ပထဝီကသိုဏ်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဗုဒ္ဓဘာသာ သင်္ကေတ

ကသိုဏ်းဝန်းပြုလုပ်ခြင်း[ပြင်ဆင်ရန်]

ပထဝီ − မြေကသိုဏ်းကို ပွားများအားထုတ်လိုကြသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ လူယောက်ျား၊ လူမိန်းမ၊ ဘိုးသူတော်၊ မယ်သီလ သူတော်သူမြတ်တို့သည် ညိုရောင်၊ ရွှေရောင်၊ နီရောင်၊ ဖြူရောင် လေးဆူသော အဆင်း ဝဏ္ဏကသိုဏ်းတို့နှင့် မရောယှက်စေခြင်းငှါလည်းကောင်း၊ စိတ်ကြပ်ကြပ် ပျော်မွေ့စေခြင်းငှါလည်းကောင်း နေအရုဏ်အရောင် အဆင်းရိုသော မဝါလွန်း မနီလွန်းသော မြေနီနုန်းမြေစေးစေးကို သဲအမှိုက်မပါရအောင် ညက်စွာဆင့်၍ ရေနှင့်ဖျော်လျက် ညက်စွာနယ်၍ မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ လှည်းဘီးဝန်းကဲ့သို့ ကျောက်ပြင်ကဲ့သို့ အဝိုင်းမြေချပ် ပြုလုပ်၍ ကလနား၌ ယပ်ဝန်းအနားပတ်ကဲ့သို့ ဒန်ပူတစ်ပြားလောက် အဖြူဖြစ်စေ၊ အစိမ်းဖြစ်စေ ဆေးမင်အနားပတ် သုတ်လိမ်းတင်ထားအပ်၏။

ကသိုဏ်းဝန်းပြုလုပ်ရာ၌ တစ်ထွာအောက် လျှော့လိုလျှင် လက် (၂) သစ်၊ (၃) သစ်လောက်လျှော့အပ်၏။ တစ်ထွာထက်ပိုလိုလျှင် လက် (၄) သစ်၊ (၈) သစ်လောက် ပိုအပ်၏။ ကသိုဏ်းအဝန်းငယ်လျှင် စိတ်နိုင်လွယ်သည်၊ နိမိတ်ရလွယ်သည်၊ စိတ်မူကား ကြပ်ကြပ်မထွားပေ။ ကသိုဏ်းအဝန်းကြီးလျှင် စိတ်နိုင်ခဲသည်၊ နိမိတ်ရခဲသည်၊ စိတ်မူကား ကြီးထွား၏။ ထိုကသိုဏ်းအဝန်းကို အညစ်အကြေးများ မစွန်းရ၊ မပွန်းမပဲ့အောင် ကောင်းမွန်စွာထားအပ်၏။ ဘုရားဓာတ်တော်ကဲ့သို့ ရိုသေစွာ ထားအပ်၏။[၁]

နိမိတ် (၃) ပါးထင်ခြင်း[ပြင်ဆင်ရန်]

ပရိကမ္မနိမိတ်[ပြင်ဆင်ရန်]

ကသိုဏ်းဝန်း ပြုလုပ်ပြီးလျှင် သားငှက်တိရစ္ဆာန် လူသံဆိတ်ငြိမ် အချိန်အေးမြသော မြို့ပြ ပြည်ရွာ အိမ်ဂေဟာ၌လည်းကောင်း၊ လူရှင်မနှော ဆိတ်ငြိမ်သော တောအရပ်၌ လည်းကောင်း တစ်ယောက်တည်း ချမ်းသာစွာ တင်ပျဉ်ဖွဲ့ခွေထိုင်လျက် ကသိုဏ်းဝန်းကို မနီးမဝေး ရှေ့လက်လှမ်းမီလောက်မှာ ငုံ့လည်းမငုံ့ရ၊ မော့လည်းမမော့ရအောင် မျက်စိနှင့် ပဏာရအောင် ထောင်ထားပြီးလျှင် ဘုရားရှင်၏ ဂုဏ်တော်များကို အနည်းငယ် အောက်မေ့ရှိခိုး၍ "ငါ၏ ပတ်ဝန်းကျင်၌ ရှိသော သတ္တဝါခပ်သိမ်းတို့သည် ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ အခါခပ်သိမ်း ကောင်းမြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေ"ဟု စူးစူးစိုက်စိုက် မေတ္တာပို့၍ "ငါသည် မချွတ်ဧကန် အမှန်သေရလိမ့်မည်၊ ဘယ်တော့ခါ သေရမည်လည်း မသိ၊ မသေခင် မသေမီ ကိုးကွယ်ရာကို ရအောင်လုပ်မှ" ဟု အတန်ငယ်၊ အနည်းငယ် သေခြင်း မရဏသညာကို ဖြစ်စေ၍ "ဤကသိုဏ်းအကျင့်သည် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာအရှင်မြတ်တို့သည် အို၊ နာ၊ သေရေး ဒုက္ခဘေးတို့မှ လွတ်အံ့သောငှါ ဤအကျင့်သည် ဤကသိုဏ်းဝန်းသည် ငါ၏ ကိုးကွယ်ရာအစစ်တည်း" ဟုဆင်ခြင်၍ ဤကသိုဏ်းဝန်း၌ အလွန်မြတ်နိုးနှစ်သက်လျက် အလွန်လိုချင်သော အာသာဆန္ဒဖြင့် ထိုပထဝီမြေသိုဏ်းဝန်းကို ကြည့်ရှုအပ်၏။

(ဤသည်မှာ ပရိကမ္မနိမိတ် ထင်ပုံ ဖြစ်သည်။)[၁]

ဥဂ္ဂဟနိမိတ်[ပြင်ဆင်ရန်]

ထိုပထဝီ မြေကသိုဏ်းကို မျက်စိနှင့် မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍နေအောင် ကသိုဏ်းဝန်း၌ စိတ်ကို တစ်စိတ်တစ်ဒေသ၌သာ မထားဘဲ ကသိုဏ်းဝန်းတစ်ခုလုံးကို အကုန်အနှံ့ စိတ်နှင့်ငုံ၍ ကြည့်ရှုအပ်၏။

စိတ်ကို သန်သန်ခိုင်ခိုင်ထား၍ သတိပညာဖြင့် ခိုင်ခိုင်မြဲမြဲမှတ်က ကသိုဏ်းမြေဝန်းကြီး တစ်ခုလုံးကို စိတ်၌ အကုန်လုံး စွဲကပ်ထင်မြင်၍ ပါလာအောင် ပြူးပြူးစိစိကြည့်ရှု၍ ယူအပ်၏။

စိတ်၌ စွဲလောက် ပါလောက် ရလောက်ချိန်တန်လျှင် မျက်စိကို မှတ်၍စမ်း၊ မျက်စိမှိတ်သောအခါမှာလည်း ဖွင့်၍ ကြည့်နေတုန်းကလို မြေကြီးဝန်းတို့ ထင်မြင်၍နေလျှင် မြေကြီးကသိုဏ်း ဥဂ္ဂဟနိမိတ်ရပြီဟုမှတ်။ မရသေးလျှင် မျက်စိကို ဖွင့်၍ ကြည့်မြဲတိုင်းပြင် ကြည့်ရှု၍ ယူရာ၏။ မျက်စိကို ခဏခဏ မှိတ်၍လည်း မစမ်းအပ်၊ ကြာနိုင်သမျှကြာအောင် ကြည့်ရှု၍ ယူရာ၏။ ကြည့်ရှုဖန်များ၍ ကြာလျှင် ရ၏။

ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှု၍ ယူရာ၌ ပါးစပ်က "ပထဝီ ကသိဏံ ပထဝီကသိဏံ" ဟု တတွတ်တွတ် မရွတ်ဆိုရ။

ပထဝီ ဆိုသည်မှာ ပါဠိစကား ဖြစ်သည်။ မြန်မာတို့က မြေကြီးဟု ခေါ်၏။ ဤမြေကြီးအဝန်းကို ကြည့်ရှု၍ယူသောအခါ စိတ်တစ်ခြမ်း တစ်စိတ်တစ်ဒေသတွင်သာ မထားမူ၍ မြေကြီးဝန်း တစ်ခုလုံးကို အကုန်အနှံ့ ငုံ၍ ကြည့်ရှုရသည်။ ဤသို့ အကုန်လုံးငုံ၍ အနှံ့ကြည့်အပ်သောကြောင့် "ကသိဏကသိုဏ်း" ဟူ၍ ခေါ်သည်။

အကြွင်းအကျန်းမရှိ အကုန်လုံး အနှံ့ငုံ၍ ကြည့်ရှု ယူအပ်သောကြောင့် ကသိဏ မည်သော ဤမြေကြီးအဝန်းကို စိတ်ထဲကသာ "မြေ၊ မြေ" ဟု မှတ်လျက် မျက်စိနှင့်မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် မျက်စိဖြင့်သာ ကြည့်ရှု၍ နေရသည်။

ကြည့်ရှုသောအခါမှာလည်း မျက်စိကို မှေးတုပ်တုပ်လုပ်၍ မကြည့်ရ၊ အိပ်ချင်တတ်သည်၊ စိတ်ပျော့တတ်သည်၊ ရခဲတတ်သည်။ ထို့ကြောင့် မျက်စိကို ဖွင့်နိုင်သမျှ ဖွင့်၍ ကြည့်ရသည်။ မျက်တောင်ကိုလည်း မခတ်ဘဲ နေနိုင်သမျှ နေ၍ ကြည့်ရသည်။ ကြာလျှင် အိပ်ချင်လာတတ်သည်၊ အိပ်ချင်လေလေ မျက်စိကို ပြူးလေလေ ပြူးရသည်။

အိပ်ချင်၍ လာသောအခါ၌လည်းကောင်း၊ မျက်စိကို မှေး၍မှိန်၍ စိတ်သညာကို ပျော့စေ၍ ကြည့်သော်လည်းကောင်း ကသိုဏ်းဝန်းနှစ်ခုဖြစ်၍ ဖြစ်၍လည်း နေတတ်၏။ မနေစေအပ်၊ စိတ်သညာစိတ်အမှတ်ကို သန်သန်ခိုင်ခိုင်ထား၍ ကြည့်အပ်၏။ သတိပေါ့လွတ်လျက် စိတ်သည် ကသိုဏ်းဝန်း၌ မနေဘဲ တခြားအာရုံကို ပြေးသွားကြံစည်၍ ကြံစည်၍လည်း နေတတ်၏။ မနေစေအပ်။ ကသိုဏ်းအာရုံမှတစ်ပါး ဘယ်ကိုမှ မထွက်ပြေးစေအပ်၊ ကြပ်ကြပ် သတိပြုအပ်၏။

စိတ်ဝတက် အကြံအစည်ကို ကြပ်ကြပ်နှိပ်ကွပ်၍ ကသိုဏ်းအာရုံ၌သာ မြဲစွာသတိဖြင့် ဖွဲ့ထားအပ်၏။ ကြာသောအခါ စိတ်မော၍ ဝီရိယလျော့ပြီး ပျင်းလာတတ်သည်။ မပျင်းစေအပ်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်၍ စိတ်ဝီရိယ ထက်သန်စေတတ်သော အာရုံများကို ဆင်ခြင်၍ မြင့်မိုရ်တောင်ကြီးကို ဖြိုချမည့် ယောက်ျား၏ စိတ်ဝီရိယကဲ့သို့ စိတ်ဝီရိယကို အားကောင်းထက်သန်စေလျက် မရလျှင် မနေဘူးတဲ့ဟု အံသွားခဲ၍ စိတ် ခါးတောင်းကျိုက်၍ ကြည့်ရှုရာ၏။

စိတ်မောသဖြင့် ကိုယ်ပါမော၍ ပျင်းရိ၍ ခဏခဏ နားချင်တတ်သည့်ပြင် တော်ရာကို ထ၍ လုပ်ချင်တတ်၏။ ခဏခဏ မနားအပ်၊ မလုပ်အပ်၊ ကြပ်ကြပ်ဇွဲကောင်းရာ၏။ အသည်းကောင်းရာ၏။

နိမိတ်ယူရာ၌ −

၁။ အချို့သောသူတို့မှာ မကြာခင် အလွယ်တကူဖြင့်ပင် နိမိတ်ရနိုင်သည်။ အချို့သောသူတို့မှာကား ပင်ပင်ပန်းပန်း သက်စွန့်ကြိုးစားအားထုတ်၍ ကြာမှပင် ရသည်။ စိတ်ထဲ၌ ယူ၍ရသော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်သည်။ ပြင်ဘက် ကသိုဏ်းဝန်းကိုကား ပရိကမ္မနိမိတ်ဟု ခေါ်သည်။ ဥဂ္ဂဟနိမိတ်ကား ပရိကမ္မနိမိတ်နှင့် တစ်ထပ်တည်း တူ၏။ ဤ ဥဂ္ဂဟနိမိတ်ကို ရသောအခါ စိတ်သည် သံလိုက်ကောင်းကောင်းကို အပ်တွယ်ဘိသကဲ့သို့ ဤမြေကြီး ဥဂ္ဂဟနိမိတ်ကိုသာ တွယ်၍ နေတော့၏။ ဘယ်ကိုမျှ များစွာမပြေးတော့ပြီ။

