ရူပဈာန်

ဝီကီပီးဒီးယား မှ

ရူပဈာန် [၁]

ရူပဈာန်သည်-စတုက္ကနည်းအားဖြင့် (၁) ပဌမဈာန်။ (၂) ဒုတိယဈာန်။ (၃) တတိယဈာန်။ (၄) စတုတ္ထဈာန် ဟူ၍ ၄-ပါးရှိ၏။ ကုသိုလ် ဝိပါက် ကြိယာ ၃-ပါးဖြင့် မြှောက်ပွားက ၄x၃ = ၁၂-ပါး ရှိ၏။

ပဉ္စကနည်းအားဖြင့်-(၁) ပဌမဈာန်။ (၂) ဒုတိယဈာန်။ (၃) တတိယဈာန်။ (၄) စတုတ္ထဈာန်။ (၅) ပဉ္စမဈာန်-ဟူ၍ ၅-ပါးရှိ၏။ ကုသိုလ်ဝိပါက် ကြိယာ ၃-ပါးဖြင့် မြှောက်ပွားက ၅x၃ = ၁၅-ပါး ရှိ၏။ အာရုံ, ပဋိပဒါ စသည်တို့၏ အပြားအားဖြင့်ကား များသောအပြားရှိ၏။ [၂][၃]

ထိုတွင်

စတုက္ကနည်း၌[ပြင်ဆင်ရန်]

  1. ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၅-ပါးရှိသော ဈာန်သည် ပဌမဈာန်မည်၏၊
  2. ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၃-ပါးရှိသော ဈာန်သည် ဒုတိယဈာန်မည်၏၊
  3. သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၂-ပါးရှိသော ဈာန်သည် တတိယဈာန်မည်၏၊
  4. ဥပေက္ခာ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၂-ပါးရှိသော ဈာန်သည် စတုတ္ထဈာန်မည်၏။[၄]

ပဉ္စကနည်း၌[ပြင်ဆင်ရန်]

  1. ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၅-ပါးရှိသော ဈာန်သည် ပဌမဈာန်မည်၏၊
  2. ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၄-ပါး ရှိသောဈာန်သည် ဒုတိယဈာန်မည်၏၊
  3. ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၃-ပါးရှိသော ဈာန်သည် တတိယဈာန်မည်၏၊
  4. သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၂-ပါးရှိသော ဈာန်သည် စတုတ္ထဈာန်မည်၏။
  5. ဥပေက္ခာ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါ ၂-ပါးရှိသော ဈာန်သည် ပဉ္စမဈာန်မည်၏ [၅] [၄]

ဈာန်အင်္ဂါများ[ပြင်ဆင်ရန်]

ဖဿစသော စေတသိက်များ ရှိပါလျက် အဘယ့်ကြောင့် ဝိတက်, ဝိစာရ, ပီတိ, သုခ (ဥပေက္ခာ)ဧကဂ္ဂတာတို့ကိုသာ ဈာန်ဟုခေါ် ဆိုရသနည်းဟူမူ—ပထဝီ ကသိုဏ်း စသော အာရုံကို စူးစူးစိုက်စိုက်ရှုမြင်ခြင်း ကိစ္စရှိသောကြောင့်လည်းကောင်း, ကာမစ္ဆန္ဒစသော နီဝရဏတို့၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်၎င်း ဝိတက် စသော စေတသိက် ၅-ပါးတို့ကိုသာ ဈာန်ဟု ခေါ်ဆိုရပေသည် [၆]

မှန်၏— ဝိတက်သည် စိတ်ကို အာရုံပေါ်သို့ ရောက်အောင် ပို့ဆောင် တင်ပေးတတ်သော သဘောဖြစ်သည်၊

ဝိစာရသည် အာရုံ ပေါ်သို့ ရောက်ရှိပြီးသောစိတ်ကို ဖွဲ့ချည်ထားတတ်, အာရုံကို အဖန်တလဲလဲ သုံးသပ်တတ်သော သဘောဖြစ်သည်၊

ပီတိသည် အာရုံ၌ စိတ်ကို နှစ်သက်စေတတ်သော သဘောဖြစ်သည်၊

သုခသည် အာရုံ၌ စိတ်ကို ချမ်းမြေ့စေတတ်သော သဘောဖြစ်သည်၊

ဧကဂ္ဂတာသည် အာရုံ၌ စိတ်ကို တည်ငြိမ်စေတတ် ကောင်းစွာ ထားတတ်ဘော သဘောဖြစ်သည်။ ယင်းသို့ ဝိတက်စသည်တို့သည် မိမိတို့၏ သဘောကို ဆောင်ရွက်ကြ၍ အချင်းချင်း ညီညွတ်ကြသောအခါ အာရုံကို စူးစူးစိုက်စိုက် ရှုမြင်နိုင်ခြင်းဟူသော သတ္တိထူးပေါ်ထွက် လာပေသည်၊ ယင်းသတ္တိထူး ပေါ်ထွက်လာသော ဝိတက်စသော စေတသိက် ၅-ပါးကိုသာ ဈာန် ဟု ခေါ်ဆိုရပေသည် [၇][၄]

ဈာန်အင်္ဂါတို့၏ ရန်သူများ[ပြင်ဆင်ရန်]

ထို့ပြင်— ဝိတက်၏ ဆန့်ကျင်ဘက် ရန်သူသည် ထိနမိဒ္ဓနီဝရဏပင် ဖြစ်သည်၊ ထိနမိဒ္ဓသည် ထိုင်းမှိုင်းလေးလံ ငိုက်မျည်းဆုတ်နစ်သော သဘောဖြစ်သည်၊ ဝိတက်သည် စိတ်ကို အာရုံပေါ်သို့ ရောက်အောင် ပို့ဆောင်ပေးတတ်သော သဘောဖြစ်သည်၊ ထို့ကြောင့် ဝိတက်သည် ထိန မိဒ္ဓနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ပေသည်၊ ဝိတက်သည် ထိန, မိဒ္ဓ နီဝရဏကို စိတ်အစဉ်သို့ မဝင်လာနိုင်အောင် ရှို့မြိုက်ပယ်ရှားလေသည်။

ဝိစာရ၏ ဆန့်ကျင်ဘက်ရန်သူသည် ဝိစိကိစ္ဆာနီဝရဏပင် ဖြစ်သည်၊ ဝိစိကိစ္ဆာသည် အာရုံ၌ မဆုံးဖြတ်နိုင်ပဲ ယုံမှားသံသယ ဖြစ်ခြင်း သဘောဖြစ်သည်၊ ဝိစာရသည် အာရုံ ပေါ်သို့ ရောက်ရှိပြီးသောစိတ်ကို ထိုအာရုံမှ မခွါနိုင်အောင် စွဲမြဲစွာ ဖွဲ့ချည်တတ်သော သဘောဖြစ်သည်၊ ထို့ကြောင့် ဝိစာရနှင့် ဝိစိကိစ္ဆာတို့သည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြသည်၊ ဝိစာရသည် ဝိစိကိစ္ဆာနီဝရဏကို စိတ်အစဉ်သို့မဝင်လာနိုင်အောင် ရှို့မြိုက် ပယ်ရှားလေသည်။

ပီတိ၏ ဆန့်ကျင်ဘက်ရန်သူသည် ဗျာပါဒ နီဝရဏပင်ဖြစ်သည်၊ ဗျာပါဒသည် အာရုံကို မနှစ်သက်နိုင်သော သဘောဖြစ်သည်၊ ပီတိသည် အာရုံကို နှစ်သက်တတ်သော သဘော ဖြစ်သည်၊ ထို့ကြောင့် ပီတိနှင့်ဗျာပါဒတို့သည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြသည်၊ ပီတိသည် ဗျာပါဒနိဝရဏကို စိတ်အစဉ်သို့ မဝင်လာနိုင်အောင် ရှို့ မြိုက် ပယ်ရှားလေသည်။

သုခ၏ ဆန့်ကျင်ဘက် ရန်သူသည် ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏပင်ဖြစ်သည်၊ ဥဒ္ဓစ္စသည် မငြိမ် မသက် တုန်လှုပ်ပျံ့လွင့်ခြင်း သဘောဖြစ်သည်၊ ကုက္ကုစ္စသည် နောင်တတဖန်ပူပန်ခြင်း သဘောဖြစ်သည်၊ သုခသည် အာရုံ၏ အရသာကို ခံစားလျက် ငြိမ်သက်အေးမြခြင်း သဘောဖြစ်သည်၊ ထို့ကြောင့် သုခနှင့် ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏတို့သည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြသည်၊ သုခသည် ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏကို စိတ်အစဉ်သို့ မဝင်လာနိုင်အောင် ရှိ မြိုက်ပယ်ရှားလေသည်။

ဧကဂ္ဂတာခေါ် သမာဓိ၏ ဆန့်ကျင်ဘက် ရန်သူသည် ကာမစ္ဆန္ဒနီဝရဏပင် ဖြစ်သည်၊ ကာမစ္ဆန္ဒဟူသည် ကာမဂုဏ်ကို နှစ်သက် တွယ်တာသော တဏှာလောဘပင် ဖြစ်သည်၊ ယင်းကာမစ္ဆန္ဒနှင့်ယှဉ်လျှင် စိတ်သည် မတည် ကြည် မငြိမ်သက် လောက်လက်ခတ်လျက် ရှိလေသည်၊ ဧကဂ္ဂတာခေါ် သမာဓိကား အာရုံ၌ စိတ်ကို တည်ငြိမ်စေတတ်သော သဘောဖြစ်သည်၊ ထို့ကြောင့် ဧကဂ္ဂတာနှင့် ကာမစ္ဆန္ဒနီဝရဏတို့သည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်ကြသည်၊ ဧကဂ္ဂတာခေါ် သမာဓိသည် ကာမစ္ဆန္ဒနီဝရဏကို စိတ်အစဉ်သို့ မဝင်လာနိုင်အောင် ရှို့မြိုက် ပယ်ရှားလေသည်။

ဤသို့ နီဝရဏတရားတို့၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့်လည်း ဝိတက်စသော စေတသိက် ၅-ပါးကိုသာ ဈာန်ဟု ခေါ်ဆိုရပေသည် [၈] [၄]

စတုက္ကနည်း, ပဉ္စကနည်း[ပြင်ဆင်ရန်]

စတုက္ကနည်းလာ ဒုတိယဈာန်ကို ပဉ္စကနည်း၌ ဒုတိယဈာန်, တတိယဈာန်ဟု ၂-မျိုး ခွဲခြား၍ ဟောကြားတော်မူသည်၊ စတုက္ကနည်းလာ တတိယဈာန်, စတုတ္ထဈာန်တို့သည် ပဉ္စကနည်း၌ စတုတ္ထဈာန်, ပဉ္စမဈာန်များ ဖြစ်သည် [၉]

အဘယ့်ကြောင့် စတုက္ကနည်း, ပဉ္စကနည်း ဟု နည်း ၂-ပါး ခွဲခြား၍ ဟောထားသနည်း ဟူမူ—ဝိတက်, ဝိစာရ-တို့ကိုတပြိုင်နက် ကျော်လွန်နိုင်သော ဉာဏ်ထက်သော ယောဂီပုဂ္ဂိုလ် တို့အတွက် စတုက္ကနည်းကို ဟော၍ ဝိတက် ဝိစာရတို့ကို တပြိုင်နက် မကျော်လွန်နိုင်ပဲ အသီးအခြား တစ်ပါးစီသာ ကျော်လွန်နိုင်သော ဉာဏ်နုံ့သော ယောဂီပုဂ္ဂိုလ်တို့အတွက် ပဉ္စကနည်းကို ဟောကြားတော်မူသည် [၁၀]

ထို့ပြင်—ဘုရားရှင်သည် တရားနာပုဂ္ဂိုလ်၏အလိုဆန္ဒ = ပုဂ္ဂလဇ္ဈာသယ အစွမ်းဖြင့်၎င်း ဒေသနာတော်ကို တင့်တယ် စမ္ပယ်စေတတ်သော သဗ္ဗညုတဉာဏ်တော် = ဒေသနာဝိလာသ အစွမ်းဖြင့်၎င်း ဈာန်ကို စတုက္ကနည်းအရ ၄-ပါးဟောကြားပြီးနောက် ပဉ္စကနည်းအရ ထပ်မံ၍ ၅-ပါး ဟောကြားတော်မူသည်။ [၄]

ပဉ္စကနည်း ဟောရသည့်အကြောင်း[ပြင်ဆင်ရန်]

ထင်ရှားစေအံ့— အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားစဉ်အခါ စည်းဝေးညီညာ ရောက်လာကြသော နတ်ပရိသတ်တို့တွင် အချို့ နတ်တို့သည် ဝိတက်သည် ရုန့်ရင်းကြမ်းတမ်းသည်၊ ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာတို့ကား သိမ်မွေ့နူးညံ့ကြသည်ဟု ထင်မြင်ယူဆနေကြရာ ထိုနတ်တို့၏ အလိုဆန္ဒအတိုင်း ဝိတက်မပါ ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသောအင်္ဂါ ၄-ပါးရှိသော ဒုတိယဈာန်ကို ဟောတော်မူသည်။ အချို့နတ်တို့သည် ဝိစာရလည်း ရုန့်ရင်းကြမ်းတမ်းသည်၊ ပီတိ, သုခ, ဧကဂ္ဂတာတို့သာ သိမ်မွေ့နူးညံ့ကြသည်ဟု ထင်မြင် ယူဆနေကြရာ ထိုနတ်တို့၏ အလိုဆန္ဒ အတိုင်း ဝိစာရမပါ ပီတိ, သုခ, ဧကဂ္ဂတာဟူသော အင်္ဂါ ၃-ပါးရှိသော တတိယဈာန်ကို ဟောတော်မူသည်။ အချို့နတ်တို့သည် ပီတိလည်း ရုန့်ရင်းကြမ်းတမ်းသည်၊ သုခ, ဧကဂ္ဂတာတို့သာ သိမ်မွေ့နူးညံ့သည်ဟု ထင်မြင်ယူဆနေ ကြရာ ထိုနတ်တို့၏အလိုဆန္ဒအတိုင်း ပီတိမပါ သုခ, ဧကဂ္ဂတာဟူသော အင်္ဂါ ၂-ပါးရှိသော စတုတ္ထဈာန်ကို ဟောတော်မူသည်။ အချို့ နတ်တို့သည် သုခလည်း ရုန့်ရင်း ကြမ်းတမ်းသည်၊ ဥပေက္ခာ ဧကဂ္ဂတာတို့သာ သိမ်မွေ့နူးညံ့သည်ဟု ထင်မြင်ယူဆနေကြရာ ထိုနတ်တို့၏အလိုဆန္ဒအတိုင်း သုခမပါ ဥပေက္ခာ, ဧကဂ္ဂတာဟူသော အင်္ဂါ ၂-ပါးရှိသော ပဉ္စမဈာန်ကို ဟောတော်မူသည်။ [၄]

