သထုံနယ် (ရှမ်းပြည်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သထုံနယ် (ရှမ်းပြည်)[ပြင်ဆင်ရန်]

သထုံနယ်သည် ရှမ်းပြည်တောင်ပိုင်းရှိ နယ်တစ်နယ်ဖြစ်သည်။ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာမစွန့်မီကာလအထိ မြို့စားအုပ်ချုပ်ခဲ့ သည်။ ထိုနယ်၏မြောက်ဘက်တွင် ဘန်းယဉ်နှင့် မိုင်းပွန်နယ် တစ်စိတ်တစ် ဒေသရှိသည်။ နမ့်ပွန်မြစ်သည် အရှေ့ဘက်တွင် သထုံနယ်ကို မောက်မယ် နယ်နှင့်ပိုင်းခြားထားသည်။ တောင်ဘက်တွင် နမ့်တမ်ဖတ်ချောင်းသည် သထုံ နယ်နှင့် ကယားပြည်နယ်ကို ပိုင်းခြားထားသော နယ်နိမိတ်ဖြစ်သည်။ သထုံ နယ်၏အနောက်တောင်ဘက်တွင် စကွယ်နယ်တစ်စိတ်တစ်ဒေသရှိ၍ အ နောက်ဘက်တွင် စကားနယ်ရှိသည်။ နမ့်တမ်ဖတ်ချောင်း၏အနောက်ဘက် ရေဝေ ကုန်းတန်းသည် သထုံနယ်နှင့် စကားနယ်တို့ကို ပိုင်းခြားထားသည်။ ညောင် ရွှေနယ် တစ်စိတ်တစ်ဒေသသည် အနောက်မြောက်ဘက်တွင် သထုံနယ်နှင့် နယ်နိမိတ်ချင်း စပ်လျက်ရှိလေသည်။

သထုံနယ်သည် ယခုရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ တောင်ကြီး ခရိုင်ခွဲမှ ဆီဆိုင်မြို့နယ်ဖြစ်သည်။ လူဦးရေမှာ ၁၉၇၁ ခု ခန့်မှန်းခြေ ၅၅,ဝဝဝ ရှိသည်။ သထုံနယ်၏မြေမျက်နှာပြင်သည် ကုန်းလှိုင်းထသကဲ့သို့ရှိနေသော တောင်ကတုံးများ များပြား၍ သစ်ပင်နှင့် ချုံပင်အနည်းငယ်ခန့်သာရှိသည်။ နယ်၏အလယ်ပိုင်းနှင့် အရှေ့ပိုင်းအခြမ်းသည် ပေ ၄,ဝဝဝ ကျော်ရှိသော ကုန်းပြင်မြင့် ဖြစ်သည်။ ထိုအပိုင်းတွင် ပအိုဝ်းလူမျိုး(တောင်သူ)များကို အများဆုံး တွေ့ရသည်။ သထုံနယ်၏တောင်ဘက်ပိုင်းတွင် မြေနိမ့်ဒေသများရှိ၍ ရှမ်း လူမျိုးများ နေထိုင်ကြလေသည်။

သထုံနယ်အတွင်း ပအိုဝ်းလူမျိုး(တောင်သူ)နှင့် ရှမ်းလူမျိုးတို့ နေထိုင် လျက်ရှိကြသည့်အပြင် ကရင်လူမျိုးများကိုလည်းတွေ့ရသည်။ ကရင်ရွာများကို နမ့်တမ်ဖတ်ချောင်း တစ်လျှောက်တွင်တည်ထားကြသည်။ ထိုရွာများသည် ညောင်ရွှေနယ်စပ်အထိရောက်သည်။ သထုံနယ်သည် ရှမ်းပြည်ရှိ ပအိုးနယ် တစ်နယ်ဖြစ်၍ ထိုနယ်တွင် ပအိုးလူဦးရေသည်အများဆုံးဖြစ်လေသည်။ ပအိုးနှင့် ရှမ်းအားလုံးလိုပင် ဗုဒ္ဓဝါဒီများဖြစ်ကြ၍ ဘာသာရေးကို အလွန်လေး စားကြသည်။ သထုံနယ်သည် ချမ်းအေး၍စိုစွတ်သော်လည်း ကျန်းမာရေးနှင့် ညီညွတ်သည်။ နမ့်တမ်ဖတ်မြစ်ဝှမ်း၌သာ မိုးတွင်းအခါ ငှက်ဖျားရောဂါကို သတိထားကြရသည်။