၂။ မျက်စိကို ဖွင့်ထားလျှင်ကား ရှေ့တူရူရှိ အဆင်းတို့ကို မြင်၏။ မျက်စိကို မှိတ်လိုက်စေကာမူ ဘယ်ကိုမှ မမြင်ဘဲ ဤမြေကသိုဏ်းဝန်းကိုသာ မြင်၍ နေတော့၏။ မျက်စိကို မှိတ်၍ ပက်လက်နေလျှင် မျက်နှာပေါ်က ကသိုဏ်းမြေချပ်ဝန်းကြီး မိုးလျက်နေ၏။ မှောက်၍ နေလျှင် အောက်က ကြမ်းရယ်၊ ဖျာရယ် မမှတ်ဘဲ ကသိုဏ်းမြေချပ်ဝန်းကြီးကိုသာ မြင်၍ နေတော့၏။

၃။ ရေထဲ၌ ငုတ်၍ နေလျှင်လည်း မျက်နှာရှေ့က ရေရယ်လို့ မမှတ်ဘဲ ကသိုဏ်းမြေချပ်ဝန်းကြီးသာရှိ၍ မြင်၍ နေတော့၏။ မျက်နှာကို လုံလုံလက်ဝါးပိတ်ဖုံး၍ နေလျှင်လည်း လက်ဝါးဟူ၍ အမှတ်မထားဘဲ ကသိုဏ်းမြေချပ်ဝန်းကြီးသာ မြင်၍ နေတော့၏။

၄။ ညဉ့်အိပ်သောအခါမှာလည်း တစ္ဆေမသာ အလွန်ကြောက်တတ်လျက် မလွှဲသာ၍ မသာလောင်းကို ကိုင်တွယ်ရသဖြင့် မသာလောင်းဥဂ္ဂဟနိမိတ်ကြီး ထင်မြင်၍ နေသောသူကဲ့သို့ ကသိုဏ်းမြေချပ်ဝန်းကြီးကိုသာ ထင်မြင်၍ နေတော့၏။ အိပ်၍ မပျော်တော့ပြီ။ ကြပ်ကြပ် အားထုတ်ကြည့်လေ နှလုံးသွင်းလေ မျက်စိကျယ်လေ ဖြစ်၍ နေတော့၏။ အိပ်၍ ပျော်စေချင်သဖြင့် အားထုတ်၍ နှလုံးမသွင်းဘဲနေမှ တဖြည်းဖြည်းစိတ်နုံ့၍ ကသိုဏ်းဝန်းမြေချပ်ကြီကို မြင်ရာက မေ့ကနဲဖြစ်၍ ဘဝင်ကျ၍ အိပ်ပျော်သွားလေ၏။

၅။ အိပ်ရာမှ နိုးပြန်လျှင်လည်း မြေချပ်ကသိုဏ်းဝန်းကြီးကိုပင် ထင်မြင်၍ နိုး၍လာ၏။ မျက်နှာရှေ့က မြေချပ်ကသိုဏ်းဝန်းကြီး ဆီးလျက်သာနေတော့၏။

ဤကဲ့သို့ ဥဂ္ဂဟနိမိတ်ရ၍ အတော်ခိုင်သော ရင့်သောအခါ ခပ်မှောင်မှောင် အခန်းထဲများမှာ မျက်စိမမှိတ်ဘဲ ဖွင့်၍ထားလျှင် မြေချုပ်ကသိုဏ်းဝန်းကြီးကိုသာ မြင်၍နေတော့၏။ စင်္ကြံသွားရင်းလည်း ရှု၍ ဖြစ်တော့၏။ ဥဂ္ဂဟနိမိတ် ထင်သည်မှစ၍ အိပ်ချင်ထိုင်းမှိုင်းသော ထိနမိဒ္ဓတို့သည် အတန်ငယ်ကွာလျက် တဖြည်းဖြည်း နည်း၍ ပါး၍ ရှား၍ ငုတ်၍ သွားကြလေ၏။

(ဤကား ဥဂ္ဂဟနိမိတ် ထင်ပုံဖြစ်သည်။)[၁]

ပဋိဘာဂနိမိတ်[ပြင်ဆင်ရန်]

ဥဂ္ဂဟနိမိတ် ရသောအခါ ပြင်ဘက် ပရိကမ္မနိမိတ် ပထဝီမြေကသိုဏ်းဝန်းကို တော်ရာမှာ သိမ်းထား၍ စိတ်ထဲ၌ ပါရသော ဥဂ္ဂဟနိမိတ်ကိုသာ အမြဲအစွဲ ကြည့်ရှုရာ၏။ ထိုသို့ အမြဲအစွဲ အားထုတ်ကြည့်ရှုဖန်များသောအခါ ဤဥဂ္ဂဟနိမိတ်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ အရာအဆာ အကြောင်းပြုပ်မရှိဘဲ မှန်သားများကဲ့သို့ ရသစ်စ ဥဂ္ဂဟနိမိတ်ထက် အဆတစ်ရာမက အလွန်ချောညက် သိမ်မွေ့၍ နုနယ်၍ လာ၏။ အလွန်နှစ်သက်ပျော်မွေ့ဖွယ် ကောင်းသောအဖြစ်သို့ ရောက်၍ လာ၏။ စိသည် ဘယ်လောက်ပင် ကြာအောင်ကြည့်၍ နေသော်လည်း ပျင်းမုန်းခြင်း၊ အားရခြင်း မရှိနိုင်တော့ပြီ။

ထိုကဲ့သို့သော နိမိတ်ကို ပဋိဘာဂနိမိတ်ဟု ခေါ်သည်။

ဆောင်ပုဒ်။ ။ ပဋိဘာဂ၊ ထင်လာက၊ နီဝရဏ−ကွာ။

ထိုပဋိဘာဂနိမိတ်သို့ ကျသောအခါ

(၁) ကာမဂုဏ်ကို ခံစားလိုသော ကမစ္ဆန္ဒနီဝရဏ၊

(၂) အမျက်ဒေါသဟူသော ဗျာပါဒနီဝရဏ၊

(၃) ငိုက်မျဉ်းထိုင်းမှိုင်းခြင်းဟူသော ထိနမိဒ္ဓနီဝရဏ၊

(၄) ပျံ့လွင့်ခြင်း ပူပန်ခြင်းဟူသော ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊

(၅) ဤကဲ့သို့ ပထဝီမြေကသိုဏ်းကို ကြည့်ရှုအားထုတ်လျှင် ဤကဲ့သို့ဖြစ်သည်ဟု ရေးသောဆရာ၊ ဟောပြောသောဆရာသည် အဟုတ်တကယ်အမှန်ဘဲ သိ၍ ရေးလေသလား၊ ဟောလေသလား၊ ပြောလေသလား၊ အဟုတ်တကယ် အမှန်မသိဘဲ စမ်းရမ်းရေးလေသလား၊ ဟောလေသလား၊ ပြောလေသလား၊ မှန်မှ မှန်ပါလေသလား အမှားများ လေလားဟု ကမ္မဋ္ဌာန်း လမ်းကြောင်း၌ လည်းကောင်း ယုံမှားခြင်း ဝီစိကိစ္ဆာ နီဝရဏ။

ဤနီဝရဏ ငါးပါးတို့သည် စိတသန္တာန်၌ ပါးလျက် တစ်ခါတည်းကွာ၍ ကွယ်ငုပ်၍ ဝပ်၍ သွားကြလေတော့၏။ မဖြစ်ပေါ်လာ မထပေါ်လာကြတော့ပြီ။

ကြွင်းသော အကုသိုလ် နီဝရဏတရားတို့လည်း စိတ်သန္တာန်၌ ဝပ်၍ငုပ်၍ ကုန်ကြလေတော့၏။ မပေါ်လာ မထလာကြတော့ပြီ။

ဆောင်ပုဒ်သံခိပ်။ ။

နီဝရဏ၊ ကွာတုံက၊ ဥပစာရလာ၊
ထိုနောက်ဖန်ဖန်၊ ပွားတုံပြန်၊ ပ ဈာန်အပ္ပနာ၊
အာဝဇ္ဇနံ၊ အပဇ္ဇန်၊ ဓိဋ္ဌာန် ဝုဋ္ဌာန၊
ပစ္စဝေက္ခန်၊ ဤ (၅) တန်၊ လျင်မြန်လိုတိုင်းရ၊
ရှေးရှေးဈာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက်ဈာန်ရ။

(၁) စိတ်ကို အာရုံပေါ်သို့ ရောက်အောင်လွှတ်တင်ခြင်း သဘောဟူသော ဝိတက်။

(၂) ဝိတက်ထင်၍ အာရုံပေါ်သို့ ရောက်ပြီးသော စိတ်ကို ထိုအာရုံပေါ်မှ ဆုတ်လန်၍ မလာရအောင်၊ အကျရအောင် ဝန်းဝိုင်းဖေးမ ကာဆီးပင်တ့တင်ခြင်း အနုမဇ္ဇန သဘောဟူသော ဝိစာရ။

(၃) နှစ်သက်ခြင်းဟူသော ပီတိ။

(၄) ကိုယ်စိတ် အေးမြ ရွှင်လန်း ချမ်းသာခြင်းဟူသော သုခ။

(၅) စိတ်၏ ငြိမ်သက်တည်ကြည်ခြင်းဟူသော ဧကဂ္ဂတာ။

ဤဈာန်အင်္ဂါ (၅) ပါးတို့လည်း အတန်ငယ် အားကောင်းထင်ရှား၍ ပေါ်လာကြကုန်၏။

ဤဈာန်အင်္ဂါတို့သာမဟုတ်၊ ဈာန်အင်္ဂါတို့နှင့် လိုက်လျောနိုင်သော ကြွင်းသော စေတသိက်တရားတို့လည်း အားကောင်းထင်ရှား၍ ပေါ်၍ လာကြကုန်၏။ ထိုအခါ သတိတရားများ အလွန်ထင်၏။ ယခုအခါမှ စ၍ အမရင်ခွင်တွင်း နောက်ဆုံးပိတ် နို့စို့သည့်အခါကျအောင် ဤအတွင်း ပြုဖူးသမျှ အမှုကိစ္စတွေကို ယခုပြုနေရဘိသကဲ့သို့ အကုန်လုံးပြန်၍ အမှန်ရ၏။ စိတ်များလည်း အလွန်ကြီးထွား၏။ လျင်မြန်၏။ စကြာဝဠာတံတိုင်းပေါ်သို့ စိတ်နှင့်ပြေးသွားလျှောက်ပတ်လိုက်လျှင် လက်တစ်ဖျစ်တစ်တွတ်အတွင်းမှာပင် ပတ်မိ၏။ အကွင်းကြီးထင်၍ လိုက်၏။ စိတ်ရှုစရာ သွားရာအရပ်မှာ မှန်ကို စိန်သွားနှင့် ခြစ်ရာ၌ကဲ့သို့ အကြောင်းထင်၍ လိုက်၏။ ဝိတက်သန်ပုံများမှာလည်း အလိုရှိရာအရပ်ကို လွှတ်လိုက်တိုင်း တန်းကနဲ ပြေးရောက်၏။ ပျော့ညွတ်ကွေးကောက်၍ မနေပြီ။

သမထလမ်း၌ ဤကဲ့သို့ ပဋိဘာဂနိမိတ် အရာဌာနသို့ ရောက်နိုင်လျှင် ထိုပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုဟ်ဟု မှတ်ကြ။ တိဟိတ်ပုဂ္ဂိုလ်တို့မှသာလျှင် ဤနေရာဌာနသို့ ဆိုက်ရောက်နိုင်သည်။ တိဟိတ်ပုဂ္ဂိုဟ်မဟုတ်လျှင် မဆိုက်ရောက်နိုင်ပြီ။ မဆိုက်ရောက်နိုင် ဆိုတယ်လို့ အားမထုတ်လို့ မဆိုက်ရောက်တာကိုလဲ မမှတ်ရ၊ အားထုတ်ပါလျက် ဆိုက်ရောက်ချိန်သင့်ပါလျက် မဆိုက်ရောက်မှသာ တိဟိတ်မဟုတ်ဟု မှတ်ရမည်။

အားထုတ်ရာမှာလည်း အချို့မှာ အနှစ် (၂၅−၃၀) ပင်ကြာမှ ဤနေရာတို့သို့ ရောက်နိုင်ကြသည်။ ဈာန်မဂ်ဖိုလ် တရားထူးတို့ကို ရရှိနိုင်ကြသည်။ ဤနေရာဌာနတို့သည် တိဟိတ်၊ ဒွိဟိတ်ခွဲသောနေရာတို့တည်း။ ဤနေရာဌာနတို့သို့ ဆိုက်ရောက်၍ တိဟိတ်မှန်ခဲ့လျှင် ထိုပုဂ္ဂိုလ်သည် အလိုဆန္ဒရှိက ဈာန်မဂ်ဖိုလ် တရားထူးကို ဧကန်မချွတ် ရနိုင်ယူနိုင်တော့သည်။

