ဈာန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဈာန်ဟူသည်ကား အာရုံကိုကြံတတ်၊ ကပ်၍ရှုတတ်သောကြောင့်၎င်း၊ ကုသိုလ်တရားတို့ကို ပိတ်ပင်တားဆီးသော ဆန့်ကျင်ဖက် နီဝရဏတရားတို့ကို လောင်ကျွမ်း ပယ်ဖျက်တတ်သောကြောင့်၎င်း ဈာန်မည်၏။ နီဝရဏတရားတို့ကား ခြောက်ပါး အာရုံကာမဂုဏ်ကို ခံစားလိုသော ကာမစ္ဆန္ဒနီဝရဏ၊ အမျက်ဒေါသတည်းဟူသော ဗျာပါဒနီဝရဏ၊ ငိုက်မျဉ်းထိုင်းမှိုင်းခြင်း ဟူသော ထိနမိဒ္ဓနီဝရဏ၊ ပျံ့လွင့်ခြင်း၊ ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ စိတ်နှစ်ခွဖြစ်ခြင်းဟူသော ဝိစိကိစ္ဆာနီ ဝရဏ၊ အဝိဇ္ဇာနီဝရဏ ဟူ၍ ခြောက်ပါး အပြားရှိသတည်း။

ဈာန်သည် ရူပဈာန်၊ အရူပဈာန်ဟူ၍ နှစ်ပါးအပြားရှိ၏။

ရူပဈာန်[ပြင်ဆင်ရန်]

ရူပဈာန်သည် စတုက္ကနည်းအားဖြင့် အင်္ဂါလေးပါးရှိ၍။ ပဉ္စကနည်းအားဖြင့် အင်္ဂါငါးပါးရှိ၏။ ပဉ္စကနည်း၌ ဝိတက်နှင့်ဝိစာရကို တခါစီပယ်၍၊ ဒုတိယ ဈာန်ကို နှစ်ခုခွဲခြင်းအားဖြင့်၊ ရူပဈာန်ငါးပါးရ၏ ထိုရူပဈာန် ငါးပါးတို့ကား -

  1. ပထမဈာန်၊
  2. ဒုတိယဈာန်၊
  3. တတိယဈာန်၊
  4. စတုတ္ထဈာန်၊
  5. ပဉ္စမဈာန်ဟူ၍ ဖြစ်သည်။

ပထမဈာန်[ပြင်ဆင်ရန်]

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော ဈာန်သည် ပထမဈာန် မည်၏။ ဝိတက်ဟူသည်မှာ စိတ်ဟုခေါ်သော နာမ်တရားတို့ကို အာရုံသို့ပို့ဆောင်တတ်သော သဘောဖြစ်၏။ ဝိစာရဟူသည်မှာ အာရုံပေါ်သို့ရောက်ပြီးသောစိတ်ကို ဖွဲ့ချည်တတ်သောသဘောဖြစ်၏။ ပီတိဟူသည်မှာ အာရုံ၌နှစ်ခြိုက်စေတတ်သော သဘောဖြစ်၏။ သုခဟူသည်မှာ အာရုံ၌ ချမ်းမြေ့စေတတ်သော သဘောဖြစ်၏။ ဧကဂ္ဂတာဟူသည်မှာ အာရုံ၌ ခိုင်ခံ့စွာတည်ငြိမ်တတ်သော သဘောဖြစ်၏။

ဒုတိယဈာန်[ပြင်ဆင်ရန်]

ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန် အင်္ဂါလေးပါးသော ကျန်ရှိသောဈာန်သည် ဒုတိယဈာန်မည်၏။

တတိယဈာန်[ပြင်ဆင်ရန်]

ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ သုံးပါးသော ကျန်ရှိသောဈာန်သည် တတိယဈာန်မည်၏။

စတုတ္ထဈာန်[ပြင်ဆင်ရန်]

သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါနှစ်ပါးသာ ကျန်ရှိသော ဈာန်သည် စတုတ္ထဈာန် မည်၏။

ပဉ္စမဈာန်[ပြင်ဆင်ရန်]

