါးများစေခဲ့၏။

၁၆။ ရေဝတမြတ်စွာဘုရား၏ မြို့တော်သည် သုဓညဝတီ မည်၏၊ ခမည်းတော် သည် ဝိပုလမင်း မည်၏၊ မယ်တော်သည် ဝိပုလာမိဖုရား မည်၏။

၁၇။ ထိုဘုရားအလောင်းတော်သည် အနှစ်ခြောက်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ အထူး တန်ဆာဆင်အပ်သော သုဒဿန ရတနဂ္ဃိ အာဝေဠဟူ သော မြတ်သော ပြာသာဒ် သုံးဆောင်တို့ သည် ဘုန်းကံကြောင့် ဖြစ်ပေါ်လျက် ရှိကုန်၏။

၁၈။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်း သုံးထောင်တို့သည် ရှိကုန်၏၊ မိဖုရားသည် သုဒဿနာ မည်၏၊ သားတော်သည် ဝရုဏ မည်၏။

၁၉။ ဘုရား (အလောင်း)သည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ခုနစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းအားထုတ်ခြင်း လုံ့လကို အား ထုတ်တော်မူ၏။

၂၀။ ကြီးသော လုံ့လရှိတော်မူသော ရေဝတမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဝရုဏာရာမကျောင်းတိုက်တွင် အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ ဝရုဏသည် လည်းကောင်း၊ ဗြဟ္မဒေဝသည် လည်းကောင်း ရေဝတမြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏) အလုပ်အကျွေးသည် သမ္ဘဝ မည်၏။

၂၂။ ဘဒ္ဒါသည် လည်းကောင်း၊ သုဘဒ္ဒါသည် လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။ အတုမရှိသော ဘုရားတို့နှင့် သာ တူတော်မူသော ထိုမြတ်စွာဘုရားသည်လည်း ကံ့ကော်ပင်ရင်း၌ ပွင့်တော်မူ ၏။

၂၃။ ပဒုမသည် လည်းကောင်း၊ ကုဥ္ဇရသည်လည်းကောင်း နှစ်ယောက်သော ဒါယကာတို့သည် မြတ်သော အလုပ်အကျွေး အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ သိရီမာသည် လည်းကောင်း၊ ယသဝတီသည် လည်းကောင်း နှစ်ယောက်သော ဒါယိကာမတို့သည် မြတ်သော အလုပ်အကျွေး အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန် ၏။

၂၄။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ရှစ်ဆယ် မြင့်လျက် စိုက်ထူ အပ်သော သိကြားမင်း၏ (တံခွန်) မှန်ကင်းကဲ့သို့ အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၅။ ထိုမြတ်စွာဘုရား၏ ကိုယ်တော်၌ဖြစ်သော အမြတ်ဆုံး ရောင်ခြည်တော် ပန်း နွယ်သည် နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း ထက်ဝန်းကျင် တစ်ယူဇနာ တိုင်အောင် ပျံ့နှံ့လျက် ရှိပေ၏

၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်ခြောက်သောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူ၏။

၂၇။ (ထိုမြတ်စွာဘုရားသည်) ဘုရားတို့၏ အားအစွမ်းကို ပြ၍ လောက၌ အမြိုက် နိဗ္ဗာန်ကို ဟောပြလျက် မီးစာကုန်ခြင်းကြောင့် ငြိမ်းသော မီးကဲ့သို့ စွဲလမ်းခြင်း ဥပါဒါန် မရှိဘဲ ပရိနိဗ္ဗာန် စံတော်မူလေပြီ။

၂၈။ ရွှေရတနာနှင့် တူသော ထိုကိုယ်တော်သည် လည်းကောင်း၊ အတုမရှိသော ထိုသဗ္ဗညုတဉာဏ် တရားတော်သည် လည်းကောင်း ရှိ၏။ ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၂၉။ အခြံအရံ အကျော်အစောကို ဆောင်တော်မူသော ထိုရေဝတမြတ်စွာဘုရား သည် မြို့တော်(မဟာပုရ)၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ် တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဝံသပါဠိတော်