ဝေဠုဝတီ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဝေဠုဝတီ
မိဖုရားခေါင်
နန်းသက်၁၁၇၄ – ၁၁၈၆
ရှေ့မင်းဆက်မင်းအောင်မြတ်
ဆက်ခံသူတောင်ပြင်သည်
အနောက်နန်းမတော် မိဖုရား
နန်းသက်c. ဧပြီ – မေ ၁၁၇၄
ရှေ့မင်းဆက်လစ်လပ်
နောက်မင်းဆက်လစ်လပ်
မွေးဖွားc. ၁၁၅၀ ဆယ်စုနှစ်
မြင်စိုင်းပုဂံမင်းနေပြည်တော်
ကွယ်လွန်၁၁၈၆
ပုဂံ
အိမ်ထောင်ဖက်နရပတိစည်သူ (၁၁၇၁–၈၆)
နရသိင်္ခ (၁၁၇၄)
သားသမီးများဇေယျသူရ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ဝေဠုဝတီ သည် ပုဂံခေတ် နရပတိစည်သူမင်း၏ မိဖုရားခေါင် တစ်ပါး ဖြစ်သည်။ မြန်မာရာဇဝင်ကျမ်းများအရ အေဒီ ၁၁၇၄ တွင် ညီတော် နရပတိစည်သူ၏ ဇနီး ဝေဠုဝတီအား နောင်တော် နရသိင်္ခမှ တပ်မက်၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော်အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက်ခဲ့သည်။

အမည်ခေါ်တွင်ရပုံ[ပြင်ဆင်ရန်]

မြင်စိုင်း ဝက်ဝံအရပ်ရှိ လူတို့သည် ဝါးတောထဲမှ ကြီးစွာသောဝါး၏ အထဲ၌ သံသေဒဇ ပဋိသန္ဓေအဖြစ် မွေးဖွားလာသော မိန်းမငယ်တစ်ဦးကို တွေ့ရှိခဲ့လေသည်။ ထိုမိန်းမငယ်ကို သူကြီးအိမ်သို့ ပို့လိုက်ကြ၍ သူကြီးမိသားစုက ထိုမိန်းမငယ်ကို ပြုစုစောင့်ရှောက် ကျွေးမွေးထားလေသည်။ ဝါးတောထဲမှ ရသောကြောင့် ဝေဠုဝတီဟု အမည်ပေးခဲ့လေသည်။ မိန်းမငယ်သည် အရွယ်ရောက်လာသောအခါ လှပတင့်တယ်သည် ဆို၏။

ဘုရင်အကြိုက်[ပြင်ဆင်ရန်]

လှပသောသမီးပျိုကို တောနှင့်မတန်၊ ရှင်ဘုရင်နှင့်သာ ထိုက်မည်ဟု သူကြီးက စဉ်းစားကား နရသိင်္ခမင်းထံ ဆက်သလိုက်သည်။ နရသိင်္ခမင်းက သေချာစွာကြည့်၍ အကဲခတ်လေသည်။ သို့သော်ရှင်ဘုရင်က နှစ်သက်ဟန်မတူဘဲ မယ်တော်မိဖုရားကြီးအား ဘုန်းမဆုံသည် ဖြစ်၍ နားကျယ်နှင့် ဝမ်းပျက်လိလိ´ဟု တိုးညင်းစွာ မိန့်တော်မူ၏။ (နားကျယ်နှင့် ဝမ်းပျက်လိလိ ဆိုသည်မှာ နားရွက်တစ်ဖက်က အဆမတန်ကြီးမားနေသည်။ ထို့ကြောင့် အမြင်မလှ ဖြစ်နေသည်ဟု ဆိုခြင်းဖြစ်သည်။) ညီတော် အိမ်ရှေ့မင်းနှင့် စုံဖက်ပါစေဟု ဆိုသည်။[၁]