(ဤကား ပဋိဘာဂနိမိတ်ထင်ပုံ ဖြစ်သည်။)[၁]

ဈာန်အဆင့်ဆင့်တက်ခြင်း[ပြင်ဆင်ရန်]

ပထမဈာန်သို့ တက်ခြင်း[ပြင်ဆင်ရန်]

ဤသို့ မဋိဘာနိမိတ်ကို ရပြီးရောက်ပြီးသော ယောဂီပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို စကြာမင်းလောင်း ကိုယ်ဝန်ကို ချစ်ခင်စောင့်ရှောက်သော အမိကဲ့သို့ အလွန်ချစ်ခင်စောင့်ရှောက်လျက် မမေ့မလျော့ အထပ်ထပ်အားထုတ် ကြည့်ရှုဖန်များသောအခါ စိတ်သည် တဖြည်းဖြည်း ရင့်သန်ကြီးထွားလျက် အားကောင်းလျက် ငြိမ်သက်လျက် အကြင်အခါ၌ အာရုံကို ခိုင်မြဲရာတွယ်၍ အာရုံထဲသို့ ဝင်ဘိသကဲ့သို့ဖြစ်၍ အာရုံကို စူးစိုက်၍ ဈာန်အင်္ဂါ (၅) ပါးနှင့် ပြည့်စုံသော ပထမဈာန်စတ်ဟု ခေါ်သည်။ ပထမဈာန်စိတ်ဟု မှတ်။

ဤဈာန်အပ္ပနာဝီထိကျပုံမှာ − စိတ်သည် ရှေ့ဇောဝါရ အဆုံးဘဝင်ကျ၍ ဘဝင်မှ ထပြီးလျှင် ဤကသိုဏ်းပဋိဘဂနိမိတ်ကို အာရုံပြု၍ အဝဇ္ဇန်း ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ ဈာန် − ဟု ဈာန်ဇောတစ်ကြိမ်၊ ထို့နောက် ဘဝင်ကျ၍ သွား၏။

ထို့နောက် အိပ်မက်မက်သဖြင့် နိုး၍ အိပ်မက် ကို ပြန်၍ ဆင်ခြင်သော သူကဲ့သို့ သင်ကား ဝိတက်၊ သင်ကား ဝိစာရ၊ သင်ကား ပီတိ၊ သင်ကား သုခ စသည်ဖြင့် ဈာန်အင်္ဂါ (၅) ပါးတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဇောဝါရတွေ ဖြစ်ကုန်၏။ ဤဈာန်အပ္ပနာဝီထိမှာ − အာရုံ မကွဲပြားကြပြီ။ အာရုံမကွဲပြားဘဲလျက် အဘယ့်ကြောင့် ဈာန်ဇောမှန်း သိရသနည်းဆိုသော် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူသော ဇောလေးကြိမ်တို့မှာကား ကာမတဏှာလည်း မကင်းသေး၊ မငုပ်တတ်သေးပြီ၊ ဖြစ်ကြပုံလည်း ကြပ်ကြပ်မငြိမ်သက်ကြသေးပြီ။ ဂေါတြဘူနောက်၌ဖြစ်သော ဇောတစ်ကြိမ်မှာမူကား ကာမတဏှာလည်း ကင်း၍ ပါး၍ ငုတ်၍သွား၏၊ စိတ်လုံးလည်း အလွန်ကြီးထွား၏။ ဈာန်အင်္ဂါတို့လည်း အလွန်ထင်ရှားစွာ ကြီးထွားဖြစ်ပေါ်ကြကုန်၏။ သံမှိုကို မြုပ်အောင် ရိုက်လိုက်လျှင် လှုပ်နဲ့၍မရ ယိမ်းယိုင်ခြင်း မရှိဘိသကဲ့သို့ ဖြစ်ပုံလည်း အာရုံထဲဝင်ဘိသကဲ့သို့ အလွန်ခိုင်မြဲစွာ တွယ်၍ စူးစိုက်၍ လှုပ်ရှားယိမ်းယိုင်ခြင်းမရှိ လွန်ငြိမ်သက်စွာဖြစ်၏။ ဤသို့သော အကြောင်းများကြောင့် ဈာန်ဇောမှန်း သိအပ်၏။

ဤဈာန်ဇောစေတနာကံသည် ကာမတဏှာ ကင်းခြင်းကြောင့် ကာမဘုံ၌ အကျိုးမပေးပြီ။ ကာမဘုံကို လွန်၍ ရူပဗြဟ္မာဘုံ၌ အကျိုးပေး၏။ ထို့ကြောင့် ဤဈာန်စိတ်ကို ရူပါဝစရစိတ်ဟု ခေါ်အပ်၏။

ဤကဲ့သို့ ပထမဈာန်ကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ဤပထမဈာန်ကို ကြပ်ကြပ်မြဲမြံခိုင်ခံ့အောင်အားကောင်းအောင် အဖန်ဖန်ဝင်စားအပ်၏။

ဝင်စားသည်ဆိုသည်ကား ကသိုဏ်းပဋိဘာဂနိမိတ်ကို အဖန်ဖန်ရှု၍ ဈာန်ဇောအဖန်ဖန်ကျမှု ဖြစ်သည်။ ယခုအစအဆုံးကျသော အပ္ပနာဝီထိမှာ ဈာန်ဇော (၁) ကြိမ်သာ ကျ၏။ ထို့နောင် ဝင်စားဖန်များသောအခါ စိတ်အားသန်စွမ်း၍ (၁) ကြိမ်၊ (၂) ကြိမ်၊ (၃) ကြိမ်၊ (၄) ကြိမ် စသည်ဖြင့် စိတ်သန်သလောက် ဈာန်ဇောတွေ အသင်္ချေ မရေတွက်နိုင်အောင် များစွာပင် ကျသွား၏။ (၁) နာရီပတ်လုံး ဈာန်ဇောတွေချည်းကျ၍ ဖြစ်နေ၏။ တစ်နံနက်ပတ်လုံး၊ တစ်ရက်ပတ်လုံး၊ ခုနစ်ရက်ပတ်လုံး စသည် ကြာအောင်ပင် ဈာန်ဇောချည်းသက်သက် ကျ၍ ဖြစ်၍နေ၏။