ဥပေက္ခာ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့်တကွဖြစ်သော ဈာန်သည် ပဉ္စမဈာန်မည်၏ ဥပေက္ခာ ဟူသည်ကား ကောင်းသည်ဟု ခံစားခြင်းသဘောလည်းမဟုတ်၊ မကောင်းဟု ခံစားခြင်း သဘောလည်းမဟုတ်၊ ကောင်းမှု မကောင်းမှုနှစ်ဘက်သို့မကျဘဲ၊ အလယ်အလတ် ခံစားခြင်း သဘောဖြစ်၏။

အရူပဈာန်[ပြင်ဆင်ရန်]

အရူပဈာန်သည်-

  1. အာကာသာနဉ္စာယတနဈာန်။
  2. ဝိညာဏဉ္စာယတနဈာန်။
  3. အာကိဉ္စညာ ယတနဈာန်၊
  4. နေဝသညာနာသညာယတနဈာန်ဟူ၍ လေးပါးအပြားရှိ၏။

အာကာသာနဉ္စာယတနဈာန်[ပြင်ဆင်ရန်]

စတုတ္ထဈာန်တွင်ရအပ်သော ကသိုဏ်းကိုခွာ၍၊ အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုကာ၊ စီးဖြန်းပွားများ၍ ရအပ်သောဈာန်သည် အာကာသာနဉ္စာယတနဈာန် မည်၏။ ရုပ်တရားကို အာရုံမပြုသောကြောင့်၎င်း၊ ပထမရအပ် ရောက်အပ်သောကြောင့်၎င်း၊ ယင်းကို ပထမာရုပ္ပဈာန်ဟူ၍ လည်း ခေါ်၏။

ဝိညာဏဉ္စာယတနဈာန်[ပြင်ဆင်ရန်]

အဆုံးမရှိသော ပထမာရုပ္ပဝိညာဏ်ကို စီးဖြန်းပွားများ၍ ရအပ်သောဈာန်သည် ဝိညာဏဉ္စာယတနဈာန် မည်၏။ ဒုတိယာရုပ္ပဈာန်ဟူ၍လည်းခေါ်၏။

အာကိဉ္စညာ ယတနဈာန်[ပြင်ဆင်ရန်]

အနည်းငယ်မျှအကြွင်းမရှိသော၊ ပထမာရုပ္ပဝိညာဏ် ၏အဖြစ်တည်းဟူသော၊ ဘာမျှမရှိဟုအနက်ရသော၊ နတ္ထိဘော ပညတ်ကိုအာရုံပြုကာ၊ စီးဖြန်းပွားများ၍ရသော ဈာန်သည် အာကိဉ္စညာယတနဈာန် မည်၏။ တတိယရုပ္ပဈာန်ဟူ၍လည်း ခေါ်၏။

နေဝသညာနာသညာယတနဈာန်[ပြင်ဆင်ရန်]

သညာရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်သော၊ မနာယတန ဓမ္မာယတန၌ အကျုံးဝင်သော အာရုံကို အာရုံပြုကာ၊ စီးဖြန်းပွားများ၍ရသောဈာန်သည် နေဝသညာနာ သညာယတနဈာန်မည်၏။ စတုတ္ထရုပ္ပဈာန်ဟူ၍လည်းခေါ်၏။ ထိုဈာန်လေးပါးတို့ကို ပထမမှ ဒုတိယသို့ ဒုတိယမှ တတိယ သို့၊ တတိယမှ စတုတ္ထသို့ အဆင့်အဆင့်တက်ရာ၏။

ဈာန်ရအောင်အားထုတ်နည်း[ပြင်ဆင်ရန်]

