ဥဒ္ဓစ္စ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဥဒ္ဓစ္စစေတသိက်သည် အကုသိုလ်စိတ် (၁၂)မျိုး၌ ယှဉ်သော အကုသလသာဓာရဏစေတသိက် တစ်မျိုးဖြစ်၏။ ယင်းဥဒ္ဓစ္စသည် မောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်မှ တစ်ပါးကုန်သော အခြားအခြားကုန်သော အကုသိုလ်စိတ် (၁၁)မျိုးတို့၌ ရအပ်ပါသော်လည်း ဥဒ္ဓစ္စသည် အထူးအားဖြင့် ဤမောဟမူ ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌သာလျှင် ဗလဝ ဖြစ်၏ အင်အားကြီးမား၏၊ ထိုသို့ အင်အားကြီးမားသောကြောင့်ပင်လျှင် ယှဉ်ဖက် သမ္ပယုတ်တရား (၁၆)မျိုးတို့၌ ပဓာန = ပြဓာန်းသော တရားတစ်ခု ဖြစ်လာရ၏၊ ထိုကြောင့် ဤစိတ်ကိုသာလျှင် ဥဒ္ဓစ္စဖြင့် အထူးပြု၍ ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဟု မိန့်ဆိုခြင်း ဖြစ်၏။
ဥဒ္ဓစ္စ၏ လက္ခဏာစသည်
[ပြင်ဆင်ရန်]၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ် မငြိမ်သက်ခြင်းသဘော လက္ခဏ၊
၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့ စိတ် ငြိမ်ဝပ်စွာ မတည်တံ့ခြင်း (ကိစ္စ) ရသ၊
၃။ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့ လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည် ချာချာလည် တုန်လှုပ်တတ်သည့် သဘောတရား ပစ္စုပဋ္ဌာန်၊
၄။ စိတ် မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း
တစ်နည်း --- စိတ် မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ပဒဋ္ဌာန်။
ဥဒ္ဓစ္စ၏ သဘာဝ
[ပြင်ဆင်ရန်]ပြာပုံပေါ်၌ ခဲကျသည့်အခါ ပြာများ လွင့်တက်လာသကဲ့သို့ အာရုံတစ်ခုခု အပေါ်၌ ငြိမ်သက်စွာ မတည် နိုင်ဘဲ ဟိုအာရုံသို့ ရောက်လိုက် သည်အာရုံသို့ ရောက်လိုက် ဖြစ်နေခြင်း သဘောသည် ဥဒ္ဓစ္စ ဖြစ်သဖြင့် ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိတ်သည်လည်း စိတ်လေစိတ်လွင့် ဖြစ်၍ ဥဒ္ဓစ္စ အားကြီးနေသည့်အခါ ကိုယ်ခန္ဓာသည်လည်း မငြိမ်မသက် ဖြစ်နေရကား ဟိုသွားချင်သလို သည်သွားချင်သလို ထချင်သလို ထိုင်ချင်သလိုနှင့် လူလေလူလွင့် လူ့ဗော်ကျော့ ဖြစ်နေတတ်လေသည်။