ဤကဲ့သို့ စိတ်ကို ဈာန်သန်စွမ်းအားကောင်းအောင် ခိုင်ခံ့အောင် ပြုပြီးလျှင် ဤပထမဈာန်ကို −

(၁) သမာပဇ္ဇနဝသီ၊

(၂) အဓိဋ္ဌာနဝသီ၊

(၃) ဝုဋ္ဌာနဝသီ၊

(၄) အာဝဇ္ဇနဝသီ၊

(၅) ပစ္စဝေက္ခဏဝသီ ဟုဝသီဘော် (၅) ပါးတို့ဖြင့် လေ့လာနိုင်နင်းအောင် ပြုအပ်၏။

ဆောင်ပုဒ်သံခိပ်။ ။

အာဝဇ္ဇနံ၊ သမာပဇ္ဇန်၊ ဓိဋ္ဌာန် ဝုဋ္ဌာန။
ပစ္စဝေက္ခဏ်၊ ဤငါးတန်၊ လျင်မြန်လိုတိုင်းရ။

ဤဈာန်အင်္ဂါကို ဆင်ခြင်သော ဇောကို အလျင်အမြန်နည်းနည်းနှင့် ပြတ်စေ၍ ဇောနောင် ဘဝင်တို့ကိုလည်း များစွာမဖြစ်စေဘဲ နည်းနည်းနှင့်ပြတ်စေ၍ အလျင်အမြန် တစ်ဖန် ဈာန်ကို ဝင်စားနိုင်မှုကို သမာပဇ္ဇနဝသီဟု ခေါ်သည်။ ဤသို့ ဝသီ ဝသီဘော် (၅) ပါးကို လှည့်ခွေပတ်၍ သိအပ်၏။

ဝသီဘော်နိုင်နင်းသော သူတကာတို့တွင် အထွတ်အထိပ်သို့ ရောက်တော်မူသော သဗ္ဗညုတဘုရားရှင်တို့အား တန်ခိုးယမိုက်ပြဋိဟာကို ပြသောအါ အလွန်လျင်မြန်စွာ ပြုရသောအခါတို့၌ကား ပစ္စဝေက္ခဏာဇော (၄) ကြိမ်၊ (၅) ကြိမ် ဇောနောင် ဈာန်၏ အကြားဘဝင် (၂) ကြိမ်၊ (၃)ကြိမ် မျှသာ ဖြစ်ကုန်သည်။ ဤသည်လျှင် အနည်းဆုံး အနိုင်နင်းဆုံးပင် ဖြစ်သည်။ သည့်ထက်ကား နည်း၍ မဖြစ်နိင်ပေ။

ဘုရားမှ ကြွင်းသော ပုဂ္ဂိုလ်တို့သည်ကား ဤမျှလောက် ဘဝင်ကို နည်းအောင် မတတ်နိုင်ကြပြီ။ ဇောဘဝင်ကို နည်းအောင် အလျင်အမန် ဖြတ်နိုင်မှု၊ ပြောင်းလဲနိုင်မှုသည် အလွန်စိတ်ထက်သန် အားကောင်းမှ အလွန်လျင်မှ ဖြစ်နိုင်သည်။

ထို့ကြောင့် စိတ်ထက်သန်ကြီးပွားအောင် အားကောင်းအောင် ကသိုဏ်းနိမိတ်ကို ကြီးအောင် တိုးပွားစေအပ်၏။

တိုးပွားစေရမည့်အခါမှာ ဤကဲ့သို့ ဈာန်ကိုရပြီးအေသာအခါကျမှလည်း တိုးပွားစေအပ်၏။ ဈာန်မရခင် ပဋိဘာဂနိမိတ်သို့ကျလျှင်လည်း တိုးပွားစေအပ်၏။ ပဋိဘာဂနိမိတ်သို့ မရောက်ခင် ဥဂ္ဂဟနိမိတ်အခါ၌ကား မတိုးပွားစေအပ်။ ဥဂ္ဂဟနိမိတ်အခါက တိုးပွားလျှင် ထိုဥဂ္ဂဟနိမိတ်သည် ကြီးပွား၍ ကားလိုက်၏။ စိတ်နိုင်အောင် မထိန်းနိုင်၊ မရှုနိုင်သဖြင့် ကျဲ၍ ကွဲ၍ ပျက်စီး၍ သွားတတ်သည်။

ထို့ကြောင့် ဥဂ္ဂဟနိမိတ်ကိုကား ကြီးအောင် နှလုံးမသွင်းအပ်၊ မတိုးပွားစေအပ်၊ ပဋိဘာဂနိမိတ်သို့ကျမှ ဈာန်ကိုသော်လည်း ရပြီးမှ ကြီးအောင် နှလုံးသွင်းအပ်၊ တိုးပွားစေအပ်၏။

တိုးပွားစေပုံမှာလည်း စိတ်က "ကြီးကြီး ကြီးကြီး" ဟု နှလုံးသွင်းလျှင် စိတ်ထင်တိုင်း အောက်မေ့တိုင်း ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကြီး၍ လိုက်သည်။ လိုက်တိုင်း တစ်ခါတည်း မကြီးစေအပ်၊ တဖြည်းဖြည်း လက် (၁) သစ်၊ (၂) သစ်၊ (၄) သစ်၊ (၈) သစ်၊ (၁) တောင်၊ (၁) လံ၊ (၁၀) လံ စသည်ဖြင့် စကြာဝဠာနှင့် အပြည့်တိုင်သော်လည်းကောင်း၊ ထိုထက် အလွန်သော်လည်းကောင်း တစ်စတစ်စ ကြီးပွားစေအပ်၏။ အလိုရှိလောက် စိတ်သန်သလောက် ကျယ်၍ ကြီး၍ လိုက်၏။

အောက်ဈာန်ကို ရ၍ အထက်ဈာန်ကို တက်လိုသောအခါ မိမိရပြီးသော အောက်ဈာန်ကို ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီးမှ အထက်ဈာန်ကို ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီးမှ အထက်ဈာန်ကို တက်အပ် ရအောင် ပြုအပ်၏။ ဤကဲ့သို့ မပြုဘဲ တက်လျှင် အထက်ဈာန်လည်း မရ၊ အောက်ဈာန်လည်း ပျက်၊ (၂) ပါးစုံမှ လျောကျပျက်စီးတတ်၏။

(ဤကား ပထမဈာန်သို့ တက်ပုံဖြစ်သည်။)[၁]

ဒုတိယဈာန်သို့ တက်ပုံ[ပြင်ဆင်ရန်]

ပထမဈာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက်ဒုတိယဈာန်ကို တက်နိုင်ခြင်းငှါ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် −

(၁) ဤယခု ငါရသော ပထမဈာန်စိတ်သည် အောက်ကျသေး၏။

(၂) နီဝရဏ ဟူသော ရန်သူနီးသေး၏။

(၃) ဝိတက်ပါခြင်းကြောင့် အလွန်လှုပ်ရှား ရုန့်ရင်းကြမ်းတမ်းသေး၏။ အားအစွမ်း ညံ့ဖျင်းသေး၏။

(၄) ဝိတက်မပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏။ အားအစွမ်း ကောင်းရာ၏ဟု ဆင်ခြင်၍ ဝိတက်ကို မုန်း၍ ဝိတက်မပါသော ဈာန်စိတ်ကို ချစ်ခင်တောင့်တ၍ ဝိတက်ကို လိုသောဆန္ဒဖြင့် ထိုပထဝီပဋိဘာဂနိမိတ်ကိုပင်လျှင် "မြေမြေ" ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန် ကြည့်ရှုသောအခါ စိတ်ထဲ၌ ဝိတက်သည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ဝိတက်ငုပ်၍ ဝိတက်မပါဘဲ ပထမဈာန်ဝီထိကျသကဲ့သို့ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟု ဈာန်အင်္ဂါ (၄) ပါးနှင့် ပြည့်စုံသော ဈာန်ဝီထိကျလာ၏။ ဤဈာန်ကို (၂) ကြိမ်မြောက် ရအပ်ဝင်စားအပ်သော ဈာန်ဖြစ်၍ ဒုတိယဈာန်ဟု ခေါ်ဆိုမှတ်သားအပ်၏။ ဤဈာန်ကိုလည် ရှေးနည်းတူ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

(ဤသည်မှာ ဒုတိယဈာန်သို့ တက်ပုံဖြစ်သည်။)[၁]

တတိယဈာန်သို့ တက်ပုံ[ပြင်ဆင်ရန်]

ဒုတိယဈာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက်တတိယဈာန်ကို တက်နိုင်ခြင်းငှါ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် −

(၁) ဒုတိယဈာန်စိတ်သည်လည်းအောက်ကျသေး၏။

(၂) ဝိတက်ဟူသော ရန်သူနီးသေး၏။

(၃) ဝိစာရ ပါရှိခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်းသေး၏။ အားအစွမ်း ညံ့ဖျင်းသေး၏။

(၄) ဝိစာရမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏။ အားအစွမ်းကောင်းရာ၏ဟု ဆင်ခြင်၍ ဝိစာရကို မုန်း၍ ဝိစာရမပါသော ဈာန်ကို ချစ်ခင်တောင့်တ၍ ဝိစာရကို မပါစေလိုသော ဆန္ဒဖြင့် ထိုပထဝီပဋိဘာဂနိမိတ်ကို ပင်လျှင် "မြေမြေ" ဟု စိတထဲကမှတ်လျက် အဖန်ဖန်ကြည့်ရှုသောအခါ ဝိစာရ တဖြည်းဖြည်း သိမ်မွေ့၍သွားလျက် ဝိစာရငုတ်၍ ဝိစာရမပါဘဲ ပီတိ၊ သုခ၊ ဧကဂ္ဂတာဟု ဈာန်အင်္ဂါ (၃) ပါးနှင့် ပြည့်စုံသော ရှေ့နည်းတူ ဈာန်ဇောဝီထိ ကျလာ၏။

ဤဈာန်ကို (၃) ကြိမ်မြောက် ရအပ်ဝင်စားအပ်သော ဈာန်ဖြစ်၍ တတိယဈာန်ဟု ခေါ်ဆိုမှတ်သားအပ်၏။ ဤဈာန်ကိုလည်း ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

(ဤသည်မှာ တတိယဈာန်သို့ တက်ပုံ ဖြစ်သည်။)[၁]

စတုတ္ထဈာန်သို့ တက်ပုံ[ပြင်ဆင်ရန်]

တတိယဈာန်ကို ရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက် စတုတ္ထဈာန်ကို တက်နိုင်ခြင်းငှါ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် −

(၁) တတိယဈာန်စိတ်သည်လည်း အောက်ကျသေး၏။

(၂) ဝိစာရဟူသော ရန်သူနီးသေး၏။

(၃) ပီတိသည် နှစ်သက်ခြင်း သဘောဖြစ်၍ ကာမရတိနှင့် နီးစပ်သော သဘောရှိ၏။ ကမရတိ ဟူသော ရန်သူနှင့် နီး၏။

(၄) ဤပီတိပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏။ ရုန့်ရင်းကြမ်းတမ်းသေး၏။ အားအစွမ်းလည်း ညံ့ဖျင်သေး၏။

(၅) ပီတိမပါလျှင် သည့်ထက် သိမ်မွေ့ငြိမ်သက်ရာ၏။ အားအစွမ်းလည်း ကောင်းရာ၏ဟု ဆင်ခြင်လျက် ပီတိကို မုန်း၍ ပီတိမပါသော ဈာန်ကို ချစ်ခင်တောင့်တ၍ ပီတိကို မပါစေလိုသော ဆန္ဒဖြင့် ထိပဋိဘာဂနိမိတ်ကိုပင်လျှင် "မြေ မြေ" ဟု စိတ်ထဲကမှတ်လျက် အဖန်ဖန်ကြည့်ရှုသောအခါ ပီတိသည် တဖြည်းဖြည်းသိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ပီတိငုတ်၍ ပီတိမပါဘဲ သုခ၊ ဧကဂ္ဂတာ ဟု ဈာန်အင်္ဂါ (၂) ပါးနှင့် ပြည့်စုံသော ရှေးနည်းနူ ဈာန်ဇောဝီထိ ကျလာ၏။

ဤဈာန်ကို (၄) ကြမ်မြောက်ရအပ်သော ဝင်စားအပ်သော ဈာန်ဖြစ်၍ စတုတ္ထဈာန်ဟု ခေါ်ဆိုမှတ်သားအပ်၏။ ဤဈာန်ကိုလည်း ခို်င်မြဲအားကောင်းအောင် ဝသီဘော်နို်င်အောင် ပြုအပ်၏။

(ဤသည်မှာ စတုတ္ထဈာန်သို့ တက်ပုံ ဖြစ်သည်။)[၁]

ပဉ္စမဈာန်သို့တက်ပုံ[ပြင်ဆင်ရန်]