ဈာန်တရားသည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်၊ ရူပဈာန်ကိုရလိုသော ယောဂီပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းစသော ကသိုဏ်းတရားစသည်တို့ကို ပွားများအားထုတ်အပ်၏။ ဆန်ကောပမာဏရှိသော ပထဝီကသိုဏ်းဝန်းကို ပြုလုပ်၍၊ ထိုကသိုဏ်းဝန်းကိုရှေ့ဝယ်ချကာ၊ ပထဝီ ပထဝီဟု သေချာစေ့ငု အဖန်ဖန်ကြည့်ရှု၍၊ မနေမနားစီးဖြန်းပွားများလတ်သော်၊ ယောဂီ ပုဂ္ဂိုလ်အား အရပ်လေးမျက်နှာကြည်သမျှ ကသိုဏ်းဝန်းသာ ထင်၏။ ယင်းမှာ ရှေးဦးလုပ်ငန်းတည်းဟူသော ပရိကမ္မနိမိတ် ဖြစ်၏။ ဤသို့မျက်စိ၌ ထင်လတ်သော်၊ ပထမကသိုဏ်းဝန်းကို မကြည့်ရှုတော့ဘဲ၊ ပထဝီ ပထဝီဟု ဖန်ဖန်အထပ်ထပ်စီးဖြန်း ပွားများအပ်၏။ ဤသို့ ပွားများပြန်သော်၊ ပထမကသိုဏ်းဝန်း နယ်နိမိတ်သည် ထင်မြင်၍လာသည်။ ထိုသို့စိတ်၌ထင်မြင်လာသော ပထဝီ ကသိုဏ်းဝန်းသည် စိတ်၌ရယူအပ်သော ဥဂ္ဂဟ နိမိတ်မည်၏။ ထိုဥဂ္ဂဟနိမိတ် ထင်လတ်သော်၊ စိတ်သည် ငြိမ်သက်တည်ကြည်၏။ ပရိကမ္မသမာဓိကိုရ၏။

ထိုနောက် ယောဂီပုဂ္ဂိုလ်သည် ထိုစိတ်၌ထင်လာသော ဥဂ္ဂဟနိမိတ်ပထဝီကသိုဏ်းဝန်းကိုပင်၊ ပထဝီ ပထဝီဟု တစ်ဖန်အကြိမ်ကြိမ် အထပ်ထပ်စီးဖြန်းလတ်သော်၊ နီဝရဏ တရားတို့သည် ကင်းကွာကုန်၏။ ကိလေးသာတို့သည် အနည်ထိုင်သောရေကဲ့သို့ ငြိမ်ဝပ်၍ကုန်၏။ စိတ်သည် အထူးကြည်လင်လာ၏။ တိမ်တိုက်မှထွက်လာသော လဝန်းကြီးကဲ့သို့ ဥဂ္ဂဟနိမိတ်တွင်းမှ ပေါက်ခွဲထွက်ပေါ်၍၊ ဥဂ္ဂဟနိမိတ်ထက် အဆ အရာအထောင်မက အလွန်စင်ကြယ်ကြည်လင်သော ပထဝီကသိုဏ်းဝန်းကြီးသည် ထင်ပေါ်၍လာ၏။ ထိုထင်လာသော ပထဝီကသိုဏ်းဝန်းကို ပဋိဘာဂနိမိတ်ကိုပင်(ပုံတူနိမိတ်) ဟုဆိုအပ်၏။ ထိုပဋိဘာဂနိမိတ်ကိုပင် ပထဝီ ပထဝီဟု တစ်ဖန်အထပ်ထပ်ပွားများ စီးဖြန်းလတ်သော်၊ ယောဂီပုဂ္ဂိုလ် အား ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်ပြည့်စုံသော ပထမဈာန်ဖြစ်ပေါ်လာ၏။ ကြွင်းသောကမ္မဋ္ဌာန်းတို့တွင်လည်း ဤနည်းအတိုင်းပင် ပထမဈာန်ကို ရနိုင်၏။

ထိုကဲ့သို့ ပထမဈာန်ကိုရပြီး၍၊ ဒုတိယဈာန်ကိုအားထုတ်လိုသော်၊ ယခုရသောပထမဈာန်စိတ်သည် ဝိတက်ပါခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏။ ဤဝိတက်မပါလျှင် ယခုထက်သိမ်မွေ့ရာ၏ဟု ဆင်ခြင်၍ ဝိတက် ကိုမပါစေလိုသောဆန္ဒဖြင့်၊ ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင် ပထဝီ ပထဝီဟု စိတ်၌မှတ်လျက်၊ တစ်ဖန် အထပ်ထပ်စီးဖြန်းပွားများလတ်သော်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဒုတိယဈာန်ဖြစ်ပေါ်လာ၏။