သထုံနယ်၌ တွင်းထွက်သတ္တုများမရှိသလောက်ဖြစ်သည်။ ထို ဒေသသည် များသောအားဖြင့် ရေဝပ်ခြင်းကင်းသော ထုံးကျောက်မြေများ ဖြစ်၍ ရွာချလိုက်သောမိုးရေတို့သည် ထုံးကျောက်မြေများ အတွင်းသို့ စိမ့်ဝင်ပျောက်ကွယ်သွားကြလေသည်။

သထုံနယ်၏ အဓိကထွက်ကုန်သည် ဆန်စပါးဖြစ်သည်။ ပအိုးတို့ သည် များသောအားဖြင့် တောင်စောင်းဆင်ခြေလျှောများတွင် တောင်ယာ များလုပ်ကိုင်ကြသည်။ အထူးသဖြင့် နမ့်တမ်ဖတ်ချောင်းအရှေ့ဘက်တွင် တောင်ယာစိုက်ခင်းများကိုသာ အများဆုံးတွေ့ကြရလေသည်။ ကန်သင်း လယ်ယာများကို လုပ်ကိုင်ကြသော်လည်း တောင်ယာများလောက်မများပေ။ ထို့ပြင် လယ်များလုပ်ကိုင်ရာဒေသများတွင် ရေရှားပါးသဖြင့် နမ့်တမ်ဖတ်ချောင်းမှ ရေကို သွယ်ယူလုပ်ကိုင်ကြရသည်။ ပအိုဝ်းလူမျိုးများသည် လုံ့လဝိရိယ ရှိ၍ ယောက်ျား မိန်းမအလုပ်လုပ်ကြသည်။ တောင်ယာလုပ်ငန်းအပြင် မိမိတို့နေ အိမ်အနီးအနား ပတ်ဝန်းကျင်တွင် ငရုတ်၊ ခရမ်းချဉ်စသော ဟင်းသီးဟင်း ရွက်များ၊ နာနတ်ပင်များကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကြံခင်းများကိုလည်း အချို့နေရာများတွင် တွေ့ရလေသည်။ သထုံနယ်၏တောင်ဘက်စွန်း မြေနိမ့်ပိုင်းရှိ ရှမ်းလူမျိုးတို့သည် လည်း ဆန်စပါးစိုက်ပျိုးကြ၍ ခြံဥယျာဉ်များကိုလည်း အနည်းငယ် လုပ်ကိုင် ကြသည်။ နမ့်တမ်ဖတ်မြစ်ရိုးရှိ ကရင်ရွာများမှ ကရင်လူမျိုးများသည် နွား၊ ဝက်၊ ကြက် မွေးမြူခြင်း၊ မြစ်ရိုးတစ်လျှောက် ငါးဖမ်းခြင်းတို့ကိုလည်း လုပ်ကိုင်ကြလေသည်။

ဆန်စပါးမှလွဲလျှင် သထုံနယ်၏ အဓိကထွက်ကုန်သည် ဝါဂွမ်း နှင့် ဆေးရွက်ဖြစ်သည်။ ကျေးရွာများရှိ အိမ်များစွာတို့၌ ချည်ထည်များရက် လုပ်သည့် ရက်ကန်းစင်များကိုတွေ့ရသည်။ မြေ ရေတစ်ကောင်းများကိုတိုင်း မောင်း၊ လွယ်ပွတ်နှင့် ဆီဆိုင်ရွာကြီးများတွင် လုပ်ကိုင်ခဲ့ကြသည်။ ပအိုး များအကြိုက် ငွေနားဍောင်း၊ ငွေဆံညှပ် စသော ငွေထည်ပစ္စည်းများကိုလည်း လုပ်ကိုင်ရောင်းချကြလေသည်။