မယ်တော်မိဖုရားကြီးကလည်း သားတော်ငယ် အိမ်ရှေ့မင်း နရပတိစည်သူနှင့် စုံဖက်ရန်သဘောတူလိုက်လေသည်။ မယ်တော်မိဖုရားကြီးသည် ဝေဠုဝတီအားခေါ်တော်မူပြီး နားကိုတန်ရုံဖြတ်ပြီး ဆက်လေသည်။ နားတန်လေသော် အလွန်အဆင်းလှသည်ဖြစ်၍ ယောက်ျားတစ်ကာတို့ မြင်လျှင် တိမ်းညွှတ်ကုန်၏။[၂] မယ်တော်မိဖုရားကြီးလည်း မင်းသမီးတကာတို့၏ တတ်အပ်သော အတတ်တို့ကို ပဲ့ပြင်သွန်သင်တော်မူလေသည်။ ဝေဠုဝတီမင်းသမီးသည် သံသေဒဇ ပဋိသန္ဓေယူသူဖြစ်၍ အရောင်အဆင်းကား မိန်းမဟူသမျှနှင့် မတူကုန်။

နရသိင်္ခမင်းက ဝေဠုဝတီမင်းသမီးကို မြင်သောအခါ အလွန်သဘောကျလျှက် ရယူလိုကာ စဉ်းစားတော်မူသည်။[၃] ညီတော်အိမ်ရှေ့မင်းကို ခေါ်တော်မူပြီး ငဆောင်ချမ်းအရပ်၌ မငြိမ်မသက်ဖြစ်နေ၍ စစ်ချီရန် လွှတ်လေသည်။ နရပတိစည်သူ မင်းသားလည်း စစ်သည်အင်အားအပြည့်နှင့် ငဆောင်ချမ်းသို့ စစ်ချီတော်မူသည်။ ညီတော်မရှိခိုက်တွင် ခယ်မတော် ဝေဠုဝတီမင်းသမီးကို မိဖုရားအဖြစ် နန်းတင်တော်မူလေသည်။

ကံဆိုးသူ မြင်းခံငပြည့်[ပြင်ဆင်ရန်]

အိမ်ရှေ့မင်း နရပတိစည်သူ မင်းသားသည် စစ်မထွက်ခင်ကတည်းက နောင်တော်၏ အကြံကို ရိပ်မိတော်မူ၍ မြင်းခံငပြည့်ကို မြင်းနှင့် တကွ ငါ့အိမ်တော်တွင် အခင်းထွက်လျှင် လျင်လှစေဟု မှာတော်မူခဲ့လေသည်။ နရသိင်္ခမင်း ဝေဠုဝတီမင်းသမီးကို နန်းတင်တော်မူသောအခါ မြင်းခံငပြည့်သည် အလျှင်အမြန် အိမ်ရှေ့မင်းစစ်ချီရာသို့ လိုက်လေသည်။ ငါးပယ်ချောင်းအရပ်သို့ ရောက်သော် နေဝင်လေပြီ။ ငပြည့်သည် ချောင်းကိုမကူးတော့ဘဲ ချောင်းကမ်းစပ်တွင် အိပ်လေသည်။ နောက်တစ်နေ့ အရုဏ်တက်၌ မြင်းကိုစီး၍ ခရီးဆက်သည်။ မကြာမှီ အိမ်ရှေ့မင်း၏ တပ်နှင့် ပက်ပင်းတိုး၍ လျှောက်တင်သောအခါ နရပတိစည်သူက အချိန်မီ ရောက်မလာခဲ့၍ မြင်းခံငပြည့်ကို သတ်စေအမိန့်ပေးလိုက်လေသည်။

ယင်းနောက် နရပတိစည်သူသည် အမတ် အောင်စွာကို ခေါ်၍ လက်ရွေးစင်တပ်သား ၈၀ နှင့် နောင်တော် ဘုရင်ကို လုပ်ကြံစေသည်။[၄]

မိဖုရားအဖြစ်[ပြင်ဆင်ရန်]