သဗ္ဗညုတဉာဏ်တော် အစွမ်းသုံးပါး[ပြင်ဆင်ရန်]

ထို့ပြင် ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်သည် သိသင့် သိထိုက်သော ဉေယျတရား အားလုံးကိုဟုတ်တိုင်းမှန်စွာ သိစွမ်းနိုင်ခြင်း တရားဟောပြောနည်း အဖုံဖုံကို သိစွမ်းနိုင်ခြင်း, သစ္စာ ၄-ပါးကို သိမြင်ထိုက်သော ဝေနေယျသတ္တဝါတို့၏ အလိုဆန္ဒ စသည်ကို ထင်လင်းစွာ သိစွမ်းနိုင်ခြင်းဟူသော အစွမ်း ၃-ပါးနှင့် ပြည့်စုံတော်မူသည်၊ ထိုအစွမ်း ၃-ပါးနှင့် ပြည့်စုံသော သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူသည်ဖြစ်၍ ဒေသနာအစီအရင်၌ လိမ္မာကျွမ်းကျင်တော်မူသော သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်သည် ရသင့်ရထိုက်သော ဈာန်အင်္ဂါတို့၏ အစွမ်းဖြင့် ဒေသနာတော်ကို တစ်မျိုးတဖုံ ပိုင်းခြားသတ်မှတ်ပြခြင်းငှါ စတုက္ကနည်းမှတစ်ပါး ပဉ္စကနည်းကို ထပ်မံ ဟောတော်မူသည်။

တနည်းအားဖြင့်[ပြင်ဆင်ရန်]

ဘုရားရှင်သည် သုတ္တန် ဒေသနာတော်၌

(၁) ဝိတက်, ဝိစာရနှင့်တကွ ဖြစ်သော သဝိတက္ကသဝိစာရသမာဓိ၊

(၂) ဝိတက်မရှိ ဝိစာရမျှသာရှိသော အဝိတက္ကဝိစာရမတ္တသမာဓိ၊

(၃) ဝိတက်လည်းမရှိ, ဝိစာရ လည်းမရှိသော အဝိတက္ကအဝိစာရသမာဓိ ဟူသောသမာဓိ ၃-မျိုးကို ဟောတော်မူသည်၊ ထိုသမာဓိ ၃-မျိုးတွင် စတုက္ကနည်း၌ သဝိတက္ကသဝိစာရသမာဓိနှင့် အဝိတက္ကအဝိစာရ သမာဓိကို ပြဆိုခဲ့လေပြီ၊ အဝိတက္ကဝိစာရမတ္တသမာဓိကိုမူ မပြဆိုရသေးပေ၊ ထိုအဝိတက္ကဝိစာရမတ္တသမာဓိကို ပြဆိုခြင်းငှါ ထပ်မံ၍ ပဉ္စကနည်းကို ဟောတော်မူသည် [၁၁]

ဒန္ဓာဘိညာ သုခပဋိပဒါ စသည်တို့နှင့် မရောနှော မဆက်ဆံသော စတုက္ကနည်း၏ အစွမ်းဖြင့် ရူပဈာန်၄-ပါး, ပဉ္စကနည်း၏ စွမ်းဖြင့် ရူပဈာန် ၅-ပါး ပေါင်း ၉-ပါးကို သုဒ္ဓိကနဝကဟု ခေါ်သည် [၁၂]

ယင်း ရူပဈာန် ၉-ပါးတို့တွင် တစ်ပါးပါးသည် ပဋိပဒါ၏အစွမ်းဖြင့် ၄-ပါးစီ ကွဲပြားကြသည်။ ထို့အတူ အာရုံ၏အစွမ်းဖြင့်လည်း ၄-ပါးစီ ကွဲပြားကြသည်။ အာရုံနှင့် ပဋိပဒါရောသော “အာရမ္မဏပဋိပဒါမိဿက” အစွမ်းအားဖြင့်ကား ၁၆-မျိုးစီ ကွဲပြားကြသည် [၁၃][၄]

ရူပဈာန်၏ အမည်အမျိုးမျိုး[ပြင်ဆင်ရန်]