ကျွန်းတောများကို သထုံနယ်၏အရှေ့တောင်ဘက် တောင်စွန်း တွင်တွေ့ရှိရသည်။ ကျွန်းတောများဟု ဆိုသော်လည်း အင်ကြင်း၊ သစ်ယာ၊ အင်နှင့် ထင်းရှူးပင်များ ပေါက်ရောက်သော တောင်ကုန်းဒေသသည် လေးပုံ သုံးပုံခန့်ဖြစ်သည်။ ကျွန်းပင်များကို မြေနိမ့်ပိုင်းများ၊ နမ့်ပွန်နှင့် နမ့်တမ် ဖတ်မြစ်ကမ်းပါးတစ်လျှောက်တို့တွင် တွေ့ရလေသည်။ ပျဉ်းကတိုးပင်များလည်း ရှိသည်။ ရှေးကသထုံနယ်၏ သစ်တော်အကျယ်အဝန်းသည် ၈၁ စတုရန်း မိုင်ခန့်မျှပင်ကျယ်ဝန်းခဲ့သည်။ နောင်အခါ တောင်ယာခုတ်ထွင်ကြ၍လည်း ကောင်း၊ အရမ်းမဲ့ခုတ်လှဲကြ၍လည်းကောင်း၊ သစ်တောများ အတော်ပင် ပျက်စီးယုတ်လျော့ခဲ့လေသည်။

သထုံနယ်သည် ရှမ်းပြည်တောင်ပိုင်း၌ ပအိုးတို့၏အချက်အခြာ ဒေသဖြစ်သည်။ ထိုနယ်ရှိ ပအိုးတို့၏ မူလဇာစ်မြစ်သည် တနင်္သာရီတိုင်း သထုံပြည်မှ ပြောင်းရွှေ့လာသူများ၏အဆက်အနွယ်များဟု ဆိုကြသည်။ သက္ကရာဇ် ၄၁၈ ခုနှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းသည် သထုံပြည်ကို တိုက်ခိုက်လာသောအခါ သထုံပြည်ပျက်၍ သထုံပြည့်ရှင် မနုဟာမင်းလည်း ပုဂံသို့ပါလေသည်။ သထုံပြည်ပျက်ပြီးနောက်တွင် မြန်မာတို့ စိုးမိုးမှုကိုမခံလို သော သထုံပြည်မှ ပအိုးတို့သည် သထုံမှ ရေနှင့် မြေတို့ကိုယူဆောင်ကာ နယ်သစ်မြေသစ်ရှာရန် သထုံမှခွာခဲ့ကြသည်။ အချို့သည် ရှမ်းပြည်တောင် ပိုင်းသို့ရောက်ခဲ့ကြရာ အိုးအိမ်တည်၍ အခြေစိုက်ခဲ့ကြသည်။ နှစ်ကာလကြာ မြင့်သော် လူဦးရေ တိုးပွား၍ ရွာအိမ်ခြေတို့လည်း များပြားလာသည်။

သထုံမှ ပြောင်းရွှေ့လာကြသည့် ပအိုးတို့၏ အဆက်အနွယ်များ ရွာခြေ အိမ်ခြေ တည်ထောင်သည့်အထဲတွင် ခန်ဆိုင်းရွာလည်း ပါဝင်သည်။ ခန်ဆိုင်းကို ရွာကြီးတစ်ရွာအဖြစ် တည်ထောင်ပေးသူ တစ်ဦးလည်းဖြစ်၍ ရွာ၏ ပထမဆုံး အကြီးအကဲလည်းဖြစ်သူသည် ခွန်စံဦးဟုအမည်ရှိသည်။ ထိုအချိန် ကာလသည် မြန်မာနိုင်ငံ၌ အမရပူရမြို့တည် ဘိုးတော် မင်းတရား (ဗဒုံမင်း)၏ လက်ထက်တော်ဖြစ်သည်။ မင်းတရားကြီးသည် ခွန်စံဦး အုပ် ချုပ်သော ဒေသများကို ပအိုးတို့၏ မူလဇာတိအရပ်ဒေသကို အစွဲပြုပြီးလျှင် သထုံနယ်ဟု ခေါ်ဝေါ်သမုတ်စေသည်။ ခွန်စံဦး လွန်သောအခါ ညီတော်သူ ဦးမြတ်အောင်သည်ဆက်ခံ၍ ခွန်ဆိုင်းမှလင်းပွန်းသို့ ပြောင်းရွှေ့၍ မြို့တည် သည်။ ဦးမြတ်အောင်၏သား ဦးနိုင်၏လက်ထက်တွင်မူ လင်းပွန်းမှပြောင်း၍ ကန်ဝင်းတွင် မြို့တည်ပြန်သည်။ ဦးနိုင်၏ လက်ထက်မှစ၍ မြန်မာဘုရင် အား အခွန်ပဏ္ဏာတော် ဆက်သခဲ့လေသည်။