အေဒီ ၁၁၇၄ တွင် နရပတိစည်သူ ပုဂံထီးနန်းကို စတင်စိုးစံသည်။ အဓိကရာဇဝင်ကျမ်း သုံးစောင်စလုံးတွင် သူမသည် ဝေဠုဝတီဘွဲ့အမည်ဖြင့် မိဖုရားခေါင် ဖြစ်လာကြောင်း ဖော်ပြထားသည်။[၅][၆][၇] သို့သော်လည်း ခေတ်ပြိုင်ကျောက်စာအထောက်အထားအရ သူမအမည်အား မိဖုရားခြောက်ပါးစာရင်းတွင် နောက်ဆုံးမှသာ ဖော်ပြထားသည်။[၈] မိဖုရားနှင့် နရပတိစည်သူတို့တွင် ဇေယျသူရအမည်ရှိ သားတော်တစ်ပါးရှိပြီး ဝေဠုဝတီနှင့် သားတော် ဇေယျသူရတို့အား တလုပ်အမြင့် နှင့် အနိမ့်မြို့များ (ယခုခေတ် မြင်းခြံခရိုင်နှင့် မုံရွာခရိုင်အတွင်း တည်ရှိသည်)ကို စားစေခဲ့သည်။[၉]

နတ်ရွာစံခြင်း[ပြင်ဆင်ရန်]

ဝေဠုဝတီမိဖုရားသည် ပညာရှိ သုခမိန်အမတ်ကြီး ဝဇီရဗုဒ္ဓိ အနိစ္စရောက်သည့် သက္ကရာဇ် ၅၄၈-ခုနှစ်တွင်ပင် ကွယ်လွန်ခဲ့သည်။[၁၀] [၁၁][note ၁] နရပတိစည်သူမင်းသည် ဝေဠုဝတီအား ရည်စူး၍ တလုပ် (မြင်းခြံခရိုင်) တွင် ရွှေသပိတ် စေတီတော်ကို တည်ထားခဲ့သည်။[၄][၉]

မှတ်စု[ပြင်ဆင်ရန်]

  1. မဟာရာဇဝင်ကြီး (မဟာရာဇဝင်၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၄) တွင် ဝေဠုဝတီ၏ ကွယ်လွန်နှစ်ကို မြန်မာသက္ကရာဇ် ၅၃၈ အစောပိုင်း (အေဒီ ၁၁၇၆) ဟု ဆိုထားသော်လည်း မှန်နန်း ရာဇဝင် (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၂၁) တွင် ယင်းကိုပြင်ဆင်ထားကာ ကွယ်လွန်နှစ်မှာ မြန်မာသက္ကရာဇ် ၅၄၈ အစောပိုင်း (အေဒီ ၁၁၈၆) ဟု ဖော်ပြထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Hmannan Vol. 1 2003: 312
  2. Hmannan Vol. 1 2003: 312–313
  3. Hmannan Vol. 1 2003: 313
  4. ၄.၀ ၄.၁ Harvey 1925: 53–54
  5. မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၁
  6. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
  7. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၅
  8. သန်းထွန်း၊ ၁၉၆၄၊ စာ ၁၂၉
  9. ၉.၀ ၉.၁ Hmannan Vol. 1 2003: 326–327
  10. တက္ကသိုလ်စိန်တင်၏ ပုဂံရှာပုံတော်(၂)
  11. ဦးသိမ်းမောင် ရေး ပုဂံခေတ်ယဉ်ကျေးမှု၊ စာ ၄၆

ကျမ်းပြုစာရင်း[ပြင်ဆင်ရန်]

  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
  • မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ဝေဠုဝတီ
မွေးဖွား c. ၁၁၅၀ ဆယ်စုနှစ် ကွယ်လွန် ၁၁၈၆
Royal titles
ယခင်က
မင်းအောင်မြတ်
မိဖုရားခေါင်
၁၁၇၄–၁၁၈၆
ဆက်ခံသူ
တောင်ပြင်သည်
လစ်လပ် အနောက်နန်းမတော် မိဖုရား
၁၁၇၄
လစ်လပ်