တရားဘာဝနာကို ထိုင်၍ နှလုံးသွင်းနေသော်လည်း မိမိ နှလုံးသွင်းနေသည့် သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံပေါ်သို့ စိတ်မကျရောက်ဘဲ သားရေး သမီးရေး စီးပွားရေး စသော အရေး အထွေထွေနှင့် မိမိ၏ လုပ်ငန်းခွင် အရပ်ရပ်ပေါ်သို့သာ စိတ်အရောက်များနေခြင်း ထိုအာရုံ အမျိုးမျိုးတို့က မိမိ မနောဒွါရတွင် တစ်ခုပြီး တစ်ခု တန်းစီ၍ လှည့်လည်နေခြင်းသည် ဥဒ္ဓစ္စ၏ စွမ်းအားကြောင့်ပင် ဖြစ်၏။
ဥဒ္ဓစ္စ၏ စွမ်းအင်
[ပြင်ဆင်ရန်]နန္ဒမင်းသားသည် ရဟန်းပြုပြီးစအခါ၌ ဇနပဒကလျာဏီထံသို့ မကြာခဏ စိတ်ရောက်နေခြင်းမှာလည်း ဤဥဒ္ဓစ္စနှင့် ယှဉ်တွဲလျက်ရှိသော ရာဂ၏ စွမ်းအားကြောင့်ပင် ဖြစ်၏။ ကုဒါလပဏ္ဍိတ အမည်ရသော သူတော်ကောင်း တစ်ဦးသည်လည်း ပေါက်တူး တစ်လက်ကို အကြောင်းပြု၍ (၇)ကြိမ်တိုင်တိုင် ရသေ့ရဟန်း ဘဝမှ လူထွက်ခဲ့ရ၏။ ရသေ့ရဟန်းတရားပေါ်သို့ စိတ်မရောက်နိုင်ဘဲ ပေါက်တူးကလေး တစ်လက်တည်းဟူသော အာရုံ ပေါ်သို့ စိတ်က မကြာမကြာ ရောက်ရှိနေ၏၊ ထိုစိတ်ကို ငြိမ်ဝပ်အောင် မတိုက်ဖျက်နိုင် မတွန်းလှန်နိုင် ဖြစ်နေ၏။ ရာဂနှင့် ယှဉ်တွဲလျက်ရှိသော ဥဒ္ဓစ္စ၏ စွမ်းအားပင်တည်း။ ရဟန်းတရားဝယ် ငြိမ်သက်စွာ မတည်ခြင်းမှာ ဥဒ္ဓစ္စ သဘောပင်တည်း။ သို့သော် (၇)ကြိမ်မြောက် ရသေ့ရဟန်း ပြုသောအခါ၌ကား ပေါက်တူးတစ်လက် အပေါ်၌ စွဲလမ်းနေသည့် ရာဂကို အောင်မြင်စွာ တိုက်ဖျက်နိုင်သဖြင့် ဈာန်အဘိညာဏ်တို့ကို ရရှိသွားတော်မူလေသည်။ [၁])
ပဝတ္တိအကျိုးသာ ပေးနိုင်သည့် ဥဒ္ဓစ္စ
[ပြင်ဆင်ရန်]ဤဥဒ္ဓစ္စသည် သူ့ပင်ကိုသဘောအားဖြင့် မည်သည့်အာရုံ၌မျှ တည်တည်တံ့တံ့ မရှိ၊ ဟိုအာရုံသို့ ရောက် လိုက် သည်အာရုံသို့ ရောက်လိုက်နှင့် ပျံ့လွင့်နေရကား မကောင်းတရား အကုသိုလ်တရားဟု ဆိုရစေကာမူ မည်သည့်ဒုစရိုက်ကိုမျှ မိမိက ဦးဆောင်၍ ထိထိမိမိ မပြုသောကြောင့် လောဘ ဒေါသ စသည်တို့ကဲ့သို့ အပါယ်သို့ ပစ်ချနိုင်လောက်အောင် သတ္တိမကြီးချေ၊ ဖြစ်လေရာ ဘဝတို့၌ သမာဓိ နည်းပါး၍ ပေါ့ဆဆ အမျိုးအစား ဖြစ်အောင်ကား စီမံကောင်း စီမံပေလိမ့်မည်။ အကြောင်းမူ ဤဥဒ္ဓစ္စ ပြဓာန်းသော အကုသိုလ်စေတနာသည် ပဝတ္တိ အကျိုးကို ပေးနိုင်သောကြောင့်တည်း။
(၁၂)မျိုးသော အကုသိုလ်စိတ်တို့တွင် ဥဒ္ဓစ္စ သဟဂုတ်စိတ်မှ တစ်ပါးသော အကုသိုလ်စိတ် (၁၁)မျိုးသည် အပါယ် (၄)ဘုံတို့၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ သုဂတိဘုံ၌ ပဝတ္တိကျိုးကို ပေးနိုင်သော စွမ်းအားရှိ၏။ ဥဒ္ဓစ္စသဟဂုတ်စိတ်ကား ဒုဂ္ဂတိ သုဂတိ နှစ်ဌာနတို့၌ ပဝတ္တိကျိုးကိုသာလျှင် ပေးနိုင်သော စွမ်းအားရှိ၏။ [၂] [၃]