ဒုတိယဈာန်မှ တတိယဈာန်သို့တက်၍ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် အထက်ပါနည်းအတိုင်း ဝိစာရကိုမပါစေလိုသော ဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင်၊ ပထဝီ ပထဝီ ဟု စိတ်၌မှတ်လျက်၊ တစ်ဖန် အထပ်ထပ်စီးဖြန်းပွားများလတ်သော်၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါသုံးပါးနှင့် ပြည့်စုံသော တတိယ ဈာန်ဖြစ်ပေါ်လာ၏။

အထက်ပါနည်းအတိုင်းပင်၊ ပီတိမပါစေလိုသောဆန္ဒဖြင့် ပထဝီပဋိဘာဂနိမိတ်ကို တစ်ဖန်အထပ်ထပ်စီးဖြန်း ပြန်သော်၊ သုခ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံသော စတုတ္ထဈာန်ဖြစ်ပေါ်လာ၏။

ထိုအတူပင်၊ သုခမပါစေလိုသောဆန္ဒဖြင့် ပထဝီပဋိဘာဂ နိမိတ်ကို တစ်ဖန်အထပ်ထပ်စီးဖြန်းပြန်သော်၊ သုခသည် တစ်ဖြည်းဖြည်းသိမ်မွေ့၍သွားသောအခါ၊ ကောင်းသည်ဟုခံစားခြင်းသဘောလည်းမဟုတ်၊ မကောင်းသည်ဟု ခံစားခြင်းသဘောလည်းမဟုတ်၊ ကောင်းမှုမကောင်းမှုနှစ်ဘက်သို့ မကျသောအလယ်အလတ်ခံစား ခြင်းဥပက္ခာဝေဒနာဖြစ်လာ၍၊ ဧကဂ္ဂတာ နှင့်တကွ ဈာန်အင်္ဂါနှစ်ပါးနှင့်ပြည့်စုံစွာ ပဥဉ္စမဈာန်သည်ဖြစ်ပေါ်လာ၏။

ထိုပဉ္စဈာန်သည် ရုပ်တရား၌သာလျှင် အာရုံရှိသော ရူပဈာန်ဖြစ်၍ ညံ့ဖျင်းသေး၏။ ထိုကြောင့် ထိုမှတစ်ဆင့် သိမ်မွေ့မွန်မြတ်သော အရူပဈာန်ကို တက်လှမ်းလိုသော်၊ စတုတ္ထနည်းအားဖြင့်ရအပ်သော စတုတ္ထဈာန် ကိုတက်လှမ်းလိုသော်၊ စတုတ္ထနည်းအားဖြင့်ရအပ်သော စတုတ္ထဈာန်မှရအပ်သော ကသိုဏ်းဝန်းကိုပယ်၍၊ ကောင်းကင်ဟင်းလင်းဟု နှလုံးသွင်းကာ အထပ်ထပ်စီးဖြန်းပွားများသည်ရှိသော်၊ အာကာသာနဉ္စာယတနဈာန် (ပထမရုပ္ပဈာန်)သည် ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ ပထမာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီးလျှင်၊ အဆုံးမရှိသော ကောင်းကင်ကိုအာရုံပြုသော ဝိညာဏ်ဟု စိတ်ထဲမှတ်လျက် အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ ဝိညာဏဉ္စာ ယတနဈာန်(ဒုတိယရပ္ပဈာန်) သည်ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ ဒုတိယာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီးလျှင်၊ ပထမာရုပ္ပဝိညာဏ်ကိုမရှိအောင် ပျောက်အောင် နှလုံးသွင်း၍ အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ အာကိဉ္စညာ ယတနဈာန်(တတိယာရုပ္ပဈာန်)သည် ဖြစ်ပေါ်လာ၏။

ထိုမှတစ်ဆင့်၊ တတိယာရုပ္ပဈာန်ဝင်စား၍၊ ဈာန်မှထပြီး လျှင်၊ တတိယာရုပ္ပဈာန်စိတ်ဝိညာဏ်ကိုပင်လျှင် သိမ်မွေ့ငြိမ် သက်၏ဟု စိတ်ကမှတ်လျက် အဖန်ဖန်စီးဖြန်းပွားများသည်ရှိသော်၊ နေဝသညာနာသညာယတန ဈာန်(စတုတ္ထာရုပ္ပဈာန်)သည် ဖြစ်လာ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)