ယင်းရူပဈာန်ကိုပင်— ကသိဏဈာန်, အဘိဘာယတနဈာန်, ဝိမောက္ခဈာန်, ဗြဟ္မဝိဟာရဈာန်, အသုဘဈာန်ဟု အမျိုးမျိုး ခွဲခြားကာ ဟောထားတော်မူပေသည်၊

ထိုတွင် ကသိုဏ်းဝန်းကို အာရုံပြု၍ ရရှိသော ဈာန်သည် ကသိဏဈာန်မည်၏၊

ကသိုဏ်းဝန်းအာရုံကို လွှမ်းမိုး၍ရရှိသော ဈာန်သည် အဘိဘာယတနဈာန်မည်၏၊

ဆန့်ကျင်ဘက် ကိလေသာတို့မှ ကောင်းစွာ လွတ်မြောက်၍ ကသိုဏ်းဝန်းအာရုံ၌ မွေ့လျော်သောအားဖြင့် ကောင်းစွာသက်ဝင်သော ဈာန်သည် ဝိမောက္ခဈာန်မည်၏၊

ဗြဟ္မဝိဟာရ ၄-ပါးကို ပွားများ၍ ရရှိသောဈာန်သည် ဗြဟ္မဝိဟာရ ဈာန်မည်၏။ အသုဘ ၁၀-ပါးကို အာရုံပြု၍ ရရှိသော ဈာန်သည် အသုဘဈာန်မည်၏ [၁၄]


ထို့ပြင်— ထွက်သက် ဝင်သက်ကို အာရုံပြု၍ ရရှိသော “အာနာပါနဈာန်”, ဆံအစရှိသော ကိုယ်အစုကို အာရုံပြု၍ ရရှိသော “ကာယဂတာသတိဈာန်”ဟု ၂-မျိုး ရှိသေးသည်၊ ထိုတွင် အာနာပါနဈာန်သည် ဝါယော ကသိဏဈာန်၌ အကျုံးဝင်သည်၊ ကာယဂတာသတိဈာန်သည် ဝဏ္ဏကသိဏဈာန်, အသုဘဈာန်တို့၌ အကျုံးဝင်သည်၊ သို့ဖြစ်၍ ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်၌ယင်း ဈာန် ၂-ပါးကို သီးခြား ဟောကြားတော် မမူပေ [၁၅] [၄]

ရူပဈာန်ရအောင် အားထုတ်ပုံ[ပြင်ဆင်ရန်]

ရူပဈာန်ကိုရလိုသော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သီလစင်ကြယ်ရမည်၊ ထို့နောက် အာဝါသ ကုလစသောပလိဗောဓကြီး ၁၀-ပါးကို ဖြတ်တောက်၍ ကမ္မဋ္ဌာန်းပေးစွမ်းနိုင်သော မိတ်ဆွေကောင်း ဆရာကောင်းထံ ချဉ်းကပ်ရမည်၊ ထို့နောက် ၄၀-သော ကမ္မဋ္ဌာန်းတို့တွင် မိမိ၏စရိုက်ဝါသနာနှင့် သင့် လျော်သော ကမ္မဋ္ဌာန်းတစ်ခုခုကို သင်ယူကာ ကမ္မဋ္ဌာန်းအားထုတ်ရန် မသင့်လျော်သောအရပ်ကို ပယ်စွန့်၍ သင့်လျော်သော အရပ်၌နေပြီးလျှင် ခေါင်းရိတ်မှုစသော ပလိဗောဓငယ်တို့ကို ဖြတ်တောက်ရမည် [၁၆]

ပထဝီကသိဏဈာန် အားထုတ်ပုံ[ပြင်ဆင်ရန်]

ထို့နောက် ပထဝီကသိဏဈာန်ကို ရလိုသော ယောဂီပုဂ္ဂိုလ်သည် ဆန်ကောပမာဏ ရှိသော ပထဝီကသိုဏ်းဝန်းကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းကို ရှေ့ဝယ်ချကာ “ပထဝီ ပထဝီ” ဟု သေချာစေ့ငု အဖန်ဖန်ရှု၍ မနေမနား စီးဖြန်းပွားများရမည်၊ ထိုသို့ပွားများသောအခါ ယောဂီပုဂ္ဂိုလ်အား အရပ်လေး မျက်နှာ၌ ကြည့်သမျှ ပထဝီကသိုဏ်းဝန်းသာ ထင်မြင်နေသည်၊ ထိုထင်လာသော ပထဝီ ကသိုဏ်းဝန်းအာရုံသည်ပရိကမ္မနိမိတ်မည်၏။

ဤသို့ မျက်စိ၌ ကသိုဏ်းဝန်း ထင်လာသောအခါ ကသိုဏ်းဝန်းကို မျက်စိဖြင့် ကြည့်ရှုတော့ပဲ “ပထဝီ, ပထဝီ”ဟု အဖန်ဖန် အထပ်ထပ် စီးဖြန်း ပွားများပြန်သော် ကသိုဏ်းဝန်းကို မျက်စိဖြင့် မြင်သကဲ့သို့ စိတ်၌ ပထဝီကသိုဏ်းဝန်း နိမိတ်သည် ထင်မြင်၍ လာသည်၊ ထိုသို့ စိတ်၌ ထင်မြင်၍လာသော ပထဝီကသိုဏ်းဝန်းသည် ဥဂ္ဂဟနိမိတ်မည်၏၊ ထိုဥဂ္ဂဟနိမိတ် ထင်လာသောအခါ စိတ်သည် ငြိမ်သက်တည်ကြည်လာ၏၊ ပရိကမ္မသမာဓိကို ရ၏။ [၄]

ရူပဝစရ ပဌမဈာန်[ပြင်ဆင်ရန်]

ထို့နောက် ယောဂီပုဂ္ဂိုလ်သည် စိတ်၌ ထင်လာသော ဥဂ္ဂဟနိမိတ် ပထဝီကသိုဏ်း ဝန်းကိုပင် “ပထဝီ, ပထဝီ”ဟု အထပ်ထပ် စီးဖြန်းလတ်သော် နီဝရဏ တရားတို့သည် ကင်းကွာကုန်၏၊ ကိလေသာတို့သည် အနယ်ထိုင်သော ရေကဲ့သို့ ငြိမ်ဝပ်၍ နေကုန်၏၊ စိတ်သည် အထူးကြည်လင်၍ လာ၏၊ တိမ်တိုက်ထဲမှ ထွက်ပေါ်လာသော လဝန်းကြီးကဲ့သို့ ဥဂ္ဂဟနိမိတ်တွင်းမှ ဖောက်ခွဲထွက်ပေါ်၍ ဥဂ္ဂဟနိမိတ်ထက် အဆအရာ အထောင်မက အလွန် စင်ကြယ် ကြည်လင်သော ပထဝီ ကသိုဏ်းဝန်းသည် ထင်ပေါ်၍လာ၏၊ ထိုထင်ပေါ်လာသော ပထဝီကသိုဏ်းဝန်းသည် ပဋိဘာဂနိမိတ် (= ပုံတူနိမိတ်) မည်၏၊ ထိုအခါ ဥပစာရသမာဓိကိုရ၏။ ယင်း ပဋိဘာဂနိမိတ်ကို ပျောက်ကွယ်မသွားအောင် အထူး စောင့်ရှောက်လျက် အဆက်မပြတ် အားထုတ်ရမည်၊ “စကြာမင်းလောင်း” ပဋိသန္ဓေ သားကို စောင့်ရှောက်သကဲ့သို့ စောင့်ရှောက် ရမည်၊ ဤသို့ စောင့်ရှောက်မှု မရှိလျှင် ယင်း ပဋိဘာဂနိမိတ် ကွယ်ပျောက်တတ်သည်၊ ထိုပဋိဘာဂနိမိတ်ကိုပင် “ပထဝီ, ပထဝီ”ဟု အထပ်ထပ်စီးဖြန်းပွားများလတ်သော်ယောဂီ ပုဂ္ဂိုလ်အား ဝိတက် ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော “အပ္ပနာသမာဓိ” ခေါ်သည့် ရူပဝစရ ပဌမဈာန် ဖြစ်ပေါ်လာ၏။ [၁၇] [၄]

ဝသီဘော်တည်းဟူသော ၅-တန်[ပြင်ဆင်ရန်]

ထိုကဲ့သို့ ပဌမဈာန်ကိုရပြီး၍ ဒုတိယဈာန်ကို ရလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိ ရရှိပြီးသော ပဌမဈာန်ကို အာဝဇ္ဇနဝသီဘော်, သမာပဇ္ဇနဝသီဘော်, အဓိဋ္ဌာနဝသီဘော်, ဝုဋ္ဌာနဝသီဘော်, ပစ္စဝေက္ခဏဝသီဘော်တည်းဟူသော ၅-တန်သော ဝသီဘော်တို့ဖြင့် အထပ်ထပ် လေ့လာပြီးလျှင် ယခုရရှိသော ပဌမဈာန်စိတ်သည် ဝိတက် ပါနေခြင်းကြောင့် ရုန့်ရင်း ကြမ်းတမ်းသေး၏၊ ဝိတက်သည် အာရုံအမျိုးမျိုးသို့ စိတ်ကို တင်ပေးတတ်၏၊ သူ့အတွက်ကြောင့် လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ရောက်သွားဘို့ နီးလာသဖြင့် ကာမစ္ဆန္ဒနီဝရဏ ဘေးရန် နှင့် ဧကန်တွေ့မည် စိုးရသည်၊ ဝိတက်မရှိမှသာ စိတ်ငြိမ်ဘွယ်ရှိသည်ဟု ဝိတက်ကို အပြစ် ရှုပြီးလျှင် ဤဝိတက်မပါလျှင် ယခုထက် သိမ်မွေ့ရာ၏ဟု ဆင်ခြင်၍ ဝိတက်မပါစေလိုသော ဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင် “ပထဝီ, ပထဝီ”ဟု စိတ်၌မှတ်လျက် အထပ်ထပ်စီးဖြန်းပွားများလတ်သော် ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ဒုတိယဈာန် ဖြစ်ပေါ် လာ၏။ [၄]

ဒုတိယဈာန်စသည်[ပြင်ဆင်ရန်]

ဒုတိယဈာန်မှ တတိယဈာန်သို့ တက်လိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ပါ နည်းအတိုင်း ဝိစာရကို မပါစေလိုသော ဆန္ဒဖြင့် ပထဝီ ပဋိဘာဂနိမိတ်ကိုပင် “ပထဝီ ပထဝီ” ဟု စိတ်၌မှတ်လျက် အထပ်ထပ် စီးဖြန်းပွားများလတ်သော် ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၃-ပါးနှင့် ပြည့်စုံသော တတိယဈာန် ဖြစ်ပေါ်လာ၏။

အထက်ပါနည်းအတိုင်းပင် ပီတိမပါစေလိုသော ဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကို အထပ်ထပ်စီးဖြန်းပြန်သော် သုခ, ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၂-ပါးနှင့်ပြည့်စုံသော စတုတ္ထဈာန် ဖြစ်ပေါ်လာ၏။

ထို့အတူပင် သုခမပါစေလိုသော ဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကို အထပ်ထပ် စီးဖြန်း ပြန်သော် သုခသည် တဖြည်းဖြည်း သိမ်မွေ့၍ သွားသောအခါ ကောင်း၏ဟု ခံစားခြင်း သဘောလည်းမဟုတ် မကောင်းဟု ခံစားခြင်းသဘောလည်း မဟုတ်သော ကောင်း မကောင်း နှစ်ဖက်သို့ မကျသော, အလယ် အလတ် ခံစားခြင်းသဘောရှိသော ဥပက္ခာဝေဒနာ ဖြစ်ပေါ်လာ၍ ဧကဂ္ဂတာနှင့်တကွ အင်္ဂါ ၂-ပါးနှင့် ပြည့်စုံသော ပဉ္စမဈာန်သည် ဖြစ်ပေါ်လာ၏။ [၁၈]

ကြွင်းသော ကမ္မဋ္ဌာန်းတို့၌ ဤနည်း အတိုင်းပင် ပဌမဈာန်စသည်ကို ရရှိနိုင်သည်။ [၁၉] [၄]

ဈာန်ကြောင့် ရနိုင်သော ပဋိသန္ဓေများ[ပြင်ဆင်ရန်]

ဈာန်နှင့်ယှဉ်ဘက် အဓိပတိ ဖြစ်ထိုက်သောတရား ယုတ်ညံ့နေ၍ နည်းသော အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် ပဌမဈာန်သည် ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊ အလယ်အလတ် အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် ပဌမဈာန်သည် ဗြဟ္မပုရောဟိတာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊ အတိုင်းမသိ ကြီးမားသော အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် ပဌမဈာန်သည် မဟာဗြဟ္မာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ (ပဌမဈာန် ၃-ဘုံ၌ ပဋိသန္ဓေအသီးသီးကို ဖြစ်စေတတ်သော ဈာန်များတည်း)။

နည်းသော အစွမ်းသတ္တိရှိသော ရူပါဝစရ ကုသိုလ် ဒုတိယဈာန်, တတိယဈာန်တို့သည် ပရိတ္တာဘာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်၏၊ အလယ်အလတ် အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် ဒုတိယဈာန်, တတိယဈာန်တို့သည် အပ္ပမာဏာဘာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်၏၊ အတိုင်းမသိ ကြီးမားသော အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် ဒုတိယဈာန်, တတိယဈာန်တို့သည် အာဘဿရာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်၏။ (ဒုတိယဈာန် ၃-ဘုံ၌ ပဋိသန္ဓေအသီးသီးကို ဖြစ်စေတတ်သော ဈာန်များတည်း)။

နည်းသော အစွမ်းသတ္တိရှိသော ရူပါဝစရ ကုသိုလ် စတုတ္ထဈာန်သည် ပရိတ္တသုဘာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊ အလယ်အလတ် အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် စတုတ္ထဈာန်သည် အပ္ပမာဏသုဘာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊ အတိုင်းမသိ ကြီးမားသော အစွမ်းသတ္တိရှိသော ရူပါဝစရကုသိုလ် စတုတ္ထဈာန်သည် သုဘကိဏှာဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ (တတိယဈာန် ၃-ဘုံ၌ ပဋိသန္ဓေ အသီးသီးကို ဖြစ်စေတတ်သော ဈာန်များတည်း)။

ရူပါဝစရကုသိုလ် ပဉ္စမဈာန်သည် ဝေဟပ္ဖိုလ်ဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊ နာမ် တရား၌ တပ်ခြင်းကင်းလျက် ပွားများ၍အပ်သော ရူပါဝစရကုသိုလ် ပဉ္စမဈာန်သည် အသညသတ်ဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ အနာဂါမ် ပုဂ္ဂိုလ်တို့၏ ရူပါဝစရကုသိုလ် ပဉ္စမဈာန်သည် သုဒ္ဓါဝါသ ၅-ဘုံ၌ပဋိသန္ဓေကို ဖြစ်စေ၏။ (ရူပါဝစရ စတုတ္ထဈာန် ၇-ဘုံ၌ ပဋိသန္ဓေအသီးသီးကို ဖြစ်စေတတ်သော ဈာန်များတည်း)။[၄]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ဈာန်

အရူပဈာန်

ကသိုဏ်း

ကိုးကား[ပြင်ဆင်ရန်]

  1. ပါဠိယံ ပန ရူပဇ္ဈာနာနိယေဝ အာဂတာနိ။ ဒီ၊ဋ္ဌ၊၁၊၁၉၆။ တတ္ထ ရူပီတိ အဇ္ဈတ္တံ ကေသာဒီသု ဥပါဒိတံ ရူပဇ္ဈာနံ ရူပံ၊ တဒဿတ္ထီတိ ရူပီ၊ အဘိ၊ဋ္ဌ၊၁၊၂၃၅။ (မ၊ဋ္ဌ၊၃၊၁၇၆။ အံ၊ဋ္ဌ၊၁၊၄၀၇။ ပဋိသံ၊ဋ္ဌ၊၂၊၅၅၊ ၁၅၀။ အနုဋီ၊၁၊၁၇၀။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၉၆၊ ၄၆၁)။
  2. အဘိ၊ဓ၊၄၄-၆၈။ (အဘိ၊ဋ္ဌ၊၁၊၂၀၇၊ ၂၄၅)။
  3. တိပိဋကအဘိဓာန် အတွဲ-၁၇
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ ၄.၁၀ ၄.၁၁ ၄.၁၂ တိပိဋကအဘိဓာန် အတွဲ-၈
  5. (အဘိ၊ဓ၊၄၄-၉။ အဘိ၊ဝိ၊၂၆၇-၉၊ ၂၇၁-၄-၅-၆)။
  6. (ဝိဘာဝိနီ၊၉၂-၃)။
  7. (ပရမတ္ထစက္ခု)။
  8. (ဝိ၊ဋ္ဌ၊၁၊၁၁၄။ အဘိ၊ဋ္ဌ၊၁၊၂၁၁။ ဝိသုဒ္ဓိ၊၁၊၁၃၇။ ဝိဘာဝိနီ၊၉၂-၃)။
  9. (ဝိသုဒ္ဓိ၊၁၊၁၆၄)။
  10. (ဝိဘာဝိနီ၊၁၁၈)။
  11. (အဘိ၊ဋ္ဌ၊၁၊၂၂၃-၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၉၃-၄)။
  12. (အဘိ၊ဋ္ဌ၊၁၊၂၂၇)။
  13. (ကွဲပြားပုံအသီးအသီးကို အဘိ၊ဓ၊၅၀-၅။ အဘိ၊ဋ္ဌ၊၁၊၂၂၇-၂၃၁-တို့ကြည့်)။
  14. (အဘိ၊ဓ၊၄၄၊ ၅၅၊ ၆၅-၆-၇။ အဘိ၊ဋ္ဌ၊၁၊၂၃၁-၂-၅-၆၊ ၂၄၂)။
  15. (အဘိ၊ဋ္ဌ၊၁၊၂၄၅)။
  16. (အကျယ်ကို-ဝိသုဒ္ဓိ၊၁၊၁-၁၁၉။ ကြည့်)။
  17. (အကျယ်ကို-ဝိသုဒ္ဓိ၊၁၊၁၂၀၊ ၁၅၀။ ဘေဒနီ၊ဒု၊၁၈၂၊ ၂၀၈-တို့ကြည့်)။
  18. (အကျယ်ကို–ဝိသုဒ္ဓိ၊၁၊၁၅၀-၁၆၄။ ဘေဒနီ။ ဒု။ ၂၀၈-၂၁၅-တို့ ကြည့်)။
  19. (အကျယ်ကို-ဝိသုဒ္ဓိ၊၁၊၁၆၅-၃၁၉။ ဘေဒနီ၊ဒု၊၂၁၅-၃၉၉-တို့ကြည့်)။