ရွှေဘိုမင်း၏ လက်ထက် ၁၁၉၉ ခုနှစ်တွင် သထုံနယ်၏ အကြီး အမှူးကို မြို့စားဘွဲ့ပေးသနားသည်။ မြို့စားခွန်အို၏ လက်ထက်တွင် သက္က ရာဇ် ၁၂၄၂ ခုနှစ်၌ လွယ်ပွတ်သို့ပြောင်း၍မြို့တည်ပြန်လေသည်။ ခွန်အို သည်လင်းပင်မင်းသား၏ ဖက်တော်သားတစ်ဦးဖြစ်၍ လင်းပင်အရေးတော်ပုံ တွင်ပါဝင်ခဲ့သည်။ ညောင်ရွှေစော်ဘွားစဝ်မောင်(နောင် ဆာစဝ်မောင်)ကိုပင် တိုက်ခိုက်ခဲ့သဖြင့် စဝ်မောင်သည် ဒဏ်ရာရကာ ဘုရင့်နေပြည်တော်သို့သွား ရောက် ခိုလှုံနေခဲ့ရသည်။

ထိုစဉ်ကာလက ရှမ်းပြည်၌ စော်ဘွားနယ် အချင်းချင်းထိပါးတိုက် ခိုက်မှုအရေးအခင်း ဖြစ်ပွားမှုများရှိခဲ့သော်လည်း သထုံနယ်သည် ထိုအရေး များတွင်မပါဝင်ခဲ့ပေ။ တောင်ဘက် ကရင်နီ(ယခုကယားပြည်နယ်)နယ်မှ ဝင် ရောက်တိုက်ခိုက်ခြင်းများကို မောက်မယ်၊ စကွယ်စသော နယ်များသည် စိုးရိမ်ကြောက်ရွံ့နေကြရသည်။ သထုံနယ်မှာမူ ကရင်နီ(ကယား)တို့က တိုက် ခိုက်လာလျှင်လည်း ခုခံကာကွယ်နိုင်စွမ်းရှိခဲ့ပေသည်။ အခြားနယ်များက လာရောက်တိုက်ခိုက်ခြင်းကိုလည်းမခံခဲ့ရဘူးချေ။ မြန်မာသက္ကရာဇ် ၁၂၄၉ ခုနှစ်အထိ ရှမ်းပြည်တောင်ပိုင်းတွင် အစွန်ဆုံးကျ၍ အပျက်အစီးမခံရသော နယ်အချို့တွင် သထုံနယ်လည်းအပါအဝင်ဖြစ်သည်။ ဗြိတိသျှအစိုးရက သထုံ နယ်ကိုသိမ်းသွင်းစဉ်ကာလသည် ခွန်အို၏လက်ထက်ဖြစ်၍ ခွန်အိုသည် ငွေ ခွန်မှူးဘွဲ့အမည်ဖြင့် အုပ်ချုပ်လျက်ရှိသည်။ နောင်အခါ သထုံနယ်သည် မြို့စားနယ်တစ်နယ် ပြန်ဖြစ်လာ၍ ဆီဆိုင်တွင် မြို့စားရုံး စိုက်ပြန်လေသည်။ ထိုကြောင့် သထုံနယ်ကို ရုံးစိုက်ရာမြို့ကို အစွဲပြုပြီးလျှင် ဆီဆိုင်နယ်ဟု လည်း ခေါ်ကြလေသည်။

ဆီဆိုင်မြို့သည် ဟိုပုံး - လွိုင်ကော် ကားလမ်းပေါ်တွင် ရှိသည်။ ဟိုပုံးသည် တောင်ကြီး - လွိုင်လင် ကားလမ်းပေါ်တွင်ရှိ၍ လွိုင်ကော်သည် ကယားပြည်နယ်၏ မြို့တော်ဖြစ်လေသည်။ ထို့ကြောင့် သထုံနယ်ရှိ မြို့ရွာ တို့သည် တောင်ပိုင်းရှမ်းပြည်၏ နယ်များနှင့်လည်းကောင်း၊ ကယားပြည် နယ်နှင့်လည်းကောင်း ကူးသန်းဆက်သွယ်ရေးမခဲယဉ်းလှပေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)