စတုတ္ထဈာန်ကိုရပြီး၍ ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုပြီး၍ အထက်ပဉ္စမဈာန်ကို တက်နိုင်ခြင်းငှါ အားထုတ်လိုသော ယောဂီပုဂ္ဂိုလ်သည် −

(၁) စတုတ္ထဈာန်စိတ်သည်လည်း အောက်ကျသေး၏။

(၂) ပီတိဟူသော ရန်သူနီးသေး၏။

(၃) သုခသည် ကာမရတိ ကာမသုခတို့နှင့် နီးစပ်သော သဘောရှိ၏။ ကာမရတိ ကာမသုခဟူသော ရန်သူနှင့်နီး၏။

(၄) ဤသုခပါရှိခြင်းကြောင့် စိတ်သည် ပေါ်လွင်၏။ ရုန့်ရင်းကြမ်းတမ်းသေး၏။ အားအစွမ်းလည်း ညံ့ဖျင်းကြမ်းတမ်းသေး၏။

(၅) စိတ်ထဲ၌ အာရုံကို ကောင်းသည်ဟု ခံစားသော သုခမျိုးမဟုတ်ဘဲ အာရုံကို ကောင်းသူဟူ၍လည်းကောင်း၊ မကောင်းဘူးဟူ၍လည်းကောင်း မခံစားဘဲ အလယ်အလတ် ခံစားခြင်း ဥပေက္ခာသဘောနှင့် နေလျှင် သည့်ထက်သိမ်မွေ့ ငြိမ်သက်ရာ၏။ အားအစွမ်းလည်း ကောင်းရာ၏ဟု ဆင်ခြင်လျက် သုခကို မုန်း၍ ဥပေက္ခာကို ချစ်ခင်တောင့်တ၍ ထိုပထဝီပဋိဘာဂနိမိတ်ကို "မြေ မြေ" ဟု စိတ်ထဲကမှတ်၍ အဖန်ဖန်ကြည့်ရှုသောအခါ သုခသည် တဖြည်းဖြည်း သိမ်မွေ့၍ သိမ်မွေ့၍ သွားလျက် ကောင်းသည်ဟု ခံစားခြင်းသဘောမဟုတ်၊ မကောင်းဘူးဟ ခံစားခြင်းသဘောလည်း မဟုတ်ဘဲ ကောင်းမှု၊ မကောင်းမှုနှစ်ဘက်သို့ မကျဘဲအလယ်အလတ် ခံစားခြင်း ဥပေက္ခာဝေဒနာ ဖြစ်လာ၍ ဧကဂ္ဂတာနှင့်တကွ ဈာန်အင်္ဂါ (၂) ပါးနှင့် ပြည့်စုံသော ရှေးနည်းတူ ဈာန်ဇောဝီထိ ကျလာ၏။ ဤဈာန်ကို (၅) ကြိမ်မြောက် ရအပ်ဝင်စားအပ်သော ဈာန်ဖြစ်၍ ပဉ္စမဈာန်ဟု ခေါ်ဆိုမှတ်သားအပ်၏။ ဤဈာန်ကိုလည်း ခိုင်မြဲအားကောင်းအောင် ဝသီဘော်နိုင်အောင် ပြုအပ်၏။

(ဤသည်မှာ ပဉ္စမဈာန်သို့ တက်ပုံ ဖြစ်သည်။)[၁]

စတုက္ကနည်း − ပဉ္စကနည်း[ပြင်ဆင်ရန်]

ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန် တို့ကို ရအောင်အားထုတ်ရာ၌

(၁) အချို့သော ပုဂ္ဂိုလ်တို့မှာ ဈာန် (၄) ဆင့်ရှိသည်။ ဤနည်းကို ပဉ္စကနည်းဟူ၍လည်း ခေါ်ကြသည်။

(၂) အချို့သေသာ ပုဂ္ဂိုလ်တို့မှာကား ဝိတက်နှင့် ဝိစာရကို တပေါင်းတည်း တစ်ကြိမ်တည်း ပယ်ချခဲ့၍ ဈာန် (၄) ဆင့်သာ ရှိသည်။ ထိုနည်းကို စတုက္ကနည်းဟူ၍ ခေါ်ကြသည်။

ထိုစတုက္ကနည်း၌ တတိယဈာန်သည် ဒုတိယဈာန်ဖြစ်၏။ စတုတ္ထဈာန်သည် တတိယဈာန် ဖြစ်သည်။ ပဉ္စမဈာန်သည် စတုတ္ထဈာန် ဖြစ်သည်။[၁]

ဈာန်ကို ကသိဏခေါ်ပုံ[ပြင်ဆင်ရန်]

ပထဝီကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်လျှင် ပဉ္စမဈာန်ကျအောင် ဈာန် (၅) ပါးလုံးကို ရနိုင်၏။ ပထဝီကသိုဏ်းကို ကြည့်ရှု၍ရသော ဈာန်တို့သည်လည်း မြေဝန်း ပထဝီကသိုဏ်းကို ကြည့်ရှု၍ ရသော ဈာန်ဖြစ်ခြင်းကြောင့် ပထဝီကသိဏ ဟူ၍ပင် အမည်ရကုန်၏။[၁]

အထုံဝသီပါရမီနှင့် ကသိုဏ်းဝန်း[ပြင်ဆင်ရန်]

ပထဝီကသိဏဈာန်ကို ရအောင် ပထဝီကသိုဏ်းနိမိတ်ကို ကြည့်ရှုယူရာမှာ ရှေးအတိတ် နီးသောဘဝ ပထဝီမြေကသိုဏ်းနိမိတ်ကို ရခဲ့ဘူးသော အထုံဝသီပါရမီ အဓိကာရမရှိခဲ့သောသူမှာ မြေကြီးကသိုဏ်းဝန်း အသေအချာလုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည်။ ဈာန်ရနိုင်သည်။

ရှေးအထုံဝသီပါရမီ အဓိကာရ ရှိသောသူမှာကား မပြုမပြင်ဘဲ ပကတိမြေပြင်၊ ကောက်နယ်တလင်း၊ ထွန်ယက်ထားသော လယ်ကွက်၊ ယာကွက်၊ လယ်ခင်း၊ ယာခင်းတို့ကိုပင် "မြေ မြေ" ဟု နှလုံးသွင်း၍ ကြည့်ရှုလိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ရနိုင်သည်။ ဈာန်တို့ကို ဖြစ်စေနို်င်သည်။

ပထဝိမြေကသိုဏ်း ပွားများအားထုတ်ပုံ ပြီး၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ လယ်တီဆရာတော်. ကမ္မဋ္ဌာန်းကျမ်းကြီး. တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်, ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈။